ဂလိုဘယ် စည်း
ကားပေါ်သို့တက်လိုက်လျှင်ပင်
စပယ်ယာက “ရှေ့ကိုကြွ” ဆို၍ ယာဉ်မောင်းနောက်ရောက်သည့်တိုင်
တိုးသွားလိုက်သည်။ ကားက လူချောင်သည်၊ ထိုင်ခုံများပြည့်ရုံသာရှိပေသည်။
“သံဃာတော်နေရာလေး တွေက ခရီးသွားရင်းကုသိုလ်ယူမယ်” စပယ်ယာက
ယာဉ်မောင်းရဲ့ဘယ်ဘက်ခြမ်း “သံဃာတော်များ ဦးစားပေးပါ” ဆိုသည့်
ထိုင်ခုံများပေါ်တွင် ထိုင်နေသူများကို နေရာပေးဖို့လှမ်းပြောလိုက်ခြင်းပင်။
မကြား၍လား၊ မသိ၍လားမဆိုတတ်၊ ထိုင်နေသူ လူရွယ်နှစ်ဦးကတော့ ဘာသိဘာသာပင်မို့
“သံဃာခုံကအကိုတွေ၊ သံဃာတော်ကြွလာပြီ၊ နေရာပေးပါ”
လူငယ်နှစ်ဦးက
မလှုပ်၊ တဦးက ကားနံရံမှစာတန်းကိုဖတ်ကာ မိမိဘက်ကို စောင်းငဲ့၍ပင်
ကြည့်လိုက်သေး၊ အင်း … သူတို့ဦးစားမပေးလို၍နေမှာဘဲလေဟု နားလည်စွာ
မျက်နှာလွှဲနေလိုက်သည်။ သို့သော်…
“အကိုတို့ စာလေးဘာလေးလဲ ဖတ်ကြည့်ကြပါဦး၊ ဒါသံဃာထိုင်ခုံတွေ”
မထီလေးစားပြုသည်ထင်၍လားမသိ၊ စပယ်ယာက ထိုသူတို့အနားချဉ်းကပ်ပြောလာတော့
“တို့က ဗုဒ္ဓဘာသာတွေမဟုတ်ဘူး”
“ဘာဗျ … ဗုဒ္ဓဘာသာ ဟုတ်တာ မဟုတ်တာ အိမ်ကျမှသွားပြော၊ ဒီမှာတော့ သတ်မှတ်ချက် အတိုင်း ဖယ်ပေးပါ”
ခက်ပြီ၊ စပယ်ယာလေးကလည်း အသံမာလာပြီ၊ ဟိုသူငယ်တွေကလည်း မတုန်မလှုပ်၊ မိမိကိုအကြောင်း ပြုပြီး၊ တစ်စုံ တစ်ခုဖြစ်လျှင် …
“နေ … နေပါစေ ဒကာလေးရဲ့ … သူတို့ပြောတာဟုတ်ပါတယ် … ထိုင်ကြပါစေ”
ကျန်ခရီးသည်များကပါ
တိုသူငယ်တို့ကို ဝိုင်းကြည့်နေကြသည်၊ စပယ်ယာကလည်း ဒါရိုင်းပြမှုဟု
မြင်သည်။ နောက် … တခြားဘာသာဝင်တဦးက မိမိကိုးကွယ်ရာကို
ယခုကဲ့သို့ပြုမူခြင်းသည် မထေမဲ့မြင်လုပ်ခြင်းဟု ယူဆပုံရသည်။
ဒီလိုယူသော်
မသင့် ထင်မိသည်၊ ထိုသူငယ်တို့သည် မိမိဘာသာမဟုတ်သူကို ဦးစားမပေးလိုသည်မှာ
သဘာဝဟု နားလည်မိသည်။ သို့သော် ဒီဘက်ဘာသာဝင်များဘက်က ကြည့်လျှင်လည်း၊ အင်း …
အခြေ အနေတွေတော့ တင်းမာကုန်တော့မှာဘဲ၊ စပယ်ယာလေးက သူတို့ကို
မနှစ်မြို့ဟန်ကြည့်နေသည်၊ ထို့ကြောင့် …
“နေပါစေ ဒကာလေး … ဦးဇင်း စီးရမှာမဝေးပါဘူး”
အားနာ၍လားမသိ၊ ဒုတိယထိုင်ခုံမှလူရွယ်က နေရာထပေးရန်အပြု …
“ထိုင် … ထိုင် မောင်ရင်လေး … ကိုယ်ရပါတယ်”
သူ့ကို လက်ကာ ကာ တားမိသည်။ သူမထိုင်၊ ထပြီး နေရာ လိုလိုချင်ချင်ပေးနေဟန်မို့ အသာဝင်ထိုင် လိုက်ရင်း
“အေးကွယ် … မောင်ရင်လေးတို့ကို မောင်ရင်လေးတို့ရဲ့ ဘုရားသခင်က ကောင်းချီးပေးပါစေ ကွယ်” … လူရွယ်ကပြုံးသည်။
လူရွယ်ပြုံးသလို ရှေ့ခုံမှလူရွယ်ကလည်း လှည့်ကြည့်ကာ ပြုံးယောင်ပြုသည်၊ စပယ်ယာလေးကလည်း သူ့အလုပ်သူ ဆက်လုပ်နေလေပြီ။
ဒါပဲပေါ့ … သူ့ကို ကိုယ်ကအသိအမှတ်ပြုတော၊့ သူက ကိုယ့်ကို အသိအမှတ်ပြုသည်၊ သူ့ကို လေးစား တော့၊ ကိုယ့်ကိုအရေးပြုသည်၊ သူ့တန်ဖိုးကို လေးစားခြင်းဖြင့် ကိုယ့်တန်ဖိုးကို မြှင့်တင်ခြင်းပင်။
ဒါကိုပင် ဗုဒ္ဓမြတ်စွာက “အတ္တာနံ ဘိက္ခဝေ ရက္ခတိ ပရံ ရက္ခန္တော၊ ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ” လို့ “ပေဋကောပဒေသ” မှာ ဟောတော်မူခဲ့သည်၊ မိမိကိုယ်ကိုထိန်းသိမ်းခြင်းသည် သူတစ်ပါးကို စောင့်ရှောက်ရာ ရောက်၍ သူတပါးကိုစောင့်ထိန်းခြင်းသည်လည်း မိမိကို စောင့်ရှောက်ရာရောက် သည်တဲ့၊ လူ့တန်ဖိုးပြ တရားပေပဲ၊ လှပလိုက်ပါဘိ၊ လူတိုင်းလိုက်နာရမည့် “ဂလိုဘယ် စည်း” လို့တောင် ဆိုနိုင်သည်။
ဒီစည်းလေးကို လိုက်နာကြမည်ဆိုလျှင် ကမ္ဘာ့ပဋိပက္ခတွေ၊ လူမျိုးရေးတွေ၊ ဘာသာရေး၊ နိုင်ငံရေးတွေကို ဖြေရှင်းနိုင်ကြမည်ဟု ဆိုလိုက်ချင်သည်၊ ဒီစည်းမျဉ်းလေးကို အရှေ့အလည်ပိုင်းမှာလည်း ပြန့်စေ ချင်သည်၊ အာဖရိကမှာလည်း နှံ့စေချင်သည်၊ အာရှ … ဥရောပ အားလုံး ရောက်ရှိစေချင်သည်။ ဘာသာတစ်ခုအနေနှင့် လက်မခံလျှင်ရှိပါစေ၊ သဘောတရား သို့မဟုတ် စည်းမျဉ်းလေးတစ်ခုအနေနှင့် လိုက်နာကြလျှင်ပင် အကျိုးများနိုင်သည်၊ အာဃာတမီးတောက်မီးလျှံကို ငြိမ်းသတ်နိုင်ကြမည်။
ပျိုးထောင်စေချင်စမ်းပါဘိ။
ဘုရားရှင်ပေးသော နောက် “ဂလိုဘယ် စည်း” တစ်ခုရှိသေးသည်၊ ထိုအရာမှာ “မေတ္တာ” ပင်ဖြစ်သည်၊ မေတ္တာဟုဆိုလိုက်သည်နှင့် မြန်မာများအဖို့ အကျွမ်းဝင်ဆုံးစကား “အချစ်” ဟုသိလိုက်ကြသည်။ သို့သော် … မေတ္တာ၏သဘောကိုမူ သိသူကရှားလှသည်၊
(၅၂၈)သွယ်၊
(၁၅ဝဝ) မေတ္တာစသည်ဖြင့် အရေအတွက်တွေကို ပြနေကြသည့်တိုင် မေတ္တာဆိုတာ
(ဟိတကာရပဝတ္တိတလက္ခဏာ) သူတစ်ပါး အကျိုးကို လိုလားသော လက္ခဏာ ရှိကြောင်းကိုမူ
သိသူက လက်ချိုးရေ၍ရလောက်သည်။
မေတ္တာအကြောင်း
ဟောပြောမှုတွေ၊ စာအုပ်စာတမ်းတွေတွင်လည်း မေတ္တာမပွားမီ ထားရမည့်စိတ်ထား၊
မေတ္တာပွားရမည့် ပုဂ္ဂိုလ်အမျိုးအစား၊ မေတ္တာပွားရန်အပိုင်းအခြားတွေ၊
မေတ္တာ၏အကျိုးတရားတွေကို ဖော်ပြသည်ကများပြီး မေတ္တာ၏ သဘောအနက်ကို
ခြုံငုံမိနိုင်သည်က နည်းလှပေသည်။
သူတပါးအကျိုးလိုလားမှုနှင့်မယှဉ်ဘဲ၊
ဦးပုညဆိုသလို မေတ္တာသုတ် တစ်စောင်လုံး ပုဒ်မပါမကျန် ကြုံး၍ ရွတ်စေ၊
အကျိုးမထူးနိုင်ပေ၊ ဘုရားရှင်က “မေတ္တာသဘော” သို့မဟုတ် မေတ္တာစိတ်ကို
ထိုမေတ္တာသုတ် မှာပင် ဟောပြခဲ့သည်မှာ …
န ပရောပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နညမညဿ ဒုက္ခ မိစ္ဆေယျ … ဟူ၍ဖြစ်သည်။
တစ်ဦးကိုတစ်ဦး
မလှည့်စားပါနှင့်၊ တဦးကိုတဦး မထေမဲ့မြင် မလုပ်ပါနှင့်၊
တစ်ဦး၏ဆင်းရဲခြင်းကို တစ်ဦးကအလိုမရှိပါနှင့်ဟု အဓိပ္ပါယ်ရသည်။ ဒါသည် မေတ္တာ၏
သဘောအဓိပ္ပါယ်ဖြစ်သည်၊ သည့်သဘောနှင့် ပြည့်စုံသူသည် အဘယ်မှာလျှင်
လောကအကျိုးကို မလိုလားဘဲရှိပေလိမ့်၊ တစ်ဦးတစ် ယောက်၏အကျိုးလိုလားမှုကား
အဘယ်ဆိုဖွယ်ရာမရှိပြီ။
ထိုသဘောကို
တို၊ ရှည်၊ ကြီး၊ ငယ်၊ အလတ် စသည့် သတ္တဝါတွေအပေါ်မှာထားရှိရမည်။ မိခင်က
တစ်ဦး တည်းသောသားကို ချစ်သလိုမျိုးထားရမည်၊ အချိန်အားဖြင့် လျှောင်း၊
ထိုင်၊ ရပ်၊ သွား လေးပါးလုံးမှာ ပွား နေနိုင်လျှင်တော့ အကောင်းဆုံးဟု
သွန်သင်တော်မူခဲ့သည်။ ဤသို့ထားခြင်းကိုပင် မေတ္တာထားသည်၊ ပွားသည်၊ ပို့သည်ဟု
ဆိုကြခြင်းပင်။
“ကျန်းမာကြပါစေ၊
ချမ်းသာကြပါစေ” စသည်ကား ထိုမေတ္တာသဘောရှိကြောင်းကို ထင်ရှားစေသော
နှုတ်မှုဖြစ်သည်။ “ဝစီမေတ္တာ” ဟု ကျမ်းမှာဆိုသည်။ ကိုယ်လက်နဲ့ပြုမူတော
့”ကာယကံ” မေတ္တာပေါ့။
ဤကဲ့သို့သောစည်း
လူတိုင်း၏ရင်ထဲမှာကိန်းခဲ့လျှင် ကားပေါ်တက်စက ပြဿနာအသေးအဖွဲလေးကို
မဆိုထားနှင့်၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးစသည် ပြဿနာတို့ကိုလည်း
ဖြေရှင်းဖို့မခက်နိုင်၊ တစ်ဦးချင်းအရေးမှသည် ကမ္ဘာအရေးထိ မခဲယဉ်း။
စောစောကဆိုခဲ့သော
စောင့်ရှောက်မှုစည်းနှင့် ယခုမေတ္တာစည်းတို့သည် တစ်ခုခုကို
ကျင့်သုံးလျှင်ပင် အကျိုးရှိရကား နှစ်ခုလုံးကိုသုံးခဲ့သော်
အဘယ်ဆိုဖွယ်ရာရှိတော့မလဲ။
အော်
… ဒီသဘောတရားတွေ ငါ့ဆွေ … ငါ့မျိုး … အို လူတိုင်းပါပဲလေ၊
သိစေချင်စမ်းပါဘိ၊ သိသည့် အတိုင်းလည်း အသုံးချစေချင်ပါဘိ၊
သိပြီးသူများအတွက်လည်း လေးနက်စေချင်စမ်းပါဘိ။
အလို
… ကားတောင် ဘယ်အချိန်ကထွက်လာပါလိမ့်၊ ရှေ့မှတ်တိုင်ဆို ဆင်းရတော့မှာပါလား၊
ကြိုထွက် ထားမှ၊ ထိုင်ခုံမှ ထလိုက်သည်၊ စောစောကလူရွယ်နှစ်ယောက်ကိုလည်း
ပြုံး၍နှုတ်ဆက်လိုက်သည်။
ဟုတ်ပြီ
… ဒီအကြောင်းလေးကို လာမည့် စနေနေ့ကျ သင်တန်းလာကြမည့် ကောင်းမြတ်ထွန်းတို့
နွယ်နီထွန်းတို့ဦးဆောင်သည့် တူ၊ တူမလေးတွေကို ပြောပြရမည်။ နောက်ပြီး
မေတ္တာအလေ့ကို ပျိုးထောင်ပေးရဦးမည်၊ စွမ်းနိုင်သလောက်ပေါ့လေ။ ။
ကံထွန်းသစ်
၂ဝဝ၎
ကံထွန်းသစ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂
(လွန်ခဲ့သည့် ၉ နှစ်က စာမူ ပြန်လည်ဆန်းသစ်ခြင်း)
မှတ်ချက်။
။ စာမရေးဖြစ်တိုင်း ဆူလေ့ရှိသော အမများနှင့် စာဖတ်ပရိသတ်များအတွက်
ခရစ်စမတ်လက်ဆောင်