“အစားနဲ့တရား”
“ဘဝသံသရာ”ဆိုတဲ့ စကားလုံးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို နှုတ်ကျိုးနေလောက်ပါပြီ၊ သီးချင်း အဖြစ်နဲ့တောင် တချို့ရနေ,ဆိုနေကြတတ် တယ်မဟုတ်လား။ ဒီစကားပိုဒ်က“ဘဝ”ရယ်၊ “သံသရာ” ရယ်စကားနှစ်လုံးကို ပေါင်းထားတာပါ၊ “ဘဝ” ဆိုတာ အမိဝမ်းမှာဖြစ်စေ၊ ဘုံအသစ် တစ်ခု မှာဖြစ်စေ စတင်ဖြစ်ချိန်က စပြီး သေဆုံးချိန် အတွင်း အသက် ရှင်နေရတဲ့ ဖြစ်စဉ် တစ်ခုကိုခေါ်ဆိုတာပါ၊ “သံသရာ” ဆိုတာကတော့ ဒီလိုမွေးခြင်း ၊ သေခြင်းဆိုတဲ့ ဖြစ်စဉ်တွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်နေတဲ့ သဘောကို ခေါ်ဆိုတာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ ဘဝဆိုတာမွေးဖွားခြင်းနဲ့သေခြင်းရဲ့ ကြားကာလတစ်ခုတည်းနဲ့ ခရီးဆုံးတာ မဟုတ်ဘူး၊ အာသဝေါကုန်ခန်းတဲ့ ရဟန္တာအဖြစ် မရောက်သေးသမျှ တစ်ဘဝပြီးတစ်ဘဝ မွေး,အို,နာ,သေ ဆိုတဲ့ ခရီးရှည်ကြီးကို မပြတ်တရစပ် ဖြစ်နေကြရမယ်လို့ ယုံကြည်လက်ခံ ထားကြတာပါ၊ ဒီလိုယုံကြည်လက်ခံကြတာဟာလဲ ရော်ရမ်း မှန်းဆပြီး အကန်းယုံ အရမ်းယုံသဘောနဲ့ လက်ခံကြတာမဟုတ်ပါဘူး၊ ဘဝနဲ့သံသရာကို အမှန်တကယ် သိမြင်တော်မူတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို အခြေခံပြီးယုံကြည်လက်ခံကြတာဖြစ်ပါတယ်။
ဒီလိုယုံကြည်လက်ခံကြတဲ့ အတွက်ကြောင့်လဲ ဗုဒ္ဓဘာသာဝင်များအနေနဲ့ စိတ်နဲ့တွေးကြံတဲ့ မနောကံမှာဖြစ်စေ၊ နှုတ်နဲ့ပြောဆိုတဲ့ ဝစီကံမှာဖြစ်စေ ကိုယ်နဲ့လှုပ်ရှားလုပ်ကိုင်တဲ့ ကာယကံမှာဖြစ်စေ၊ ဒီကံသုံးမျိုးလုံးမှာ ဘဝအရေးနဲ့ သံသရာအရေးဆိုပြီး အရေးနှစ်မျိုးလုံးနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဆင်ခြင်စဉ်းစားပြီးတော့မှ ပြောဆို လုပ်ကိုင်ကြရပါတယ်။ အသက်မွေးဝမ်းကျောင်းအတွက် စီးပွားဥစ္စာရှာဖွေရာမှာလဲ ဘဝရိက္ခာနဲ့ သံသရာ ရိက္ခာ နှစ်မျိုးလုံးပြည့်စုံအောင် ရှာဖွေ လုပ်ကိုင် ကြရမှာဖြစ်ပါတယ်။ဒီနေရာမှာ အရင်က အမှတ်တမဲ့နေခဲ့ကြတယ်ဆိုရင်လဲ အခုလိုမြတ်ဗုဒ္ဓရဲ့အဆုံး အမကို သတိ တရကြားသိပြီးချိန်ကစပြီး မြတ်ဗုဒ္ဓရဲ့တပည့်သားအဖြစ် ခံယူထားသူတိုင်းဟာ ဒီလိုနှစ်ကျိုးပြီး,နှစ်မျိုးစုံအောင် သတိထား လုပ်ကိုင် ကြရပါလိမ့်မယ်။
ဒီနှစ်မျိုးထဲမှာ ဘဝရိက္ခာ ဆိုတာ မိမိဖြစ်ရတဲ့ဘဝတစ်ခု သက်တမ်းပြည့်သည်အထိ မပင်မပန်းချမ်းချမ်းသာသာ နေနိုင်ရေးအတွက်အထောက်အပံ့များ ကိုဆိုလိုတာပါ၊ ဒီအထောက်အပံ့တွေထဲမှာလဲ အရေးအကြီးဆုံးကတော့ သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတော်အတိုင်းပဲ အဓိက အထောက်အပံ့က အစားအစာပဲ ဖြစ်ပါတယ်၊ ဒါကလဲ ရေးအကြီးဆုံးဖြစ်တဲ့ “အစား”ကို ပဓာနပြုပြီးမှတ်လို့လွယ်ကူအောင် (ပဓာနနည်း ဥပလက္ခဏနည်းနဲ့) ပြောရတာပါ၊ အပြည့်အစုံ ကတော့ စားစရာ,ဝတ်စရာ နေထိုင်စရာနဲ့ဆေးဝါးဆိုပြီး လေးခုရှိပါတယ်။
‘စား,ဝတ်,နေရေး,ကျန်းမာရေး’ဆိုတဲ့ အရေးလေးခု ပြည့်စုံရမှာဖြစ်ပါတယ်၊ မှတ်သားလို့လွယ်ကူအောင်လို့ ဘဝအတွက်အရေးကြီးတဲ့အထောက်အပံ့ ရိက္ခာက အစား လို့ပဲမှတ်သား ထားလိုက်ပါ။
သံသရာရဲ့အထောက်အပံ့ သံသရာရိက္ခာ ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်များ ယုံကြည်စွာ လက်ခံထားကြတဲ့ အတိုင်းပဲ၊ ဒီတစ်ဘဝပြီးနောက်တစ်ဘဝ ဆိုတာလမ်းနှစ်သွယ်ရှိပါတယ်၊ အပါယ်ဒုဂ္ဂတိလို့ခေါ်တဲ့ အောက်ကိုနစ်သည် ထက်နစ်၊ နိမ့်သည့် ထက်နိမ့်ဆင်းသွားစေတဲ့ အစုန်လမ်း(အပါယ်ဒုဂ္ဂတိ လမ်း)နဲ့ တစ်ဆင့်ထက် တစ်ဆင့်မြင့်မြတ်ရာ ဆီမြင့် တက်သွား စေတဲ့ အဆန်လမ်း(သုဂတိနိဗ္ဗာန်လမ်း)တို့ပဲဖြစ်ပါတယ်။
ထင်ရှားအောင်တင်စားပြောဆိုရမယ်ဆိုရင်တော့ တမလွန်မှာ ခရီးဆက်ရမည့်ရထားနှစ်စီးရှိပါတယ်၊ အပါယ် ဒုဂ္ဂတိကို သွားမယ့်အစုန်ရထားရယ်၊ သုဂတိနဲ့နိဗ္ဗာန်ဆီဦးတည်တဲ့ အဆန်ရထားရယ်ပဲဖြစ်ပါတယ်။ သံသရာ ခရီးသည်များ အနေနဲ့ အကုသိုလ် ကံလက်မှတ်ကိုကိုင်ဆောင်ထားခဲ့ရင် အစုန်ရထားကိုသာစီးပြီး ခရီးဆက်ကြရမှာပါ။ ကုသိုလ်ကံ လက်မှတ် ကိုင်ဆောင် ထားခဲ့ရင်တော့ အဆန်ရထားကိုစီးပြီးခရီးဆက်ရမှာဖြစ်ပါတယ်၊ ကမ္မသတ္တိတို့ အလုပ်လုပ် တယ်ဆိုတာ အခုခေတ် ပေါ်နေတဲ့ ဒစ်ဂျီတယ်တို့ ကွန်ပျူတာတို့ဆိုတာတွေထက် တိကျပါတယ်။ လက်မှတ်နဲ့ရထား လွဲမှားစီးခွင့်ဆိုတာ ကြုံလို့ကို မဖြစ် စကောင်းပါဘူး၊ ဒါဟာအလွန်မြဲမြံခိုင်မာနဲ့ ကမ္မနိယာမစနစ်ကြီးပါ၊ ဒါကြောင့်သံသရာ အတွက်လိုအပ်တဲ့ အထောက်အပံ့ ရိက္ခာက ကုသိုလ်ကံ လို့ခေါ်တဲ့ တရား ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့လိုက်နာဆောင်ရွက်ရမည့်တာဝန်နှစ်ရပ်ကတော့ ‘ဘဝ’ အတွက် အထောက် အပံ့ဖြစ်တဲ့ ‘အစား’ရရေးနဲ့ သံသရာရဲ့အထောက်အပံ့ဖြစ်တဲ့ ‘တရား’ရှိရေးပဲဖြစ်ပါတယ်၊ ဒီနှစ်ခုက တစ်ခုပြီးမှတစ်ခု၊ တစ်ချိန် ပြီးမှ တစ်ချိန်ကြိုးစားကြရမှာမဟုတ်ပါဘူး၊ တစ်ခုကိုရှာရင်းနဲ့ တစ်ခုလဲပါစေရမှာပါ၊ ဘဝတစ်ခုအသက်ရှင်ရေးက အနီးကပ်ဆုံး လိုအပ်ချက်ဖြစ်တော့ မလွဲမသွေ ‘အစား’ကျိုအဓိကရှာဖွေကြ တာဟာ ပုထုဇဉ်အများစုကြီးရဲ့ သဘာဝပဲဖြစ်ပါတယ်၊ ဒီလို ရှာဖွေရတာကို မြတ်ဗုဒ္ဓက မကန့်ကွက်မတားမြစ်ပါဘူး၊ အစားရှာတဲ့အခါမှာ တရားပါနေ ဖို့သာ သတိပေးတိုက်တွန်းတာပါ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင့်ဆုံးရည်မှန်းချက်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးထဲမှာ ‘’သမ္မာအာဇီဝ-တရားမျှတ စွာအသက်မွေးဝမ်းကျောင်းစီးပွားရှာဖွေမှု’’ဆိုတာကိုထည့်သွင်းပေးထားတာကိုထောက်ပြီး အစားနဲ့တရားကိုသီးခြားစီသာ လုပ်ရမှာ မဟုတ်ဘူး၊ ‘’အစားရှာစဉ်မှာကို တရားပါနေရမယ်’’ဆိုတာကို ရည်ညွှန်းနေတယ် ဆိုတာ သဘောပေါက်ကြရမှာ ဖြစ်ပါ တယ်၊ (ဒီအကြောင်းနောက်မှာ လဲ ဆက်ပြီးပြောပါဦးမယ်။)
မြတ်ဗုဒ္ဓရဲ့ပထမဦးဆုံးတရားတော်ဖြစ်တဲ့ ဓမ္မစက္ကပဝတ္တနသုတ်(ဓမ္မစကြာ)မှာ ဘုရားရှင်ထောက်ပြခဲ့တာကတော့ သတ္တဝါတွေဟာ သာသနာပ ကာလကြီးမှာဆိုရင်အသိဥာဏ်အမြင့်မားဆုံးဖြစ်တဲ့ လူကောင်းသူကောင်းများသည်ပင် မိမိတို့ရဲ့ ခရီးစဉ်ကြီးဟာ တစ်ဘဝနဲ့ပြီးပြီးပြတ်ပြတ်မဟုတ်ဘူး၊ “မိမိတို့ကံအားလျော်စွာ ဆက်လက်သွားနေရဦးမည့် သံသရာ ခရီးဆိုတာရှိတယ်“ ဆိုတာကိုလဲမသိ၊ ကုသိုလ်နဲ့အကုသိုလ်ဆိုတာလဲ ကွဲကွဲပြားပြား နားလည်ခြင်း မရှိတဲ့အတွက် သံသရာ အစ ကတည်းက “သံသရာလက်တွဲဖေါ်” ဖြစ်ခဲ့တဲ့ အဝိဇ္ဇာနဲ့တဏှာတို့ ဦးဆောင်တဲ့အတိုင်းသာကြံစည်ပြောဆို လုပ်ကိုင်နေကြတဲ့ အတွက်များသောအားဖြင့် အကောင်းထက်အဆိုးတွေသာများပြီး အပြစ်တွေကြီးလေးကြရပါတယ်။
“ဘုရားရှင်တော်၊ မပွင့်ပေါ်က၊ သူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှအပြစ်တွေ” ဆိုတဲ့ တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့လင်္ကာအတိုင်းပါပဲ။ ဒီလင်္ကာထဲမှာ “ထိုထိုဘဝ”ဆိုတာ ကုသိုလ်ကံ၊ အကုသိုလ်ကံအားလျော်စွာ လားရောက်ရမယ့် အကောင်း၊အဆိုး ဘုံအမျိုးမျိုးနဲ့ တစ်ဘဝမက များပြားလှတဲ့ ဘဝအဆက်ဆက်(သံသရာ) ကိုဆိုလိုတာပါ။
သတ္တဝါတွေ၊ အထူးသဖြင့်တော့လူတွေဟာ သံသရာဆိုတာကိုမသိကြတဲ့အတိုင်း “သံသရာအရေး”ဆိုတာကိုလဲ ထည့်သွင်း မစဉ်းစားတတ်ကြပါဘူး၊ သူတို့အသိ သူတို့အမြင်များဟာ တစ်ဘဝအတွက် တိုတိုကွက်ကွက်ကလေးကိုသာ မြင်တတ် သိတတ်ကြလို့ သူတို့ရဲ့အသိအမြင်တွေဟာ အလွန်တိုလွန်းလှပါတယ်။ “အမြင်တိုလေ သံသရာရှည်လေ” ဆိုတဲ့အတိုင်း အမြင်တိုတို နဲ့ကြည့်ပြီး တစ်ဘဝကျေနပ်မှုရရင်ပြီးစတမ်းအဖြစ်နဲ့ “ဘယ် သူသေသေ ငတေမာပြီးရော” တို့၊ “သေရင်မြေကြီး ရှင်ရင် ရွှေထီး”တို့ဆိုတဲ့တစ်ကိုယ်ကောင်းဆန်ဆန် တစ်ယူသန်တဇောက်ကန်းအမြင်မှားတွေနဲ့ လုပ်ကြတဲ့ အတွက် သံသရာဟာ ရှည်လဲ ရှည်၊ ကြမ်းလဲကြမ်း၊ အိုခန်းနာခန်း သေခန်းတွေလဲ မပြတ်တမ်း မရပ်တမ်းဆက်နေကြရပါ တယ်။
အစွဲနာတော့ အခွာခက်
ပိုပြီးဆိုးတာကတော့ သံသရာရေးကိုထည့်မတွက်ဘဲ ဘဝအတွက်ပြည့်စုံရေးသက်သက်ကိုသာ ကြည့်ပြီး ရှာဖွေကြတဲ့အခါ တရားသဖြင့်ထက်မတရား သဖြင့်ကပိုပြီးများလာတတ်ကြတာပါပဲ။ ပထမတော့ အသက်မွေးဝမ်း ကျောင်းအတွက် မလွဲသာ မရှောင်သာသဘောနဲ့ရှာကြတာပါပဲ၊ အရှာများ လာတော့ အရကလဲများလာပါတယ်၊ များများရလာတော့ မလွဲသာ မရှောင်သာ ကနေ မလွဲချင်မရှောင်ချင်ဖြစ်လာတယ်၊ ဒီထက်ပိုပြီးအရများလာတော့ မလွဲနိုင်မရှောင်နိုင် ဆိုရလောက်အောင် အစွဲကနာ လာပါတော့တယ်၊ “အစွဲနာတော့ အခွါခက်”ဆိုတဲ့အတိုင်း ကြာလာတော့ ခွါမရအောင်ဖြစ် လာကြပါတယ်။
အသိမဲ့ အစွဲပြင်းရာကနေ အစွဲနာ အခွါခက် ဖြစ်လာကြတဲ့ ပုထုဇဉ်အများစုကြီးဟာ မသိမဖြစ် သိလဲသိသင့်သလို သိလဲသိသာပြီး ကိုယ်တွေ့ မျက်မြင် ဆိုသလိုလဲ ထင်ရှားနေတဲ့ သဘာဝတရားကြီးအပေါ်မှာမသိနိုင်ဘဲ မြင်လျှက်နဲ့ ကွယ်နေကြတဲ့ ဗြောင်ကြောင်ကန်းတွေ ဖြစ်နေ တတ်ကြ ပါတယ်၊ အဲဒါကတော့ “မိမိတို့ကိုယ်တိုင်ရော၊ မိမိတို့ရှာဖွေ သိမ်းပိုက်စွဲလမ်းထားတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာအမည်ခံ အာရုံငါးပါး ကာမဂုဏ် တရားတွေရောဟာ အကြောင်းတရား ကြောင့် ဖြစ်ရှိပေါ် ပေါက်လာတဲ့ သင်္ခါရတရား များသာဖြစ်တယ်” ဆိုတဲ့အချက်ပါပဲ။
“သင်္ခါရတရား”ဆိုတာ သင်္ခါရစည်းကမ်းဥပဒေနဲ့ငြိစွန်းတဲ့တရားပါ၊ သင်္ခါရာစည်းကမ်းဆိုတာကလည်း ပြစ်မှုဥပဒေ တစ်ခုပဲ ရှိပါတယ်၊ အဲဒါဘာမှု လဲဆိုတော့ “ဖြစ်မှု”ပါ၊ ဟုတ်ပါတယ်၊ သင်္ခါရဥပဒေမှာ “ဖြစ်မှု” ဆိုတာ တစ်ခုတည်းသော အကြီးလေးဆုံး ပြစ်မှုကြီးဖြစ်ပါတယ်၊ ဒီပြစ်မှုကိုကျူး လွန်တဲ့ သက်ရှိသက်မဲ့ ဘယ်အရာမဆို သင်္ခါရနယ်ထဲမှာ အကျုံး ဝင်တဲ့အတွက် သင်္ခါရရဲ့ တရားစီရင်မှုကိုလဲ မလွဲမသွေခံကြရပါတယ်၊ သင်္ခါရ ရဲ့တရား စီရင်မှုကလဲ “တစ်မိန့်” ပဲရှိပါတယ်၊ “ဖြစ်မှု”ကို ကျူးလွန်ထားတဲ့ သင်္ခါရတရားတိုင်း “ပျက်စေ”ဆိုတဲ့ အမိန့်ပါပဲ။ ဖြစ်ပြီးရင်ပျက်ကို ပျက်ရ ပါတယ်၊ ဒါဟာ ဓမ္မနိယာမဖြစ်လို့ ဘယ်လို တန်ခိုး အာဏာတွေ၊ ကိန်းခန်းယတြာတွေနဲ့မှတားဆီးလို့မရနိုင်ပါဘူး၊ “အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော = သင်္ခါရမှန်သမျှ အနိစ္စ တရားချည်း ဖြစ်တဲ့အတွက် ဖြစ်သမျှပျက်ရမည့် ဓမ္မသဘောများသာ ဖြစ်တယ်” ဆိုတဲ့ တကယ့်ကိုမှ မှန်ကန်တိကျ မျှတတဲ့ ဘက်မလိုက်တရား စီရင်မှုစစ်စစ်ပါပဲ။
ဒီတရားစီရင်မှုအရ ဖြစ်ဖို့အကြောင်းဆုံလို ဖြစ်ချိန်မှာဖြစ်လာရတဲ့ အရာတိုင်းဟာ ပျက်ချိန်ရောက်ရင်လဲ ပျက်ရ မည့်ဓမ္မတာ မှန်ကန်ပေမယ့်၊ ဖြစ်လာ ရတဲ့ အရာတွေကိုပဲ “ဘယ်တော့မှမပျက်နိုင်ဘဲအမြဲပိုင်ဆိုင်ခံစားနေရမယ်”ဆိုတဲ့ အထင်နဲ့အသိမဲ့သိမ်းပိုက်စွဲလမ်းထားသူများအနေနဲ့တော့ စွဲစရာ များသလောက် အစွဲနာပြီး၊ အစွဲနာသလောက် အခွါခက်တဲ့ ဒုက္ခကြီးကို ဆိုးဆိုးဝါးဝါးကြီးခံစားရပါတော့တယ်။
သဘာဝတရားအရ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်တယ်ဆိုတာ ထင်မြင်လွယ်တဲ့ ဥပမာတစ်ခုအနေနဲ့ ကြည့်မယ် ဆိုရင် သစ်ပင်နဲ့သစ်ခွံတို့လိုပါပဲ။ သစ်ပင်များဟာ တစ်နှစ်မှာ တစ်လွှာအသစ်အသစ်တိုးပြီးဖြစ်ပေါ်လေ့ရှိတယ်၊ အသစ်တစ်လွှာ တိုးလာပြီးဆိုရင်လဲ ပျက်ချိန်ရောက်လာပြီးဖြစ်တဲ့ အပေါ်ဆုံးအလွှာမှာရှိတဲ့ အခွံအခေါက်က ကွာကျပေးရပါ တယ်၊ အချိန်တန်ရင် ကွာကျဖို့အတွက်လဲ ပင်စည်နဲ့တွဲကပ်နေတဲ့ အစေးဓာတ်များက တစ်ဖြည်းဖြည်း ခြောက်ခန်းပေးရ ပါတယ်၊ ကွာချိန်ရောက်တဲ့ အခါမှာတော့ ပင်စည်နဲ့အခွံအခေါက်တို့ လုံးဝကပ်ငြိခြင်း မရှိတော့တဲ့အတွက် သက်သောင့် သက်သာပဲ ကွာကျကြရပါတယ်၊ ဒီလိုကွာကျ သွားတဲ့အတွက်ပင်စည်မှာ ဘာမှအနာတရ မဖြစ်တဲ့အပြင် ပင်လုံးတောင်ပိုလို့ စည်ပင်ဖွံ့ဖြိုး အလှတိုးလာပါတယ်။
ပင်စည်နဲ့တွဲကပ်ခြင်းမရှိလို့သာ အချိန်တန်လို့ကွာကျတဲ့အခါ အနာမရဘဲ ပင်စည်ဖွံဖြိုးပြီးအလှတိုးလာတာပါ၊ တကယ်လို့ ပင်စည်နဲ့တွဲကပ်နေတဲ့ အခွံမျိုးကို ဓားတို့çပုဆိန်တို့နဲ့ ခွာချခံရပြီဆိုရင်တော့ ပင်စည်မှာ နာလဲနာ ပုံစံလဲပျက်စီးချွတ်ယွင်းရပါတယ်။
အဲဒီသဘောမျိုးလိုပါပဲ၊ ပုထုဇဉ်အများစုကြီးတို့လဲပဲ အာရုံငါးပါးကာမဂုဏ်တရားတွေကို တဏှာလောဘ အပြင်းစားကြီး တွေနဲ့ ဥပါဒါန် အဆင့်ရောက် အောင်အစွဲနာကြတဲ့အတွက် သင်္ခါရထုံးစံအတိုင်း ကွာချိန်တန်လို့ ကွာရတဲ့အခါ အသာတကြည်ကွာ ကျသလို သက်သောင့် သက်သာမဖြစ်ကြဘဲ ခွာချခံရလို့ ကျင်နာစပ်ရှားဆိုးဝါးတဲ့ ဝေဒနာတွေခံစားရပြီ ဝမ်းနည်းပူဆွေး ငိြုွေကးကြ ရပါတယ်။ ဓမ္မစကြာ ဒုက္ခသစ္စာနိဂုံးမှာ ဘုရားရှင်မိန့်ကြားတဲ့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ-လိုရင်းအကျဉ်းချုပ်ကတော့ ဥပါဒါန်နဲ့စွဲကပ်ထားတဲ့ ခန္ဓာငါးပါးကြီးဟာ ဒုက္ခအစစ်ပါ”ဆိုတဲ့ စကားတော်အတိုင်းပါပဲ။
ဟုတ်ပါတယ် အချိန်တန်ရင်ကွာကျသလို ပျက်ချိန်တန်ရောက်လို့ပျက်ရတာက ဒုက္ခရောက်တာမဟုတ်ပါဘူး၊ အစွဲ ဥပါဒါန်တွေကြောင့်ကွာကျတာကို လက်မခံနိုင်တဲ့အတွက် ခွာချသလိုခံစားရတာကသာ ဒုက္ခအစစ်ပါ။
ဒီလိုဒုက္ခခံစားရသူများကို ဓမ္မစကြာတရားတော်မှာ “ကာမသုခလ္လိကာနုယောဂ-အာရုံငါးပါးကာမဂုဏ်တရားတို့ကို ချမ်းသာစစ်လို့ထင်မှတ်ကပ်ငြိပြီး ရရှိရေးကြိုးစားနေသူများ”လို့ သတ်မှတ်ပါတယ်၊ ဒီပုဂ္ဂိုလ်များဟာ အာရုံတို့ကို ငမ်းငမ်း တက်ရှာဖွေစုဆောင်းခံစားဖို့လောက်သာသိကြသူများ ပီပီ ရလေလိုလေအဖြစ်နဲ့ ရှာဖွေစုဆောင်းသိမ်းပိုက်ကြရင်းက “သမ္ဗာဓော ဃရာဝါသော = အိမ်ရာတည်ထောင်တဲ့လူဘောင်ဟာ ကျဉ်းမြောင်းတယ်”ဆိုတဲ့ အတိုင်း အချိန်ရှိသမျှ အာရုံ ငါးပါးနဲ့သာ လုံးထွေး ငြိတွယ်ပြီး မရုန်းသာမဖယ်သာဘဲ အကျပ်ဘေးဆိုက်ကြရပါတယ်။ နောက်ဆုံးခွဲခွာရချိန်မှာလဲ ကွာကျ သလိုညင်မသာဘဲ ခွာချသလို ကျင်နာခံခက်တဲ့ ဒုက္ခကိုခံစားကြရတာဖြစ်ပါတယ်။
မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)