Wednesday, January 2, 2013

ဆုတောင်းများရဲ့ အဆုံးသတ်ဆီသို့

 

ဆုတောင်းများရဲ့ အဆုံးသတ်ဆီသို့

” အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား” ဟူသော သြကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်….ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့  ကျွန်တော့် ခေါင်းထဲရောက်လာသည်။

ငလျင်ဘေးများ

ဂျပန်မှာ သမိုင်းတစ်လျှောက် အပြင်းဆုံး ငလျင်ကြီး လှုပ်သွားခဲ့သည်။ အင်အားက ၉ ။ (၈ ဒသမ ၉ ကနေ ၉ လို့ ပြောင်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်)။  လောလောလတ်လတ် နယူးဇီလန်မှာလည်း ငလျင်က လှုပ်ထားသေးသည်။ လွန်ခဲ့သောလအနည်းငယ်က ဟေတီမှာ ငလျှင်အကြီးအကျယ်လှုပ်ခဲ့ကာ အသေအပျောက်များခဲ့သည်။

၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
ကျွန်တော်တို့ မှတ်မိနေသေးသော ဆူနာမီ။ (ကျွန်တော်တို့နယ်ဘက်က ကိုယ်တွေ့ကြုံခဲ့ရသော လယ်သမားကြီး တစ်ယောက်ကတော့ စူဠာမဏိလှိုင်းကြီးဟု ခေါ်သည်)။ သူတို့ကျော်လွှား ဖို့ ပြင်ဆင်ထားခဲ့ပြီဟု ယုံကြည်မိသည်။

စူပါမွန်းခြောက်လှန့်မှု

စူပါမွန်း(လ သည် ကမ္ဘာနှင့်အနီးဆုံး အကွာအဝေးသို့ရောက်ရှိလာခြင်း) ကလည်း တစ်ခေတ် ဆန်းသွားသေးသည်။ သဘာဝဘေး အန္တရာယ်ကြီးတစ်ခု ကမ္ဘာနှင့်လနီး ဖြစ်စဉ်ကြောင့် ဖြစ်တော့မည် ဆိုသော ကောလာဟလတို့က တိုက်ဆိုင်သွားခဲ့သည်။ မဆိုင်ရေးချမဆိုင်ဟု ပညာရှင် တို့က ငြင်းသည်။ ဖြစ်သွားတာ တော့ မတတ်နိုင်။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လူတို့ကို ပိုမို ထိတ်လန့်စေသည်။ ဆန်ဒိုင်းငလျင် မလှုပ်မီ နှစ်ရက်အလိုလောက် ကတည်းက စူပါမွန်းကြောင့် ဘာမှမဖြစ်နိုင်ကြောင်း ပညာရှင်များပြောသည့် သတင်းကို ရေးထားသည်။ သို့ပေမဲ့ မြင်လိုက်ရပြီ။ တိုက်ဆိုင်သွားပြီဟု။

နျူဘေး

နည်း ပညာထိပ်တန်းဖြစ်သော ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်သော ဂျပန်တွင် လှုပ်တာကြောင့် အသေအပျောက်နည်းမည်ဟု မျှော်လင့်မိသော်လည်း ကြမ္မာဆိုးကတစ်ဖက်က လှည့်ဝင်လာ သည်။ နျူဓာတ်ပေါင်းဖို ပြဿနာ ဖြစ်သည်။ နည်းပညာမြင့်သော ငလျင်ကာကွယ် မှုကောင်းသော နိုင်ငံကျတော့ ဓာတ်ပေါင်းဖိုက ပေါက်ရပြန်သည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှု အန္တရာယ်ကို စိုးရိမ်လာရပြန်သည်။ အစာတွေ၊ ရေတွေမှာ ဓာတ်ရောင်ခြည်သင့်မှု ပြဿနာက ဆက်ရှိနေသည်။

သည်ကြားထဲ အက်စစ်မိုး ကောလာဟလက ပျံ့လိုက်သေးသည်။ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာ။ ဘင်္ဂလားဒေ့ရှ်တောင် ပါလိုက်သေးသည်။ အက်စစ်မိုးနှင့် ဓာတ်ရောင်ခြည်ဖြာထွက်မှု ဘာမှမဆိုင်ကြောင်း အိမ်နီးချင်း အစိုးရများက ရှင်းကြပါ သည်။ ဒီကာလနှင့်မှ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုက အေးလိုက်သေးသည်။ မိုးကရွာသည်။ ပြီးတော့လည်း ပြန်ပူပြန်သည်။

ဂျပန်ငလျင်သတင်းတွေနဲ့ လုံးပန်းနေတုန်းမှာပဲ မိတ်ဆွေတစ်ယောက်ပေးသော ၂၀၁၂ ကားကို အခုမှ ကြည့်မိသည်။ ဒီမှာရုံတင်သွားတာတောင် ကြာပြီ ဖြစ်ပေမဲ့ အကြောင်းမတိုက်ဆိုင်တော့ မကြည့်ဖြစ်ခဲ့သည့်ကား ဖြစ်သည်။ အခုမှ အကြောင်း တိုက်ဆိုင်တာလို့လည်း မဆိုရဲ။ ဒီကားထဲမှာလည်း ငလျင် က စတာဖြစ်သည်။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကို ရိုက်ပြတာမျိုး ဖြစ်သည်။ မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန် အဆုံးသတ်သည့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်နိုင်သည် ဆိုသော အယူအဆကို အခြေပြုထားတာ ဖြစ်သည်။ ကြည့်ကောင်းအောင် ရိုက်ပြသော ဘာယာနကရသကို ခံစားမိစေသော ဟောလီးဝုဒ် ဇာတ်တစ်ပုဒ်မျှသာဟု အကောင်းဘက်က လှည့်တွေးသည်။

စစ်ဘေး

ဓာတ်ရောင်ခြည်ဖြာထွက်မှု အကြောင်း သတင်းတွေနှင့် နပန်းလုံးနေစဉ် လစ်ဗျားက ထိပ်တန်း ပြန်ရောက်လာသည်။ ကုလလုံခြုံရေး ကောင်စီက မပျံသန်းရဇုန် သတ်မှတ်လိုက်ပြီ။ ပြင်သစ်တိုက်လေယာဉ်တွေ လစ်ဗျားပြည်သူတွေကို ကာကွယ်ဖို့ ရောက်လာကြပြီ။ ဒီတစ်ခါကျတော့ အမေရိကန်က နောက်ကျသည်။ နပိုလီယံနှင့် အရပ်ပုတာချင်းတူသော ဆာကော်ဇီက အိုဘားမားထက် လက်သွက်ခြေသွက် ရှိသွားသည်။ သို့ပေမဲ့ နောက်ဆုံးတော့ အမေရိကန်က အမေရိကန်ပဲ ဖြစ်သည်။ အမေရိကန် ဦးဆောင်သော နေတိုးတပ်တွေက တာဝန်ယူလိုက်ရပြီ။

ကိုယ့်လေယာဉ်ကိုမောင်းပြီး ပျံတက်လာလို့ရသော ကိစ္စမဟုတ်။ ပေါင်းလုပ်ဖို့လိုသည့်ကိစ္စ ဖြစ်နေသည်။ ကဒါဖီက ဒီအချိန်အထိ မာတုန်း ဖြစ်သည်။ မြို့တော်ကို ထိန်းချုပ် ထားနိုင်ဆဲဖြစ်သည်။ မြေမနင်းစစ်ပွဲကို ဘယ်လိုတိုက်ကြမှာတုန်းဆိုတာက စဉ်းစားစရာ ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း ကလည်း တစ်စခန်းထပြန်သည်။ ရော့ကတ်တွေက အစ္စရေးမြေပေါ် ကျလာသည်။ အစ္စရေးတိုက်လေယာဉ်တွေ ဂါဇာကမ်းမြောင်ကို ပြန်ရောက်လာသည်။ ချကြပြန်ပြီ။ ရစ်ဇက်ရာဘင်လည်း မရှိရှာတော့။ ယာဆာ အာရာဖတ်လည်း မရှိရှာတော့။ ငြိမ်းချမ်းရေးကရော။

ရှမ်းပြည်ငလျှင်

ဆန်ဒိုင်းငလျင်က ခေါင်းထဲရှိနေတုန်း ငလျင်ထပ်လှုပ်သည်။ ဒီတစ်ခါက မြန်မာနိုင်ငံထဲမှာ။ အင်အားက ၇။ (နောက်တော့ ၆ ဒသမ ၈ ဟု ပြန်ပြင်ပါသည်)။ ရှမ်းပြည်နယ်သားတွေအတွက် စိုးရိမ်မိသည်။ လူပေါင်း တစ်ရာကျော်သေဆုံးသည်ဟုဆိုသည် ။ ကယ်ဆယ်ရေးတွေတော့ သွားကုန်ကြပြီတဲ့။

ဒါဟာ ဒုက္ခတဲ့လား

ယခုလတစ်လလုံးက အဆိုးမြင်မယ်ဆို မြင်စရာတွေချည်း ဖြစ်သည်။ စိတ်ပျက် စိုးထိတ်စရာတွေက များလှသည်။ စိတ်ပျက်ဝမ်းနည်းနေသူများလည်းရှိမည်။ သို့မဟုတ် ဒီလို ဖြစ်နေခြင်းသည်ပင် လောက မဟုတ်ပါလောဟု ဆင်ခြင်နေသူများလည်းရှိမည်။ ဒါတွေကို ဖြစ်ပြီး ပျက်တဲ့ သဘာဝတွေပဲ ဟု သံဝေဂ ယူနေသူများလည်း ရှိနေပေမည်။
မငြိမ်မသက်နှင့်အာရပ်က ပြန်စကြည့်သည်။ အာရပ်ကမ္ဘာသည် အပြောင်းအလဲ ကာလကို ဖြတ်သန်းနေခြင်းသာ ဖြစ်မည်။

ငလျင်။ ဆူနာမီ။ စူပါမွန်းတွေ ကရော။ ဂျပန်သည် ပြာပုံထဲက ပြန်လည်ရှင်သန်လာသော ဖီးနစ်ငှက် ဖြစ်သည်။  အဏုမြူဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ဖူးသော တစ်နိုင်ငံ တည်းသော တိုင်းပြည်ဖြစ်သည်။ ဒီ အကျပ်အတည်းကိုလည်း သူတို့ ကျော်လွှားနိုင်ကြမည်တော့ထင်ပါရဲ့။

ကပ္ပကောလာဟလကရော။ ကမ္ဘာပျက်မည်ဆိုသည်က ဟိုးရှေးပဝေသဏီထဲက ကြောက်ခဲ့သည့် ကိစ္စဖြစ်သည်။ ကမ္ဘာကြီးသည် အခုထိ သက်ရှိတို့ရှင်သန်ဖို့ သင့်တော်လောက်အောင် ကောင်းနေသေးသည်။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ၀ိုင်တူးကေ ဘာညာနှင့် ပြီးတော့လည်း ဘာမှမဖြစ်။ ငလျင်တွေလှုပ်တာ စိပ်လာသည် ဆိုတာကရော။ ဒါကလည်း မှတ်တမ်းတင်နိုင်သမျှအရ ပြောရတာ ဖြစ်သည်။ လူသားတို့သည် ရှင်ကျန်ရစ်နိုင်သူများ ဖြစ်ခြင်းကြောင့်သာ ယခုလို သတ္တ၀ါတွေထဲ မှာ ထိပ်ဆုံးက ရှိနေတာ ဖြစ်သည်။

ကိုယ့်အမြင်နဲ့ကိုယ်

ဘေးဆိုးတွေကတော့ရှိနေဦးမည်။ ဘေးဆိုးများကို ကြောက်လန့်နေသူများလည်းရှိမည်။ ဘေးဆိုးများကို ရဲရဲရင်ဆိုင်လျှက် ကပ်ဆိုးသင့်သူတွေကို ၀ိုင်းဝန်းကူညီကြသူများလည်းရှိနေမည်။ ကိုယ့်တစ်ဖို့ထဲ ကြည့်နေသူတွေလည်း ကမ္ဘာတည်သရွေ့ ရှိနေမည် ဖြစ်သလို ကိုယ်ကျိုးစွန့်သူတွေကလည်း ရှိနေမည်။ သေဆုံးသွားသူများအတွက် ဆုတောင်းနေသူများလည်းရှိမည်။ သေဆုံးသွားသူများအတွက် ဖြေမဆည်နိုင်သူများလည်းရှိမည်။


ရာဂန္တရကပ် (ရောဂါဆိုးဖြင့် အထူး နှိပ်စက်တတ်သော ကပ်) သတ္တန္တရကပ်၊ (ဓားလှံ သေနတ် စသော လက်နက်တို့ဖြင့် သတ်သော ကပ်)၊ ဒုဗ္ဘိက္ခန္တရကပ်(အစားအစာ ငတ်မွတ်ခေါင်းပါးသောကပ်) ဆိုသော ကပ်သုံးပါးမှ ကမ္ဘာသူ ကမ္ဘာသားများအတွက် အန္တရယ် ကင်းရှင်းရေး မေတ္တာပို့ နေသူများလည်း ရှိနေပေမည်။ ဒါတွေကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်ကာ တရားနားလည်နေပြီ ထင်နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများ အတွက် ကံတရားကို အပြစ်ဖို့နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများအတွက် ဘုရားသခင်ကို အသနားခံ ဆုတောင်းနေသူများရှိနေမည်။

လမ်းအစစ်

ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့၊ တကယ့်ချမ်းသာအစစ်၊ တည်မြဲရာအစစ် (နိရောဓသစ္စာ) ကို ရရှိ ရောက်ရှိ သိနားလည်ဖို့ တကယ့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ – ဒုက္ခသစ္စာ) ကို မမေ့ဖို့ နှလုံးသွင်း  သတိရနေဖို့ ဗုဒ္ဓက ”၀ယ ဓမ္မာ သင်္ခါရ အပ္ပမာဒေန သမ္မာဒေထ” နည်းလမ်းပေးခဲ့လေသည်။

ဒါပေမယ့် ကျွန်ုပ်တို့ ….. ”ကိုယ်နားလည်သောဒုက္ခများ”ကို ဗုဒ္ဓ  မမေ့ဖို့ မှာကြားခဲ့သည့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ…ဒုက္ခသစ္စာ)အဖြစ် ထင်မှတ် နေလေသည်။
ဗုဒ္ဓက ဒုက္ခ ဟု နားလည် ရာ တွင် အဆင့် (၃) မျိုးခွဲပြခဲ့သည်။

၁) ဒုက္ခ ဒုက္ခ 

(ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခများ၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု ဒုက္ခများ စသည့်ဖြင့် ကျွန်ုပ်တို့ နားလည်နေသော ဒုက္ခ များဖြစ်လေသည်။)  သဲအင်းဂူဆရာတော်ကြီးများကတော့ ကလေးကအစ လူတိုင်း သိနားလည်သော ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။


၂) ၀ိပရိဏာမ ဒုက္ခ 
 

(အထက်ပါ ဒုက္ခ ဒုက္ခများ မဖြစ်ပေါ်စေဖို့အတွက် မိမိကိုယ်ခန္ဓာနှင့်တကွ မိမိလက်လှမ်းမီသလောက် ကြိုတင်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ပြုပြင်ထိန်းသိမ်းနေရသော maintenance ဒုက္ခ များဖြစ်လေသည်) နံပါတ်တစ်ဒုက္ခမျိုးထက် ပိုမိုသိနားလည်ဖို့ လိုအပ်သော ဒုက္ခမျိုးဖြစ်လေသည်။)

မိုးကုတ်ဆရာတော်ကြီးမှ အ၀တ်ဝတ်နေရ ခြင်း ၊ အစားစားနေရခြင်းသည်ပင်လျှင် ပတ်တီးစီးနေရခြင်း၊ ဆေးသောက်နေရခြင်း ဟု ဟောကြားထားသည်။

၃) သင်္ခါရ ဒုက္ခ


(တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု ….မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော မမြဲမှု-ပျက်စီးနေမှု) ဖြစ်သည်။
ဒုက္ခဆင်းရဲအပေါင်းမှာ အမှန်တကယ် လွတ်ကင်းရေး အတွက် ……သိရှိ နားလည်ဖို့ မမေ့ဖို့ အရေးကြီးဆုံးဖြစ်ပြီး၊ မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ၏အကူအညီဖြင့် နားလည်ဖို့ ကြိုးစားအားထုတ်မှသာ နားလည်နိုင်သော ဒုက္ခမျိုးဖြစ်သည်။ အထက်ဖော်ပြပါ နံပါတ်(၁) နှင့် (၂) ဒုက္ခနှစ်မျိုးမှ လွတ်ကင်းရာ(ဒုက္ခအားလုံးမှလွတ်ကင်းရာ) ကို ရောက်ရှိ သိရှိဖို့အတွက် မမေ့ဖို့ – နှလုံးသွင်းဖို့ ဗုဒ္ဓ ကိုယ်တိုင် နည်းပေး မှာကြားခဲ့သည့် ဒုက္ခ အမျိုးအစားဖြစ်လေသည်။



သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိ

ထို သင်္ခါရ ဒုက္ခတွင် မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော စွမ်းအင်သတ္တိရှိလေသည်။
ထို စွမ်းရည်သတ္တိသည် ပထမဒုက္ခ နှင့် ဒုတိယဒုက္ခ (ဒုက္ခ ဒုက္ခ နှင့် ၀ိပရိဏာမ ဒုက္ခ) များကို အဟုတ်ထင်အောင်၊ အတည်ယူအောင်၊ ကြောက်လန့်နေအောင် ဖန်တီးပြုလုပ်နေလေသည်။ 

တနည်းအားဖြင့် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း တကယ့် ဒုက္ခအစစ် အဖြစ် အထင်မှားနေအောင် မပြောင်းမလဲ တသမတ်တည်း လှည့်စားပြုလုပ်နေလေသည်။ 

လက်မခံနိုင် နားမလည် နိုင်င်သေးသရွေ့
အဆိုပါ သင်္ခါရဒုက္ခ နှင့် သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိကို သဘောမပေါက်သရွေ၊ မေ့လျော့နေသရွေ့၊ နားမလည် လက်မခံသေးသရွေ့၊ နှလုံးမသွင်းတတ်သေးသရွေ့ ……..

ကျွန်ုပ်တို့သည် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ …… နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း …. တကယ့်ဒုက္ခများ အဖြစ် အဟုတ်ထင်ကာ-အတည်ယူလျှက်ကြာက်လန့်လို့မဆုံး၊ သံဝေဂယူလို့မဆုံး၊ သနားလို့မဆုံး၊ ၀မ်းနည်းကြေကွဲလို့မဆုံး၊ မေတ္တာပို့လို့မဆုံး၊ ဆုတောင်းလို့မဆုံး၊ အပြစ်တင်လို့မဆုံး၊ တရားခံရှာလို့ မဆုံး ဖြစ်နေပေမည်။ 

ကျွန်ုပ်တို့၏ ”အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဟူသော သြကာသကန်တော့ချိုးသည်လည်း ဘယ်တော့မှ အဆုံးသတ်တော့မည် မဟုတ်ပေ။

အသေမဦးခင် …ဥာဏ်ဦးဖို့ ဆိုသည်မှာလည်း အပြောသက်သက်သာလျှင် ဖြစ်ချေတော့မည်။
(မှတ်ချက်။  ။အီးလဲဗင်း ဂျာနယ်မှ  ဇေဝင်းနောင်   ၏ မတ်လဆုတောင်း ဆောင်းပါး နှင့် တကွ မိုးကုတ်ဆရာတော်၊ သဲအင်းဂူဆရာတော်၊ သန်လျှင်သဘာဝရိပ်သာမှ ဆူနာမီဆရာတော် ဦးဥတ္တမသာရ တို့၏ ဟောကြားမှုများကို ကိုးကားဖော်ပြပါသည်။) 

source:http://realenlightenment.multiply.com/journal