ယနေ့သရက်ပင်စိုက်၍ ယနေ့ရေလောင်းလျှင်
ယနေ့သရက်သီးစားရသည်မဟုတ်ပေ။ ပိုးရွခြပုန်းတို့သည်
တရွေ့ရွေ့တည်ဆောက်အားထုပ်ခြင်းဖြင့် သူတို့အတွက် နေရာအိမ်ကို
ဖန်တီးကြလေသည်။ ပျားပိတုန်းတို့သည် ပွင့်ချပ်ပွင့်ဖတ်တို့ကို
တဖြေးဖြေးစုပ်ယူ ခြင်းဖြင့် ပျားရည်ဥနေသော ပျားလဘို့တံကြီးကို ရရှိကြသည်။
မြတ်မှိုက်တို့ကို တမျှင်ချင်း
စုဆောင်းခြင်းဖြင့် စာခေါင်းဝါငှက်ကလေးတို့သည် မိုးတွင်း၌နေရန် လုံးခြုံသော
စာပေါင်းသိုက်ကို တည်ဆောက်နိုင်ကြလေသည်။ ဆိုလိုသည်မှာ အသေးအဖွဲ့လေးများကို
တဖြေးဖြေးစုစည်း ခြင်းဖြင့် ကြီးကျယ်ခမ်းနားခြင်း၊ ခိုင်ခန့်ခြင်း
တို့ဖြစ်ပေါ်လာရသည်ဟူလို၏။
ထိုအသေးအဖွဲ့လေးများကို စုစည်းတက်ရန်မှာ
စွဲမြဲသောအလေ့အထမှ ရရှိနိုင်ပေသည်။ မြန်မာရာဇ၀င်တွင် ဆရာတော်
ဦးကျည်ပွေ့အကြောင်းပြောစမှတ် ပြုခဲ့ကြ၏။ ဆရာတော်သည် အသက် (၆၀)ကျော်မှ
ပိဋကတ် စာပေကို လေ့လာကျက်မှတ်၏။ သို့ရာတွင် ဆရာတော်၌ စည်းစနစ်ကျမှုရှိ၏။
စွဲမြဲသောအလေ့အထရှိ၏။
တနေ့လျှင်တန်ပူ (ဘုန်းကြီးများ သွားကြားထိုးရာ၌
အသုံးပြု၍ လက်(၈)သစ်ခန့်ရှိသည်) တထောက်ကျသာလျှင် ကျက်မှတ်၏။
ထိုအောက်လည်းမယုတ်၊ ထိုထက်လည်း မပိုလွန်ချေ။ ဤတန်ပူတထောက်စာကိုလျှင်
နေ့စဉ်အကြိမ်ကြိမ် အထပ်ထပ်စွဲမြဲ လေ့လာကျက်မှတ်လေ၏။ များမကြာမှီ
စာတက်အကျော် ဆရာတော် ဖြစ်၍ လာတော့သည်။
စာရေးသူသည် (ဥာဏ်အားကိုးဖြင့်)
အလွန်ပျင်းထူ၏။ အစိုးရပထမကြီးတန် စာမေးပွဲသို့ဝင်ရန်ရှိသောအခါ
ဂါထာအပုဒ်ပေါင်း ၁၂၀၃-ပုဒ်တိတိ ပါရှိသော အဘိဓာန်ကြီးကို ကြည့်၍
စိတ်ပျက်အားငယ်ခြင်းဖြစ်မိ၏။ ၀ီရိယ စွမ်းအားထက်သူများအဖို့ ဤမျှသည်
ထိတ်လန့်ဘွယ်မဟုတ်။ စာရေးသူအဖို့မူ တုန်လှုပ်ချောက်ချားနေတော့ သည်။
သို့ရာတွင် စာရေးသူသည် အဖြေကို
အမြဲတမ်းရှာလျက်ရှိ၏။ ဥပမာခပ်ရိုင်းရိုင်းပေးရ သော် သူများမွေးလို့မှ
ကိုယ်မမွေးလျှင် အမြုံသာဖြစ်ချိမ့်မည်ဟု စိတ်ကိုအားတင်းလိုက်၏။
အဖြေကားတွေ့ရပေပြီ၊ တနေ့လျှင် ဂါထာ ၅-ပုဒ်ကျအချိန်မှန်မှန် ကျက်ရန်တည်း။
ဆွမ်းခံသွားရင်း အရကျက်ရန်ကိုလည်း သတ်မှတ်လိုက်၏။ ဆွမ်းခံအပြန်၌စာချဘုန်း
ကြီးအထံပြန်၍ပြ၏။
၎-လမျှကြာသော် ဂါထာပုဒ်ပေါင်း ၆၀၀
မျှအာဂုံနှုတ်တက်ရမိလေသည်။ နောက်ထပ်လေးလမျှ ဤသို့မှန်မှန်
လေ့ကျက်သွားပါလျှင် အဘိဓာန်တအုပ်လုံး အလွတ်ရပေမည်။ တနေ့လျှင် ဂါထာလေး
၅-ပုဒ်မျှသာ ကျက်ရ ပါသဖြင့် အပျင်းထူနေစရာလည်းမလို၊ ခက်ခဲပင်ပန်းမှုလည်း
မရှိတော့သဖြင့် စာရေးသူအဖို့အတော်ပင်ပြေ လည်သွားခဲ့လေသည်။ ဤသည်မှာ
စွဲမြဲသော အလေ့အထမှ ရလိုက်သော အကျိုးအမြတ်ဖြစ်ပေသည်။
မြန်မာစကားပုံတွင် “လက်ဖက်ကောင်းစားလို
ပလောင်လို နှေးစေရမည်” ဟု၎င်း၊ “ကြာရှည်ဝါးမည့်သွား အရိုးကြည့်ရှောင်” ဟု၎င်း
အဆိုရှိလေသည်။ အလုပ်ကြီးအလုပ် ကိုင်များကိုလုပ်ရာ၌ ဟောဟောဒိုင်းဒိုင်း
အရင်စလိုပြုမှုခြင်းဖြင့် ခရီးမရောက်နိုင်ချေ။ ပျက်စီးဆုံးရှုံးမှုများနှင့်သာ
ရင်ဆိုင်ကြရပေလိမ့်မည်။
အရာရာတွင် ချင့်ချိန်တွက်ဆနိုင်ခြင်း၊ အေးဆေးသပ်ရပ်စွာ
ပြုလုပ်တက်ခြင်းနှင့် အချိန် မှန်ခြင်းသည်သာကိစ္စ ပြီးမြောက်နိုင်၍
ခရီးရောက်နိုင်ပေသည်။ လူတို့သည် အသေးအဖွဲ့ကိစ္စလေးများကို ပြုလုပ်ရလျှင်
သေးသိမ် သည်ထင်တတ်ကြ၏။
တံစက်မြိတ်မှ တစက်ချင်းတစက်ချင်း
ကျရောက်သည့် ရေပေါက်တို့သည် ခံအိုးကြီးပင် ပြည့်စေနိုင်၏ဟူသော
သဘာဝကိုမေ့နေတတ်ကြလေသည်။ အိမ်ပေါ်သို့ရောက်ရန် အောက်ဆုံးလေကားထစ်မှ
စတင်တက်ရောက်ရ လေသည်။
စာရေးသူ၏ ဖခင်ကြီးသည် လူပျိုပေါက်အရွယ်၌
မျက်စိတဖတ်တွင် မရိုးစေးမတော် တဆအ၀င်ခံရလေသည်။ သာမန်အသေးအဖွဲ့လေးမျှ
အထင်ရောက်၍ တက်ကျွမ်းနား လည်သူများထံ မပြမိပေ။ လေးငါးရက်ကြာသော် မျက်စိတွင်
တိမ်ခိုးသန်း၍ စက္ခုပသာဒ ချို့ယွင်းခဲ့သည်မှာ အသေးအဖွဲ့ကိစ္စဖြစ်၍
မမှုလောက်ဟု အထင် ရောက်ခဲ့မှုကြောင့်ဖြစ် လေသည်။ အသေးအမွှားဟု
မလေးမစားပြုလျှင် မှားတတ်ကြောင်းသာဓကပင်ဖြစ်သည်။
“အမှိုက်ကစ ပြာဿာဒ်မီးလောင်” ဟူသကဲ့သို့ အသေးအဖွဲ့ပင်ဖြစ်စေကာမူ ပျက်စီးခြင်း အနန္တ ဆိုက်စေ၏။
အောင်မြင်ကျော်ကြား၍ ကြီးပွားချမ်းသာခြင်းအတွက် အထွတ်အထိပ်သို့လည်း ပို့ဆောင်ကြောင်း သတိမူရာ၏။
စာရေးသူ စာသင်တိုက်မှာ နေစဉ်ကဖြစ်ပါသည်။
ကျောင်းတိုက် အ၀င်လမ်းဘေးတဖက်တချက်၌ နွယ်သာကီပင်များကို
ကျေးဇူးရှင်ဆရာတော်က (အသျှင်ဇနကာဘိဝံသ အဂ္ဂမဟာပဏ္ဍိတဖြစ်ပါသည်)
စီတန်း၍စိုက်စေ၏။ စာရေးသူက ကြည့်ရှု့စီမံ၍ခိုင်းရ၏။
အပင်ငယ်တပင်မှာ အမြစ်တွင်
တူးရွင်းနှင့်ထိုးမိ၍ ရှင်သန်ဖို့မျှော်လင့်ဘွယ်မရှိချေ။
သို့သော်တွင်းကလည်း တပင်စာကျန်နေ၍ ရှင်သော်ရှင်ငြား မလိုလဲလိုအနေဖြင့်
စာရေးသူကအစိုက်ခိုင်းလိုက်၏။ နောက်တနေ့တွင် ဆရာတော်သည် လာ၍ကြည့်၏။
ညှိုးလျော်နေသော ထိုသစ်ပင်ကိုတွေ့ရလေရာ စာရေးသူအားခေါ်၍ သတိ ပေးစကား
မိန့်ကြားလိုက်၏။
“မျှော်လင့်ချက်မရှိတဲ့အလုပ်ကို မလုပ်ရဘူးကွယ့်၊ သူများအထင်အမြင်သေး ခံရတက်တယ်”
စာရေးသူ၏နားထဲတွင် အရိုးခိုက်အောင်စွဲ၍ သွားလေသည်။ ဆရာတော်သည်
သေးဖွဲ့သောကိစ္စကိုပင် ဂရုတစိုက် ရှုမြင်တက်ပေသည်တကား။ ထို့ကြောင့်ပင်
နိုင်ငံ၌ထင်ပေါ် ကျော်ကြားသောဆရာတော်တပါးဖြစ်၍ နေသည်မှာ မဆန်းတော့ချေ။
“အစကောင်းမှ အနှောင်းသေချာ”
နိုင်ကြောင်းကိုလည်း သဘောပေါက်မိလာတော့ သည်။ ထိုစဉ်မှစ၍ မည်သည့်အလုပ်မျှ
ပေါ့ပေါ့တန်တန် သဘောမထားနိုင်တော့ပေ။ အလေးအနက်ထား၍ ရှင်းလင်ပြတ်သား အောင်
လုပ်တက်သည့် အလေ့အထမှာ စွဲမြဲ လာခဲ့ရပေသည်။
ရာဇ၀င်၌ စည်သူကျော်ထင်သည်
နရပတိဟူသောအမည်ဖြင့် အင်ဝနန်းကို ၉၁၃-ခုနှစ်တွင်နန်းတက်လေသည်။ ဤမင်းသည်
သူတော်ကောင်းတရားနှင့် ပြည့်စုံသည်။ သစ္စာ စောင့်သိခြင်း၊
ရဲစွမ်းသတ္တိရှိခြင်း၊ မျှော်မြင် ဥာဏ်သွားခြင်းတို့၌ ကျော်ကြားသည်။
ထိုထက်ထူးခြားသည်ကား “ဥဒေတယံ” ဂါထာကို နံနက်တထောင်၊ “အပေတယံ” ဂါထာကို
ညဥ့်တထောင်ရွတ်ဖတ် သရဇ္ဈာယ်လေ့ရှိခြင်းပေတည်း။
သာမန်ဇွဲ သာမန်စွဲမြဲသောအလေ့အထတို့ဖြင့်
ဤမျှ ရွတ်နိုင်မည်မဟုတ်ချေ။ တကယ့်ဇွဲ တကယ့်စွဲမြဲသော အလေ့အထတို့ကြောင့်သာ
ဤမျှ ရွတ်ဆိုနိုင်ခြင်းပေတည်း။ စာရေး သူအနေဖြင့် မချီးကျူးပဲ
မနေနိုင်ပါချေ။
နံနက်တထောင် ညဥ့်တထောင်မဆိုထားဘိ
တခေါက်ကိုမျှ နေ့စဉ်မှန်မှန်ရွတ်နိုင်သူ မည်မျှရှိမည် ထင်ပါ သနည်း။
နေ့စဉ်ဘုရားဝတ်ပြုခြင်း၊ နေ့စဉ်ရတနာသုံးပါး မိဘဆရာ တို့ကို ဦးချ၍
အိပ်ခြင်းကိုပင် မှန်မှန်ပြုလုပ် သူ နည်လှပေလိမ့်မည်။ လူတို့သည် “ခလုတ်ထိမှ
အမိတ” တတ်ကြလေ၏။
“စွဲမြဲသောအလေ့အထ” အကြောင်း
(ယခုဆောင်းပါး)ရေးခဲ့စဉ်က ပထမဆုံးရေးသား လေ့ကျင့်ခံသည် ဒိုင်ယာရီ
စာအုပ်လေးကို လှန်လှောကြည့်မိ၏။ သုံးပုံ့တပုံခန့်သာ ရေး
မှတ်ထားသည်ကိုတွေ့ရသည်။ နှစ်ပုံခန့်မှာ အကြောင်း အမျိုးအမျိုးကြောင့်
မရေးမှတ် နိုင်ပဲ ကွက်လပ်ကျန်နေသည်ကို တွေ့ရှိရပေ၏။
ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင်
လူတွင်ကျယ်လုပ်ချင်ကြ၏။ အောင်မြင်မှုဂုဏ်ပုဒ်ဟူသမျှ သည် ကျန်ုပ်တို့အား
ကြိုလင့်နေစေချင်၏။ ကျန်ုပ်တို့သည် ဧရာမအဓိပတိပုဂ္ဂိုလ်ကြီး များ
ဖြစ်လိုကြ၏။ ဤကဲ့သိုဖြစ်ရန် ဘာတွေကိုစွဲစွဲမြဲမြဲ
ပြုလုပ်ကြိုးပမ်းနေကြပါသနည်း။ နေ့စဉ်မှတ်တမ်းလေးကိုမျှ
မှန်မှန်မရေးသားနိုင်ပါတကား။
သို့ဆိုလျှင် “လူတိုင်း လူတွင်ကျယ်
လုပ်ချင်၏၊ ခိုင်ကျည်တည့်မတ်သောစိတ်မရှိ၊ လူတိုင်းထင်ပေါ်ချင်၏၊- ဇွဲမရှိ၊
လူတိုင်းထင်ပေါ်ချင်၏- စွဲမြဲမှုမရှိ” ဟုဆိုရန်မှတပါး
အခြားအကြောင်းမရှိတော့ပေ။
စစ်ကိုင်းမင်းရှိန်
ဓမ္မဗျူဟာမဂ္ဂဇင်း
(အတွဲ-၈၊ အမှတ်-၂)