ဘာလို့ချစ်နေကြတာလဲ၊
မချစ်အောင်ဘယ်လိုနေမလဲ
အချစ်ရယ်လို့ ဆိုလိုက်ရင် မသိသူမရှိလောက် အင်မတန်အသုံးများသော စကားလုံးဖြစ်သည်။
အချစ်ကို အယူအဆအမျိုးမျိုးဖြင့် သုံးသပ်ရှုမြင်ကာ စကားပုံများ၊ ဆိုရိုးများ၊ သီချင်းများ၊
ဇာတ်လမ်းများ၊ ဝတ္ထုများ ဖြစ်တည်လာခဲ့သည်။
အချို့က အချစ်သည် အေးမြသော သဘောကိုဆောင်ကြောင်း၊ အချို့က ပူလောင်သော သဘောကို
ဆောင်ကြောင်း၊ အချစ်ဆိုသည်မှာ မည်သို့မည်ပုံဖြစ်ကြောင်း နည်းလမ်းအမျိုးဖြင့် သရုပ်ဖော်ကြသည်။
အချစ်ကို စိတ်ပျက်သူရှိသလို၊ အချစ်ကို နှစ်သက်သူရှိသည်။ အချစ်သည် ဘဝတစ်ခု
တည်ဆောက် ရာတွင် မည်သို့မည်ပုံ အရေးပါသည် စသည်ဖြင့် အမျိုးမျိုးညွန်းဆိုကြသည်။ အချစ်အကြောင်း
နိဒါန်း သွယ်ရုံမျှ စာမျက်နှာ တစ်ရာမက ဖြစ်သွားချေလိမ့်မည်။ စာဖတ်သူတို့ကို မျှဝေလိုသည့်
အချစ် အကြောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော ဓမ္မတရားအခြေခံ အချစ်၏ အဓိပ္ပါယ်ပင်တည်း။
အချစ်ဟူသော သံယောဇဉ်မှာ အင်မတန်ပင်ဖြတ်ရခဲသော ကြိုးဖြစ်သည်။ မြတ်စွာဘုရားရှင်၏
ပါရမီ ဖြည့်ကျင့်သော ဘဝတွင်ပင် ခက်ခက်ခဲခဲဖြတ်ခဲ့ရသော ကြိုးဖြစ်ချေသည်။ တိတိကျကျ ညွန်းဆို
ရသော် သံယောဇဉ်တရား ၁၀ပါးမှ ကာမရာဂသံယောဇဉ် ဖြစ်ချေသည်။ သံယောဇဉ်ဟူသည့် အဓိပ္ပါယ်မှာ
သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် (ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည် တုတ်နှောင်တတ်သောတရား
(သံယောဇဉ်ကြိုး) ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ကာမရာဂသံယောဇဉ်ဟူသည် သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင်
ကာမဂုဏ် (ကိလေသာ အခြေခံ) (ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့) ဖွဲ့ချည်တုတ်နှောင်တတ်သောတရား
ဟုဖြစ်ချေသည်။ ယင်းတရားကို ဆက်လက်တည်တံ့အဓွန့်ရှည်စေရန် ကူညီထောက်ပံ့နေသော တရားအစုဖြစ်သည့်
အာသဝေါ၊ သြဂ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ အနုသယ၊ ကိလေသာ တို့လည်း ရှိနေသည့်အတွက် အချစ်ဟူသည်
မဂ်ဖိုလ်နိဗ္ဗာန် မရမချင်း မိမိတို့၏ သဏ္ဍန်၌ အစဉ်အမြဲ ကိန်းအောင်းနေမည်သာဖြစ်သည်။
ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်ခဲ့သည့် ဘဝတစ်ခု (ဝေဿန္တရာဇာတ်တော်) တွင်
အချစ်၏ ဂုဏ်သတ္တိကို တွေ့နိုင်ချေသည်။ စွန့်ကြဲပေးကမ်းခြင်း ပါရမီဖြည့်ကျင့်ရာ စွန့်ကြဲပေးကမ်းသည့်
အလောဘ ဟူသည် ဆန့်ကျင်ဘက် လောဘကို နိုင်နှင်းစေသည်။ ထိုသို့ လောဘတရားကို ဖြတ်တောက်ရာတွင်
ရွှေ၊ငွေ၊ဂုဏ် စည်းစိမ်ကို စွန့်လွတ်ရန် လွယ်ကူသော်လည်း ကာမရာဂ သံယောဇဉ်အခြေခံ ကာမဂုဏ်အာရုံ
(ဇနီး၊သားသမီး) တို့ကို စွန့်လွတ်ရန် ဝေဿန္တရာ မင်းကြီး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည်။
သူအလွန်ချစ်သော ဇာလီနှင့် ကဏှာဇိန် တို့ သားသမီးနှစ်ဦးကို သာမက မယားကျင့်ဝတ်နှင့် ပြည့်စုံသော
ချစ်ဇနီး မဒ္ဒီဒေဝီကိုပင် အလှူသည်အထိ စွန့်လွတ်ခဲ့သည်။
ဤတွင် နားမလည်သူများက တော်တော် အကြင်နာတရား ကင်းမဲ့သော ဝေဿန္တရာမင်းကြီးဟု
ထင်မြင်စရာရှိသည်။ အမှန်စင်စစ် စွန့်လွတ်ရန် အင်မတန် ခက်ခဲသော ဘဝကို ထုံမွန်းစေသည့်၊
အဆက်မပြတ်စေသည့်၊ ၃၁ ဘုံမှ မကြွတ်ရလေအောင် ဖိစီး နှိပ်စက်တတ်သည့် ကာမရာဂ သံယောဇဉ်
(အချစ်)၊ ပဋိက သံယောဇဉ် (အမုန်း) စသည်တို့အပါအဝင်အခြားအခြားသော ကိလေသာတရားများကို ပါ
ကြိုးစားဖြတ်တောက် ပါရမီဖြည့်ကျင့်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရသည့်
အင်္ဂါတစ်ရပ်တွင် ပါဝင်နေသော အချစ်ကို စွန့်လွတ်ခြင်းကို သာမန်လူတို့ ပြုနိုင်ခဲသည်။
အချစ်တွင် ချစ်သူရည်စားတင်မက၊ မိဘ၊သားသမီး၊ ဆွေမျိုးတို့ ပင်ပါဝင်နေချေသေး သည်။
ထိုကဲ့သို့ အချစ်၊အမုန်း၊ အားလုံး၏ အခြေခံမှာ ကိလေသာ ၁၀ပါးဖြစ်ချေသည်။
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက နှင့် အနုတ္တပ ဟူသော ကိလေသာတရား
၁၀ပါး အခြေခံပြီး ၁၅၀၀ သော ကိလေသာတို့ဖြစ်လာခဲ့သည်။ ယင်း ၁၅၀၀သော ကိလေသာတို့ကိုပင်
အချစ်ဟု အဓိပ္ပါယ်ဖွဲ့ဆိုကြသည်။ ဆိုလိုရင်းမှာ ယင်း ၁၅၀၀ သော ကိလေသာတရားသည် အချစ် ဟူသော
လောဘ ကို ဖြစ်တည်လာစေရန် ကူညီထောက်ပံ့သော အကြောင်းတရားဖြစ် သည်ဟု အဓိပ္ပါယ်ရချေသည်။
ထိုကို မသိနားမလည်သူတို့ကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ၁၅၀၀သော ကိလေသာသည် အချစ်တစ်ခုတည်းဖြစ်စေခြင်းမဟုတ်၊
လောဘ၊ဒေါသ၊ မောဟ အခြေခံ (၁၂) ပါးသော အကုသိုလ်တရားများကိုဖြစ်စေပါသည်။
“ဒါဆိုမချစ်ရတော့ဘူးလား” ဟု စာဖတ်သူတို့၌ သံသယဝင်စရာရှိလာခဲ့သည်။ မှန်ပါသည်။
မချစ်၊ မမုန်း (လောဘ၊ ဒေါသ)လေလေ ပူလောင်မှု ကင်းဝေးလေလေဖြစ်ချေသည်။ ထို့ကြောင့် အချစ်ကို
ပူလောင်စေသည် ဟုလည်း သတ်မှတ်သည့် ဆိုရိုးဖြစ်လာချေသည်။ အရာဝတ္ထု၊ ရုပ်နာမ် တစ်ခုခုအား
နှစ်သက်စွဲလမ်းလျှင် ထိုစွဲလမ်းစိတ်၏ တရားကိုယ်ကို ရှာဖွေကို ကြိုးစားဖြတ် တောက်နိုင်ချေသည်။
သို့သော် အချစ်သည် မကောင်းဟု သိနေပင်တောင်မှ ဖြတ်မရနိုင်ခြင်းကား ဘဝအဆက်ဆက် ချည်နှောင်ထုံးဖွဲ့လာခြင်းကြောင့်
ဖြစ်ချေသည်။ ထိုကို ဖူးစား၊ ရေစက်ဟုပင် ခေါ်ဝေါ်ကြသေးသည်။ အမှန်စင်စစ် ၃၁ ဘုံမှ မကျွတ်လွတ်ရလေအောင်
တစ်ဘဝပြီး တစ်ဘဝ ချည်ဖွဲ့လာသော သံယောဇဉ်၊ ကိလေသာ စသည်ဖြင့် တရားတို့ကြောင့် ဖြစ်ချေသည်။
အချို့က အချစ်ကိုအခြေခံပြီး ကောင်းလာသည်များရှိသည်ဟုဆိုသည်။ အချစ်ကြောင့်
လိမ္မာ လာသည်။ အချစ်ကြောင့် ဘဝတန်ဖိုးသိလာသည်။ အချစ်ကြောင့် စိတ်ကောင်းဝင်လာသည် စသည်ဖြင့်
ညွန်းဆိုသော်ငြားလည်း ၄င်းမှာ အဆိပ်ပင်ရေလောင်းသကဲ့သို့ အချစ်ကိုပိုပို၍ နှစ်သက် စုံမက်လာ
(ဘဝအဆက်မပြတ်)စေသော တရားများပင် ဖြစ်နေချေသေးသည်။
မချစ်အောင်ဘယ်လိုနေမလဲ?
ဤကား စာဖတ်သူတို့ သိချင်နေသော မေးခွန်းတစ်ရပ်ဖြစ်နေချေမည်။ ခက်ပါသည်။ အချစ်ဟူသော
လောဘတရား(ကိလေသာ)များကို ရဟန္တာဘဝသို့ ရောက်မှ အပြီးသတ်စွန့်လွတ်နိုင်ချေသည်။ မဂ်ဖိုလ်
ဥာဏ်ဆုံးခန်းတိုင်မှ အမှန်စင်စစ် လောဘကို သိမြင်နိုင်ချေသည်။ ပုထုဇဉ်တို့ကား သိသာ သိသည်။
မမြင်နိုင်သေးချေ။ မကောင်းမှန်းသိသော်လည်း ဖြတ်ရခက်နေသော ကြိုးဖြစ် နေပေသည်။
ထို့အတွက် စာဖတ်သူ ပုထုဇဉ်တို့ ဝမ်းနည်းနေစရာမလို။ ဒါဆိုမချစ်အောင် နေမယ်ဟူ၍
လိုအပ်သည်ထက် (မိမိတက်နိုင်သည်ထက်) ပိုမို ကြိုးစားဖြတ်တောက်ခြင်း မဖြစ်စေလို။ ၄င်းမှာ
မိမိကိုယ်ကိုယ် နှိပ်စက်ခြင်းသာ ဖြစ်ပြီး အလယ်အလတ် လမ်းစဉ်၏ ဘေးကိုပင် ရောက်နိုင်ချေသေးသည်။
အချစ်တစ်ခုတည်းမဟုတ်။ လောဘ၊ဒေါသ၊ မောဟ ဟူသော တရားများနှင့် ကြုံတွေ့လာတိုင်း
အရာရာကို သတိနှင့် ယှဉ်ကာ နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားကျင့်ကြံခြင်း၊ ဝိပဿနာ
တရားအားထုတ်ခြင်း စသည်တို့ဖြင့် အချစ်ဟူသော ပူလောင်မှုကို အေးချမ်းလာအောင် ပြုနိုင်
ချေသည်။ မိသားစုဘဝများကို တာဝန်ယူနေရမည်။ သားသမီးအပေါ် ဝတ်တရား ကျေနေရမည်။ ဇနီး၊ခင်ပွန်း
တို့အပေါ် ဝတ်တရားကျေနေ ရမည်။ သာမန်ထက်လွန်ကဲသော ချစ်ခင်နှစ်သက် (လောဘ)၊ မုန်းတီး (ဒေါသ)
မဖြစ်စေရ။ မဂ်ဖိုလ်ရောက်ကြောင်း တရားများကိုပါ ကျင့်ကြံ အားထုတ်လျှင် အချစ်ဟူသော ပူလောင်မှုများ
ကင်းဝေရလေသည်။
စာဖတ်သူတို့ ကိလေသာအပူမီးများ ငြိမ်းဝေးအောင် ကြိုးစားကျင့်ကြံနိုင်ကြ
ပါစေ။
အောင်ခမ်း (International news for myanmar )