Wednesday, March 4, 2015

ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း


ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း

ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ် ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာနေမည်။ ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းက မကောင်း

စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ အခါမလပ် ပြောင်း၍ ပြောင်း၍ နေသည်။ နွေမိုး ဆောင်းဥတုသုံးပါး စဉ်ဆက်မပြတ်ပြောင်း၍ပြောင်း၍နေ သည်။ သစ်ပင်ပန်းမန်တို့လည်း ရွက်ဟောင်းတွေကြွေ၊ ရွက်သစ်တွေ ဝေကာ ပြောင်း၍ ပြောင်း၍နေသည်။ သံသရာမှာ ခန္ဓာတွေ အဖန်ဖန် အခါ ခါ ပြောင်း၍ပြောင်း၍ လာခဲ့သည်။ သက်ရှိသက်မဲ့ အရာခပ်သိမ်း ရပ်နေသည်မရှိ၊ တည်နေသည်မရှိ၊ တန့်နေသည်မရှိ၊ ဖြစ်ပျက်၍နေသည်၊ ပြောင်းလဲ၍နေသည်။ ရွေ့လျား၍နေသည်။ ယင်းသည်ပင် အနိစ္စ၊ ယင်းသည်ပင် ဒုက္ခ၊ ယင်းသည်ပင် အနတ္တ။

သံသရာမှာ ခန္ဓာတွေအကြိမ်ကြိမ် ပြောင်းခဲ့လေပြီ။ မဟာပထ၀ီ မြေတစ်ပြင်လုံး ကိုယ့်အလောင်း မသာ မမြှုပ်နှံဖူးသည့်နေရာအလွတ် မရှိတော့။ စင်စစ်မှာတော့ မဟာပထ၀ီမြေ တစ်ပြင်လုံးဟာ မိမိ၏သုဿန်သာ။ ထိုသို့ ထိုသို့ သံသရာမှာ ခန္ဓာတွေ အလီလီပြောင်းခဲ့လေရဲ့။ လူဖြစ်သည့် အခါဖြစ်၊ နတ်ဖြစ်သည့်အခါ ဖြစ်၊ ငရဲသားဖြစ်သည့် အခါဖြစ်၊ တိရစ္ဆာန်ဖြစ်သည့် အခါဖြစ်၊ ပြိတ္တာ ဖြစ်သည့်အခါဖြစ်၊ ဘယ်ဟာအတည်မမြဲ၊ ဖောက်လွဲဖောက်ပြန် အကြောင်းကတော့ မိမိတို့ပြုခဲ့သည့်ကံ။

မြင်မြင်သမျှ သင်္ခါရ၊ ပြုလျှင်လည်း ပြောင်းမည်၊ မပြုလျှင်လည်း ပြောင်းမည်၊ ပြင်လျှင်လည်း ပြောင်းမည်၊ မပြင်လျှင်လည်း ပြောင်းမည်၊ ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ်ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာ နေမည်။ ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းကမကောင်း၊ ထူးမခြားနား၊ မတည့်ဘဲ လွဲချော်၍သွား။

သဗ္ဗေ သင်္ခါရာ အနိစ္စာ - သင်္ခါရဟူသမျှ အနိစ္စ။ အနိစ္စဆိုတာ သင်္ခါရ။ ရုပ်ဓမ္မ နာမ်ဓမ္မအားလုံး အနိစ္စ။ ရုပ်တရားဟူသမျှပြောင်း၍ နေသည်။ ရွေ့၍နေသည်။ နာမ် တရားဟူသမျှ ပြောင်း၍နေသည်။ ရွေ့၍နေသည်။ ငြိမ်နေသည် မရှိ။ ရပ်နေသည်မရှိ။ လှည့်၍နေသည်။ လည်၍နေသည်။ ပတ်၍နေသည်။

သဗ္ဗေသင်္ခါရ အနိစ္စာဟုဆိုသဖြင့် အများစုက သင်္ခါရကိုအနိစ္စအဖြစ်သာ မြင်ကြသည်။ သင်္ခါရသည် ပျက်စီးတတ်၏။ သင်္ခါရသည် ပျက်စီးခြင်းဖြစ်၏။ သင်္ခါရနှင့် အပျက် သဘော၊ အပျက်သဘောနှင့် သင်္ခါရ  ထပ်တူထပ်မျှ ရှုမြင်ကြသည်။ သင်္ခါရဟုဆိုလျှင် မျက်စိထဲ၌ပျက်စီးနေတာ တွေ၊ အပျက်အစီးတွေ၊ အပျက်သဘောတွေကိုပဲ မြင်ယောင်ကြသည်။အမှန်က သင်္ခါရသဘောသည် ထိုသို့ မဟုတ်။

‘သမ္မာ ကရောတီတိ သင်္ခါရော’ ဟူသော ကတ္တုသာဓ်ဝိဂြိုဟ်အရ ပြု တတ်သောသင်္ခါရက တစ်မျိုး ရှိသည်။  ‘သမ္မာကရီယ တေတိ သင်္ခါရော’ ဟူ သော ကမ္မသာဓ်ဝိဂြိုဟ်အရ အပြုခံ သင်္ခါရက တစ်မျိုးရှိသည်။ သင်္ခါရ သည် ပြုတတ်သော သင်္ခါရရှိသည်။ အပြုခံရသော သင်္ခါရဟူသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ဥာဏ်၊ ၀ီရိယ ဟူ၍ ခြောက်ပါးရှိသည်။ အပြုခံ သင်္ခါရဟူသည် သည်ရုပ်၊ သည်နာမ် သည်ခန္ဓာ၊ သည်ဘ၀၊ သည်ရာထူး၊ သည်ဥစ္စာ၊ ပိုင်ဆိုင်မှုမှန်သမျှနှင့် စည်းကမ်း သတ်မှတ်ချက်တွေ၊ မူတွေ၊ ဘောင်တွေ၊ ပညတ်ချက်ဥပဒေ တွေ၊ ပတ်ဝန်းကျင် ရေမြေသဘာဝ စသည် စသည် သက်ရှိသက်မဲ့ အားလုံးပါဝင်သည်။

ပြုတတ်သော သင်္ခါရသည်လည်း အနိစ္စ-အမြဲမရှိ။ အတည်တကျမရှိ။ ထာဝရမရှိ၊ တဒင်္ဂ တခဏ မျှနှင့် ရွေ့နေသည်။ ပြောင်းနေသည်။ အပြုခံ သင်္ခါရကလည်း အနိစ္စ-အမြဲမရှိ။ အတည်တကျမရှိ၊ ထာဝရမရှိ၊ တဒင်္ဂ  တစ်ခဏမျှနှင့်ရွေ့နေသည်။ ပြောင်းနေသည်။ သင်္ခါရဟူသမျှ အနိစ္စဟု ဆိုသဖြင့်သည်အတိုင်း ထား၍တော့ မရ။ ပစ်ထား၍တော့မရ။ ပြုစရာရှိ သည်ကိုပြုနေရမည်။ ပြင်စရာ ရှိသည်ကို ပြင်နေရမည်။ သင်္ခါရဟူသည် ပြုပြင်မှုကို တောင်းဆိုနေသည်။  ပြုပြင်မှုကို ငံ့လင့်နေသည်။ ပြုတတ်သည့်သင်္ခါရကိုလည်း ပြုနေ၊ ပြင်နေ ရမည်။ အပြုခံသင်္ခါရကိုလည်း ပြုနေ၊ ပြင်နေရမည်။ ပြုခြင်းနှင့် ပြင်ခြင်းသည် ဘ၀ပေး တာဝန်ဖြစ်သည်။ ပြုနေသူတို့ ရှေ့ရောက်သည်။ ပြင်နေသူတို့ ထွန်းပေါက်သည်။

သင်္ခါရဟူသည် ဂရုစိုက်မှုကို လိုလားသည်။ လူ၏သဘာဝကလည်း သူ့ကိုဂရုစိုက်မှ ကြိုက်သည်။ သူ့ကိုဂရုစိုက်တာကို ခံချင်သည်။ လူ ရိုသေ၊ ရှင်ရိုသေဟူသောစကားသည် လူ၏ဂရုစိုက်မှုအပေါ် လိုလားမှုကို ပြဆိုသောသက်သေ သာဓက ဝေါဟာရ ဖြစ်သည်။ ဘုရားကလည်း အည မညဂါရ၀ - အချင်းချင်း ဂရုစိုက်ကြဖို့၊ ပဋိသန္တာရဂါရ၀ - ကူးလူးဆက် ဆံရာမှာ လေးလေးစားစားဆက်ဆံ ကြဖို့ အလေးထားမှာကြားခဲ့သည်။ ဂရုစိုက်ဟူသည် ဂရုဂါရ၀မှလာ သည်။ အလေးထားခြင်း၊ လေးစား ခြင်း၊ ရိုသေခြင်းဟူသောအဓိပ္ပာယ် များသင့်သလိုသိမ်းကျုံးပါဝင်သည်။

လူမှဂရုစိုက်ခံချင်သည်မဟုတ်။ ခွေးလေး၊ ကြောင်လေးကအစ တိရစ္ဆာန်ဟူသမျှလည်း ဂရုစိုက်မှု ခံချင်ကြသည်။ ခွေးလေး၊ ကြောင်လေးတွေ သူတို့ကိုဂရုစိုက်သူဆိုလျှင် သူတို့ကလည်း ပြန်လည်၍ ခင်မင် ရင်းနှီးမှုကို ပြကြသည်။ သူတို့ကို ဂရုမစိုက်သူဆိုလျှင် သူတို့ကလည်း လှည့်တောင်မကြည့်။ မသိသလို၊ မထီသလို ဘာသိဘာသာနေကြသည်။

သက်ရှိတွေမှ ဂရုစိုက်ခံချင်ကြသည်မ ဟုတ်။ သက်မဲ့သစ်ပင်လေးတွေလည်း လူတို့၏ ဂရုစိုက်မှုကို တောင်းဆိုကြသည်။ စိုက်ပျိုးရေးသမားတွေက ပို၍သိမည်။ အနုအရွ အလှအပ ပန်းပင်လေး တွေဆိုလျှင် ပို၍ ဆိုးသည်။ ပိုးသတ်ဆေးဖျန်း၊ မြေ သြဇာကျွေး၊ ရေလောင်းပေးနှင့် တော်တော် ဂရုစိုက်နိုင်မှကို သူတို့ကပွင့်ကြ သီးကြသည်။ နှင်းဆီတို့၊ သစ်ခွတို့ ဆိုလျှင် ကလေးငယ် တစ်ယောက် ပြုစုစောင့်ရှောက်သလိုကို ပြုစုစောင့်ရှောက်ရသည်။ တော်တော်ကြီးကို ဂရုစိုက် ရသည်။

မိဘနှင့်သားသမီးတွင် မိဘက ပြုတတ်သော သင်္ခါရ၊ သားသမီးက အပြုခံသင်္ခါရဖြစ်သည်။ မိဘအများ စု သားသမီးကို အလွန်ဂရုစိုက်ကြသည်။ ခြင်တစ်ကောင် မကိုက် အောင်၊ နေတစ်ပြောက်မထိုးအောင်၊  လေစိမ်းတစ်ချက် မတိုက်အောင် အစစအရာရာ ဂရုစိုက်ကြသည်။ ပြုစုစောင့်ရှောက်ကြသည်။ သားသမီးတို့ အတွက် ကျန်းမာရေး၊ ချမ်းသာရေး၊ ရှင်သန်ကြီးထွားရေး၊ အစစအရာရာ အဆင်ပြေရေးအတွက် ပြုသင့်သည် ကိုပြု၊ ပြင်သင့်သည်ကို ပြင်၍ ပြုစု စောင့်ရှောက်သည်။

ဥယျာဉ်မှူးသည် သူစိုက်ပျိုးသည့် ပန်းပင်၊ သစ်ပင်လေးတွေကို ဂရုတစိုက်နှင့် ပြုသင့်သည်ကိုပြု၊ ပြင်သင့်သည်ကို ပြင်ပေး၍ ပြုစု သည်။ စောင့်ရှောက်သည်၊ ဆရာ သမားသည် တပည့်တို့ကိုပြုသင့် သည်ကိုပြု၊ ပြင်သင့်သည်ကို ပြင်ပေး၍ ပြုစုစောင့်ရှောက်သည်။ အခြား အခြားသူများလည်း ကိုယ်တာဝန်ယူ ထား၊ ကိုယ်တာဝန်ခံထားသော အရာဟူသမျှ အလုပ်ဟူသမျှ ပြုသင့်သည် ကို ပြုရ၊ ပြင်သင့်သည်ကို ပြင်ပေး၍ ဂရုစိုက်ရမည်။

လယ်စိုက်သူသည် လယ်ကိုပြုသူဖြစ်သည်။ ယာစိုက်သူသည် ယာကိုပြုသူဖြစ်သည်။ ၀န်ထမ်းက ဆိုင်ရာတာဝန်ကိုပြုသူဖြစ်သည်။ စီးပွား ရေးသမားက စီးပွားရေးကို ပြုသူဖြစ်သည်။ နိုင်ငံရေး သမားက နိုင်ငံကိုပြု သူဖြစ်သည်။ စာရေးဆရာက စာကို ပြုသူဖြစ်သည်။ တေးရေးဆရာက တေးကို ပြုသူဖြစ်သည်။ ပြုဟူသည် ဖျက်ခြင်းမဟုတ်။ ပြုဟူသည် ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။ ဖြစ်မြောက်အောင် လုပ်ခြင်းဖြစ်သည်။ ဖြစ်ထွန်းအောင်လုပ်ခြင်းဖြစ်သည်။ ပြုဟူသည်ဖြစ်အောင် လုပ်ခြင်းဖြစ်သည့်အတွက် ကိုယ်ပြုသည့်ကိစ္စသည် ဖြစ်ထွန်းမှ၊ အောင်မြင်မှ၊ ဖြစ် မြောက်မှ၊ အကောင်အထည်ပေါ်မှ၊ ရလဒ်တွေကောင်းမှ၊ ကောင်းကျိုး တွေမြင်ရမှပြုရာရောက်သည် သို့မဟုတ်လျှင် ပြုရာမရောက်ဘဲ ဖျက်ရာ ရောက်တတ်သည်ကို သတိပြုရမည်။

တစ်စုံတစ်ခုပြုကြပြီဆိုလျှင် ကိုယ်ကပြုတတ်မှ၊ ပြုနိုင်မှ၊ ကျွမ်း မှ၊ စွမ်းမှသာပြုသင့်သည်။ ကိုယ်က မပြုတတ်၊ မပြုနိုင်၊ မကျွမ်းဘဲ၊ မစွမ်းဘဲပြုခဲ့လျှင် မျောက်အုန်းသီးရသလို ဘာမှအဓိပ္ပာယ်ရှိမည် မဟုတ်။ ထို့အပြင် ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကဖြစ်မလာဘဲပျက်ကုန်တတ်သည်။  ထို့ကြောင့် မိမိက တစ်စုံတစ်ခုတာ ၀န်ယူ၍ပြုတော့မည်ဆိုလျှင် ထိုကိစ္စ နှင့်စပ်၍ မိမိကကျွမ်းမှဖြစ်မည်။ စွမ်း မှဖြစ်မည်။ ကျွမ်းမှ၊ စွမ်းမှသာပြု တတ်မည်၊ ပြုနိုင်မည်။

ဟုတ်တာကိုမလုပ်လျှင် မဟုတ်တာကို လုပ်နေခြင်းဖြစ်သည်။ လုပ်သင့်သည်ကို မလုပ်လျှင် မလုပ်သင့် သည်ကို လုပ်နေခြင်းဖြစ်သည်။ ဤကား တိကျသေချာသော အချက်ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် ဟုတ်တာကိုလုပ်နေဖို့၊ လုပ်ဖြစ်ဖို့လိုပါသည်။ လုပ်သင့်သည်ကို လုပ်နေဖို့၊ လုပ်ဖြစ်ဖို့ လိုပါသည်။

မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတွင် အတ္တသမ္မာပဏိဓိမင်္ဂလာက အချုပ်ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာထားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာထားဟူသည် ပြုသင့် သည်ကို ပြုဖို့နှင့် ပြင်သင့်သည်ကို ပြင်ဖို့ဖြစ်သည်။ ရဟန္တာဖြစ်မှသာ ကတံ ကရဏီယံ - ပြုဖွယ်ကိစ္စ ဟူသမျှ ပြု၍ ပြီးလေသည်။ နာပရံ ဣတ္ထတ္ထာယ - အ ခြားတစ်စုံတစ်ရာပြုဖွယ်ကိစ္စမရှိတော့ ခြင်းဖြစ်သည်။ ရဟန္တာဖြစ်မှသာ ပြု ခြင်းကိစ္စ၊ ပြင်ခြင်းကိစ္စဟူသမျှ ပြီးဆုံးသည်။ မိမိကိုယ်၌ ပြန်ကြည့်လိုက်တော့ ပြုသင့်တာတွေကလည်း များစွာပါလား၊ ပြင်သင့်တာတွေက များစွာပါလားဟု တွေ့ရလိမ့်မည်။

မိမိတို့ပြုသင့်သည်ကို မပြုလျှင် ပြင်သင့်သည်ကို မပြင်လျှင် အနာဂတ်ခရီးလမ်းက ဆူးခင်းလမ်းမှ တစ်ပါး အခြားမရှိပြီ။ ပြုသင့်သည်ကိုမပြု၊ ပြင်သင့်သည်ကိုမပြင်ဘဲပြောင်းကြ လျှင်ဖြင့် ဆူးခင်းလမ်းမှာ သွေးရဲရဲ သံရဲရဲဖြင့် လျှောက်ရပေဦးမည်။ ထို့ကြောင့် ပန်းခင်းလမ်းကို လျှောက်နိုင်ဖို့ ပြုသင့်သည်ကို ပြုမှဖြစ်မည်။ ပြင်သင့်သည်ကိုပြင်မှဖြစ်မည်။ ဘ၀ဟူသည် ပြု၍ပြင်၍ပြောင်းမှသာ ကောင်းရာသုဂတိသို့ ရောက်ရှိမည်။

အများစုသည် တစ်ခုခုကိုပြုတော့ ပြုနေကြသည်။ သို့ရာတွင် ပြင်သင့်သည်ကိုမပြင်ဘဲ ပြုကြသည်။ ထိုသို့ ပြင်သင့်သည်ကိုမပြင်ဘဲပြုနေ လျှင် ပြုသမျှကိစ္စအ၀၀သည် ထိရောက်မှုရှိ၊ မရှိ၊ ကောင်းကျိုးသက် ရောက်မှု ရှိနိုင်၊ မရှိနိုင် စဉ်းစားဖို့ တော့လိုပေမည်။ “လူဆိုတာ အသက် လေးဆယ်ကျော်ရင် ယုတ်မာသွားတော့တာပဲ”ဟု ဆိုခဲ့သော ကမ္ဘာကျော်ခွ စာရေးဆရာကြီး ဘားနပ်ရှော့က “စာတစ်မျက်နှာရေးတာထက် အဲဒီစာ တစ်မျက်နှာကို ပြန်ပြင်နေရတာက အချိန် ပိုကြာတယ်။ အချိန်ပိုပေးရတယ်”ဟု ဆိုခဲ့သည်။ စာကောင်းပေကောင်း တစ်ပုဒ်ဖြစ်ဖို့ ပြုခြင်းထက် ပြင်ခြင်းကပို၍ အရေးပါနေသည်။

သို့ဆိုသဖြင့် မဟုတ်လို့ပြင်ခြင်း၊ မှားလို့ပြင်ခြင်း၊ မကြိုက်လို့ပြင်ခြင်း၊ ပျက်လို့ပြင်ခြင်း၊ မကောင်း လို့ပြင် ခြင်းစသည်ဖြင့် နဂိုအရှိပကတိကို ပြင်ခြင်းအပြင် မိမိတို့လက်ရှိပြုနေသည့် အထဲမှာပဲ ပြင်စရာတွေများစွာ ပါနေပါလားဟူသော ကောက်ချက်ကိုတွေ့ ရှိရသည်။ ထို့ကြောင့် နဂိုအမှားတွေ ကိုလည်း ပြင်ရမည်။ ပြုနေတာတွေ ကိုလည်း ပြင်ပြီးတော့ပြုရမည်ဟု ပြင်ခြင်းနှစ်မျိုး တွေ့ရလေသည်။

ဘုရားရဟန္တာအရှင်မြတ်တို့ သည် သူတို့ကိုယ်သူတို့ပြုသင့်သည် ကိုပြု၍ ပြင်သင့်သည်ကိုပြင်၍၊ ပြု ၍၊ ပြင်၍ အဆင့်ဆင့်ပြောင်းလဲခဲ့ကြ သဖြင့် ထိုသို့ ဘုရားရဟန္တာအရှင် မြတ်များဖြစ်ကြရသည်။ ထိုနည်းထုံး ကို အာရုံပြု၍ မိမိတို့အနာဂတ်ရှေ့ ခရီးကိုလည်းပြု၍၊ ပြင်၍၊ ပြောင်း ၍ ခရီးဆက်ကြရပေလိမ့်မည်။


အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)