Monday, March 9, 2015

မသိလို့သာ လုပ်မိပါသော်


မသိလို့သာ လုပ်မိပါသော်

“အရှင်ဘုရား သိလျက် မကောင်းမှုကို ပြုသူနှင့် မသိလို့ပြုသူ ဘယ်သူက အပြစ်ပိုကြီးပါ သလဲဘုရား”လို့ မိမိနှင့် ရင်းနီးတဲ့ ဒကာမကြီးကမေးလာပါတယ်။

“ ဒကာမကြီးက ဘာလို့မေးတာဘာလဲ”လို့ပြန်မေးတော့ တပည့်တော် ဆရာတော် ဦးပညာသီဟ(နယူးဂျာစီ)ရေးတဲ့ စာအုပ်ကို ဖတ်ရတယ်၊ အဲဒီထဲမှာ “ မသိလို့ မကောင်းမှု လုပ်သူရဲ့ အကုသိုလ်ကံက ပိုဆိုးတယ် ပိုကြီးတယ်လို့” ရေးထား ပါတယ်။ အဲဒါ ဖြစ်နိုင်ပါသလား ၊ လောကဥပဒေနဲ့ပြောရရင် “ အပြစ်ကို သိလျက် တမင် ပြုလုပ် သူကိုသာ အပြစ်ပိုကြီးတယ် ပိုပြိး အပြစ်ပေးသင့်တယ် မဟုတ်ပါလား၊ ဒီအဖြေဟာ တပည့်တော်စိတ်ထဲ မရှင်းလှပါ၊ ဒါကြောင့် ပိုပြီး ရှင်းအောင် ပြောပြပါ”လို့ ဒကာမကြီးက တောင်းဆိုလာ ပါတယ်။

ဒီမေးခွန်းနှင့် အဖြေဟာ ခုမှ ဖြစ်ပေါ်လာတဲ့ ပြဿနာမဟုတ်ပါ၊ သာသနာတော် နှစ် ၃၀၀ လောက်က မိလိန္ဒမင်းကြိးက အရှင်နာဂသေနကို မေးလို့ ဖြေဆိုထားတာ မိလိန္ဒပဥှာ( ဇာနန္တာ ဇာနန္တာနံ ပါပကရဏပဥှာ ပါဠိတော်မှာ ပါရှိပြိး ဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး မေးကြ ဖြေ ကြတာပါ။
ဘယ်လို မေးလို့ ဘယ်လို ဖြေဆိုထားကြတာလဲ ဘုရား တပည့်တော်မကို ပြောပြပါဦး။

မိလိန္ဒမင်းကြိးက “ အရှင်နာဂသေန အကြင်သူသည် သိလျက်နှင့် မကောင်းမှု ကိုပြု၏။ အကြင်သူသည် မသိမူ၍ မကောင်းမှုကိုပြု၏၊ အဘယ်သူ၏ မကောင်းမှု အကုသိုလ်ကံသည် ကြီးမားပါသနည်းဟု မေးလျောက်ထားပါတယ်။
ဒါဆို တပည့်တော်မ မေးတာနဲ့ အတူပဲပေါ့၊ ဘယ်လို ဖြေဆိုထား ပါသလဲဘုရား။

အရှင်နာဂသေနမထေရ်က “ မင်းမြတ် အကြင်သူသည် မသိမူ၍ မကောင်းမှု ကံ ကို ပြု၏ မကောင်းမှု အကုသိုလ်ကံသည် များပြားကြီးမား၏၊”လို့ မိန့်တော် မူပါတယ်။ ဒိတော့ မိလိန္ဒမင်းကြီး ထပ်ပြိး လျောက်ထားပါတယ်။ = “ အရှင်ဘုရား နာဂသေန သို့ဖြစ်လျှင် တပည့်တော်၏ အကြင်မင်းသားကသော်၎င်း အကြင်မင်းအမတ် က သော်၎င်း မသိမူ၍ မကောင်းမှုကံကို ပြုအံ့၊ ထိုသူအား တပည့်တော်တို့သည် နှစ်ဆ တက်သော အပြစ်ဒဏ်ကို ပေးရကုန်အံ့လော့” ဟု လျောက်ပါတယ်။

ဒီတော့ အရှင်နာဂသေနမထေရ်က ဥပမာနှင့် ပြန်ပြောပါတယ်။ မင်းမြတ် ထိုအ ရာ ကို အဘယ်သို့ မှတ်ထင်သနည်း “ ပူလောင်သော ၊ ရဲရဲတောက်သော ၊ အလျှံ ပြောင်ပြောင် တောက်လောင်သောမီးနှင့် တကွဖြစ်သော သံခဲတုံးကို တယောက်သော သူသည် သိလျက် ကိုင်ရာ၏။ တယောက်သောသူသည် မသိမူ၍ ကိုင်ရာ၏၊ အဘယ်သူ ကို ပြင်းထန်စွာ လောင်ရာသနည်း”ဟု မေးတော်မူပါတယ်။

အရှင်ဘုရား “ အကြင်သူသည်ကား မသိမူ၍ ကိုင်ရာ၏၊ ထိုသူအား ပြင်းထန်းစွာ လောင်ရာပါ၏”လို့ ပြန်လျှောက်တော့ မင်းမြတ် ဤအတူသာလျှင် အကြင်သူသည် မသိမူ၍ အကုသိုလ်မကောင်းမှုကို ပြု၏၊ ထိုသူ့အားသာ မကောင်းမှုကံသည် များပြား ကြီး မား၏”ဟု မိန့်တော်မူပါတယ်။ ဒီတော့မှ မိလိန္ဒမင်းကြီးက အရှင်နာဂသေန- “သင့်လျော် လျောက်ပတ်ပါသေတယ်”လို့ လျှောက်ပါတယ်။ ဒါက မိလိန္ဒပဥှာ ပါဠိတော် မှာလာတဲ့အတိုင်း သိသာအောင် မြန်မာပြန် ပြောပြတာပါ။

ဟုတ်ပါတယ် ဒီးမေးခွန်းကို မကြာ ခဏ မေးတတ်ကြတယ်။ မေးတိုင်းလဲ ဒီလိုဖြေကြတယ်၊ မိလိန္ဒမင်းကြီးကတော့ သင့်လျော်လျောက်ပတ်ပါပေတယ် လို့ ကျေနပ်နှစ်သက်ပေမဲ့ မေးကြသူ အများစုရဲ့ စိတ်ထဲမှာတော့ မိလိန္ဒမင်းကြီးလို ကျေနပ် နှစ်သက်ကြပါရဲ့လား လို့ စဉ်းစားမိပါတယ်။ ဒါကြောင့် ထပ်ပြီး ပြောပြပါမယ်။

မှန်ပါတယ်။ သိပြီးပြုတာက မသိလို့ပြုတာထက် မလေးစားတဲ့ သဘော ရှိတာ ကြောင့် ပိုပြီး အပြစ်ကြိးတယ် လို့ ပြောတတ်ကြပါတယ်၊ ဒီလို မဟုတ်ပါ၊ အပြစ်၏ အကောင်း အဆိုး အကြောင်းအကျိုးများကို မသိတဲ့သူဟာ သူပြုလုပ်တဲ့ မကောင်းမှု အပေါ်မှာ စွဲမြဲထက်သန်စွာ ပြုလုပ်တတ်ပါတယ်၊ အပြစ်ရှိမှန်း သိတဲ့သူ ကတော့ ဒီအပြစ်ကို ပြုလုပ်ရပေမဲ့(အပြစ်ရှိတာ သိနေတော့) စွဲမြဲထက်သန်မှု နည်းတယ်၊ ဒါကြောင့် အပြစ်ရှိမှန်း သိပြီး ပြုလုပ်သူက မသိလို့ ပြုလုပ်သူလောက် အပြစ်မကြီးတာ ဖြစ်နိုင်ပါတယ်။

နောက်ပြီး အပြစ်ကိုသိတယ် မသိဘူး ဆိုရာမှာ ဉာဏ်ပညာနှင့် မဆိုင်ပါ ၊ ဉာဏ် ပညာ မဟုတ်ပါ၊ (အပြစ်ကို အပြစ်ဟု အမှန်မမြင်ဘဲ) လွဲမှားစွာမြင်တဲ့ မိစ္ဆာဒိဌိ သာ ဖြစ်ပါတယ်။ မသိလို့ ပြုလုပ်သူဟာ ဒိဋ္ဌိနဲ့ယှဉ်တဲ့ (ဒိဋ္ဌိပါဝင်တဲ့)စိတ်နဲ့ပြုတော့ ပိုပြီး အပြစ်ကြီးပါတယ်။ သိပြီး ပြုလုပ်သူကတော့ ဒိဋ္ဌိမပါဝင်သောကြောင့် မသိလို့လုပ်သူ လောက် အပြစ်မကြီးလှပါ။

ဒါနဲ့ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အယူ အဆကို သိမြင်နိုင်ရန် သင်္ဂြိုဟ်ဘာသာဋီကာ အဆိုကို မူရင်းအတိုင်း ဖေါ်ပြပါဦးမယ်။

သိ၍လွန်ကျူး မသိ၍ လွန်ကျူး

“ဒိဋ္ဌိ သမ္ပယုတ်စိတ်သည် ဒိဋ္ဌိဝိပ္ပယုတ်စိတ်ထက် သတ္တိထက်၏၊ မိစ္ဆာ အယူရှိသူ တို့သည် အပြစ်မရှိဟု အယူရှိသဖြင့် မကောင်းမှုကို ပြုကျင့်ကြကုန်၏၊ သမ္မာအယူရှိသူ တို့ကား အပြစ်ရှိမှန်းသိလျက်ပင် တမင်လါန်ကျူးကြကုန်၏၊ ထိုနှစ်မျိုးတွင် အပြစ်မမြင် ၍ ပြုမိသူမှာ မကောင်းမှုပြစ်သက်သာထိုက်သည် မဟုတ်ပါလော ဟု မေး။

အဖြေကား= ဤသို့ မမှတ်သင့်၊ ချဲ့ဦးအံ့= အပြစ်ရှိပါလျက် အပြစ်မရှိဟု ယူခြင်း သည် မိစ္ဆာအယူတည်း၊ ထိုမိစ္ဆာဒိဋ္ဌိ အရင်းခံ၍ မကောင်းမှုကို ပြုရာ၌ တွန့်ဆုတ်ခြင်းမရှိ ရဲရဲဝံ့ဝံ့ ပြုကျင့်၏၊ ထိုကြောင့် မကောင်းမှု အကုသိုလ်သည် ထိုမိစ္ဆာအယူရှိသူ၏ သန္တာန်၌ ကြီးလေး စွာ အဖတ်တင်ရစ်၏၊ ဥပမာ- ရဲရဲညိသော သံတွေခဲကို ရွှေတုံးထင်၍ ကိုင် သူ မှာ ပြင်းထန်စွာ အလောင်ခံရသကဲ့သို့တည်း။

အပြစ်ရှိမှန်းသိလျက် ကျူးလွန်သူကား ထိုအကုသိုလ်အပြစ်ကို ကြောက်ရွံတွန့် ဆုတ်လျက် မရှောင်ကြဉ်နိုင်၍ ပြုကျင့်မိ၏၊ ထို့ကြောင့် အကုသိုလ်အပြစ်လည်း ဒိဋ္ဌိနှင့် ယှဉ် သလောက် မကြီးမားချေ၊ ဥပမာ- ယခင် သံတွေခဲကို မလွဲသာ၍ ကိုင်ရသူ၌ အပူ သက်သာအောင် ကိုင်သကဲ့သို့တည်း။

ပညတ်တော်သိလျက် လွန်ကျူးပြစ်

သို့ဖြစ်လျင် “ ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်း ကောင်း သိလျက်လွန်ကျူးသူတို့မှာ လောက ဓမ္မ၀ယ် အဘယ်ကြောင့် ကြီးလေးသော အပြစ်ကို ရကြပါသနည်း” ဟု မေးဖွယ်ရှိပြန်၏။

အဖြေကား- သိလျက် ကျူးလွန်သူတို့၌ ရာဇသတ်ဥပဒေနှင့် ၀ိနည်းပညတ်ကို ကျူးလွန်ပြစ်သာမက ဥပဒေပညတ်တော်ကို မလေးစားမှု အဂါရ၀ဒေါသစိတ်များလည်း ခြံရံလျက်ပါရှိ၏၊ ထို့ကြောင့် လောကဓမ္မအလိုက် ကြီးလေးသောအပြစ် ထိုက်၏၊ ထိုပြင် ပညတ်တော် ဥပဒေများကို နားမလည်ခြင်းသည်လည်း ဒိဋ္ဌိမဟုတ် အချို့အရာ၌ မသိရုံ မျှသာ ဖြစ်၏။

ထို့ကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိသည်အတွက် ဥပဒေပညတ်တော်ကို ကျူးလွန်ရာ၌ ဥပဒေ ပြုလုပ်သူ အပေါ်၌ လည်းကောင်း၊ ဘုရားရှင့်အပေါ်၌လည်း ကောင်း မလေးစားသောစိတ် မပါရကား လောကအလိုက်လည်း ညှာညှာတာတာ အပြစ်ပေးရ၏၊ သံသရာဘေးမှာလည်း သိလျက် ကျူးလွန်သူလောက် မကြီးလေးတတ် ပေ”လို့ ရေးထားပါတယ်။

ဒါလောက်သိရရင် ဒကာမကြီးလဲ မိလိန္ဒမင်းကြီးလို “ သင့်တင့်လျောက်ပတ်ပါပေ တယ်”လို့ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မကောင်းမှုမှန်ရင် သိလို့ဘဲ ဖြစ်ဖြစ် မသိလို့ဘဲ ဖြစ်ဖြစ် မပြုလုပ်တာ အကောင်းဆုံးပါ။ ကျောက်ခဲဟာ ကြီးကြီး ငယ်ငယ် ရေမှာ မြုပ် တတ်သလို မကောင်းမှုများဟာလဲ ကြီးကြီး ငယ်ငယ် မကောင်းကျိုးကို ပေးတတ်ကြ ပါတယ်။


 ဒါကြောင့်-
“မကောင်းမှုတွေကိုဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့်စည်းနေ” ဟူသော မင်္ဂလာတရား တော်အရ မကောင်းမှုများကို မပြုလုပ်စေရန်နှင့် ကုသိုလ်ကောင်းမှုများကို ပွားများ အားထုတ်ကြစေရန်နှင့် ကုသိုလ်ကောင်းမှုများကို ပွားများအားထုတ်ကြစေရန် တိုက် တွန်းလိုက်ပါတယ်။

ဓမ္မေဟောန္တု သဂါရ၀ါ
အရှင် ဣန္ဒာစာရ