Friday, March 27, 2015

အာရုံဆိုတာ အနတ္တ သဘာဝပါ


" အာရုံဆိုတာ အနတ္တ သဘာဝပါ "

မြတ်စွာဘုရားရှင် ဟာသူ့ရဲ့တပည့်သာဝက တွေကိုခြိုးချန်စွာကျင့်ရတဲ့ဓူတင် အကျင့်တွေကို ခွင့်ပြုခဲ့ပါတယ်။ ဒါဟာကိလေသာကိုပါး အောင် သိတိ ပညာ သည်းခံခြင်းဆိုတဲ့ စိတ်အရည်အ သွေတွေမြင့်မားလာအောင် လုပ်ခိုင်းတာပါ။ သက်သက်ဒုက္ခခံခိုင်းတာ မဟုတ်ပါဘူး။ သင်္ကန်း သုံးထည် သပိတ်တစ်လုံးရှိရင် ရဟန်းတော်တွေအတွက် လုံလောက်ပါတယ်။ အသုံးအဆောင် ပစ္စည်းမများတဲ့ အတွက် ဝတ္ထုပစ္စည်းတွေအပေါ်ကြောင်းကြ စိုက်နေရတဲ့ ဗလိဗောဓ နည်းသွားတာပေါ့

ဝတ္ထုကာမနဲ့ ကိလေသာကာမလို့ရှိရာမှာ ကိလေသာကာမကိုသာပယ်သတ်ရမှာပါ။ တတ်နိုင်လို့ ရွှေကျောင်းကြီး ဆောက်လှုရင်လည်း သီတင်းသုံးနေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ ရွှေကျောင်းကြီးကို မသာယာရပါဘူး။ ပုထုဇဉ်တို့အတွက်တော့ ဝတ္ထုပစ္စည်းစွန့်ပယ်ခြင်းဟာ အထိုက်အလျောက်တော့ လိုအပ်ပါ တယ်လို့ထင်ပါတယ်။ ဝတ္ထုပစ္စည်းဆိုတဲ့အာရုံ တရားတွေဟာ တော်တော်ကြီးကိုအင် အားကြီး ကြီးမားမားနဲ့ ချယ်လှယ်နိုင်ပါတယ်။ ဆွဲအားလည်း အရမ်းပြင်းပါတယ်။ သူ့နောက်ကို မလိုက်မိဖို့ဆို တာတော်ရုံစိတ်ဓာတ်အခြေအနေနဲ့ မရနိုင်ပါဘူး။ ဒီအာရုံတွေနောက်ကိုတ ကောက်ကောက် လိုက်ခဲ့ကြလို့ သတ္တဝါတွေဟာသံသရာမှာ မျောလိုက် မြုပ်လိုက်နဲ့ လည်လာ လိုက်ကြတာ အစတောင် ရှာမရပါဘူး။

အာရုံတွေရဲ့အခြယ်အလှယ်ကိုခံရတာဟာ အာရုံ တွေရဲ့သဘာဝကိုအမှန်အတိုင်းမသိတဲ့ မောဟ ကြောင့်ပါ။ အာရုံတွေဟာ အစွဲလန်းခံတတ်တဲ့ ဥပါဒါနက္ခန္ဓာပါ။ မြတ်စွာဘုရားရှင်က ဥပါဒါနက္ခန္ဓာဒုက္ခာ ဆိုပြီးဟောထားပါတယ်။ ပုထုဇဉ်တွေကတော့ ဒုက္ခလို့မမြင်ဘဲ သုခလို့သာ မြင် ပြီး စွဲလမ်းနေကြတာပါဘဲ။ ဘုရား ရဟန္တာအရှင်မြတ် တွေအဖို့တော့ စွဲလမ်းတတ်တဲ့ ကိလေသာမရှိလေတော့ အာရုံတွေရဲ့ လွှမ်းမိုးမှုကိုမခံရ တော့ပါဘူး။

ဒီနေရာမှာအာရုံဆိုတာ လောကီစိတ်တို့ရဲ့အာရုံပြုရာ တဏှာ မာန ဒိဋ္ဌိ တို့ရဲ့ အစွဲလမ်းခံရာ အာရုံ ငါးပါး ကာမဂုဏ်တရားဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာလည်း အာရုံတရားတစ်ခုပါဘဲ။ ဒါပေမဲ့ လောကီ စိတ်နဲ့ အာရုံပြုလို့ရတဲ့ တရားမျိုးတော့မဟုတ်ပါဘူး လောကုတ္တရာစိတ်နဲ့မှသာ အာရုံပြုလို့ရတဲ့ တရားမျိုး ဖြစ်ပါတယ်။

အခုလောကီစိတ်နဲ့အာရုံပြုလို့ရတဲ့ တရားတွေကိုသာပြောချင်တာပါ။ အာရုံငါးပါး ကာမဂုဏ် တရားတွေဟာ ဖေါက်ပြန်တတ်တဲ့ရုပ်တရားတွေ ဖြစ်တယ်။ အဲဒီအာရုံတွေကို သိနေရတဲ့စိတ် ခံစားတဲ့ ဝေဒနာ၊ မှတ်သားတဲ့ သညာ၊ ပြုပြင် လှုံ့ဆော်တတ်တဲ့ သင်္ခါရ ဆိုတဲ့ အာရမ္မဏိကတရား တွေက နာမ် ဖြစ်တယ်။ အဲဒီနာမ်တရားမှာ ကုသိုလ်အုပ်စု အကုသိုလ်အုပ်စု အဗျာကတအုပ်စု ရယ်လို့ရှိတယ်။ ပုထုဇဉ်တို့ရဲ့စိတ်သန္တာန်ဇော အဆင့်မှာတော့ ကုသိုလ်နဲ့ အကုသိုလ်ရယ်လို့ နှစ်ခုဘဲဖြစ်ခွင့်ရှိတယ်။

ဒီတော့အာရုံတွေကို ကျွန်ုပ်တို့ပြောင်းလည်းပစ်လို့ မရပါဘူး။ အာရမ္မဏိကဖြစ်တဲနာမ်တရားမှာသာ ကုသိုလ်အုပ်စုနဲ့ နေနိုင် အောင် ကြိုးစားရမှာပါ ဒီလိုနေနိုင်ဖို့ကတော့ နှလုံးသွင်းမှန်ဖို့လိုပါ တယ်။

အာရုံတွေဟာတကယ်တော့ သူ့သဘောသူ ဆောင်ပြီး ဖေါက်ပြန်တတ်တဲ့ တရားတွေဖြစ်တယ်။ ဒါကို အမှန်အတိုင်းမသိကြလေတော့ ပူးတွဲပြီး ပါလာတတ်တယ် ကြိုက်တယ် ကောင်းတယ် ဆိုတဲ့ လောဘ မကြိုက် မ ကောင်းဆိုတဲ့ ဒေါသ တွေဖြစ်ကြရပါတယ်။ 

အာရုံဆိုတဲ့ရုပ်တရားတွေဟာ အမြဲရှိနေတဲံ့တရား တွေမဟုတ်ပါဘူး။ အဟောင်းချုပ် အသစ်အ စားထိုးနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုသာ ဖြစ်ပါတယ်။ သူ့နိယာမနဲ့သူ ဖြစ်ပျက် သဘာဝအနေနဲ့ တည် ရှိနေတဲ့ အနတ္တတရားတွေသာ ဖြစ်ပါတယ်။ ဒါကိုဝိပဿနာဥာဏ်နဲ့မှ မြင်နိုင် ပါတယ်။ အနတ္တတရားဖြစ်တဲ့ အတွက်သူ့ကို ကိုယ်က သိမ်းပိုက်ထားချင်ပေမဲ့ တနည်းနည်းနဲ့ သူက ကိုယ့်ကို စွန့်ရင် စွန့်။ မစွန့်ရင် ကိုယ်က သူ့ကိုစွန်ရတယ်။ ဒါကြောင့်မြတ်စွာဘုရားက ဒုက္ခ လို့ဟောသွားတာ။

မြတ်စွာဘုရားဟောထားလို့ ဒုက္ခတရားအဖြစ် လက်ခံထားပေမဲ့ သုခ အဖြစ်မြင် နေကြတဲ့ သူတွေများပါတယ်။ ဒါဟာ ဝိပလ္လာသတရား တွေကြောင့်ပါ။ အမှန်ကို အမှန်အတိုင်းမသိဘဲ ဖေါက်ပြန်မှားယွင်းနေတဲ့ ဝိပလ္လာသတရားတွေဟာ အာရမ္မဏိက ဆိုတဲ့ နာမ်တရားမှာဖြစ် ပေါ်ကြတယ်။ ဝိပလ္လာသရဲ့ဖုံးလွှမ်းမှုကြောင့် အာရုံရဲ့သဘာဝကို အမှန်အတိုင်း မသိတဲ့အခါ လောဘ ဒေါသ ဖြစ်တိုင်း အာရုံကို အပြစ်ပုံချကြတယ်။

မိဘတွေဟာ သားသမီး တွေကြောင့် စိုးရိမ်သောကဖြစ် ရတိုင်း နင်တို့ကြောင့်ဆိုပြီး သားသမီးတွေ အပေါ် အပြစ် ပုံချတတ်ကြပါတယ်။ ပစ္စည်းဥစ္စာတွေ ပျက်စီး ပျောက်ရှတိုင်း သောကတွေဖြစ် ကြရတယ်။ အချုပ်အားဖြင့်တော့ လောကဓံနဲ့ ကြုံတိုင်းလောဘ ဒေါသ တွေဖြစ်ကြရ တယ်။ ဒါဟာအမှန်အတိုင်း မသိတဲ့ မောဟကြောင့်ဘဲဖြစ်တယ်။

မြတ်စွာဘုရားရှင် မှာသိဒ္ဓတ္ထမင်းသားဘဝမှာ ကြင်ယာတော် သားတော် ခမည်းတော် ထီးနန်း စတာတွေရှိပေမဲ့ ဘုရားရှင် ဘဝမှာဒီအရာတွေဟာ ဘုရားရှင်ကို လောဘ ဒေါသဖြစ်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ မြတ်စွာ ဘုရားရှင်ဟာ အာရုံတွေကို မသတ်ဘဲ ကိလေသာကိုသာ သတ်လိုက်တာပါ။

သာသနာပ ပုဂ္ဂိုလ်တွေဟာ လောဘ ဒေါသတွေ အဖြစ်များပုံကို သိပေမဲ့ ဒီစိတ်တွေကို ပယ်သတ် ရမဲ့နည်းကိုတော့ မသိကြပါဘူး။  ဒါကြောင့် သူတို့ဥာဏ်မှီသလောက် ဝတ္ထုပစ္စည်း တွေကို စွန့်ပြီး ကျင့်နေကြတာပေါ့။ ဒီသာသနာမှာ ကိလေသာကို အမြစ်ပြတ် ပယ်သတ်နိုင်တဲ့ နည်းတွေကို မြတ်စွာဘုရားရှင် ဟောထားပြီးသားပါ။

ကျွန်ုပ်တို့ဟာ သတိပဋ္ဌာန်နည်းလမ်းအတိုင်း အာရုံကို အာရုံပါဘဲလားလို့ သဘောထားနိုင်အောင် ရှုမှတ်ကြရပါမယ်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတွေ အားကောင်းလာရင် အာရုံရဲ့ ဖြစ်မှု ပျက်မှု သဘာဝတွေကို ထိုးထွင်းပြီး သိလာပါတယ်။ မမြဲမှုသဘော အစိုးမရမှု သဘော အနှစ်သာရ မရှိမှုသ ဘောတွေကို တွေ့ဖန်များလာရင် အာရုံတွေအပေါ် တက်မက်တဲ့ တဏှာတွေ မကျေနပ်တဲ့ဒေါသ တွေ အာရုံကို အမှန်အတိုင်းမသိတဲ့ မောဟတွေ တဖြည်းဖြည်းနည်းပါး ကုန်ပျောက်လာပါ တယ်။

**ကိုယ်တွင်းရုပ်ကို အသုဘရှုတဲ့သူဟာ တင့်တယ်တယ်လို့ထင် နေတဲ့ ဝိပလ္လာသကို ပယ်ပါတယ်။ အလုပ်အကြွေးပြု၍ စားအပ်သော အာဟာရကို ပိုင်းခြားသိပါတယ်။ ကာမောဃကို ကျော်လွန် တယ်။ ကမရာဂနဲ့ မယှဉ်တော့ဘူး။ ကာမာသဝယိုစီးမှုအာသဝကင်းတယ်။ အဘိဇ္ဈာကာယဂန္ထကို ဖျက်ဆီးတယ်။ ကာမုပါဒါန် မစွဲမှီ တော့ပါ။

*ခံစားနေရတဲ့ ဝေဒနာကို ဒုက္ခဟုရှုတဲ့သူဟာ ချမ်းသာတယ်လို့ ထင်နေတဲ့ ဝိပလ္လာသကို ပယ်တယ်။ ဖဿဟူသော အာဟာရကို ပိုင်းခြားသိတယ်။ ဘဝေါဃကို ကျော်လွန်တယ်။ ဘဝရာဂနဲ့ မယှဉ်တော့ဘူး။ ဘဝါသဝ ယိုစီးမှုအာသ ဝေါကင်းတယ်။ ဗျာပါရ ကာယဂန္ထကို ဖျက်ဆီးတယ်။ သီလဗ္ဗတုပါဒါန်ကို မစွဲမှီတော့ပါ။

*ဝိညာဏ်ကို အနိစ္စဟုရှုတဲ့သူဟာ မြဲတယ်လို ထင်မှားနေတဲ့ ဝိပလ္လသကို ပယ်တယ်။ စိတ်ဟူသော ဝိညာဏာအာဟာရကိ ပိုင်းခြားသိတယ်။ အဝိဇ္ဇောဃကို ကျော်လွန်တယ်။ အဝိဇ္ဇာယောဂနဲ့ မယှဉ်တော့ဘူး။ အဝိဇ္ဇာသဝယိုစီးမှု အာသဝေါကင်းတယ်။ သီလဗ္ဗတပရာမာသ ကာယ ဂန္ထကို ဖျက်ဆီးတယ်။ ဒိဋ္ဌုပါဒါန်မစွဲမှီတော့ပါ။

*သညာနဲ့သင်္ခါရကို အနတ္တရှုသောသူဟာ အတ္တဟု ထင်မှတ်နေသော ဝိပလ္လာသကို ပယ်တယ်။ စေတနာ ဟူသော မနောသဉ္စေတနာ အာဟာရကို ပိုင်းခြားပြီးသိတယ်။ ဒိဋ္ဌောဃကို ကျော်လွန်တယ်။ ဒိဋ္ဌိယောဂနဲ့ မယှဉ်တော့။ ဒိဋ္ဌာသဝ ယိုစီးမှု အာသဝေါကင်းတယ်။ ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထကို ဖျက်ဆီးတယ်။ အတ္တဝါဒုပါဒါန် မစွဲမှီတော့ပါ။

ဒါဟာခန္ဓာငါးပါးကို အရှုခံအာရုံအဖြစ် စွဲပြီးရှုတာဖြစ်တယ် တကယ်တော့ဘယ်ခန္ဓာဖြစ်ဖြစ် အရှုခံ ပရမတ်ဟာအာရုံတရားတွေပါ။ အာရုံတရားတွေရဲ့ သဘာဝဟာဖြစ်ပြီးပျက်ကြတယ်။ ဘယ်ခန္ဓာ ဘယ် ရုပ် ဘယ်နာမ်ကိုမဆို အာရုံအဖြစ် သဘောထားနိုင်ရင် ဝိပဿနာရှုတဲ့အခါ အာရုံရွေးစရာ မလိုတော့ပါဘူး။ အာရုံမကြိုက်စရာလာလည်း မဖျောက်ဖျက် ကြိုက်စရာလာလည်း စွဲထားစရာ မလိုတော့ပါဘူး။

မိမိဆိုတဲ့ ခန္ဓာကိုယ်ကြီးကအစ တစ်လောကလုံးမှာရှိတဲ့ ရုပ် နာမ်တွေဟာ ပုဂ္ဂိုလ်သတ္တဝါ လည်းမဟုတ် အခိုင်အမာ အနှစ်သာရ အစွမ်းအစရှိတဲ့ အတ္တလည်းမဟုတ်ဘူးလို့ နက်နက် ရှိုင်းရှိုင်း သိလိုက်ရတဲ့အချိန်မှာ လောကကြီးကို မြင်နေရတာ အရမ်းလွတ်လပ်ပေါ့ပါးပါ တယ်။ လောကဓံ ဆိုတာလည်း ဘာမှအနှစ်မရှိတဲ့ သဘာဝတစ်ခုအဖြစ်သာ မြင်နေပါတယ်။ ဒိအချိန်မှာ အာရုံတွေရဲ့ ချယ်လှယ်မှုကိုလည်း မခံရတော့ဘူး။


ရွှေဥမင် ဆရာတော်ကြီး ဆုံးမသလို "သူမှားရင်လည်း သည်းခံလာနိုင်သလို သူမှန်ရင် လည်း ဝမ်းမြောက်နိုင်တယ်။ ပစ္စည်းဥစ္စာ ဆုံးရှုံးပြီး အနာရောဂါကျ ရောက်လာရင်လည်း ပြင်းပြင်း ထန်ထန်ကြီး မတုန်လှုပ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မိမိကိုယ်တိုင်က မိမိကိုယ်ကို အာရုံတရားအဖြစ် သဘောပေါက်လိုက်မိလို့ပါဘဲ။

ဒီသာသနာမှာ အနတ္တအသိဟာဘ ယ်လိုမှ တန်ဘိုး မဖြတ်နိုင်တဲ့ အသိပါလားလို့ ခံစားမိလာပြီး မြတ်စွာဘုရားရှင်ကိုလည်း အလွန့်အလွန် ကြည်ငြိုမိလာပါလိမ့်မယ်။ ဥပေက္ခာတရားရဲ့ လွတ်လပ်မှု ကိုလည်း နားလည်ခံစားမိလာပါလိမ့်မယ်။ ဥပေက္ခာစိတ် အနတ္တအသိလေးနဲ့ အ မြဲနေချင်ပေမဲ့ ဒီစိတ် ဒီအသိဟာလည်း အမြဲတန်းတော့ ဖြစ်မနေပါဘူး။ သတိရှိနေချိန်မှသာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ အာရုံမှန်သမျှရဲ့ သဘာဝကို အမှန်အတိုင်း သိနေတဲ့ သတိလေးနဲ့ အမြဲနေနိုင်အောင် ကြိုးစားကြဖို့ အမှန်တကယ် လိုအပ်လှပါတယ်။

အရှင် ပညာသီရိ - ရမ္မာကျွန်း

(အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်းမှ ကူးယူပူဇော်၍ ဓမ္မဒါန ပြုရပါသည်)