Sunday, March 29, 2015

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ


မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ 

မြတ်စွာဘုရားရှင်က“မသေခင်သုတ္တန် ”လို့အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒသုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကိုတစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်။

မြင့်မြတ်တဲ့လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။

♦မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှနည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက် ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

♦ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း၊ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။မသေခင် ကိုယ်တကယ်ပိုင်တ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။

♦မသေခင်မှာ ကိုယ့်စိတ်ကိုယ် "ဒေါသမီး" မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ကနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။ သူလည်းတစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။

♦နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မူတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသောမနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

♦ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများအကျိုးပြုနိုင်မှာမို့လဲ။

♦လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင်ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

♦နူတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်။အပိုစကားတွေ၊အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို၊မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

♦မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့ လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှအချိန်တိုင်းကို စိတ်တည်ငြိမ်းမူအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။

♦ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့အနာဂတ်ဘ၀ကိုပုံဖော်တပ်မက်နေ တာမျိုးလည်းလုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီးနေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်းစိတ်နာနေလို့အပိုပါပဲ။

♦ကံ၊ ကံရဲ့အကျိုးမရှိ၊ရှေးဘ၀၊နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်းကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊အလုပ်မှားရင် အကျိုးတရားလည်း မှားပြီ ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်။

♦ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

♦ကိုယ့်ကို သူတပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလူံ့ဆော်တာမျိုးလုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။

♦လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလိုဝန်တို၊ ၀န်တိုမူ (ဣဿာ၊ မစ္ဆရိယ)ကိုလည်းတွန်းလှန်နိုင်ရ ပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ်လွှမ်းမိုးနေတဲ့သူဟာ "မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်" ပါပဲ။

♦ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နူတ်အပြောအဆိုကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူမဖြစ်စေရဘူး။

♦ကိုယ်ကျင့်တရား မကောင်းသူ(သီလမရှိသူ)ကို ပတ်ဝန်းကျင်ကရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ "ကိုယ်ကျင့်တရားပျက်သူ" မဖြစ်ပါစေနဲ့။

♦ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လူံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ၊ အဆင်ပြေနေကြတာကိုမနာလိုဝန်တိုဖြစ်ပြီးကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

♦မျက်စိ၊နား၊နှာ၊လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း၊အသံ၊အနံ့၊ အရသာ၊အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘအစရှိတဲ့ ကိလေသာရေအလျဉ်တေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကာမျှ၊ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန်းတရားကိုပွားများနိုင်ရင်ကိလေသာရေ စီးဆင်းမူ ရပ်တန့်သွားမှာပါ။

♦မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်းမဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ပညာ၊အာဏာ၊သူများထက်သာတယ်လို့ ထင်နေတဲ့ “အထင်”ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။တကယ်မဟုတ်ပါဘူး။

♦မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာ ကြီးမားသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။

♦ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှသူတစ်ပါး အပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှသူတစ်ပါးပါးစပ်မှာလမ်းဆုံး၊ သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့မပြီးဘဲ ကိုယ်တိုင်သိ၊ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။

♦ဒါန၊သီလ၊သမထ၊၀ိပဿနာ ကုသိုလ်ကောင်းမူတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်တ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမူ၊ စီးပွားရာထူးတိုးတက်မူ၊ သံသရာကောင်းစားမူတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြပါမယ်။

♦အကောင်း၊အဆိုးလောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ မှာလည်းစိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။

♦သက်ရှိ သက်မဲ့တစ်ခုခုအပေါ်တပ်မက်စွဲလမ်းတဲ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမူ ဒုစရိုက်တွေတွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။

♦အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်းဒါ မစားရ မနေနိုင်၊ ဒါ မသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမူ ကင်းရှင်းရပါမယ်။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။ ကိုယ်အပြုအမူဖြစ်သမျှ၊စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ်ရူမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှအာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရူနိုင်တဲ့သူ ဖြစ်ရပါမယ်။

♦ကိုယ့်အထက်လူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်း စားလူနဲ့နိုင်းယှဉ်တဲ့မာန၊ မာန သုံးမျိုးလုံးလည်းကင်းရှင်းရပါမယ်။

♦သေပြီးရင် အသက်ကောင်၊၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်းကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီးသံသရာမှာ ချောက်ကျရပါလိမ့်မယ်။

♦ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ အိမ်၊မြေစတဲ့ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား၊ငါ့သမီး၊ငါ့အိမ်၊ငါ့မြေးဆိုပြီးငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်။

♦ဘာပဲလုပ်လုပ်ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင် သတိထားရပါမယ်။

♦ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်းမတုန်မလူပ် သည်းခံနိုင်ရပါမ ယ်။

♦“တစ်လောကလုံးမှာကိုယ်ပိုင်တာ ဘာမှမရှိပါလား”ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်းမပူပန်တော့ပါဘူး။ ရှိပြီးတော့ မရှိလို့လည်းမဆူညံတော့ပါဘူး။

♦ချစ်ခြင်း၊မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမူလည်း ကင်းရှင်းရပါမယ်။အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

♦လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာမလုပ်ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်းရှောင်ကြဉ်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်းဆောင်နိုင်လာပါလိမ့်မယ်။

♦မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံးအကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ ဘ၀လွတ်မြောက်မူကိုရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

♦ဒါ့ကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။

[ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)] (မသေခင်ဘာလုပ်ကြမလဲစာအုပ်မှ-)

Dhamma Danã Source