Friday, March 6, 2015

ရဟန်းရဲ့ တန်ဖိုး


ရဟန်းရဲ့ တန်ဖိုး

 ပုထုဇဉ်ရဟန်းလေးတပါး ကိုရင်လေး တစ်ပါး ဆိုရင် တချို့သောသူများက အထင်သေး တတ်ကြပါ တယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံရှိသေးတာပဲ.. တရားမှ မဟောပြောနိုင်သေးတာ..ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး...တန်ဖိုးမထားတတ်ကြပါဘူး။ တကယ်တော့  ဒီကိုရင်လေး..ရဟန်းတော်လေး ဘ၀ကနေပဲ..သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။

ဒီကိုရင် ရဟန်းလေးများဟာလည်း.. သာသနာအဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့ အဆက်အနွယ်ကို ထိန်းထားတယ် ဆိုတာ ဓမ္မအစစ်တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ..အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမား ဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်.

အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတပန် သကဒါကမ် မပြောနဲ့ အနာဂါမ်ထိပဲဖြစ်နေပါစေ..ဒီကိုရင်အသစ်ကလေး..ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတပန်အဆင့်ကိုတောင် မဖြစ်သေးတဲ့သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ ပါဘူး။ လူပုဂ္ဂိုလ်ဘ၀မှာ ဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကို ရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။

ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ..
  1. ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
  2. ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
    ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။ ဒီလိုအသွင် အပြင် ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော် မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ.. ဒီလို အသွင်အပြင်ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓအလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထား ရပါတယ်ဆိုတာ သဘာဝကျပါတယ်။

  1. ထိုပုထုဇဉ်ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်းထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူဘုန်းပေးနိုင်ခြင်း)
  2. မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေရင်သော်လည်းကောင်း၊ အစည်းအဝေး လုပ်နေရင်သော်လည်းကောင်း ပုထုဇဉ် ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)

  1. ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)
  2. လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။
  3. ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သမုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေး အာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။

ဒါက သီတဂူဆရာတော်ဘုရားကြီးတရားတော်ထဲက..ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်းတို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။ ဆရာတော်ဘုရားကြီးကတော့ အချိန်ကိုငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။ အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။ အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ်ဆယ် အားသာချက်တွေကို ဖော်ပြလိုက် ပါတယ်။

  1. တရားဘာဝနာ၌ မွေ့လျော်ခြင်း
  2. တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
  3. ဆွမ်းခံခြင်း
  4. ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
  5. စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
  6. ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
  7. အချမ်းအပူစသည်ကို သည်းခံခြင်း
  8. ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
  9. တစ်ပါးတည်း တရားကျင့်ခြင်း
  10. တစ်ပါးတည်း မွေ့လျော်ခြင်း
  11. တစ်ပါးတည်း ကိန်းအောင်းခြင်း
  12. မကောင်းမှုမှ ရှက်ခြင်း
  13. မကောင်းမှုကို ကြောက်ခြင်း
  14. ကောင်းမှုကို ပြုစုအားထုတ်ခြင်း
  15. ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း
  16. သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
  17. ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
  18. အဋ္ဌကထာကို သင်ယူခြင်း
  19. သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
  20. တပ်မက်မောမှု ကင်းလွတ်ခြင်း
    စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)

ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုး ထားရခြင်း ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာ အကျင့် မကျင့်သေးနိုင်တဲ့သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ.. ဘယ်သူမဆို...ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ်ဆိုတာ သိသာထင်ရှားသွားပါပြီ။

သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား....ခင်ဗျား...
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ............

သီတဂူစတား