Saturday, January 14, 2012

အောင်နိုင်သူ



 အောင်နိုင်သူ

“ကျေနပ်စရာကြောင့်ဖြစ်စေ၊   မကျေနပ်စရာကြောင့်ဖြစ်စေ၊   လောကဓံကြောင့် တုန်လှုပ်နေသူ မှန်သမျှ လောကကို အရှုံးပေးနေရသူ ချည်းပါပဲ။

                                                                             (မထေရ်မြတ်တစ်ပါး)


မဟာသတိပဌာန် ဝိပဿနာအလုပ် အားထုတ်ပြီးမှ သင့်ဘဝပြည့်စုံမည်။

Live attains perfection only by Maha Satipathana vipassana.

                                                                       (လှိုင်မဟာစည်ဆရာတော်)

လှိုင်မဟာစည်ရိပ်သာထဲကို ဝင်သွားရင် သို့မဟုတ် လှိုင်မဟာစည်က ရိုက်ထုတ်တဲ့ စာအုပ်၊ စာရွက်၊ လက်ကမ်းစာ၊  ဖိတ်စာများကို ကြည့်လိုက်ရင် အမြဲတမ်းတွေ့ရမယ့် ကြွေးကြော်သံတစ်ခု ကတော့ “မဟာသတိပဌာန် ဝိပဿနာအလုပ် အားထုတ်ပြီးမှ သင့်ဘဝပြည့်စုံမည်”ဆိုတာပဲ ဖြစ်ပါတယ်။

တချို့ကတော့ ဒီကြွေးကြော်သံကို ကြည့်ပြီး တယ်ဘဝင် ကျချင်ပုံ မရဘူး။ ဟုတ်တယ်။ သူတို့ထင်ထားတာက လူဆိုတာ ဒုစရိုက် တရားတွေ ကင်းရှင်းပြီး ကောင်းမွန်တဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်ကို လုပ်ကိုင်ရင်း လောက အကျိုးအတွက် စွမ်းနိုင်သမျှ ဆောင်ရွက်နေရင်“ လူ့တာ ဝန် ကျေသူ လူရာဝင်သူ”လို့ မှတ်ထင်ထားကြတာကိုး။

တကယ်တော့ ဒီထင်မြင် ယူဆချက်ဟာ လောကကို ဗြဟ္မစိုရ်အမြင်လောက်နဲ့သာ ကြည့်ပြီး သီလသိက္ခာလောက်ကိုသာ ဖြည့်ကျင့်နိုင်သေးတဲ့ သူတို့ရဲ့ အမြင်ဖြစ်ပါတယ်။ သီလ သိက္ခာဆိုတာ သာသနာနဲ့ တွေ့ကြုံရသူတွေအတွက် အခြေခံ(မူလတန်း)အဆင့်ပဲ ရှိသေးတယ် ဆိုတာကိုတော့ သာသနာတော်နဲ့ အတော်လေး ထဲထဲဝင်ဝင် ရှိနေသူများသာ သဘောပေါက် လက်ခံနိုင်ကြမှာပါ။

သီလအဆင့်ဆိုတာ ပစ္စုပ္ပာန်မှာ  အပြစ်ကင်းသူလို့ ခေါ်ဆိုနိုင်ရုံနဲ့ အသက်ရှည်ရာ အနာမဲ့ေ၇းအတွက် အထောက်အကူပြုနိုင်ရုံပဲ အကျိုးပေးနိုင်စွမ်း ရှိပါတယ်။  ဒုက္ခအားလုံးက လွတ်မြောက်ရေးနဲ့ အတော် အလှမ်းဝေးသေးရုံမက လောကဓံကို ခံနိုင်ရေးအတွက်တောင် လုံလုံလောက်လောက် မရှိသေးဘူး ဆိုတာ ကိုယ်တွေ့ ကြုံဖူးသူတိုင်း သဘောပေါက်ကြမှာပါ။

သာသနာတော်နဲ့ ရင်းနီးကျွမ်းဝင်မှု မရှိတဲ့ အနိမ့်ဆုံး ပုထုဇဉ်တို့ဟာ အရာရာကို ကိုယ်ကျိုးကိုယ့် အတွက်သာ ကြည့်လေ့ရှိတဲ့အတွက် မြင်မြင်သမျှ သက်ရှိသက်မဲ့ အရာတိုင်းဟာ ကျေနပ်စရာနဲ့ မကျေနပ်စရာများ အဖြစ်နဲ့သာ လက်ခံ ဆုံးဖြတ်လေ့ရှိပါတယ်။ ငါနဲ့ သူတစ်ပါးအပေါ်မှာ မျှတတဲ့ အမြင် မ၇ှိတတ်ပါဘူး။ ဒီပုဂ္ဂိုလ်မျိုးကို အန္ဓပုထုဇဉ်(ပုထုဇဉ်အကန်း)လို့ ခေါ်ပါတယ်။

ဗြဟ္မစိုရ်စိတ်ထားရှိသူတို့ကတော့ ငါနဲ့ သူတစ်ပါးကို မျှမျှတတ ကြည့်တတ်လာပြီဖြစ်လို့ ကိုယ်မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူမျိုးနဲ့ သူတစ်ပါးကို မပြော မပြုမိအောင် စောင့်ရှောက်ကြပါတယ်။

ဒီအပြောမှား၊ အပြုမှား၊ နှစ်မျိုးကင်းအောင် ရှောင်ရှားနိုင်တာကို သာသနတော်ရဲ့ အခြေခံ သီလသိက္ခာလို့ ခေါ်တာပါ။ အထက်မှာ ပြောခဲ့သလိုပဲ ဒီအမြင်ဟာ အခြေခံ အဆင့်သာဖြစ်လို့ လူကောင်း သူကောင်း(ကလျာဏပုထုဇဉ်)ဆိုနိုင်ရုံမျှပဲ ရှိပါတယ်။ ခိုင်မာတဲ့ ဘဝအာမခံချက် မဟုတ်သေးလို့ လူဖြစ်ရကျိုး နပ်ပြီလို့လည်း မဆိုနိုင်သေးပါဘူး။

မြတ်စွာဘုရားရှင်ရဲ့ ဟောညွန်သတ်မှတ်ချက်က-

“အဖြစ်အပျက်ကို သိမြင်တဲ့ ဝိပဿနာ အသိမရှိဘဲ အနှစ်တစ်ရာ အသက်ရှည်ရခြင်းထက် အဖြစ်အပျက်ကို သိမြင်တဲ့ ဝိပဿနာဉာဏ် အမြင်ရှိပြီး တစ်ညဥ့်တစ်ရက် အသက်ရှည်ရခြင်းက မြတ်တယ်”လို့ ဆုံးဖြတ်တော်မူပါတယ်။

ဗြဟ္မစိုရ် အမြင်ရှိသူရဲ့ အမြင်မှာ ငါနဲ့ သူတစ်ပါးကို မျှမျှတတ မြင်တတ်သော်လည်း “ငါ၊ သူတစ်ပါး”ဆိုတဲ့ အစွဲမကင်းတာကြောင့် လောကဓံ အဆိုး အကောင်းအလိုက် ဝမ်းနည်း ဝမ်းသာ ဖြစ်ပြီး တုမ်လှုပ်တတ်ပါတယ်။ ကျေနပ်စရာကြောင့်ပဲဖြစ်စေ၊ မကျေနပ်စရာကြောင့်ပဲဖြစ်စေ လောကဓံကြောင့် တုန်လှုပ်နေသူမှန်သမျှ လောကကို အရှုံးပေးနေရသူချည်းဖြစ်လို့ လောကကို အနိုင်ရသူ၊ မြင့်မြတ်သူလို့ မဆိုနိုင်ပါဘူး။

ဝိဿနာဉာဏ်အမြင်နဲ့ ကြည့်တတ်သူများ ကတော့ ငါ၊ သူတစ်ပါးဆိုတဲ့ အစွဲမရှိသလို သမထ အမြင်ရှိသူတို့ သိမြင်တတ်တဲ့ “သင်္ခါရ”ဆိုတဲ့ အမြင်ကို ပါ ကျော်လွန်ပြီး အရာအားလုံးဟာဖြစ်တတ်၊ ပျက်တတ်တဲ့သဘော အမှန်သာရှိတယ်လို့ သိရှိလက်ခံနိုင်ပြီဖြစ်လို့ ကြုံလာသမျှ လောကဓံ အကောင်း အဆိုး နှစ်မျိုးလုံးကို လျစ်လျှူရှုနိုင်လာပါတယ်။

ဒီလိုအမြင်ရှိသူဟာ လောကဓံကြောင့် တုန်လှုပ်မှု မရှိတဲ့အတွက် လောကကို အောင်နိုင်သူ၊ တစ်နည်းအားဖြင့် ပုထဇဉ်ထဲမှာ အမြင့်ဆုံး လူဖြစ် တယ်လို့ မြတ်စွာ ဘုရားရှင် ဆုံးဖြတ်တော်မူတာပါ။

ဒါကိုကြည့်ြုပီး လှိုင်မဟာဟစည် ဆရာတော်က“မဟာသတိပဌာန် ဝိဿနာအလုပ် အားထုတ်ပြီးမှ သင့်ဘဝ ပြည့်စုံမည်”လို့ ကြွေးကြော်လိုက် တယ်လို့ သဘောပေါက်မိပါတယ်။

ဝိပဿနာဉာဏ်ရဲ့ အမြင့်ဆုံးအဆင့်က “သင်္ခါရုပေက္ခာ”လို့ခေါ်တဲ့ သင်္ခါရအာရုံအားလုံးကို အကောင်းအဆိုး အချစ်အမုန်းမရှိ လျစ်လျူရှုနိုင်တဲ့ ဉာဏ်အမြင်ဖြစ်ပါတယ်။ ဒီဉာဏ်အမြင်ရှိသူ များဟာ လောကဓံကို ဘယ်လို ရင်ဆိုင်ကြသလဲဆိုတာ ဂျပန်ဘုန်းတော်ကြီး (ဟကုအင်)ရဲ့ တွေ့ကြုံ ဖြစ် ပျက်ပုံကလေးကို လေ့လာကြည့်ပါဦး။

ဂျပန်ဘုန်းတော်ကြီး (ဟကုအင်)

ဘုန်းတော်ကြီး(ဟကုအင်)ဆိုတာ ငရဲဘုံနဲ့ နတ်ဘုံ တံခါးကိုပြခဲ့တဲ့ ဆရာတော်ပေါ့။ အကျင့်သီလမှာလည်း အထူး စံနမူနာပြ ထင်ရှားတဲ့ ဆရာတော် တစ်ပါးပါ။ ဆရာတော် ကျောင်းနားက ထမင်းဆိုင်ရှင်ရဲ့ သမီးပျိုလေးဟာ ရုပ်ရည် သားသား နားနားရှိတဲ့ ဂျပန်မလေး တစ်ဦးပေါ့။ တစ်နေ့တော့ ဒီကလေး မလေး ကိုယ်ဝန်ရှိတာကို မိဘများ သိသွားကြပါလေရော။

မိဘများက အကြီးအကျယ် ဒေါပွပြီး ကလေးအဖေ ဘယ်သူလဲဆိုတာကို မေးပေမယ့် မိန်း ကလေးက ထုတ်ဖော်မပြောဘူး။ မာန်မဲ  ခြိမ်းခြောက်ပြီး   မေးလွန်းမက မေးကြတော့ နောက်ဆုံးမှာ ဆရာတော်(ဟကုအင်)ပါလို့ ပြောလိုက်ပါတော့သတဲ့။

ဒေါသအမျက် ခြောင်းခြောင်းထွက်နေတဲ့ မိဘများက ဆရာတော်ကို သွားပြီး ဆဲရေး ပုတ်ခတ် လုပ်ကြတဲ့အခါ ဆရာတော် မိန့်ကြားတာကတော့
“သြော် ဟုတ်လား”  ဆိုတဲ့ စကားတစ်ခွန်းပါပဲ။

ကလေးမွေးဖွားတဲ့အခါမှာ ကလေးကို ဆရာတော်(ဟကုအင်)ဆီ ယူလာကြတယ်။ ဒီသတင်း ဂယက်ကြောင့် ဆရာတော်ဟာ အကြီးအကျယ် နာမည်ပျက်နေပြီ။ ဆရာတော်ကတော့ မမှုဘူး။ သူ့ကို ကြည်ညိုသေးသူ ဒကာအချို့ရဲ့ အကူအညီနဲ့ ကလေးကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။

တစ်နှစ်လောက် ကြာသွားပြီးတဲ့ အခါမှာတော့ ကလေးအမေ မိန်းကလေးဟာ မအောင့်အည်း နိုင်တော့ဘူး။ ကလေးအဖေအစစ်ဟာ ငါးဈေးမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ဦးဖြစ်တဲ့အကြောင်း အမှန်အတိုင်း ဖွင့်ပြောပြတော့တယ်။

မိန်းကလေးရဲ့ မိဘများဟာ ချက်ချက်းပဲ ဆရာတော် ကျောင်းကိုသွားပြီး ခွင့်လွှတ်တော်မူပါရန် အကျယ်တဝင့် လျှောက်ထား တောင်းပန်ကြတယ်။ ကလေးကိုလည်း ပြန်ခေါ်သွားပါရစေလို့ တောင်းကြတယ်။ ဆရာတော်က လိုလိုလားလားပဲ ကလေးကို ပြန်ပေးရင်း မိန့်ကြားတော်မူတာက တော့

“သြော် ဟုတ်လား” ဆိုတဲ့ စကားတစ်ခွန်းပါပဲတဲ့။

ဒါဟာ ဂျပန်ဗုဒ္ဓဘာသာ လောကမှာ ထင်ရှားတဲ့ ဆရာတော်များရဲ့ အတ္ထုပ္ပတ္တိများထဲက တကယ့်ဖြစ်ရပ် မှတ်တမ်းတစ်ခုပါ။

မင်္ဂလာတရားတော်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ အမြင့်မြတ်ဆုံး မင်္ဂလာ တရားတော်က ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ = ကောင်း ဆိုး နှစ်တန် လောကဓံ ကြုံတွေ့ရာမှာ မတုန်မလှုပ် စိတ်ဓာတ်ခိုင်မာဖြင်း ဖြစ်ပါတယ်။

ဒီလို စိတ်ထားနိုင်သူဟာ လောကကို အနိုင်ရတဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်အစစ် ဖြစ်ပါတယ်။

စွပ်စွဲနှိပ်စက်ခံရသူ၊ စွပ်စွဲ အနှိပ်စက်ပြုလိုသူတို့ သတိပြုစရာ သာဓကတစ်ခုပါ။

လောကဓံအပေါ်မှာ သဘောအမှန် ထားနိုင်ကြပါစေ…

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)