Wednesday, March 11, 2015

ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား


ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား

လူ့ဘဝရလာလို့ရှိရင် နံပါတ်(၁) အရေးအကြီးဆုံးလို့ ပြောရမယ့်အရာက ကုသိုလ်ရအောင် စိတ်ကို ပြုပြင်တတ်ဖို့ ။ စိတ်မထားတတ်လို့ရှိရင် ကုသိုလ်မဖြစ်ဘူး။ စိတ်ထားတတ်မှ ကုသိုလ် ဆိုတာ ဖြစ်တယ်။ အကုသိုလ်တွေ ဆိုတာကတော့ သံသရာက အကျင့်ပါနေတော့ လွယ်လွယ် လေးနဲ့ ဖြစ်တယ်။

လူတွေရဲ့စိတ်မှာ အကုသိုလ်ဖြစ်တဲ့ အကြိမ်တွေ လျှော့ချနိုင်ဖို့ ဖြစ်လာသမျှသော စိတ်တွေ အပေါ်မှာ ဘယ်စိတ်တွေဖြစ်သလည်းလို့ ဆင်ခြင်သုံးသပ်မှုက စကြရမှာပဲ။ အဲဒီလို ဆင်ခြင် သုံးသပ်နိုင်မှုကြောင့် သတိထားတတ်လာမယ်။ လောကလူတွေမှာ ဘယ်ကိစ္စပဲဖြစ်ဖြစ် သတိ မထားရင် မသိလိုက်ကြဘူးပေါ့။

တွေးတောမှု ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်စဉ်းစား ထိုက်တယ်။  လောဘနဲ့ တွေးတဲ့အတွေးလား ဒေါသနဲ့တွေးတဲ့အတွေးလား အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြား သိနိုင်စွမ်းမရှိတဲ့ မောဟနဲ့ တွေးတဲ့အတွေးလားဆိုတာ သတိမူဖို့အရေးကြီးတာပေါ့။ အဲဒီလို သတိမူတဲ့အလုပ်ကိုပဲ meditation လို့ခေါ်တာပါပဲ။

ကမ္မဋ္ဌာန်းအလုပ်ဆိုတာ မနောကံ ဘာဝနာဖြစ်လို့ စိတ်နဲ့မှတ်ဖို့လိုပါတယ်။ ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံအရာ စိတ်အလုပ်သာ ဖြစ်ပါတယ်။ physical posture ဘယ်လိုပဲနေနေ လူ့ ရဲ့ position ဘယ်လိုပဲထားထား

အရေးအကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ သတိတရားရှိဖို့ ဆင်ခြင်ဥာဏ်ဖြစ်ပေါ်ဖို့ အဓိက ထားရမယ်။  နေ့အချိန်မှာ လမ်းလျောက်ရင်း ထိုင်ရင်းနဲ့ ကုသိုလ်မဖြစ်အောင် ဆို့ပိတ်တတ်တဲ့ နီဝရဏတရားတွေကို သုတ်သင်ရမယ် ။ စင်ကြယ်စေရမယ်။ 

စိတ်ရဲ့ အညစ်အကြေးတွေကို မဖြစ်ပေါ်လာအောင် ကောင်းမြတ်တဲ့ အာရုံ တစ်ခုအပေါ်မှာ သတိနဲ့ ဆင်ခြင်တုံတရားနဲ့ နေသွားတာဟာ ကမ္မဋ္ဌာန်းအားထုတ်တယ်လို့ ခေါ်တာပါပဲ။  မိမိသန္တာန်မှာ ဖြစ်တဲ့ အာရုံတစ်ခုခုကို ဆင်ခြင်သုံးသပ်ပြီးတော့ စိတ်ထဲမှာ အကုသိုလ်မဖြစ်အောင် လုပ်ဆောင်ရမယ်။

လူ့ဘဝရနေတဲ့ အခိုက်မှာ အရေးအကြီးဆုံးက ကုသိုလ်ရဖို့ပဲ။ အာရုံတွေအပေါ်မှာ လောဘ မဖြစ်အောင် ဒေါသမဖြစ်အောင် မောဟမဖြစ်အောင် သတိဆောင်ပြီးတော့ သမ္ပဇညတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး နေထိုင်ရတယ်။ ဒါကိုလည်း ကမ္မဋ္ဌာန်းတရား အားထုတ်တယ် လို့ ဆိုလို့ရတယ်ပေါ့။

မြန်မာစကားမှာ 'စိတ်ထားတတ်ရင် မြတ်တယ်' လို့ ပြောကြတယ်ပေါ့။ ဘယ်အရာရာပဲဖြစ်ဖြစ် စိတ်မထားတတ်ရင် (သို့မဟုတ်) ယောနိသော မနာသိကာရ မရှိဘူးဆိုရင် ကုသိုလ် မရနိုင်ဘူး။  ကုသိုလ်အားလုံးရဲ့ ဖြစ်ပေါ်လာရာ မုခ်ဦးလို့ ပြောရမှာက 'ယောနိသောမနသိကာရ' ပါပဲ။ ဆိုလိုတာက 'ဖြစ်ပေါ်လာတဲ့ ကုသိုလ်မှန်သမျှဟာ ယောနိသော မနသိကာရပေါ်မှာ အခြေခံတယ်လို့ ပြောတာ။ 

ယောနိသောမနသိကာရ ဆိုတာ ဘယ်လိုအာရုံပဲလာလာ wise attention ဆင်ခြင်ဥာဏ်နဲ့ နှလုံး သွင်းတတ်တာ။ ပိုပြီးနားလည်အောင်လို့ ပြောရရင် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောနိုင်တယ်။ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင်တုံတရားဟာ အင်မတန်ပဲ အရေးကြီးတယ်။ လောကမှာဆင်ခြင်မှု စွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်တယ်။

တရားဆိုတာ လက်တွေ့ကျင့်သုံးရမှာ ကိစ္စကြုံတိုင်း ကြုံတိုင်း နှလုံးသွင်းတတ်ရမယ်။ များသောအားဖြင့် concentration လုပ်တာကိုပဲ ကမ္မဋ္ဌာန်းထိုင်တယ်လို့ အများကပြောကြတယ်။ concentraton မလုပ်ရဘူး မဟုတ်ဘူး လုပ်ရတယ်။ contemplation လုပ်ရင်း ပါလာတဲ့ concentration ဟာလည်း အင်မတန် တန်ဖိုးရှိပါတယ်။ 

contemplation ဆိုတာ အခုပြောတဲ့ ဆင်ခြင်မှု စွမ်းအားတွေပဲ။ မှန်မှန်ကန်ကန် ဆင်ခြင် တတ်ရမယ်။ မှန်မှန်ကန်ကန် တွေးတောတတ် ရမယ်။ မှန်မှန်ကန်ကန် ဆင်ခြင် တွေးတော တတ်ခြင်းဟာ တန်ဖိုးအလွန်ကြီးမားပါတယ်။ အဲဒါကိုပဲ ပညာလို့ခေါ်ပါတယ်။ အဲဒါကိုပဲ အနုပဿနာလို့ လည်းခေါ်တယ်ပေါ့။ 

ကိုယ့်ရဲ့ သဘာဝတွေကို ဆင်ခြင် စဉ်းစားတယ်ဆိုတာ အများအားဖြင့် ဓမ္မာနုပဿနာထဲမှာ အကျုံးဝင်ပါတယ်။ ဒါကြောင့် အဖန်ဖန် အထပ်ထပ် ဆင်ခြင်သုံးတတ်ခြင်းဆိုတဲ့ contemplation ဟာ ဘဝမှာ အင်မတန်မှ တန်ဖိုးရှိတယ်။


ဒါကြောင့်မို့ contemplation (နှလုံးသွင်းဆင်ခြင်မှု) ဟာ အသက်အရွယ်မရွေး ကျန်းမာသူပဲဖြစ်စေ မကျန်းမာသူပဲဖြစ်စေ စိတ်အလုပ်သက်သက်သာ ဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရအောင် အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်။

ဒါကိုပဲ တွေးတောဆင်ခြင်ခြင်း ဟာလည်းပဲ meditation လုပ်တာပဲလို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။

မေတ္တာဖြင့်
Thein Naing Ohn
( မှတ်ချက်-ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသဒ၏ ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရားမှ ဆင်ခြင်တွေးတောခြင်းဖြင့် ဘာဝနာ ဖြစ်ပုံလေးကို