Monday, January 2, 2012

မေတ္တာစင်စစ် ပါရမီချစ်ရဲ့ နှစ်သစ်မင်္ဂလာ


မေတ္တာစင်စစ် ပါရမီချစ်ရဲ့ နှစ်သစ်မင်္ဂလာ


မကြာခင် တွင် ပညတ်အားဖြင့် နှစ်သစ်မည်သော အချိန်ကာလ တစ်ခုသို့ကူးပြောင်း ရောက်ရှိ ပေအုံးတော့မယ်။
အခုရက်များအတွင်း မေတ္တာ ဆို သော စကားလုံး နဲ့ ယှဉ်တဲ့ ကျင့်စဉ်တွေ ကိုးကားချက် တွေ ဟာ ကျွန်မ ရဲ့ စိတ်နှလုံး မှာ ကွန်ရက် ယှက် သလို ရှုပ်ထွေး ဖုံး လွှမ်းနေခဲ့ပါတယ်..
မေတ္တာဖြန်းမှ လန်းဆန်းပါသတဲ့..
မေတ္တာခြုံမှ လုံသတဲ့..
မေတ္တာလွှမ်း မှ အေးချမ်းသတဲ့
မေတ္တာ သည်သာအမြတ်ဆုံး တဲ့..။
မေတ္တာ ဆိုတဲ့ စကားလုံး ကို နားလည် ဘို့၊ ခံယူကျင့်သုံးစေဘို့ ဘုရားရှင်က အားလုံး နားလည် မဲ့ ကိုယ်စားပြု ပုံရိပ် တစ်ခု မီးမောင်းထိုးပြခဲ့ပါတယ်..။ အဲဒီပုံရိပ်ကတော့ အမေနေရာ မှာနေပေးဘို့ပါ။

(မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ )
အမိသည် မိမိရင်သွေး ဖြစ်သော တစ်ယောက်တည်းသောသားငယ်ကို အသက်အတွက်ကြောင့် အဖန် တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤ နည်းအတူသာလျှင် ခပ်သိမ်းသော သတ္တဝါတို့ ၌ အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကိုပွားစေရာ၏။ တဲ့။

တကယ့်မေတ္တာစစ်စစ် ရှိဘို့ ဆိုရင် တစ်ဦးတည်းသော သားအပေါ်မှာ ထားတဲ့ မိခင် တို့ ရဲ့ ကောင်းကျိုးလိုလား မှု၊ မြတ်နိုးကြင်နာမှု၊ တန်ဘိုး ထားမှု၊ နားလည် ခွင့်လွှတ်မှု၊ တွေ နဲ့ အေးအေးမြမြ ဖြစ်နေတဲ့ သဘောတရား တစ်ခုကို ခံစားရပါလိမ့်မယ်..။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး က အမြဲဆုံးမ ဘူးပါတယ်..။*ဘယ်လို အဖွဲ့အစည်းဖြစ်ဖြစ် မေတ္တာဓာတ် နဲ့ ချည်နှောင်မှသာ ခိုင်မြဲပါကြောင်း။မေတ္တာမှာသိမ်မွေ့သောဆွဲဆောင်ဓာတ်တစ်ခုရှိကြောင်း။ဟောပြောဆုံးမတတ်ပါတယ်။ *ယောဂီ ဝေယျာဝစ္စ များ တပည့်များ အားလုံး အတွက် အဆင်ပြေ စေမဲ့ တစ်ခွန်းသော စကားကိုလမ်းညွှန်ခဲ့တာပါ..။
အဆင်မပြေတာရှိလို့ ဆရာတော်ဘုရားထံ တစ်ခုခု သွားလျှောက်မိရင်လည်း *သမီးက-မိထွေး-မျက်လုံး တပ်လိုက်တယ်နဲ့ တူတယ်..။* ဒါကြောင့်အပြစ်တင် ချင်စိတ်တွေ ပေါ်လာတာတဲ့..မိခင် မျက်လုံး ပြန်တပ် ပြီးကြည့်နော် ဟု ပြုံး ပြုံးရယ်ရယ် ဆုံးမ ဘူးတာ မမေ့ခဲ့ပါ။

ကျွန်မ လည်း အတတ်နိုင်ဆုံး အမေဆိုတဲ့ နေရာမှာ မိခင်တစ်ဦး ရဲ့ နှလုံးသားဖြင့် နေနိုင် အောင် ကြိုးစား ပါတယ်..။ ကောင်းကျိုးလိုလားမှု တွေ..၊ အပြစ်မတင် လို တာတွေ၊ ခွင့်လွှတ်တာတွေ၊ နားလည်ပေးတာ တွေ..မှာ အိုကေ အိုကေ..အဆင်ပြေခဲ့ ပါတယ်..။
ဒါပေမဲ့ အဲဒီမေတ္တာ တရားဟာ တဏှာ မကင်း ဘူးဆိုတာ ကျွန်မ သတိ ထားမိ နေခဲ့တာကြာပါပြီ။ ရင်ထဲမှာ အေး မြမလာ ပဲ တစ်ခါ တစ်ခါ ပူလောင်လာ တတ်တာကိုလည်း သိနေခဲ့ပါတယ်..။ အော်…တဏှာသဘောတွေရောနေတတ်လေ သကိုး။

မိဘတွေဟာ သားသမီးများအပေါ်မှာမျှော်လင့်ချက်ထားတယ်..အဲဒီ မျှော်လင့်ချက်ကြီးများစွာ နဲ့ လောက မှာ အသက်ရှင်နေထိုင်ကြတယ်ဆိုတာ နားလည် ထားကြရလိမ့်မယ်ဆိုတာကို သီတဂူဆရာတော် ဘုရားကြီး ဟော ကြားတော်မူသော..*မိဘများ ရဲ့ မျှော်လင့်ချက်*..တရားတော်ကိုလည်းကျွန်မ ပြန်လည်နာယူ လိုက်မိပါ တယ်..။ ပထမလေးချက်က ပစ္စုပ္ပန်ဘဝအတွက်တုံ့ပြန်မဲ့ကျေးဇူးကို မျှော်လင့်တာ၊ ကျန်တစ်ချက်က တော့ ဘဝတစ်ပါးပြောင်းသွားပြီးတဲ့ အချိန်(တမလွန်)အတွက်မျှော်လင့်တာသာ ဖြစ်ပါတယ်..။

မေတ္တာတကယ့် စစ် စစ် ဆိုတာကိုယ့်အတွက်လုံးလုံးမျှော်လင့်ချက်မထားဘူး.......အဲဒီကြီးမားတဲ့မေတ္တာနဲ့ပဲ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ကြ တယ်..။ ပေမ ဆိုတာကတော့ချစ်ခြင်းပေါ့လေ..မေတ္တာနဲ့တော့မတူဘူး။ မျှော်တယ် ဆိုတာကတော့…သူတို့အ တွက် တုံ့ပြန်လာမဲ့ အကျိုးကိုမျှော်လင့် တောင့်တတတ်ကြပါတယ်တဲ့..။ မိဘက ပြုစုစောင့်ရှောက် တာ မေတ္တာ နဲ့ဖြစ်ပေမဲ့ ပြန်မျှော်လင့်တာကတော့ ပေမဖြစ်နေတယ်လို့..မိဘရဲ့မေတ္တာနဲ့အတူ ပေမ ရောနေ တယ်လို့မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်..။

ရဟန်းတို့ ဤအကြောင်းငါးမျိုးတို့ကိုကောင်းစွာမြင်သော မိဘတို့သည် အမျိုး၌ဖြစ်သောသားသမီးကို အလိုရှိကုန်၏။အဘယ်ငါးမျိုးတို့နည်းဟူမူ …
၁။-ငါတို့မွေးမြူထားသောသားသမီးသည် ငါတို့အားလုပ်ကျွေးမွေးမြူပေလိမ့်မည်။
၂။-ငါတို့၏အမှုကိစ္စကို ပြုလုပ်ပေလိမ့်မည်။
၃။-အမျိုးအဆက်သည် ရှည်မြင့်စွာတည်ပေလိမ့်မည်။
၎။-အမွေခံဖြစ်ပေလိမ့်မည်..။
၅။ထို့ပြင်ဘဝတစ်ပါးသို့ပြောင်းသွားသောငါတို့အားအလှူ၏အဖို့ကိုပေးဝေကြပေလိမ့်မည်ဟု(အလိုရှိကြကုန်၏) ရဟန်းတို့ဤအကြောင်းကို ကောင်းစွာရှုမြင်သောမိဘတို့သည် အမျိုး၌ဖြစ်သော သားသမီးတို့ကို အလိုရှိကုန်၏ ဟု(မိန့်တော်မူ၏။)

အကြောင်းငါးမျိုးတို့ကိုကောင်းစွာမြင်သည့် ပညာရှိမိဘတို့သည် သားသမီးကို အလိုရှိကြ ကုန်၏၊ငါတို့မွေးမြူသောသားသမီးသည်ငါတို့အား ကောင်းစွာလုပ်ကျွေးမွေးမြူပေလိမ့်မည်..။ ငါတို့၏အမှုကိစ္စကိုလည်းပြုလုပ်ပေလိမ့်မည်..။အမျိုးအဆက်သည် ကြာမြင့်စွာ တည်ပေလိမ့်မည်၊ အမွေခံဖြစ်ပေ လိမ့်မည်။

ထို့ပြင်ကွယ်လွန်သောအခါငါတို့အား အလှူ၏အဖို့ကိုပေးဝေကြလိမ့်မည်။ဤအကြောင်းတို့ကို ကောင်းစွာရှုမြင်သည့် ပညာရှိမိဘတို့သည် သားသမီးကိုလိုချင်တောင့်တကုန်ကြ၏။

ထို့ကြောင့် ပြုဘူးသောကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာပြုတတ်သော၊ ငြိမ်သက်သောစိတ်ရှိ သောသူတော်ကောင်းတို့သည် ရှေးကပြုဘူးသည်ကို အဖန်ဖန်အောက်မေ့လျက်မိဘတို့ကို လုပ်ကျွေး မွေးမြူကြကုန်၏။
ကျေးဇူးပြုဘူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏အမှု ကိစ္စကိုပြုလုပ်ကြကုန်၏။မိဘတို့ အဆုံး အမကိုလိုက်နာလေ့ရှိ၍ မွေးမြူဘူးသောမိဘတို့အား လုပ်ကျွေးမွေးမြူလေ့ရှိသော အမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရား ရှိသည့်သီလနှင့် ပြည့်စုံသောသား သမီးသည် ချီးမွမ်းထိုက်သူဖြစ်ပေသတည်း။

သုတ္တန်ပိဋက၊နိကာယ်ငါးရပ်၊ အင်္ဂုတ္တရနိကာယ် ၊အင်္ဂုတ္ထိုရ်ပါဠိတော် ပဉ္စကနိပါတ်၊ပုတ္တသုတ်(မြန်မာပြန်)

မိခင်၊ဖခင်ကျေးဇူးရှင် တို့ရဲ့ ကြီးမားတဲ့မေတ္တာဟာ ပေမ....ရောနေတဲ့မေတ္တာဆိုခဲ့ရင်လည်း သူတို့ရဲ့ လိုချင်မျှော် လင့် ခဲ့ရတဲ့ ပေမ ဆိုတာ အမည်ခံသက်သက်မျှသာ လို့---ကျွန်မထင်ပါတယ်....။
တကယ်တော့လည်း မျှော်လင့်တယ် ၊ ယုံကြည်တယ် ဆိုသော် လည်း မဝံ့မရဲနဲ့ မျှော်လင့်ရတဲ့ မျှော်လင့်ရုံ မျှော်လင့်ရတဲ့ မျှော်လင့်မှု သက်သက်ကလေး အဖြစ်သာဖြစ်ခဲ့ရှာတာပါ..။

မျှော်လင့်ချက်အဆင့်တွေကို ကျော်လွန်ပြီး...တောင်းဆိုတာ ၊အတင်းအကြပ်ပြုတာ......အကြပ်ကိုင်တာ…ထိန်း ချုပ်ကြိုးကိုင်တာ များမရှိခဲ့ရှာသော မိဘများစွာတို့ရဲ့မေတ္တာတရားများစွာ ဟာအားအင်ကြီးမားကြတာ ကို သားသမီးတိုင်း သဘောပေါက်ကြရင် ကောင်းမှာ ပါပဲ..။ စာနာနားလည်ပေးနိုင်ကြရင်လည်းကောင်းမှာပါပဲ..လို့ ကျွန်မက သားသမီးနေရာကနေ တွေးပေးနေ မိပါတယ်

လောကဖြစ်အင် တွေကလည်းမျှော်လင့်သလိုဖြစ် မလာတတ်လေတော့ ဒေါသ နဲ့ အပြစ်တင် စရာတော့ မရှိခဲ့ပါဘူးလေ..။
မိခင်ဘဝကိုသူများထက် ခပ်စောစောလေးရောက်ခဲ့ရသော ကျွန်မကတော့ ငါမိဘ ဘဝ ရောက်ခဲ့ရင် သည်လို မမျှော်လင့်တတ်အောင် မမျှော်လင့်မိ အောင် ငါကြိုးစားမယ်လို့ ငါ..ငါ…တစ်ငါငါ နဲ့ မာန်တင်းခဲ့ဘူးပါတယ်..။

ပေမ ကင်းတဲ့မေတ္တာ၊မမျှော်လင့်တတ်တဲ့မေတ္တာ စစ် စစ် ရဲ့ ကျင့်စဉ် ကို ငါ နဲ့ မဟုတ်ပဲ လေ့ကျင့်လို့ကော မရနိုင်ပေဘူးလား။ ရနိုင်မှာပါနော်..။ ကျွန်မ လေ့ကျင့်ချင်မိပါတယ်..။
သားသမီး ရဲ့ စားဝတ်နေရေး၊ကျန်းမာရေး လိုအပ်ချက်တွေဖြည့်ဆည်းပေးနေတာ..။တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်ပေးနေတာက မေတ္တာပါ။မျက်နှာမြင်ချင်နေတာ အသံကြားချင်နေတာ..။သားသမီးကို ဖက်ရမ်းနမ်းရှုံ့ ရရင် ကြည့်နူးကျေနပ်တာတွေက တဏှာ ပါ လို့ ဆရာတော် အရှင်ဆန္ဒာ ဓိက က (အကွာ ဓာတ်စွဲ မှ အစွဲဓာတ် ကွာမယ်) စာအုပ်မှာ ရေးသားခဲ့ပါတယ်..။တဏှာ အပြင် ဒေါသ၊ မာန ဆိုတဲ့တခြားသောကိလေသာတွေပါ အခါအားလျော်စွာပါတတ်ပါသေးတယ် တဲ့..။

မေတ္တာချစ်က ချစ်တဲ့သူကို အမြဲမတွေ့ချင်ပါဘူး။ တဏှာ ချစ်က အမြဲတွေ့ချင်မြင်ချင်နေပါတယ်..။
မေတ္တာချစ်က ချစ်တဲ့သူကို စွဲငြိမနေပါဘူး။ တဏှာ ချစ်က အမြဲ စွဲငြိ နေပါတယ်..။
မေတ္တာချစ်က ကိုယ်ချစ်တဲ့သူနဲ့ ခွဲနိုင်ပါတယ်..။ တဏှာ ချစ်က မခွဲနိုင် ပါဘူး။
မေတ္တာချစ်က ကိုယ်ချစ်တဲ့လူ နဲ့ ခွဲရလို့လည်းဝမ်းမနည်းပါဘူး။ တဏှာချစ်က ချစ်တဲ့သူ နဲ့ ခွဲရလို့ ဝမ်းနည်းတတ်ပါတယ်..။

မေတ္တာချစ်က ကိုယ်ချစ်တဲ့သူအပေါ် နှောင် ဖွဲ့ မနေပါဘူး..။ တဏှာချစ်က ကိုယ်ချစ်တဲ့သူအပေါ် နှောင်ဖွဲ့နေတတ်ပါတယ်..။
မေတ္တာချစ်က တစ်ဘက်သားရဲ့အကျိုးကိုကြည့်ပါတယ်..။ တဏှာချစ်က ကိုယ့်အကျိုးကိုပဲကြည့်ပါတယ်..။

မေတ္တာ နဲ့ တဏှာ ရဲ့ သဘော ဟာ အင်မတန်မှ သိမ်မွေ့ လွန်းလှလို့ ထင်ရှားအောင် ခွဲခြားရခက်လှ ပါတယ်..။ ကိုယ့်ရဲ့ မေတ္တာ လို့ အမည်တပ်ထားတဲ့အလေ့အထ တွေအပေါ်မှာ တဏှာသဘောတွေရောနှော ပါဝင်နေတတ်တာ သေသေချာချာ လက်ခံထားမှသာ ကိုယ့်စိတ်ကို အသန့်စင်ဆုံး၊ အအေးချမ်းဆုံး ဖြစ်အောင်ပြုပြင်နိုင်မှာပါ.။ လို့ ဆရာတော် အရှင်ဆန္ဒာဓိက က ဆုံးမထားပါတယ်..။
ကျွန်မ တို့အားလုံး ရဲ့ကျေးဇူးတော်ရှင် မြတ်စွာ ဘုရား ဖြည့်ဆည်း ခဲ့တဲ့ပါရမီ ခရီး မှ မေတ္တာ ပါရမီလည်း ပါတာဆိုတော့ ဘုရားရှင် ရဲ့ မေတ္တာ ဟာ စံနမူနာအလေးအမြတ် ပြုထိုက်ဆုံး မေတ္တာ ဖြစ်လိမ့်မယ်ဆိုတာ ကျွန်မ ပြန်တွေး ပါတယ်..။

အဲလို မေတ္တာမျိုး…. အဲလို ပါရမီချစ်မျိုး… တပည့်တော် ကိုအတုယူခွင် ပေးတော်မူပါဘုရား။ ကြိုးစားခွင့်ပြုတော်မူပါဘုရား လို့လျှောက်ထား ပန်ကြား မိပါတယ်..။
ဘုရားရှင်သည် အလောင်းတော်ဘဝများစွာ မှာ မိမိ ၏ ချစ်သူနှင့် မိသားစုတို့ကို ချစ်သူချစ်နှင့် မိသားစုချစ်အဆင့်မှ လောကချစ်အဆင့်သို့ တက်လှမ်းရာမှာ ပါရမီဖြည့်ဖက်များအဖြစ် အားယူခဲ့ဘူးပါတယ်..။

ငါ အပွား ဆုံး ပါသည့်အခါ ချစ်သူချစ်ဖြစ်လာပြီး..ငါအပါး ဆုံးပါဝင်တဲ့အခါ မှာလောကချစ်ဖြစ်လာ ပါတယ်.. မိသားစု အချစ် မိခင်ချစ်သည် အလယ်မှာရှိပြီး ပွားရာသို့လည်းရှေ့ရှု၏ ။ ပါးရာသို့လည်းရှေ့ရှုတတ်ပါတယ် လို့ ဆရာကြီးဦးရွှေအောင်က(လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်) စာအုပ်မှာ ရေးဘူးပါတယ်..။

လောကချစ်၊ပါရမီချစ် စစ် စစ် ဖြစ်လာတဲ့ အခါမှာ မိမိချစ်ရသောလောက အတွက် အနစ်နာခံဘို့ ဆို တာ ဘာမှ ဝန်လေးတဲ့လုပ်ငန်း မဟုတ်တော့ပါဘူး။အနစ်နာ ခံတယ်ဆိုတာကလည်းတကယ်တော့ ဒါနပါရမီ သဘောမျိုးလည်းသက်ဝင်နေပါတယ်..။

မိမိချစ်ရသောလောက မှ ဘာကိုမှမမျှော်လင့်ပဲ ချစ်ရသဖြင့် သူ့အကျိုးကိုဆောင်ရွက်ခွင့် ရရုံသက်သက် ဖြင့်ကျေနပ်နိုင်ခြင်းသည်လည်း ဝန်လေးတော့မှာမဟုတ်ပါဘူး။ ဘာကိုမှ မမျှော်ကိုး ပဲစေတနာ သန့် သန့် နဲ့ ဆောင်ရွက်နိုင်ခြင်း သည်ပင် နေက္ခမ္မပါရမီ သဘော သို့သက်ရောက်နေပါတော့တယ်..။

တကယ်ချစ်တတ်လာတော့ ချစ်ရသူအတွက် ဆုံးဖြတ်ချက်သံန္နိဋ္ဌာန် တွေ ခိုင်မာ သထက်ခိုင်မာလာတော့ အဓိဋ္ဌာန ပါရမီ လည်းပါဝင်လာပါတယ်..။အလွန်ထက်မြက်သော ဉာဏ်ပညာ ဖြင့်ဆောင်ရွက်တာမို့လို့လည်း ပညာပါရမီ ဖြစ်နေပါသေးတယ်…။ရင်ထဲက တဏှာ ကို ပယ်သတ်ဘို့ လုံ့လ ပြုကာကြိုးစား ပမ်းစားပွားရာတာမို့ ဝိရိယပါရမီ၊ ခန္တီပါရမီ တွေ လည်း တွဲလျက်ပါဝင်နေပါတယ်..။
ပတ်ဝန်းကျင်အပေါ်မကောင်းမပြောခြင်း၊ မကောင်းကြံခြင်း မှကင်းဝေးနေတဲ့အတွက် သီလပါရမီ လည်းမြောက်ပါတယ်..။

ကောင်းကောင်းဆိုးဆိုး၊ကိုယ့်အပေါ် ကောင်းသည်ဖြစ်စေ…မကောင်းသည်ဖြစ်စေ..သတ္တဝါအားလုံးအပေါ် ခွဲခြားမှုမရှိပဲ မေတ္တာထားနိုင်လာတာမို့ ဥပေက္ခာ ပါရမီ ဖြစ်စေ ပါတယ်..။
အားလုံးသော သတ္တဝါများအပေါ် အစဉ်တစိုက် မှန်မှန်ကန်ကန် မေတ္တာ ပွားနိုင်ခြင်း သည် သစ္စာပါရမီ လည်း ဖြစ်နေပါတော့တယ်နော်.။
ကျေးဇူးကိုသိတတ်လေလေ မေတ္တာစိတ်အားကောင်းလေလေ ဆိုတာ ဓမ္မနိယမ ကြီးတစ်ခုဖြစ်ပါတယ်..။

ကျေးဇူးတော်ရှင်ပိုင်းလော့ဆရာတော် ဘုရားကြီးက
*ကျေးဇူးမြင်ရင်မေတ္တာ ပေါ်သည်..။ကျေးဇူးပျောက်ရင် မာနပေါ်သည်* လို့ အမြဲဆုံးမခဲ့ပါတယ်..။
ကံအရှိန် အဟုန် ရဲ့ စေစားချက်ဖြင့် သက်တမ်းမစေ့ခင် အချိန်တစ်ခုအထိ အမြဲမပြတ် တစ်လှပ်လှပ် ခုန်နေတတ် ပါသောကျွန်မ ရဲ့ နှလုံးသားသည် ချစ်သူချစ်…မိခင်ချစ် တို့ ဖြင့် နွေးထွေး လည်ပတ်ခဲ့ပေါင်းများခဲ့ လေပြီ..။ ခြေရာများစွာ ကျန်ခဲ့ပြီး ပါပြီ..။ နက်လှ သော ထက်ရှသော ဒဏ်ရာဒဏ်ချက် တို့ ဖြင့် ရင့်ကျက်သင့်ပါပြီ..။ သင်္ခန်းစာ အဖုံဖုံ၊ အတွေ့အကြုံ အစုံစုံ တို့ဖြင့် မတုန်မလှုပ် ဖြစ်သင့်နေပြီမဟုတ်ပါလော..။

ဤနှလုံးသားဝယ် အရင်က ခြေမချခဲ့ဘူးသော မချစ်ခဲ့ဘူးသော လောကချစ် ၊ ပါရမီချစ်ဖြင့် တစ်လောကလုံး ကိုချစ်နိုင်အောင်ကျွန်မ အသေအချာ ကြိုးစားကြည့်ရပါတော့မည်။
မင်္ဂလာရှိသော ပါရမီချစ် ဖြင့် ထုံမွှမ်းအပ် သော နှစ်သစ် ဖြစ်ရပါစေသား။

ကျမ်းကိုး။ ။
၁။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရား၏ မိဘများ၏ မျှော်လင့်ချက်ငါးမျိုးတရားတော် (ဓမ္မရံသီ ဓမ္မစာမျက်နှာ)
၂။ ရွှေပါရမီတောရဆရာတော်-အရှင်ဆန္ဒာဓိက ၏ အကွာဓာတ်စွဲမှ အစွဲဓာတ်ကွာမယ် တရားစာအုပ် ( ကိုမျိုးမြတ်သူ၊ကိုပြည့်စုံအောင် တို့ ၏ အွန်လိုင်း ဓမ္မဒါန)
၃။ ဆရာကြီးဦးရွှေအောင် ၏ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)( သားကိုဥဂ္ဂါ မှ ဝယ်ယူပေးပို့သောဓမ္မဒါန)
ဤ ကောင်းမှု နှင့်စပ်သမျှ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက် ကျေးဇူးတရားကို ဖေါ်ပြအပ်ပါသည်ရှင့်။

ပါရမီမေတ္တာဖြင့်
သစ္စာအလင်း