ရင်ဝယ်ပျိုး၍ ပွင့်သည့်ပန်း
ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။
ပန်းစုပန်းပုံအတွင်းမှ များစွာသော
ပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ အကြင်သူသည် ဥစ္စာသဒ္ဓါတည်း ဟူသော
အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကိုပြုရာ၏။
တို့များ အသက်တွေ တစ်နေ့ထက်
တစ်နေ့ကြီးရင့်လာပြီ။ ဘ၀နေ၀င်ချိန်ဆိုတာ မနက်ဖြန်မရောက်ဘူး။ မနက်ဖြန်ကိုမ
စောင့်ဘူးဆိုတာ သဘောပေါက်ကြရင် သိပ်ကောင်းမှာပဲ။ ဘ၀တစ်ခုကိုရလာပြီ
ဆိုမှဖြင့် ကုန်ဆုံးရမှာ ဓမ္မတာပဲ ဆိုပေမယ့် တို့ဘ၀တွေကို ဘယ်လိုမျိုးနဲ့
ကုန်ဆုံးကြမှာလဲ။ လူဆိုတာမွေးလာပြီးရင် သေရတာပါပဲ။
မြတ်စွာဘုရားလည်း
ပရိနိဗ္ဗာန်ပြု ရတာပါပဲ။အရပ်စကားနဲ့ပြောရင် သေတာပါပဲ။ အရက်သမားလည်း
တစ်နေ့မှာ သေရတာပဲ။ သေတာများ အဆန်းလုပ်လို့ ဘာထူးမှာလဲ။ သေတာ အတူတူပါပဲ
ဘာမထူးဘူး။ သေခြင်းတရားကို ကြောက်နေစရာမလိုပါဘူးလို့ အချို့လည်း လွယ်
လွယ်ပြောတတ်ကြတာ ကြားဖူးကြမှာပါပဲ။
သေခြင်းတရားဟာ မဆန်းပေမယ့်
အဆန်းတကြယ်ဖြစ်စေတာက အဲ့ဒိလူ(သို့) အဲ့ဒိသတ္တ၀ါဟာ ဆိုပြီးသေတာလား၊
ကောင်းပြီးသေတာလား။ တနည်းအားဖြင့် လောကကြီးကို ဆိုးကျိုးတွေပေးပြီး
သေတာလား၊ ကောင်းကျိုးတွေပေးပြီးသေ တာလား။ သူ့ဘ၀မှာ ဆိုးတဲ့တရားတွေနဲ့
သေရတာလား။ ကောင်းတဲ့တရားတွေနဲ့ သေရတာလား ဆိုတာက ရိုးရှင်းသ
လောက်ဆန်းကြယ်လှတယ်နော်။
လူအချို့ မေးမြန်းသံတွေ ခဏခဏကြားနေရပြန်တယ်။ သေရင်
ဘယ်လိုသေတာ ကောင်းမလဲတဲ့။ တစ်ချို့က ၀ိပဿနာပွားရင်းနဲ့ သေတာကောင်းတယ်။
ဝေဒနာလေးရှုပြီးသေတာကောင်းတယ် …. အစုံပါပဲ။ ဘယ်လိုသေတာကောင်းတယ်။
ဘယ်လိုသေမယ်ဆိုပြီးပြောနေကြတာ သေမင်းနဲ့များ ရက်ချိန်းယူထားကြတဲ့
သူတွေလားလို့ ထင်ရလောက်အောင်ပါပဲ။
ဘာတွေဘယ်လိုပဲ ပြောနေပြောနေ သေပျော်ပျော်၊
နေပျော်ပျော်ဆိုတဲ့စကားလည်း ရှိနေတာပဲ။ ပျော်ပျော်သေဖို့အဖို့ အတွက်
ပျော်ပျော်နေဖို့ လိုအပ်ပါတယ်။ လူတွေမပျော်ကြဘူး။ ယနေ့ကမ္ဘာမှာ
လူတွေကြုံတွေ့နေရတဲ့ အကြီးဆုံး ဒုက္ခတွေ ထဲမှာ မပျော်ကြတဲ့ဒုက္ခ၊
အထီးကျန်ဆန်ရတဲ့ ဒုက္ခက ပိုပြီးကြီးနေတယ်လို့ မြင်မိပါတယ်။ ဒါကြောင့်
ဖျော်ဖြေရေး ကိစ္စဟာ ယနေ့အခါမှာ ပိုပြီးတွင်ကျယ်လာတာနေမယ်။
တစ်နေ့ထက်တစ်နေ့
မရိုးရအောင်ကို ဖျော်ဖြေရေးအစီအစဉ်တွေ များလှသည်။ ရှေးတုန်းကတော့
ရေဒီယိုလောက်ပဲ။ နောက်တော့ အပေါ်စက် အောက်စက်၊ တီဗီ၊ ဗွီဒီယို … စသဖြင့်
ဖျော်ဖြေရေး ကိရိယာတွေ တစ်စထက်တစ်စ တိုးတက်လာပါတယ်။ ပြန်ကြားရေတို့
ပညာပေးတို့ဆိုတာပါသော်လည်း ဖျော်ဖြေရေး အစီအစဉ်လောက်မများ။ ပါတယ်ဟုသာ
ဆိုနိုင်သည်။ ဒါတွေကိုကြည့်လိုက်တိုင်း လူတွေမှာ ဖျော်ဖြေရေးက
အရေးတကြီးလိုအပ်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။
လူတွေဘာကြောင့်များ ဖျော်ဖြည်ရေးကို
ဦးစားပေးနေရတာလဲဆိုတာ စဉ်းစားစရာပါပဲ။ ကိုယ့်တစ်ဦးတည်း နေ့စဉ်ဘ၀မှာ လည်း
ဖျော်ဖြေရေးဆိုတာနဲ့ အချိန်ဘယ်လောက်ကုန်လဲဆိုတာ ပြန်ပြီး
ဆန်းစစ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။
ဖျော်ဖြေရေးဆိုတာ ဘာလဲ။ ကြည့်လေ ……
မပျော်လို့ ဖျော်ရတယ်။ မပြေလို့ ဖြေရတာချည်းမဟုတ်လား။ သံပုရာရည်
လေးတစ်ခွက်လောက် တို့ဖျော်ကြည့်ရအောင်။ ဖန်ခွက်ထဲကို
ရေအေးအေးလေးထည့်လိုက်မယ်။ ပြီးတော့ သံပုရာသီစိတ် လေးညစ်ထည့်၊ နောက်
သကြားထည့်မယ်။ ဆားလေးနည်းနည်း ခပ်လိုက်ပါအုံး။
အားလုံးထည့်ပြီးပြီဆိုရင်တော့ ရေ အောက်မှာ အနည်ထိုင်နေတဲ့ သကြားတွေကို
ပျော်သွားအောင် ဇွန်းနဲ့ ခလောက်လိုက်ပါ။
ဟုတ်တယ်လေ။ ချဉ်နေရင်
သောက်မကောင်းတော့ အချဉ်ပြေအောင် သကြားထည့်ပြီး ဖြေရသလို သကြား
အရည်ပျော်ဖို့ ဇွန်းနဲ့ မွှေပြီး ဖျော်ရတယ်။ ပျော်အောင် ဖျော်ရသလို ပြေအောင်
ဖြေရတာဟာ ပျော်ပြေဖို့ ဖျော်ဖြေရတာပါပဲ။ လူတွေ မပျော်ဘူးဆိုတာဟာ
ပျင်းလို့မပျော်တာလည်း ရှိမယ်၊ စိတ်ညစ်စရာတွေနဲ့ ကြံဆုံနေရလို့
မပျော်တာလည်းရှိမှာပဲ။ မပြေဘူးဆိုတာမှာတော့ အဆင်မပြေတာတွေပေါ့။
လူမှုရေး၊
စီးပွားရေး၊ အိမ်ထောင်ရေး စသဖြင့် အရေးပေါင်းအကြောင်း ပေါင်းများစွာကြောင့်
မပြေတာတွေလည်း ရှိပေါ့။ ပြေပြေပြစ်ပြစ်မရှိတဲ့ဘ၀မှာ အဖုအထစ်တွေ၊
အချိုးအကွေ့တွေ၊ အနိမ့်အမြင့်တွေများလှသည်။ မပျော်ရခြင်းရဲ့
အကြောင်းတွေထဲမှာ မပြေခြင်းဆိုတာတွေကလည်း အကြောင်းတစ်ရပ်အ နေနဲ့
ပါဝင်နိုင်တာပဲ။
ငယ်ငယ်တုန်းကတော့ ပျော်စရာတွေက အပြည့်။
အိပ်လိုက်စားလိုက်၊ ဆော့လိုက်ကစားလိုက်၊ အဆင်ကိုပြေလို့။ မပျော်လို့
ဖျော်ရတဲ့၊ မပြေလို့ ဖြေရတဲ့ ဖျော်ဖြေရေးတွေ မလိုဘူး။ အသက်ကလေးကလည်းရလာ၊
ပတ်ဝန်းအကြောင်းလည်း နဲနဲလေးသိစပြုလာ၊ အဲ့ဒိအချိန်မှာစတင်ပြီး
အဆင်မပြေမှုတွေ မပျော်ရွင်မှုတွေ ဖြစ်တော့တာပဲ။
ငယ်ငယ်တုန်းက
အင်္ကျီတစ်ထည်နဲ့လည်း နေလို့ဖြစ်တယ်။ နဲနဲကြီးလာတော့ နေလို့မဖြစ်တော့ဘူး။
လိုချင်လာပြီ။ လိုချင်ပြန်တော့ ကောင်း တာလေးမှ။ မရပြန်တော့
စိတ်ညစ်ရပြန်တယ်။ ဒါကြောင့်လည်း ရှင်တော်ဘုရားက အလိုမပြည့်ခြင်းဟာလည်း
ဒုက္ခပဲ လို့မိန်တော်မူတာနေမယ်လို့ တွေးမိပြန်ပါတယ်။
ပျော်ရွှင်မှုတွေ
နည်းလာတာနဲ့အမျှ ကိုယ်တိုင်ဖန်တီးပြီး ပျော်ရွှင်စရာတွေ ရှာဖွေလာရတော့တယ်။
ဒီလိုနဲ့ အပျော်လွန်ပြီး အပျက်ဘက်ကို ဦးတည်ကုန်ကြပြန်တယ်။ ဒါကြောင့်
လူကြီးသူမတွေ မကြာမကြာပြောတတ်တဲ့စကားတွေထဲမှာ မင်းတို့တွေ အပျော်အပျက်
အတော်များလွန်းတယ်ဆိုတာ ပါပါလာတာနေ မယ်။
မိသားစုဘ၀၊ မိမိဘ၀ ပျော်ရွှင်ဖို့
အဆင်ပြေဖို့ မြတ်စွာဘုရားရှင်ကတော့ နည်းလမ်းပေးခဲ့ပါတယ်။ ဘာတွေလဲဆိုတော့
ကတပုညော- ကောင်းအောင်လုပ်ပါ။ ဣဓမောဒတိ- ဒီဘ၀မှာလည်း ပျော်ရွှင်ရလိမ့်မယ်၊
ပစ္စမောဒတိ- နောက်ဘ၀မှလည်း ပျော်ရွှင်ရလိမ့်မယ်၊ ဥဘယတ္ထမောဒတိ- ယခုဘ၀နောက်ဘဝ
နှစ်ခုစလုံး ပျော်ရွှင်ရလိမ့်မယ်။
ဒီတော့ ကောင်းအောင်လုပ်ဖို့ အတွက်
စိတ်ကောင်းလေးရှိဖို့ လိုပါတယ်။ စေတနာကောင်းရှိဖို့ လိုပါတယ်။ စိတ်ကောင်း
စေတနာကောင်းနဲ့ လုပ်နိုင်ဖို့အ တွက် မိမိစိတ်ကို စိတ်ဆိုး၊
စေတနာဆိုးမဖြစ်အောင် စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
စိတ်မဆိုးပါနဲ့လို့
ဘာကြောင့်ပြော ကြတာလဲ။ သူစိတ်ဆိုးတာ သူ့စိတ်က ဆိုးနေတာကို
မစောင့်ရှောက်လို့ပါ။ ကိုယ့်စိတ်ဆိုးတာကလည်း ကိုယ့်စိတ်မဆိုး အောင်
မစောင့်ရှောက်လို့ပါ။ စိတ်ဆိုးနေတဲ့အခါ လုပ်ကိုင်သမျှ၊ ဆုံးဖြတ်သမျှ
မှားယွင်းကြလွန်းလို့ တစ်ဦးနဲ့ တစ်ဦးပြော တတ်ကြတာက စိတ်မဆိုးပါနဲ့
မဟုတ်လား။
တရားနဲ့ ဖြေပါလို့လည်း တစ်ချို့က
ဆိုကြတယ်လေ။ ကိုယ့်ဘ၀မှာ မပြေသမျှ ဖြေရမှာက တရားနဲ့ပါ။ ကိုယ့်ဘ၀မှာ
မပျော်သမျှ ဖျော်ရမှာက တရားနဲ့ပါ။ ဘ၀မှာ ကြုံတွေ့လာသမျှ လူမှုဒုက္ခအ၀၀၊
အဖုအထစ်၊ အနိမ့်အမြင့်မှန်သမျှကို ပြေလည်အောင် ဖြေရှင်းနိုင်တာ တရားပါပဲ။
တရားသာလျှင် ဖြေနိုင်ပါတယ်။ ရင်ထဲမှာမပျော်သမျှ အဆိုင်အခဲတွေကိုလည်း
ပျော်သွားအောင် တရားနဲ့သာ ဖျော်ရပါတယ်။ တရားနဲ့ ဖျော်လို့
ပျော်သွားတဲ့ဘ၀မှာ နေရတာ အဘယ်မျှပျော်စရာကောင်း လိုက်မလဲ။ တရားနဲ့
မဖျော်သမျှ မပျော်ကြရတဲ့ လူဘ၀ဟာ အနေဆိုးပါတယ်။ အနေဆိုးသမျှ အသေဆိုးပါတယ်။
အနေ ကောင်းမှ အသေကောင်းပါတယ်။
လူ့ဘ၀၊ လူ့အဖြစ်ကိုရခိုက် အနေပျော်ဖို့
ကောင်းမှုတရားများစွာ ရှိပါတယ်။ ဒါနနဲ့ ပျော်ဖို့လိုပါတယ်။ တနည်းအားဖြင့်
စွန့်လွှတ်မှုနဲ့ ပျော်ဖို့လိုပါတယ်။ သီလနဲ့ပျော်ရပါတယ်။ တနည်းအားဖြင့်
ကိုယ်ချင်းစာတရားနဲ့ ပျော်ရပါတယ်။ ဘာဝနာနဲ့ ပျော်ရပါတယ်။
တနည်းအားဖြင့်
ကုသိုလ်တရားတိုးပွားစေကြောင်း အကျင့်ကောင်းတွေကို မဆုတ်မနစ် လုပ်ကိုင်ရင်း
ပျော် ရပါတယ်။ မွေးလာပြီးရင် သေဆုံးရတာ မဆန်းပေမယ့် ကောင်းပြီးသေတာနဲ့
ဆိုပြီးသေတာ ဆန်းနေတာကြောင့် အသေ ကောင်းဖို့ အနေကောင်းအောင်
နေကြဖို့လိုအပ်လှပါတယ်။
အရပ်ထဲမှာ လူတစ်ယောက်ဆုံးပါးတဲ့အခါ
ထိုသူရဲ့ ရုပ်အလောင်းမျက်နှာပြင်ဟာ ကြည်ကြည်လင်လင်လန်းလန်း ဆန်းဆန်းနဲ့များ
ဖြစ်နေရင် ပြောကြတယ် .. အဲ့ဒါ သေပန်းပွင့်တာတဲ့။ ကောင်းမှုတရားတွေနဲ့
ပြည့်စုံတဲ့သူတွေ သေဆုံးတဲ့အခါ ကိုယ့်ရဲ့ လားရာဂတိတွေ ကောင်းတဲ့အတွက်
ပြုံးပြီးသေ ဆုံးကြတာတွေကို မြင်တိုင်း သေပန်း ပွင့်ဖို့အတွက် ငါ့ရင်မှာ
ကောင်းမှုတရားဆိုတဲ့ ပန်းမျိုးစေ့တွေ ကြဲချသင့်ပြီဟု အကြိမ်ကြိမ်
တွေးနေမိပါတော့တယ်။
မှီငြမ်း။ ။ ဆရာတော် ဓမ္မပီယအရှင်သံဝရာလင်္ကာရ၏ ဆောင်းပါးများ
သုခရိပ်