Sunday, March 8, 2015

စိတ်ဓါတ်စင်ကြယ်မှ ဘ၀လှမည်


စိတ်ဓါတ်စင်ကြယ်မှ ဘ၀လှမည်

ကျွန်မတို့ လူကြီးကတော့လေ ရုပ်ကတော့ မင်းသားလေးကျနေတာပဲ နုချောလှလိုက်တာ။ ဒါပေမယ့် စိတ်ကခဏခဏဆိုးလွန်းလို့ ဒေါသ ထွက်လွန်းဖြစ်နေတော့ အလွန်ပဲ အကျည်းတန် လှတယ်။ ရုက်ကလှပေမယ့် စိတ်ကဒေါသလွန်ကဲနေတော့မလှတော့ဘူးနော်ဆရာ။

တစ်နေ့တွင် ၀န်ထမ်းအမျိုးသမီးတစ်ဦးကသူ၏ရုံးမှ အကြီးအကဲတစ်ဦး၏ ဒေါသကြီးပုံ စိတ်ဆိုး တတ်ပုံနှင့် ပတ်သတ်သောရုပ်သွင်အမူအရာနှင့် ဆက်စပ်ပြီး အထက်ပါအတိုင်းပြေပါသည်။

စာရေးသူက ထိုအမျိုးသမီးပြောပြသောစကားနှင့် ပတ်သတ်၍ သံယုတ္တအဋ္ဌကထာ၌ ဟောထား သော ရုပ်တရားသည် ညစ်နွမ်းသည်ရှိသော်သတ္တ၀ါတွေ မှန်သမျှတို့သည် ညစ်နွမ်းကြရကုန်၏။ ရုပ်တရားသည် စင်ကြယ်သည်ရှိသော် သတ္တ၀ါတွေစင်ကြယ်ကြရကုန်၏။ ဤသို့ရုပ်စင်ကြယ်လျှင် သတ္တ၀ါတွေ စိတ်စင်ကြယ်၏ဟူ၍ ငါဘုရားဟောတော်မမူ။

စိတ်တရားသည် ညစ်နွမ်းသည်ရှိသော် သူသူငါငါ သတ္တ၀ါမှန်သမျှတို့သည် ညစ်နွမ်းကြရလေသည်။ စိတ်သည် စင်ကြယ်သည်ရှိသော် သတ္တ၀ါတွေစင် ကြယ်ကြရလေကုန်၏။ ဤသို့စိတ်စင်ကြယ်လျှင်
သတ္တ၀ါတွေစင်ကြယ်သည်။ စိတ်ညစ်နွမ်းလျှင် သတ္တ၀ါတွေ ညစ်နွမ်းသည်ဟူ၍ ဘုရားရှင်သည် ကောင်းစွာဟောကြားအပ်ပေသည်ဟူသော ဘုရားရှင်၏ ဆုံးမစကားလေးကို သတိရလိုက် မိပါသည်။

ဤလောကတွင် ပုဂ္ဂိုလ်သတ္တ၀ါဟူသမျှတို့သည် မိမိတို့၏ခန္ဓာကိုယ်ကို ချေးညော်ကင်းစင်အောင် မည်မျှပင် ရေချိုးပေးပေး၊ မည်မျှပင်နံ့သာလိမ်းမိတ်ကပ်တွေခြယ်မှုန်းပေးပေး ခန္ဓာကိုယ်မည်မျှပင် စင်ကြယ်နေစင်ကြယ်နေ စိတ်ထားမကောင်းလျှင် စင်ကြယ်သောခန္ဓာကိုယ်ရှိသည်မမည်ပေ။

မည်မျှပင်ချောမောလှပနေသော မိန်းကလေး ယောက်ျားကလေးဖြစ်စေ အတွင်း၌မကောင်းသော စိတ်ယုတ်မာများ ဒေါသတရား အဘိဇ္ဈာ ဣဿာမစ္ဆရိယတရားများ မာန်မာနတရားများရှိနေလျှင်ထို မိန်းကလေး ယောက်ျားကလေး၏ အလှသည်မစင်ကြယ် မသန့်ရှင်းမမွန်မြတ်တော့ပေ။

အတွင်းစိတ်ဓါတ်ကောင်းမွန်စင်ကြယ်ပြီးဖြူစင်သော မေတ္တာတရားရှိနေလျှင် ထိုပုဂ္ဂိုလ်သည် ရုပ် ရူပါကာယ မလှပစေကာမူ ကြည့်ရှု၍ကောင်းခဲ့ပါသည်။ ရှုချင်ဖွယ်ရှိပါသည်။ စိတ် မစင်ကြယ် သူကိုမြင်ရသူအဖို့စိတ်နုလုံးမအေးချမ်းစေဘဲ အမြဲပူလောင် ကြောင့်ကျမှု၊ ကြောက်ရွံ့မှုကို ခံစားနေ ရစေသည်။ထို့ကြောင့် ထိုပုဂ္ဂိုလ်ဟူသမျှတို့သည် စိတ်စင်ကြယ်စေရန်အလွန်ပင်လိုအပ်လှပေသည်။

လောကတွင် လူတို့၏စိတ်ဓါတ်ကို ညစ်နွမ်းစေသော တရားများရှိကြပါသည်။ ထိုတရားများမှာ    ၁။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံခြောက်ပါးဖြစ်ပေါ်လာသမျှကို တပ်မက် စွဲလမ်းငမ်းငမ်းတက် တပ်မက်လိုချင်မှု၊ ဒယ်အိုးကင်းပူပူပေါ်၌ အမဲသားတစ်ကို ပြစ်ချ လိုက်ကာ တစ်ခါတည်း ကပ်ငြိသကဲ့သို့ ထင်လာမြင်လာသောအာရုံ၌ ကပ်ငြိ တွယ်တာမှု ဖြစ်သော စိတ်မျိုးဖြစ်သည်။ ထိုစိတ်မျိုး ဖြစ်နေသူသည် စိတ်မအေးချမ်း အမြဲညစ်နွမ်းနေရသည်။ ယင်းကို ပါဠိဘာသာအားဖြင့် လောဘဟုခေါ်သည်။

မြွေပွေးမြွေဟောက်ကို တုတ်ဖြင့် ပုတ်ခတ်သည့်အခါ ရှူးခနဲထလာသကဲ့သို့ မနှစ်သက်ဖွယ်သော အာရုံနှင့် တွေ့ကြုံလာရသည့်အခါ ရှုးရှုးရှဲရှဲဖြစ်၍ ကိုယ်ရော စိတ်ပါကြမ်းတမ်းလျက် အမျက်ထွက်သောစိတ်မျိုး ရှိသူမျိုးဖြစ်သည်။ ထိုသူသည် မိမိမှီရာကိုယ်စိတ် နှစ်ပါးကို ဖျက်စီးတတ်၏။ အမျက်ထွက်သောအခါ ယှဉ်ဖက်တရားတို့လည်း ပူပူလောင်လောင်ရှိသည်။

ထိုအမျက်ထွက်မှုဟူသောစိတ် စေတသိက်တို့ကြောင့်ဖြစ်သောစိတ္တဇရုပ်များသည်လည်း ဒေါသ အမျက် အရှိန်ကြောင့် ပူပူလောင်လောင်ရှိသည်။ ထိုစိတ္တဇရုပ်နှင့် ပူးကပ်လျက်ရှိသော ကမ္မဇရုပ် ဥတုရုပ် အာဟာရရုပ်များသည်လည်း အပူဓါတ် ကူးစက်၍ တစ်ကိုယ်လုံးလောင်ကျွမ်းခံရသည်။

ဒေါသအမျက်ထွက်သည့်အခါ အသားအရေနီမြန်းလျက် တစ်ကိုယ်လုံး ဆတ်ဆတ် တုန်နေ တတ်သည်။ ဤဒေါသအမျက်သည် ဒေါသထွက်နေသူ၏ စိတ် နှစ်ပါးအာရုံကို ညစ်နွမ်း ဖျက်စီး တတ်ပါသည်။ ယင်းကို ပါဠိဘာသာအားဖြင့် ဒေါသဟုခေါ်ကြပါသည်။

၃။ အာရုံ၏သဘောအမှန်ကို ဖုံးကွယ်တတ်မှုစိတ်မျိုး မောဟ ဖြစ်သည်။ အာရုံ၏ဟုတ်မှန်သော သဘော ဟူသည်မှာ ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသောသဘော။ သုစရိုက်တရားတို့၏ ကောင်းသောသဘော။ အတိတ်ဘ၀ အနာဂါတ်ဘ၀ ရှိခြင်းသဘော။ ဒုက္ခသစ္စာစသည်တို့၏ သဘော။ ပဋိစ္စသမုပ္ပါဒ်စသည် လည်ပုံသဘော။ ဤသဘောတရားအနှစ်များကို မသိအောင်ဖုံးလွှမ်း ကာကွယ်ခြင်းမျိုးဖြစ်သည်။

ဒုစရိုက်သဘောကို သိပြီးသော ပညာရှိကြီးများပင် တွေဝေမှု (မောဟ) ၀င်လာသည့်အခါ ဒုစရိုက် အပြစ်ကိုမမြင်ဘဲ ပြုမှားမိကြလေသည်။ မောဟသည် ရှိပြီးသားပညာမျက်စိကိုပင် ကန်းအောင် ပြုတတ်သည်။

၎။ ရာထူး၊ ဂုဏ်သိမ်၊ ဥစ္စာ၊ ပညာ၊ အဆင့်၊ အမျိုးအနွယ်စသည်ဖြင့် တစ်ဖက်လူထက်မြတ်သည်ဟု မာန်တက်ခြင်း။ ထိုဂုဏ်သိမ်စသည်ဖြင့် သင်တို့နှင့်ငါ အတူတူပဲဟု မှတ်ထင်မာန်ထူခြင်း။ သူတို့အောက်ကျတော့လည်း ငါကဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှကိုယ်စားရတာဟု မာန်ထူခြင်း။ ဤသို့သောမာန်သုံးမျိုးဖြင့် ခပ်ထောင်ထောင်ခပ်ကြွ ကြွခပ်မာမာ တက်ကြွမောက်မာသော စိတ်ထားမျိုးရှိနေခြင်းဖြစ်သည်။ ယင်းကို ပါဠိဘာသာအားဖြင့်မာနဟု ခေါ်ကြပါသည်။

၅။ ရှေးရှေးဘ၀ ကုသိုလ်ကံကောင်းထောက်မ၍ ယုဘ၀ ဉာဏ်ဝီရိယတို့ အတွက်ကြောင့် ဥစ္စာစည်းစိမ် ဂုဏ်သိမ် ထွက်နေသူကို မြင်ရကြားရသည်ရှိသော် ၀မ်းမမြောက်နိုင်ဘဲ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူကာ စောင်းကာ မြောင်းကာ ရှိပ်ကာ ရိပ်ကာ ကြည့်ရှုပြောဆိုမှု ကိုယ့်ထက်သာ မနာလိုဆိုသည့်အတိုင်း ထိုသူ၏ဂုဏ်သတင်းကို မကြားလို နားမထောင်လိုမှု၊ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့ဟု ကဲ့ရဲ့မှုစိတ်ထားမျိုး ပေါ်လာခြင်းဖြစ်သည်။ ယင်းကို ပါဠိလိုဣဿာ ဟုခေါ်ကြပါသည်။

၆။ ရလတ္တံ့သောငါ့ပစ္စည်း၊ ရပြီးသောငါ့ပစ္စည်း ငါ့ပစ္စည်းနှင့်အလားတူ ပစ္စည်းမျိုးများကို သူတစ်ပါးအား မဖြစ်ပါစေသားဟု ဖြစ်သောစိတ်ထားမျိုးဖြစ်သည်။ မိမိပစ္စည်းကို မဖုံးလွှမ်း မကွယ်ဝှက်၍သာ သူတကာ နှင့်ဆက်ဆံရပြန်လည်း သည်းမခံနိုင်ခြင်း စိတ်ထားမျိုးဖြစ်သည်။ ယင်းကို ၀န်တိုခြင်းဟူ၍လည်းခေါ်သည်။


ယင်းဝန်တိုမှု (၅)မျိုးရှိသည်။
၁။ နေရာ၌ ၀န်တိုမှု။
၂။ ဆွေမျိုးတို့၌ ၀န်တိုမှု။
၃။ ဥစ္စာပစ္စည်း၌ ၀န်တိုခြင်း။
၎။ အဆင်းဂုဏ်သတင်း၌ ၀န်တိုခြင်း။
၅။ အတတ်ပညာ၌ ၀န်တိုခြင်း။
ဤသို့သော ၀န်တိုစိတ်ဓါတ်များဖြစ်ပေါ်လာပါက စိတ်ညစ်နွမ်းစေပါသည်။ စိတ်ညစ်နွမ်းလျှင် ခန္ဓာကိုယ် ညစ်နွမ်းပါတော့သည်။

ထိုစိတ်ဓါတ်များဖယ်ရှားပြီး မိမိ၏စိတ်ထဲမှာ သူတစ်ပါးအပေါ် ကောင်းကျိုးလိုလားသောစိတ်များ ရှိနေရပါမည်။ ဒုက္ခိတ သတ္တ၀ါအပေါ်သနားသောကရုဏာစိတ် ဖြစ်နေရပါသည်။ သူများ ချမ်းသာတာ ကောင်းစားတာကို ၀မ်းသာသော မုဒိတာစိတ်ထား ဖြစ်နေရပါသည်။ ဤစိတ်ဓါတ်များ ဖြစ်ပွားနေလျှင် စိတ်ဟာစင်ကြယ်နေပြီး စိတ်နှလုံးလည်းအေးချမ်းနေပါမည်။ လှပါနေပါမည်။

မိမိ၏စိတ်သည် သဒ္ဓါဆိုသော ကုသိုလ်ကောင်းမှု စိတ်တွေဖြစ်ပေါ်လာလျှင် ကြည်လင်စေပါသည်။ စိတ်အညစ်အကြေးများကင်းပြီး စင်ကြယ်သော စိတ်ဖြစ်လာစေရန် မည်သို့လုပ်ရမည်နည်းဆိုက ရေကြောင့်ဖြစ်လာ ရွံ့ညွံမှာ ရေသာစင်အောင်ပြု။ စိတ်ကြောင့်ဖြစ်လာ မကောင်းမှုမှာ စိတ်သာစင် အောင်ပြုဟု ဘုရားရှင်ဟောကြားထားသည့်အတိုင်း လောကမှာရွံညွှန်ဆိုတာ ရေကြောင့်ဖြစ် ပေါ်လာရပါသည်။ ရေကြောင့်ဖြစ်ပေါ်လာရသော ရွံ့ညွှန်သည် ပေကျံလာပြီဆိုလျှင် ရေနှင့်ပင်စင် ကြယ်အောင်ပြုလုပ်ရသကဲ့သို့ မိမိ၏စိတ်သန္တာန်မှာ မကောင်းသောစိတ်စေတနာဖြစ်ပေါ်လာလျှင်
မိမိ၏စိတ်ကို သီလဖြင့်ဆေးကြောပြီး စင်ကြယ်အောင်ပြုလုပ်ကြရပါမည်။

မိမိ၏စိတ်ကို အဓိကတည်ဆောက်ရမည်မှာသီလပင်ဖြစ်ပါသည်။ ထိုသီလရှိက မိမိတို့သည်အရှက်
တရား အကြောက်တရား ရှိလာပြီး မိမိစိတ်ကို စင်ကြယ်အောင်ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပါသည်။ ထို့ကြောင့် ဘ၀သံသရာအဆက်ဆက်နှင့်နိဗ္ဗာန် ရောက်သည်အထိ မိမိဘ၀ကို စင်ကြယ်မွန်မြတ် စေလိုလျှင် စိတ်စင်ကြယ်မှုကို အထူးတလည် တည်ဆောက်ကြဖို့ လိုအပ်ပါသည်။

စိတ်စင်ကြယ်နေသောသူသည် ဤဘ၀မှာပင် မျက်နှာလည်းအမြဲကြည်လင်၍ မြင်ရသူများအဖို့ စိတ်နှလုံးချမ်းမြေ့စေပါသည်။ ထို့ကြောင့်ဘ၀ကို လှပစေလိုသူတို့သည် စိတ်နှလုံးကို အထူး စင်ကြယ်စေရန် မိမိကိုယ်ကို သီလ တရား ဘာဝနာတရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံး နေထိုင်ရမည်ဖြစ်ပါကြောင်း ရေးသားနှိုးဆော်ရပေသည်။

တက္ကသိုလ်သျှင်သီရိ