Monday, January 16, 2012
သုသုမာရဂိရမြို့ က ရှင်တော်ဘုရားပြောခဲ့တဲ့ စကား
သုသုမာရဂိရမြို့ က ရှင်တော်ဘုရားပြောခဲ့တဲ့ စကား
“အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ”
“ကိုယ်သာ နာစေ၊ စိတ်မနာစေနဲ့။”
(ခန္ဓသံယုတ်၊ နကုလပိတုသုတ်)
(၁)
“စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်” ဆိုသကဲ့သို့ စကားခြောက်ခွန်း ရှိသည့်အနက် အကျိုးတရားကို ဖြစ်ထွန်းစေတတ်သော နှစ်ခွန်းကိုသာ ပြောဆိုသင့်သည်ဟု မြတ်ဗုဒ္ဓ ဟောကြားထားပေ၏။
    ထိုနှစ်ခွန်းမှာ ဟုတ်မှန်ကာ အကျိုးရှိ၍ သူတစ်ပါး နာခံသာသော စကားမျိုးနှင့် ဟုတ်မှန်ကာ အကျိုးရှိသော်လည်း  သူတစ်ပါးနာမခံသာသောစကားမျိုးတို့ဖြစ်သည်။ မြတ်ဗုဒ္ဓသည်လည်း ထိုနှစ်ခွန်းတို့ ကိုပင် ဆိုတော်မူခဲ့လေသည်။ ဟုတ်မှန်ပါသော်လည်း သူတစ်ပါးတို့အတွက် အကျိုးမရှိလျှင် မပြောဆိုသင့်ပေ၊ ဟုတ်မှန်ကာ အကျိုးလည်းရှိ၍ သူတစ်ပါးနာခံသာသော စကားမျိုးသည်သာ အကောင်း ဆုံးဖြစ်ပေ၏။
(၂)
ဆင်းရဲနွမ်းပါးလှသည့် တောရွာတစ်ရွာ၏ အနီးဝယ် သုသုမာရတောင်တန်းမှာ သာယာလှပပေ၏၊ တောင်ထိပ်သို့ တက်ရောက်သည့် ကျောက်လမ်းလေးမှာလည်း ညီညာဖြောင့်ဖြူးနေ၏။  တောင်ထိပ်တွင် ဘုရားရှင်သီတင်းသုံးခဲ့သည့် ကျောင်းတော် ကလေး တည်ရှိသည်။
   ကျောက်သားတို့ဖြင့် တည်ဆောက်ထားသောကျောင်းတော် ကလေးကို ရှေးမူလက်ရာအတိုင်း မပျောက်ပျက်စေရန် ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောက်ရှောက်ထား၏၊ တောင်ထိပ်မှ လှမ်းမျှော်ကြည့်လျှင် ၀န်းကျင် မြင်ကွင်းတို့မှာ စိမ်းလမ်းစိုပြေနေပြီး  လယ်ယာများ၊ရွာငယ်လေးများကို မြင်တွေ့ရ၏။ သုသုမာရဂိရိတောင်မှ အခြားတဘက် တောင်ထိပ်တွင် ဗန္ဓာရိ ဒေ၀ီ ဟိန္ဒူဘုရားကျောင်း တည်ရှိပေ၏။
   ဤဒေသသည် ပစ္စက္ခအခြေအနေအရ ကြီးကျယ်စည်ကားမှု မရှိတော့သော်လည်း  ဘုရားရှင်ခေတ်ကမူ စည်ကားလှသည့် သုသုမာရဂိရမြို့တော်ကြီး၏ နေရာပင် ဖြစ်ပေသည်။
  သုသုမာရဂိရမြို့သည် ဘဂ္ဂတိုင်းတွင် ပါဝင်သော မြို့ဖြစ်သည်။ မြို့တော် တည်ဆောက်ရန်အတွက် ပန္နက်ချချိန်တွင် အနီးရှိရေကန်မှ မိချောင်းတစ်ကောင်သည် “သုသုမာရ” ဟုအသံပြုလေ၏၊ ထိုမိချောင်း အသံကို အစွဲပြု၍ သုသုမာရဂိရမြို့ဟု အမည်မှည့်လေ၏။ အချို့ဆရာတို့ကမူ မိချောင်းသဏ္ဍာန်နှင့်တူသော တောင်ရှိခြင်းကြောင့် သုသုမာရဂိရမြို့ အမည်ထင်ရှားကြောင်း ဖွင့်ပြကြ၏၊ ဘုရားရှင်သည် ဤသုသုမာရ ဂိရမြို့ သားသမင်တို့အားဘေးမဲ့ပေးရာဖြစ်သော ဘေသကဠ တောအုပ်၌ အဋ္ဌမမြောက် ၀ါကပ်တော်မူခဲ့ သည်။
  ဘုရားရှင်နှင့် ချစ်ကျွမ်းဝင်လှသော နကုလပိတာ ဇနီးမောင်နှံတို့ နေထိုင်ရာ မြို့ဖြစ်သည်။ ထိုဇနီးမောင်နှံတို့သည် အတိတ်ဘ၀တို့က ဘ၀ငါးရားစီ အမိ,အဘ၊ မိကြီး,ဘထွေး၊ အဘွား,အဘိုး၊ အရီး,ဦးလေးတို့ ဖြစ်ခဲ့ကြသည်။ မြတ်ဗုဒ္ဓသည် သုသုမာရဂိရမြို့သို့ ပထမဆုံးအကြိမ် ကြွတော်မူလာသည့် အခါ မြို့သူမြို့သားတို့နှင့်အတူ နကုလပိတာ ဇနီးမောင်နှံတို့လည်း ထွတ်ကာ ကြိုဆိုကြသည်။
    ဘုရားရှင်ကို တွေ့လျှင် တွေ့ခြင်းပင် ဘ၀များစွာက သားတည်းဟူသောသံယောဇဉ်ကြောင့် “သား အဖေ အမေတို့ကို ခွဲခွါကာ အဘယ်ကြောင့် အကြာကြီးနေရသနည်း”ဟု ခြေတော်တို့ကို ပွေ့ဖက်ကာ  ရင်းရင်းနှီးနှီးပြောဆိုကြလေ၏။ ဘုရားရှင်လည်း ထိုဇနီးမောင်နှံတို့ စိတ်ဓာတ်တည်ငြိမ်စေရန်အတွက် ခေတ္တမျှ ဆိုင်းငံ့တော်မူပြီး တရားတော်ကို ဟောကြားလေ၏။ ဒေသနာအဆုံးတွင် နှစ်ဦးလုံးပင် သောတာပန်တို့ ဖြစ်ခဲ့ကြသည်။
  မြတ်ဗုဒ္ဓသည် သုသုမာရဂိရမြို့သို့ မကြာခဏ ကြွရောက်သီတင်းသုံးတော်မူ၏။ နကုလပိတာ ဇနီးမောင်နှံတို့လည်း  ဘုရားရှင်ကိုဖူးမြှင်ရလျှင် တွန့်ဆုပ်ခြင်း ကြောက်ရွှံ့ခြင်း အလျဉ်းမရှိဘဲ ရင်းနှီးခင်မင်စွာ ပြောဆို လျှောက်ထားတတ်ကြသည်။ အခါတစ်ပါး  ဘုရားရှင် သုသုမာရဂိရမြို့သို ကြွရောက်လာသောအခါ မိမိတို့ အိမ်သို့ ဆွမ်းစား ပင့်ဖိတ်ကြ၏။
   ထိုအခါ အဘိုးကြီး အဘွားကြီးဖြစ်နေကြပြီဖြစ်သော ထိုမောင်နှံတိုသည် ဘုရားရှင် အနီးသို့ ချည်းကပ်ကြပြီး “ အရှင်ဘုရား တပည့်တော်တို့သည် ပျိုမြစ်နုနယ် ငယ်ရွယ်စဉ်ကပင် လက်ထပ်ထိမ်းမြှား ခဲ့ကြပါသည်၊ ထိုအချိန်မှစ၍ အခြားအမျိုးသမီး အမျိုးသားတို့ကို စိတ်ဖြင့်ပင် မပြစ်မှားခဲ့ဘူးပါ။ ကိုယ်ဖြင့်မူ ဆိုဖွယ်ရာပင် မရှိပါ၊ ထိုကြောင့် တပည့်တော်တို့သည် ယခုဘ၀ နောက်ဘ၀  ဘ၀ဆက်တိုင်းတွင် အချင်းချင်း တွေ့မြင် လိုကြပါသည်” ဟု အသီးသီး လျှောက်ထားကြလေ၏။ ထိုအခါ ဘုရားရှင်က ဇနီးမောင်နှံ နှစ်ယောက်လုံး  သဒ္ဓါ,သီလ, စာဂ,ပညာ တူညီစွာထားကြလျှင် ဘ၀ဆက်တိုင်း တွေ့မြင် နိုင်ကြပေမည်ဟု ဟောကြားခဲ့လေ၏။
တစ်ရံရောအခါ နကုလပိတာသည် ပြင်းပြင်းထန်ထန် မမာမကျန်းဖြစ်လေ၏၊ ယင်းအချိန်တွင် နကုလမာတာသည် ခင်ပွန်းသည်၏အနီးသို့ ချည်းကပ်ပြီးလျှင် “အရှင့်သား ငါမရှိသောအခါ နကုလမာတာသည် ကလေးတို့ကို စောက်ရှောက်မွေးမြူ နိုင်လိုက်မည်မဟုတ်ဟု ငဲ့ကွက်ခြင်း မပြုပါလင့်၊ ငဲ့ကွက်ပူပန်ကာ မေ့မေ့လျှော့လျှော့ဖြင့် သေခြင်းကို  ဘုရားရှင် မချီးမွမ်းပါ။” စသည်ဖြင့် အကြောင်းအရာခြောက်ပါးတို့ကို ဟောပြောဆုံးမလေ၏။ ဆုံးမစကားအဆုံးတွင် နကုလပိတာသည် ချက်ခြင်းပင် ရောဂါပျောက်ကင်းခဲ့လေသည်။
  တနေ့သောအခါ နောက်ဆုံးအရွယ်သို့ ရောက်ခဲ့ပြီဖြစ်သော နကုလပိတာသည် ဘုရားရှင်ထံ ရောက်လာပြီး “အရှင်ဘုရား တပည့်တော်သည် အသက်အရွယ် ကြီးရင့်၍ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်းတော်တို့ကို အမြဲတစေ မဖူးမျှော်နိုင်တော့ပါ။ ထိုကြောင့် တပည့်တော်ကို ဆုံးမသွန်သင်တော်မူပါ”ဟု လျှောက်ထားလေ၏။
  ထိုအခါ ဘုရားရှင်က အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ခန္ဓာကိုယ် အမြဲ နာကျင်နေပါသော်လည်း “ငါသည် နာကျင်သောကိုယ်ရှိသူဖြစ်လျှက် ငါ၏စိတ်သည် နာကျင်မှုကင်းသည် ဖြစ်လတံ့”ဟု ကျင့်ရမည်  ဟု မိန့်တော်မူ၏။
     မြတ်ဗုဒ္ဓစကားတော်ကြောင့် နကုလပိတာသည် ၀မ်းမြောက်ကြည်နူးခဲ့ပြီး အရှင်သာရိပုတ္တရာကို သွားရောက်ဖူးမျှော်ကာ ပြန်လည်လျှောက်ထားလေ၏။ ထိုအခါ မထေရ်မြတ်က “ခန္ဓာငါးပါး ရုပ်နာမ် တရားတို့ကို အတ္တဟုရှုကာ မေ့လျော့ နေကုန်သော သူတို့သည် ဇရာထောက်၍ နာကျင်မှု ခံစားရသောအခါ ကိုယ်စိတ်ညိုးနွမ်း ပင်ပန်း၍ ကိုယ်ရောစိတ်ပါ နာကျင်မှုခံစားရလေ၏၊ သူတော်ကောင်း တရားတို့ကို လိုက်နာကျင့်သုံး နေကုန်သောသူတို့သည်  သတိတရားဖြင့် ရုပ်နာမ် တရားတို့ကို အတ္တမဟုတ်ဟု အမြဲ ရှု့မြင်နေကြသောကြောင့်  အရွယ်ကြီးရင့်၍ နာကျင်လာသောအခါ ကိုယ်စိတ် မဆင်းရဲစေဘဲ မိမိကိုယ်ကို  စောက်ရှောက်နိုင်ပေ၏။  ကိုယ်သာနာသော်လည်း စိတ်မနာစေဘဲ ကောင်းစွာထိန်းသိမ်းနိုင်ပေ၏”ဟု  အကျယ်ချဲ့ကာ ဟောကြားလေသည်။ ယင်းဒေသနာတော်ကြောင့် နကုလပိတာသည် လွန်စွာ ၀မ်းမြောက်ကျေနပ်လေ၏။
   မမြဲသောသဘောရှိသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် သူ့သဘောသူဆောင်ကာ ဖြစ်ပျက်နေကြမည်သာ ဖြစ်သည်။ သတ္တ၀ါတိုင်း ပျိုရာမှ ရင့်၊ ရင့်ရာမှာအို၊ အိုရာမှာနာ ကြရမည်မှာ ဓမ္မတာပင်။  အချိန်တန်၍ နာကြရသည့် အချိန်ရောက်လျှင် ကိုယ်ခံအား ကောင်းကောင်းဖြင့် ခံနိုင်ရည်ရှိဖို့ရန် အထူးလိုအပ်ပေသည်။ ကိုယ်ကျင့်တရား ကောင်းကောင်းဖြင့် ထုံမွမ်းနေကြသောသူတို့သည် ဇရာထောက်၍ နာကြရသည်အခါ ခုခံအားကောင်းသဖြင့် ကိုယ်သာနာသော်လည်း စိတ်မနာစေဘဲ အပြုံးမပျက် ရင်ဆိုင်နိုင်ပေသည်။ မေ့လျှော့ပေါ့ဆကာ တရားလက်လွတ် နေကြသောသူတို့သည်ကား ခန္ဓာကိုယ်ကြီး အိုမင်းရင့်ရော် လာသည့်နှင့်အမျှ စိတ်ဓာတ်တို့ပင် ကျဆင်းကာ ပူပန်ကြရ၏။ ကိုယ်ရော စိတ်ပါ နာကျင် ခံစားကြရပေ၏။
  ထိုကဲ့သို့ အတိတ်ဘ၀က ပါရမီတို့ပြည့်ခဲ့သဖြင့်  မြတ်ဗုဒ္ဓနှင့် ရင်းနှီးအကျွမ်းဝင်မှု တို့ကြောင့် အကျွမ်းဝင်သောစကားကိုဆိုကုန်သော ဥပါသကာတို့တွင် နကုလပိတာသည် အမြတ်ဆုံး၊ အကျွမ်းဝင်သောစကားကိုဆိုကုန်သော ဥပါသိကာမတို့တွင် နကုလမာတာသည် အမြတ်ဆုံး ဟုဧတဒဂ် နေရာတို့တွင် သတ်မှတ်ခဲ့ပေသည်။
  မြတ်ဗုဒ္ဓသည် ယင်းမြို့ ဘေသကဠတောအုပ်တွင် သီတင်းသုံးစဉ် မာဂဓတိုင်း ကလ္လပုတ္တရွာတွင် ငိုက်မြည်းလျှက်ထိုင်နေသော အရှင်မဟာမောဂွလာန်ကို ဒိဗ္ဗစက္ခုဖြင့် မြင်တော်မူကာ ငိုက်မြည်း ပျောက်ကြောင်း(၇)ချက် (ပစာလာယမာနသုတ်) ကို ဟောကြား ခဲ့ပေသည်။ ယင်းအပြင် သုတ်တော် (၇) သုတ်တို့ကို ဤမြို့၌ပင် ဟောကြားခဲ့သည်။
  သေခိယသိက္ခာပုဒ် နှစ်ပုဒ်နှင့် ဗောဓိမင်းသားကို အကြောင်းပြုကာ ခင်းထားသော အ၀တ်ခင်းကို မနှင်းရန် ပညတ်ခဲ့သည်။ နောင်သောအခါ လူတို့၏ မင်္ဂလာအကျိုးငှါ တောင်းပန်ပါက အ၀တ်ခင်းတို့ကို နင်းရန် ခွင့်ပြုခဲ့သည်။ အရှင်မဟာမောဂ္ဂလာန်သည် ယင်းမြို့၌ သီတင်းသုံး၍ အနုမာနသုတ်နှင့် မာရတဇ္ဇနိယသုတ်တို့ကို ဟောကြားခဲ့သည်။
(၃)
   “ကိုယ်သာနာစေ၊ စိတ်မနာစေနဲ့” ဟူသော မြတ်ဗုဒ္ဓ စကားတော်သည် ဖခင် နကုလပိတာဘ၀ကို များစွာ ပျော်ရွှင်စေခဲ့သည်။ တက်ကြွစေခဲ့သည်။ သေရာညောင်းစောင်း လဲလျှောင်းသည်အထိ အမြဲလိုက်နာ  ကျင့်သုံးခဲ့လေ၏။
     မိဘမေတ္တာ တို့ဖြင့် ပျံ့သင်းလျှက်ရှိသည့် သုသုမာရဂိရဟူသော ဤနေရာလေးသို့ ရောက်ခိုက် မိမိ၏ စိတ်အစဉ်သည်လည်း  မွေးရပ်မြေမှ ဖခင်အိုကြီးကို ပြေး၍ အမှတ်ရမိလေသည်။ ဇရာထောက်၍ နောက်ဆုံးအရွယ်သို့ ရောက်နေပြီဖြစ်သော ဖခင်ကြီးမှာ အမြဲနာကျင်နေ မည်သာဖြစ်၏။ မရှောင်လွဲ နိုင်သော သဘောတရားအရ ကိုယ် နာနေသော်လည်း စိတ်မနာစေဖို့ရန် အရေးကြီး၏။
   နောက်တစ်ခါ ရွာပြန်ရောက်လျှင် “ကိုယ်သာနာစေ၊ စိတ်မနာစေနဲ့” ဟူသော ဟုတ်မှန်ကာ အကျိုး လည်းရှိ၍ သာယာနာပျော်ဖွယ်ကောင်းသော အကောင်းဆုံး စကားကို ဖခင်ကြီးအား ပြောပြရပေအုံးမည်။ ထိုအခါ မိမိ၏ဖခင်ကြီး သည်လည်း  နကုလပိတာကဲ့သို့  ပျော်ရွှင်ကြည်နူးပြီးလျှင် ဘ၀၏ နောက်ဆုံး အချိန်ထိ လိုက်နာကျင့်သုံးနိုင်ပါစေ- ဟု တောင့်တနေမိလေ၏။
သိမ်မွေ့ဦး (BHU)