Friday, March 20, 2015

လုံအောင်မိုးထား စိတ်၊ အိမ်များ…


လုံအောင်မိုးထား စိတ်၊ အိမ်များ…

“မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက် ဝင်ရောက်နိုင်သကဲ့သို့ ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏
(ဂေါတမမြတ်စွာဘုရား)

တစ်ခါက ရန်ကုန်မှ တိုက်ကြီးသို့ တရားဟောကြွစဉ် လမ်းဘေးကျေးရွာများရှိ ဆောက်လက်စ၊ မိုးလက်စ အိမ်လေးများကိုကြည့်ကာ အတွေးပွားခဲ့ဖူး၏။ တရားဟောစဉ်မှာလည်း ထိုအတွေးစ လေးများကို ထည့်သွင်းဟောကြား ပေးခဲ့ဖူး၏။ တွေးမိခဲ့သည့် အတွေးစလေးများမှာ အိမ်များ အကြောင်းပင် ဖြစ်၏။ အိမ်အမျိုးမျိုးရှိသည့်အနက် အချို့အိမ်များသည် ဆင်းရဲလွန်းလှသဖြင့် အမိုးပင် လုံခြုံကောင်းမွန်အောင် မတည်ဆောက်နိုင်သည့် အိမ်များရှိသကဲ့သို့ အချို့အိမ်များ သည်ကား ကောင်းမွန်ပြည့်စုံ လုံခြုံအောင် တည်ဆောက်ထားသည့် အိမ်များဖြစ်နေသည်ကို တွေ့ရ၏။

ထူးခြားချက်မှာ မလုံမခြုံတည်ဆောက်ထားသည့် အိမ်များသည် မိုးလေစသည့် ရာသီဥတုဒဏ်ကို အလွယ်တကူ ခံရတတ်ပြီး လုံခြုံကောင်းမွန်အောင် တည်ဆောက်ထားသည့် အိမ်များသည်ကား ထိုဒဏ်များကို အကာအကွယ် ပြုထားနိုင်ခြင်းပင် ဖြစ်၏။

ဘုရားဟော တရားတော်များတွင် ခန္ဓာကိုယ်ကို အိမ်နှင့်တင်စား၍ ဖွင့်ဆိုဟောထားချက်များ အများအပြားရှိ၏။ အိမ်၏တည်ဆောက်မှုနှင့် ခန္ဓာကိုယ်၏ တည်ဆောက်မှုကို ခိုင်းနှိုင်း ထားချက်များလည်း ရှိ၏။ လူတို့နေရာ အိမ်၏လုံခြုံရေးနှင့် ခန္ဓာကိုယ်၏ လုံခြုံရေးကို တင်စား ထားချက်းများလည်း ရှိ၏။

ထိုဥပမာများအရ အိပ်၏လုံခြုံရေးတွင် အမိုးသည်လည်း အဓိကကျသည့် ကဏ္ဍတွင် ပါဝင်သကဲ့သို့ ရုပ်နာမ်များဖြင့် တည်ဆောက်ထားသည့် ခန္ဓာအိမ်တွင်လည်း စိတ်တည်းဟူသော အမိုးသည် အထူးအရေးပါလှသည်ကို သတိပြုမိကြမည် ဖြစ်၏။ အိမ်တွင်အမိုး မလုံသည့်အခါ မိုးရေမိုးပေါက်စသည်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက် လာနိုင်သကဲ့သို့ ခန္ဓာအိမ်ကို မိုးကာပေးထားသည့် စိတ်အမိုး မလုံသည့် အခါတွင်လည်း ရာဂစသည့် ကိလေသာ မိုးရေပေါက်များ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံရမည် ဖြစ်၏။

ထို့ကြောင့် မိုးရေမိုးပေါက်များ ထိုးဖောက်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် အိမ်ကိုကောင်းစွာ မိုးထားရန် လိုအပ်သကဲ့သို့ ရာဂစသည့် ကိလေသာများ၏ ဝင်ရောက်နှိပ်စက်မှုများမှ ကာကွယ်ရန် စိတ်ကိုကောင်းစွာ မိုးကာထားရန် လိုအပ်ကြောင်းနှင့် ထိုစိတ်ကို ကိလေသာများမှ ကာကွယ် ထားရန်မှာလည်း သမထ၊ ဝိပဿနာ ဘာဝနာအလုပ်ဖြင့်သာ ကာကွယ်ထားရမှာ ဖြစ်ကြောင်း စသည်ဖြင့် ဆိုခြင်းဖြစ်ပါ၏။

မှန်၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ၏စိတ်သည် အချိန်ပြည့် အကုသိုလ်အလုပ်များ၊ မကောင်းသည့် အကြံအစည် အတွေးများတွင် ပျော်မွေ့နေတတ်သည့် သဘောရှိ၏။ အဆင်းအသံအနံ့ စသည့် အာရုံများ၏နောက်သို့ တကောက်ကောက်လိုက်ကာ နှစ်သက်လျှင်လည်း နှစ်သက်သည့် အလျောက်၊ မနှစ်သက်လျှင်လည်း မနှစ်သက်သည့်အလျောက် လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာ တရားများသာ အဖြစ်များနေတတ်ကြ၏။

စိတ်၏သဘောသည် သတိတရားဖြင့် ထိန်းချုပ်နေစဉ်ကိုပင် ကိလေသာများ၏ ခေါ်ဆောင်မှု နောက်သို့ ထပ်ကြပ်မကွာ လိုက်နေတတ်သည့် သဘောရှိနေပြီး မထိန်းချုပ်ဘဲ သတိ လက်လွတ်သာ ထားလိုက်မည်ဆိုပါက ပိုလို့သာ ဆိုးလာနိုင်သည့် သဘောရှိပေ၏။ ထို့ကြောင့် ပညာရှိများက စိတ်ကိုကိလေသာ တရားများ၏ နှိပ်စက်မှုမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို ကြိုးစား အားထုတ်ကြရမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

 စိတ်ကို ရာဂစသည့် ကိလေသာရန်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန်မှာ သမထ၊ ဝိပဿနာ ဟုခေါ်သည့် တရားဘာဝနာ အားထုတ်ခြင်း အလုပ်မှတပါး အခြားမရှိသည်မှာ အသေအချာပင် ဖြစ်ပါပေ၏။ သို့ဆိုစေကာမူ ဂုဏ်တော်ပွားရင်း၊ မေတ္တာပို့ရင်း၊ အာနာပါန စီးဖြန်းရင်းကိုပင် ကိလေသာတရားများ၏ နှိပ်စက်မှုက တစ်ခါတရံ ဖြစ်ပေါ်လေ့ ရှိတတ်သေးသဖြင့် မည်သို့ပင်ဖြစ်စေ စိတ်အစဉ်ကို သတိမလွတ်ဘဲ အချိန်ပြည့် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေကြရမည့် သဘောရှိ၏။

ကိလေသာ တရားသည် ပုထုဇဉ်မှန်သမျှကို အမြဲနှိပ်စက်နေတတ်သည့် သဘောရှိ၏။ ကိလေသာတရား ထူပြောလှသည့် ဝန်းကျင်အသိုင်းအဝိုင်းဖြစ်သည့် လူ့လောကတွင် ရှိနေကြသည့် လူသာမန်များ မဆိုထားလင့် ငြိမ်းအေးသည့် အသိုင်းအဝိုင်းဟုဆိုသည့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည်ပင် ကိလေသာတရားများ၏ နှိပ်စက်မှုကြောင့် တရားအလုပ် အားမထုတ် နိုင်ဘဲ ဖြစ်လေ့ရှိတတ်၏။

ထိုအချက်ကို ဘုရားရှင်၏ ညီတော်ဖြစ်သည့် နန္ဒရဟန်းက သက်သေ ပြလျက်ရှိ၏။ ညီတော် မင်းနန်ခေါ် နန္ဒမင်းသားသည် မင်္ဂလာဆောင်မည့် နေ့မှာပင် ဘုရားရှင်၏ ခေါ်ဆောင်သွားမှုဖြင့် ဘုရားနောက်တော်ပါးမှ ကျောင်းတော်အထိ ရောက်ရှိသွားခဲ့ရပြီး အစ်ကိုတော်ဘုရား၏ တောင်းဆိုချက်ဖြင့် မငြင်းသာ မဆန်သာ ရဟန်းဘဝကို ရောက်ရှိလာခဲ့ရသည့် ရဟန်းတော် တစ်ပါးဖြစ်၏။

သာသနာ့ဘောင်တွင် ရဟန်းဝတ်နေခဲ့ရသည့် အရှင်နန္ဒသည် အစ်ကိုတော်ဘုရားကို ကြောက်ချစ် ရိုသေသဖြင့်သာ ရဟန်းဝတ်နေခဲ့ရသော်လည်း ရဟန်းတရား အားထုတ်မှုတွင်ကား စိတ်ဝင်းစားမှု မရှိလှပေ၏။ ထိုအရှင်၏ စိတ်ထဲတွင် အမြဲမပြတ် စွဲကျန်ထပ်နေသည်ကား ဘုရားနောက်ပါးမှ ကျောင်းတော်သို့အသွား အမှာတော်ပါးလိုက်သည့် နှမတော် ဇနပဒကလျာဏီ၏ “အရှင့်သား အမြန်ပြန်ခဲ့နော်” ဟူသည့် စကားတော်ပင် ဖြစ်ပါ၏။ နန္ဒရဟန်း၏စိတ်ကို ကိလေသာ စကား၊ ကိလေသာ အသံများက အမြဲနှိပ်စက်နေသဖြင့် တရားအားထုတ်နေသော်လည်း အရှင်နန္ဒ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပေ၏။

ညီတော်နန္ဒ၏ အဖြစ်ကို သိရှိတော်မူနေသည့် ရှင်တော်ဘုရားသည် တစ်နေ့တွင် နန္ဒရဟန်းကိုခေါ်ကာ တန်ခိုးတော်ဖြင့် နတ်ပြန်သို့ ကြွတော်မူလေ၏။ နတ်ပြည်နတ်နန်းသို့ ကြွရာလမ်းခရီး၌ မီးလောင်ပြင် တောအုပ်တစ်ခုတွင် ထိုင်နေသည့် မျောက်အိုမတစ်ကောင်ကို တွေ့သဖြင့် ဘုရားရှင်က အရှင်နန္ဒအား “ဤမျောက်မနှင့် ဇနပဒကလျာဏီ မည်သူက အလှသာသနည်း” ဟု မေးတော်မူရာ နန္ဒမင်းသားမှာ “နှိုင်းမှနှိုင်းရက်ပေခြင်း” ဟု ယူကြုံးမရ ဖြစ်ခဲ့ရသေး၏။

တစ်ဖန်နတ်ပြည်သို့ ရောက်ပြန်သည့် အခါတွင်လည်း နတ်သမီးများကိုပြကာ ရှင်တော်ဘုရားက နန္ဒရဟန်းအား “ဤနတ်သမီးများနှင့် ဇနပဒ မည်သူက ပိုလှသနည်း” ဟု မေးတော်မူသည့် အခါတွင်ကား နန္ဒရဟန်းမှာ “နတ်သမီးများ၏ အလှနှင့်ယှဉ်လျင် သူ၏နှမ ဇနပဒမှာ လမ်းတွင်တွေ့ခဲ့ရသည့် မျောက်အိုမနှင့်သာ တူပေတော့သည်”ဟု ပြန်လည်ဖြေကြားခဲ့လေ၏။ နောက်ဆုံးတွင် ဘုရားရှင်က အရှင်နန္ဒအား နတ်သမီးများဖြင့် မက်လုံးပေးကာ တရားအလုပ်ကို ကြိုးစားအားထုတ်စေသဖြင့် အရှင်နန္ဒ ရဟန္တာ ဖြစ်သွားခဲ့လေတော့၏။

ဘုရားကျောင်းတော်တွင် ညီတော်ရဟန်း၏ အကြောင်းနှင့်ပတ်သက်၍ သံဃာတော်များ၏ စကားဝိုင်းမှာ အထူးအဆန်း ဖြစ်နေခဲ့၏။ အရှင်နန္ဒ၏စိတ်တွင် ဇနပဒကလျာဏီ မှာကြားလိုက်သည့် စကားကိုသာ ကြားယောင်နေပြီး တရားအားမထုတ်နိုင် ဖြစ်ခဲ့ရခြင်း အကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်အချင်းချင်း ဆွေးနွေးခဲ့ကြ၏။

ထို့အပြင် ယင်းအကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ထား ကြ၏။ ထို့ကြောင့် ဘုရားရှင်က “မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏” (ဓမ္မပဒ၊ ယမကဝဂ်၊ နန္ဒမထေရ်ဝတ္ထု) စသည့် အထက်ပါ တရားစကားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။

ဤဒေသနာတော်အရ စိတ်၏ဆန်းကြယ်မှုကို ကောင်းစွာတွေ့ကြရမည် ဖြစ်ပါ၏။ စိတ်ကို ကောင်းစွာ မထိန်းသိမ်းနိုင်သဖြင့် ကိလေသာ အပူမီး လောင်မြိုက်ကြရသည့် အဖြစ်ကို သတိပြု မိကြမည် ဖြစ်ပါ၏။ စိတ်၏တွေးတော ကြံစည်မှု မနောကံ၏ အရေးပါမှုကို အလေးဂရု ပြုမိကြမည် ဖြစ်၏။ အမှန်အားဖြင့် စိတ်သာမဟုတ် ပုထုဇဉ် ပုဂ္ဂိုလ်များ ပြုလုပ်လေ့ရှိကြသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ စသည့် အမူအရာများသည် အားလုံးအရေးပါသည်သာ ဖြစ်ပါ၏။

 မနောကံသည် အရေးပါသည်ဟုဆိုသော်လည်း စင်စစ် အမူအရာတိုင်းသည် အားလုံး အရေးပါ သည်သာ ဖြစ်ပါ၏။ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးတွင် သတိမယှဉ်နိုင်ပါက အကုသိုလ် ကိလေသာ ဖြစ်ဖွယ်များ ရှိနေတတ်သဖြင့် ထိုအမူအရာများကို အထူးထိန်းသိမ်း စောင့်ရှောက်ရန်လည်း လိုအပ်လှ၏။ ထိုသို့မဟုတ်ပါက မိမိတို့ ပြုလုပ်ကြသည့် အမူအရာတိုင်းတွင် အကုသိုလ် ကိလေသာများ အဖြစ်များနေကြမည်သာ ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် ထိုကိုယ်နှုတ်စိတ် အမူအရာများကို သီလ၊ သမာဓိ၊ အကျင့်တရားများဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း ဖွင့်ဆိုရှင်းပြကြ၏။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကိုယ်ကျင့်သီလကို အထူးပြု စောင့်ထိန်းကြရမှာ ဖြစ်သကဲ့သို့ စိတ်အမူအရာ အတွေးအကြံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဘာဝနာအကျင့်ကို ကျင့်ကြံ အားထုတ်ရမှာ ဖြစ်ပါ၏။

သီလစောင့်ထိန်းခြင်းသည် ကိုယ်နှင့်နှုတ်ကို အကုသိုလ်၊ အဖြစ်နည်း စေရန်၊ ဒုစရိုက်အမှု မကျူးလွန်မိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်ပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းသည် စိတ်အမူအရာ မနောကံကို ကိလေသာအတွေးများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းမှ ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်၏။ အထူးသဖြင့် စိတ်သည် အလွန်ထိန်းသိမ်း စောင့်ရှောက်ရန် ခက်လှသဖြင့် ထိုစိတ်ကို ကိလေသာရန်များ၏ တိုက်ခိုက်နှိပ်စက်ခြင်းမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို အားထုတ်စေခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် စိတ်၏ အကုသိုလ် ကိလေသာများတွင် အဖြစ်များနေသည့် သဘောကို မိမိတို့ နေထိုင်ကျင်လည်နေသည့် ဘဝများတွင် အချိန်မရွေး တွေ့နိုင်ကြမည် ဖြစ်ပါ၏။ တစ်ယောက်တည်း ရှိနေလျှင်လည်း တစ်ယောက်တည်း ရှိနေသည့်အလျောက်၊ အများနှင့် ရှိနေလျှင်လည်း အများနှင့် ရှိနေသည့်အလျောက်၊ အာရုံတစ်ခုခုနောက်ကို စိတ်က လိုက်မိနေ လျှင်လည်း လိုက်မိနေသည့်အလျောက် စသဖြင့် အကုသိုလ်များ ကိလေသာ တရားများက အချိန်မရွေး ဖြစ်နေတတ်သည့် သဘောရှိနေသည်ကို တွေ့ရမည် ဖြစ်ပေ၏။

ထိုသို့ အလွယ်တကူ ဖြစ်တတ်သည် အကုသိုလ် ကိလေသာတရားများ အလွယ်တကူ မဖြစ်ပေါ် စေရန် ရည်ရွယ်၍ ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် သမထအကျင့်၊ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို အရှိအတိုင်း သိမှတ်ပေးခြင်း ဝိပဿနာ အကျင့် တို့ကို ကျင့်ကြံအားထုတ်ကာ စိတ်အစဉ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးရခြင်း ဖြစ်၏။ သို့ပါလျက် တစ်ခါတရံ ဘုရားရှိခိုးရင်း၊ တရားမှတ်ရင်း၊ ဂုဏ်တော်ပွားရင်းဖြင့်ပင် အကုသိုလ်တရား၊ ကိလေသာ တရားများက ဖြစ်တတ်ကြပေသေး၏။ မည်သို့ဆိုစေ မလုပ်သည်နှင့်စာလျှင် လုပ်နေ ခြင်းက ကိလေသာရန်များကို ကာကွယ်ပေးနေခြင်း ဖြစ်သဖြင့် ကျင့်နိုင်သမျှ ကျင့်ကြံနေကြ ရမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ သမထအကျင့်၊ ဝိပဿနာ အကျင့်များဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားခြင်း မရှိသည့် စိတ်သည် ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းကို အလွယ်တကူ ခံရတတ်သည့် သဘောရှိသဖြင့် မိမိတို့၏ စိတ်ကို ဘာဝနာအကျင့် တစ်ခုခုဖြင့် အမြဲမပြတ် ထုံလွှမ်းကာကွယ် ထားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေးပေါက်သည် အလွယ်တကူ ဝင်ရောက် ထိုးဖောက် နိုင်သကဲ့သို့ ဘာဝနာအကျင့် တစ်ခုခုဖြင့် ထုံးလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂတရားသည် အလွယ်တကူ ထိုးဖောက်ဝင်ရောက် နှိပ်စက်တတ်သည့် သဘောကို သတိပြု ဆင်ခြင်ကာ ထိုသို့ မဖြစ်စေရန် မိမိတို့၏ စိတ်ကို တရားအလုပ် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကိလေသာရန်မှ ကာကွယ် နိုင်ရန် ကြိုးစားသင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ကိလေသာ တရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရွေး ဝင်ရောက် နှိပ်စက်တတ်သည့် သဘောရှိသဖြင့် သတိမပြုမိပါက အမူအရာတိုင်းတွင် အကုသိုလ် ဖြစ်တတ် သည့် သဘောရှိသည်ကို သတိပြုဆင်ခြင်ကာ အရေးကြီးဆုံးဖြစ်သည့် မိမိတို့၏ စိတ်ကို ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်မှုများမှ ကာကွယ်နိုင်ရန် သမထ ဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်ခုခုကို အမြဲမပြတ်ပွားထုံးနိုင်အောင် ကြိုးစားကြပါဟု တိုက်တွန်းရင်း ခန္ဓာအိမ် လုံခြုံရေးအတွက် စိတ်အမိုးကို ကောင်းအောင်မိုးကြဖို့ ဘုရားတရား အငှါးပွား၍ အသိပေးစကား ပါးလိုက်ရပါသည်။


မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)