ဥပေက္ခာပြုခြင်းနှင့်
ဥပေက္ခာအပြုခံရခြင်း
ဥပေက္ခာဟူသော စကားကို “လျစ်လျူရှုခြင်း”ဟု အများနားလည်သဘော ပေါက်ထားကြ၏။ စာပေအဖွင့်အတိုင်း ပြောရလျှင် “သတ္တ၀ါပညတ်ကို အာရုံပြုပြီး သတ္တ၀ါများသည် ကံစီမံရာ ဖြစ်ကြရ၏ဟု အောက်မေ့ဆင်ခြင်ကာ လျစ်လျူရှုခြင်း”ဟု ပြောနိုင်မည်ဖြစ်၏။
အခြားအဓိပ္ပါယ် တစ်ခုအနေဖြင့် ပြောမည်ဆိုလျှင် “တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေခြင်း” ဟု ပြောနိုင်ပေ၏။ ထို့ကြောင့် ဥပေက္ခာသည် ဥပေက္ခာနှင့် နေနိုင်သူများ၊ ဥပေက္ခာတရား ထားနိုင်သူများအတွက် မြင့်မြတ်သည့် အကျင့်တရား တစ်ခုအဖြစ် သက်ရောက်မှုကို ဖြစ်စေပြီး ယင်းဥပေက္ခာတရား အထားခံရသူများ၊ ဥပေက္ခာအပြုခံရသူများ အတွက်ကား မကောင်းသည့် ဆိုးကျိုးကို ဖြစ်စေနိုင်သည့် တရားတစ်ခု အဖြစ် သက်ရောက်မှုကို ဖြစ်စေနိုင်မည် ဖြစ်၏။
ဆိုလိုသည်မှာ
ဥပေက္ခာပြုခြင်းသည် ကောင်းကျိုးကို ဖြစ်စေနိုင်ပြီး ဥပေက္ခာအပြုခံရခြင်းသည် မကောင်းကျိုးကို
ဖြစ်စေနိုင်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မှန်၏။
လောကတွင် မည်သူမဆို ဖြတ်သန်းကျင်လည်ရသည့် ဘ၀တစ်လျှောက်တွင် တစ်စုံတစ်ခုကြောင့် ဖြစ်စေ၊
တစ်စုံ တစ်ယောက်ကြောင့် ဖြစ်စေ အလိုမကျဖြစ်ဖွယ်၊ စိတ်အခန့်မသင့်ဖြစ်ဖွယ်၊ အပြစ်ဖြစ်ဖွယ်၊
အကုသိုလ် ဖြစ်ဖွယ်များနဲ့ ကြုံဖူးကြမည်ဖြစ်၏။
အထူးသဖြင့် တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ အခိုက်အတန့်ဖြစ်စေ၊ မကြာခဏဖြစ်စေ၊ နေ့စဉ်ဖြစ်စေ စိတ်မချမ်းသာဖွယ်၊ အကုသိုလ်ဖြစ်ဖွယ်များနှင့် ကြုံဖူးကြ၊ ကြုံနေကြ၊ ကြုံကြရဦး မည်သာ ဖြစ်ပါ၏။ မချစ်မနှစ်သက်သည်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်းသည် ဒုက္ခ တစ်ခုပင် ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် မိန့်တော်မူသကဲ့သို့ပင် နေ့စဉ်ကျင်လည်နေရသည့် ဘ၀တွင်လည်း မချစ်မနှစ်သက်သူများနှင့် ပေါင်းသင်းနေထိုင် ဆက်ဆံနေကြရသည့် အဖြစ်များက မြင်တိုင်း၊ ကြားတိုင်း၊ တွေးတိုင်း အကုသိုလ်ဖြစ်ဖွယ်များသာ ဖြစ်နေသဖြင့် စိတ်ပန်းလူပန်း ဖြစ်ကြရ သည်လည်း ရှိတတ်ပေ၏။
တစ်ခါတစ်ရံ အလိုရှိသည့်အရာကို မရလျှင်နေပါစေ အလိုမရှိသည့် အရာကို မရလျှင်ကိုပင် ကျေနပ်ဖွယ် ဖြစ်ကြရသည့် အခါများလည်း ရှိတတ်ပေ၏။ ကုသိုလ်မရလျှင် နေပါစေ အကုသိုလ်မဖြစ်လျှင် တော်ပါပြီဟူသည့် တောင့်တမှုမျိုးလည်း ရှိတတ်၏။ ကုသိုလ်မရခြင်းထက် အကုသိုလ်မရချင်းက ပို၍ကောင်းနေသဖြင့် အကုသိုလ် မဖြစ်စေရန် ပို၍အားထုတ်သူများလည်း ရှိတတ်၏။ ထိုသို့သော အားထုတ်မှုများတွင် ဥပေက္ခာတရားဖြင့် နေနိုင်အောင် ကြိုးစားခြင်းသည် အသင့်လျော်ဆုံး ဖြစ်ပေ၏။

ဥပေက္ခာတရား
လက်ကိုင်ထားသူသည် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို အမှီပြု၍ အကုသိုလ် မဖြစ်နိုင်သကဲ့သို့
ကုသိုလ်လည်း မဖြစ်နိုင်သည်မှာ သေချာလှ၏။ ကုသိုလ်မရသဖြင့် ကောင်းကျိုးမခံစားရရုံမျှသာ ဖြစ်သော်လည်း
အကုသိုလ်မရသဖြင့်ကား ဆိုးကျိုးပါ မရသဖြင့် ကောင်းကျိုးမခံစားရသည်ထက် ပို၍သာလွန်ကောင်းမွန်လှ၏။
ကုသိုလ်မရသဖြင့် မချမ်းသာ သော်လည်း ဆင်းရဲဒုက္ခ မခံစားရသဖြင့်ကား မချမ်းသာသော်လည်း ချမ်းသာသည်ဟု
ဆိုရမည်ဖြစ်ပေ၏။ ထို့ကြောင့် ထိုချမ်းသာဆင်းရဲ မဖြစ်စေမှုကသာ အကောင်းဆုံး ချမ်းသာတစ်ခု
ဖြစ်သဖြင့် လိုအပ်လျှင် ဥပေက္ခာတရား ထားခြင်းဖြင့် ချမ်းသာလည်းမဟုတ် ဆင်းရဲလည်းမဟုတ်သည့်
ချမ်းသာတစ်ခုကို လိုက်နာကျင့်ကြံသင့်သည်ဟု ဆိုခြင်းဖြစ်ပါ၏။
တစ်ခါတစ်ရံ မိမိမိမိတို့၏ ကျင်လည်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မည်သို့ပင် ပေါင်းသင်း နေထိုင် ပြုပြင်သော်လည်း ပြုပြင်၍ မရသူများ၊ လိုက်လျော၍ မရသူများ၊ အဆင်ပြေအောင် ဆက်ဆံ၍ မရသူများ ရှိတတ်၏။ ထိုသူများကြောင့် မိမိတို့မှာ မချစ်မနှစ်သက်သူ၊ အဆင်မပြေ သူများနှင့် ရှောင်လွဲ၍လည်းမရ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရသဖြင့် စိတ်ပန်းလူပန်း ဖြစ်ကြရသည့်အပြင် နေ့စဉ်နှင့်အမျှ ထိုသူများကို အမှီပြု၍ အကုသိုလ်များသာ ဖြစ်နေကြသည်ကို ကြုံဖူးကြမည် ဖြစ်၏။

ပုထုဇင်တို့၏
သဘာဝအရ အဆင်မပြေ ဖြစ်ကြပြီဆိုလျှင် တဘက်သူ ဘာပဲလုပ်လုပ်၊ ဘာပဲ ပြောပြော အကောင်းမြင်တတ်သည့်
သဘောမရှိဘဲ မကောင်းဘက်ကသာ တွေးနေမိတတ်၏။ မကောင်းအမြင်ဖြင့်
မကောင်းတွေးထင်နေလျှင် မကောင်းသည့် အကုသိုလ်သာ ဖြစ်နေကြမည် ဖြစ်သဖြင့် မချစ်မနှစ်သက်သူ၊
အဆင်မပြေသူများနှင့် အတူတကွ နေထိုင်ရသူများသည် နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့သာ
များနေကြမည် ဖြစ်၏။ ထိုသို့သော အခါမျိုးတွင် တဘက်သူအား မိမိအလိုကျ၊ မိမိစိတ်တိုင်းကျ
ဖြစ်စေရန် ကြိုးစားမနေဘဲ မိမိကိုယ်ကိုယ် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်သာ ကြိုးစားသင့်လှ၏။
အဆင်မပြေသူ၊
မချစ်မနှစ်သက်သူ၊ ဆုံးမပြုပြင်၍ မရသူများအား အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းက
ဥပေက္ခာပြုလိုက်ခြင်းသာ အကောင်းဆုံး ဖြစ်၏။ ထိုသူများနှင့် ပတ်သက်သည့်အရာများတွင် မည်သည့်အရာပဲ
ဖြစ်ဖြစ် လိုက်ပြီး ခံစားမနေဘဲ လျစ်လျူရှုကာ သဗ္ဗေသတ္တာ ကမ္မဿကာဟု နှလုံးသွင်း နေလိုက်ခြင်းသည်သာ
ကုသိုလ်မရသော်လည်း အကုသိုလ်မဖြစ်သည့် အမှန်ကန်ဆုံး နည်းတစ်ခု ဖြစ်ပါ၏။ ဤသို့ ဥပေက္ခာပြု
နေထိုင်နိုင်ခြင်းသည့် မြင့်မြတ်သည့် နေထိုင်နည်းဖြစ်သဖြင့် ပြုပြင်၍မရသူများ၊ အဆင်မပြေသူများ၊
စိတ်တိုင်း မကျသူများနှင့် ကြုံနေရသူများအတွက် လက်တွေ့လိုက်နာ ကျင့်သုံးသင့်သည့် လမ်းစဉ်တစ်ခုဟု
ဆိုကြခြင်း ဖြစ်၏။
သို့သော် ဥပေက္ခာပြုလိုက်ခြင်းသည် ပြုသူများအတွက် ကောင်းကျိုးချမ်းသာများ ဖြစ်လာနိုင် သော်လည်း အပြုခံရသူများ အတွက်ကား အလွန်နစ်နာလှ၏။ မိမိအား လမ်းညွန်ပေးမည့်သူ၊ ဆုံးမပေးမည့်သူ၊ တည့်မတ်ပေးမည်သူ၊ အကောင်းအဆိုး ပြောပေးမည့်သူ မရှိသည့် ဘ၀သည် ရွှေငွေကျောက်သံ ပတ္တမြား လောကီစည်းစိမ်များနှင့် မည်မျှပင် ချမ်းသာနေသော်လည်း စင်စစ် ချမ်းသာသည်ဟု မဆိုနိုင်ပေ။ ထိုသူများသည် တစ်ယောက်တည်း တစ်ကိုယ်တည်း အထီးကျန်ဖြစ်ကာ အကောင်းအဆိုးမသိ လမ်းလျှောက်ရင်း လမ်းပျောက်နေ သူများကဲ့သို့ ဖြစ်တတ်၏။

မှန်၏။ ထိုသူများထံတွင် ၎င်းတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်
ပျော်ပါးစားသောက်ကြသူများ ရှိနေနိုင်သော်လည်း ထိုအပေါင်းအသင်းများသည် စစ်မှန်သည့်လမ်းကို
ညွန်ပြနိုင်သူများ မဟုတ်ကြဘဲ သာပေါင်းညာစား နေသူများသာ ဖြစ်နေကြမည်ဖြစ်၏။ ရှိနေသဖြင့်
ညှိနေကြ သူများဖြစ်ပြီး မရှိလျှင်ကား မသိချင်သူများသာ ဖြစ်နေတတ်ကြ၏။ အထူးသဖြင့် သူတော်ကောင်း၊
ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရလျှင်ကား ပစ္စုပ္ပန် သံသရာ
နှစ်ဖြာအကျိုး ပွားတိုးနိုင်ရန် အကြောင်းမရှိဘဲ အကောင်းအဆိုးမသိ အမှောင်တိုးမိ နေမည်သာ
ဖြစ်နေတတ်ပေ၏။ ထို့ကြောင့် မည်မျှပင် ဆိုးသွင်းနေပါစေ သူတော်ကောင်းများ၊ မိတ်ကောင်းဆွေးကောင်းများ
စသူတို့၏ ဥပေက္ခာအပြု ခံရသည်အထိကား မဆိုးသွင်းသင့်လှ၊ မမိုက်မဲသင့်လှဟု ဆိုကြခြင်း ဖြစ်ပါ၏။
လက်တွေ့ ဥပေက္ခာ အပြုခံရခြင်း မဟုတ်ဘဲ စိတ်ကူးမျှဖြင့်ပင် မိမိကိုယ်ကိုယ် ဥပေက္ခာ အပြုခံသူ တစ်ယောက်အဖြစ် နေကြည့်ရမည်ကိုပင် ကြောက်သင့်လှ၏။ မည်သူမျှ အဖက်မလုပ်၊ ကောင်းသည်ဆိုးသည်လည်း မပြော၊ တစ်နေကုန်နေ၍မျှ နှုတ်ဆက်စကား ပြောသူမရှိ၊ မေးထူး ခေါ်ပြော ပြုသူမရှိ၊ အကူအညီ အခက်အခဲရှိ၍မှ တောင်းခံရမည့်သူ၊ အကြံကောင်း တောင်းခံရမည်သူ၊ သာမှုနာမှု ကိစ္စများတွင် ကြွရောက်ချီးမြောက်မည့် ပုဂ္ဂိုလ် မရှိသူ စသည်ဖြင့် အသိုင်းအ၀ိုင်းနှင့် နေရမည့်ဘ၀တွင် အသိုင်းအ၀ိုင်းမရှိ၊ အဖွဲ့အစည်းမရှိ၊ အထီးကျန် ဖြစ်နေရသည့် ဘ၀သည် တွေးကြည့်ရုံဖြင့်ပင် ကြောက်ဖွယ်ကောင်းလှ ပေတော့၏။

သို့သော် အချို့သူများသည်
ဤသို့သော အခြေအနေများအား သတိမပြုမိကြသည့်အပြင် မာနတရား အပြိုင်ထားကာ “သူတို့ အဖက်မလုပ်လည်း
ဘာဖြစ်လဲ ကိုယ့်ရှိမှ ကိုယ်စားရတာ၊ သူတို့ မဆက်ဆံတော့လည်း အကုန်အကျတောင် သက်သာသေးတယ်”
စသည်ဖြင့် တလွဲအတွေးများဖြင့် မာနအပြိုင်ပင် ထားတတ်ကြသေး၏။ ဥပေက္ခာလည်း အပြုခံရသေး၊
မာနလည်း ကြီးနေသေး ဆိုလျှင်ကား ထိုသူများ၏ ဘ၀သည် အလွန်ကြောက်ဖွယ် ကောင်းလှပေ၏။ ထို့ကြောင့်
မည်သူမဆို မှားတတ်ကြ၊ မာနထားတတ်ကြသည်များ ရှိတတ်သော်လည်း လက်တွေဘ၀တွင် မိမိတို့၏ လုပ်ရပ်များကြောင့်
အများသူတော်ကောင်းများ၏ ဥပေက္ခာအပြုခံရသည်အထိ မလုပ်သင့်ကြောင်း သတိပြုသင့်ကြပေ၏။
တစ်ခါက မိတ်ဆွေရဟန်းတစ်ပါးနှင့် စပ်မိစပ်ရာ စကားပြောဆိုကြရင်း မိတ်ဆွေရဟန်းက သူ့ပတ်ဝန်းကျင်ရှိ အချို့သူများ၏ လုပ်ရပ်များအကြောင်း ပြောပြကာ သူကိုယ်တိုင်ပင် မည်သို့မျှ ပြုပြင်၍ မရသူများအား ဥပေက္ခာ ပြုထားလိုက်ရသည်များ ရှိကြောင်း ပြောဆိုသည်ကို နားထောင်ဖြစ်ခဲ့၏။ မိတ်ဆွေရဟန်း ပြောပြသည့် အကြောင်းများထဲတွင် ဘုန်းကြီးနှင့်အတူ မာနပြိုင်ကာ ဘုန်းကြီးကဆူသဖြင့် ကျောင်းကိုမသွားဘူးဟု ပြောကာ သူ့အလိုလို ဘုန်းကြီးကျောင်းနှင့် ဝေးဝေးသွားတတ်သူများ အကြောင်း နားထောင်ရသည့်အခါ စာရေးသူ ပတ်ဝန်းကျင်ရှိ အချို့သူများ အကြောင်းကို သတိရမိလိုက်သေး၏။

စာရေးသူ ပတ်ဝန်းကျင်တွင်လည်း
မာနမထားထိုက်သည့် အရာများတွင် မာနထားကာ “ကျောင်းသွားရင် ဘုန်းကြီးဆူမှာဆိုးလို့ ကျောင်းကိုမသွားဘူး၊
ဘုန်းကြီးကဆူလို့ ကျောင်းကို မသွားတော့ဘူး”ဟု ဆိုလာသူ အချို့ရှိနေသည်ကို တစ်ဆင့်ပြန်လည်
သိရှိခဲ့ရ၏။ အကြောင်းပြ ချက်မှာ ဘုန်းကြီးကဆူသဖြင့် ကျောင်းကို မသွားတော့ဘူးဟူသည့်
အကြောင်းပြချက် ဖြစ်နေသဖြင့် စာရေးသူမှာ ထိုကလေးများအတွက် စိုးရိမ်သွားမိ၏။ မိမိမာနနှင့်မိမိ
တဖြည်းဖြည်း ဘုန်းကြီး ကျောင်းနှင့်ဝေး၊ သူတော်ကောင်းများနှင့် ဝေးသွားမည်ကို တွေးပူမိသေး၏။
ဘုန်းကြီးအတွက်ကား
တစ်ယောက်နှစ်ယောက် ကျောင်းကိုရောက်မလာလည်း ဘာမျှဖြစ်သွားမည် မဟုတ်။ ဘုန်းကြီး ဟူသည်
အများပိုင်ဖြစ်သဖြင့် ကြည်ညိုသည့်သူများက ကိုးကွယ်နေကြမည်သာ ဖြစ်၏။ မည်သို့ပင် ဖြစ်စေ
သူတော်ကောင်းများ၏ ဥပေက္ခာ အပြုခံရသည်အထိ မာနလေးတွေ မထားသင့်သည် ကိုတော့ ထိုကလေးများ
သိစေချင်ပါ၏။ ဥပေက္ခာ အပြုခံရသဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ဆိုးကျိုးများ ကြုံရသည်အထိ
မိမိတို့၏ ဘ၀ကို အဖြစ်မခံကြရန် တိုက်တွန်းလိုပါ၏။
အချုပ်အားဖြင့် ဤ၌ အဓိကပြောလိုသည်မှာ ဥပေက္ခာပြုလိုက်ခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း တို့၏ ကောင်းကျိုးဆိုးကျိုးများကို ပြောလိုရင်း ဖြစ်၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ နေ့စဉ်အကုသိုလ် အပြစ်ဖြစ်နေလျှင် အကုသိုလ် အဖြစ်ခံနေသည်ထက် ကုသိုလ်မရလျှင် နေပါစေ အကုသိုလ်မဖြစ်ဖို့က ပိုအရေးကြီးသဖြင့် လိုအပ်လျှင် ဥပေက္ခာပြုပြီး နေလိုက်ခြင်းက ပို၍ ကောင်းကြောင်းနှင့် မည်မျှပင် ဆိုးသွင်းနေစေကာမှု ဆရာသမား၊ မိဘများ၊ ပညာရှိ သူတော် ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရသည်အထိ မဆိုးသင့်ကြောင်း၊ တလွဲမာနများဖြင့် “ဘယ်သူမှမရှိလည်း ငါ့ဖာသာငါ ဖြစ်တယ်“ ဟူသည့် အတွေးများဖြင့် သူတော်ကောင်းများနှင့် ဝေးသွားသည်အထိ မဖြစ်သင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် မည်သူမဆို လွတ်လပ်စွာ ပြောဆိုနေထိုင် လုပ်ကိုင်နိုင်သည့် အခွင့်ရှိသည်နှင့်အမျှ မိမိကိုယ်တိုင် ပြုလုပ်ပြောဆိုသည်များကိုလည်း မိမိသာလျှင် ပြန်လည်ရရှိနိုင်မှာ ဖြစ်သဖြင့် မိမိဘ၀ ကောင်းမွန်ရေး၊ မိမိဘ၀ အပြစ်ကင်းစင်ရေးများ အတွက်လည်း မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမှာ ဖြစ်သည်ကို သတိပြုဆင်ခြင်ကာ တစ်စုံတစ်ခု၊ တစ်စုံတစ်ဦးကြောင့် မိမိသည် အကုသိုလ် ဖြစ်နိုင်မည်ထင်လျှင် ထိုအကုသိုလ်မဖြစ်ရေး အတွက် မည်သူ့ကိုမဆို လိုအပ်လာလျှင် ဥပေက္ခာပြုသင့်က ပြုကြရမည်ဖြစ်ကြောင်းနှင့် မိမိကိုယ်တိုင် အကယ်၍ မလိမ္မာ မိုက်မဲမိသဖြင့် ဆိုးသွန်းနေသူ ဖြစ်နေပါ ကလည်း သူတော်ကောင်းများ၊ ဆရာသမားများ၊ မိဘဆွေမျိုးများ၊ မိတ်ကောင်း ဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရသည်အထိ မဖြစ်ကြစေရန် အထူးသတိပြုကြရမည် ဖြစ်ကြောင်း ဥပေက္ခာပြုခြင်း ဥပေက္ခာအပြုခံရခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို မှတ်သားဖွယ်ရာ စာတစ်ပုဒ် အဖြစ် စေတနာထား မေတ္တာအားဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

အားလုံး… ဥပေက္ခာတရား
လက်ကိုင်ထား၍ ဥပေက္ခာအပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ…