Tuesday, January 17, 2012

စွယ်စုံအလှ


  စွယ်စုံအလှ
သာသနာတော်၌ ထမ်းဆောင်ရန် တာဝန်ကြီးနှစ်ရပ်ရှိပါသည်။ ဘုရားရှင်ဟောတော်မူအပ်သော ပိဋကတ်တော်များကို မကွယ်မပအောင် ပို့ချသင်ယူခြင်းသည် ဂန္ထဓုရ (ပိဋကတ်တာဝန်)ကို ထမ်းဆောင်ခြင်း မည်ပါသည်။ သီလကို ဖြည့်ကျင့်ခြင်းမှစ၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်ခြင်းသည် ဝိပဿနာဓုရကို ထမ်းဆောင်ခြင်းမည်ပါသည်။ဗုဒ္ဓမြတ်စွာသည် ထိုတာဝန် နှစ်ရပ်လုံးကိုပင် စွမ်းနိုင်သည့်ဘက်မှ ရဟန်းတော် များကို ထမ်းဆောင်စေတော်မူလိုပါသည်။

      အရှင်ဥပါလိသည် ရဟန်းပြုပြီး၍ ဘုရားရှင်ထံ ကမ္မဋ္ဌာန်းတရားကို နာယူပြီးလျှင် ''တောသို့သွား၍ နေလိုပါကြောင်း'' ခွင့်တောင်းလေသည်။ ထိုအခါ ''တော၌နေလျှင် ဝိပဿနာတာဝန်တမျိုးကိုသာ တိုးပွားစေ နိုင်လိမ့်မည်။ ငါ၏အထံ၌နေလျှင်ကား ရဟန်းတော်တို့အား ဝိနည်းပိဋကတ်တို့ကို ပို့ချ၍ ဓုရနှစ်ပါးလုံးကို ဖြည့်နိုင်လိမ့်မည်''ဟု မိန့်တော်မူခဲ့ဘူးပါသည်။ (ဧကင်္ဂုတ္တရ ဧတဒဂ္ဂအဋ္ဌကထာ) ဤစကားအရ ဗုဒ္ဓမြတ်စွာသည် စွမ်းနိုင်လျှင် သာသနာ့တာဝန် နှစ်ရပ်လုံးကို ထမ်းဆောင်စေတော်မူလိုသည်မှာ ထင်ရှားလှပါသည်။

     ယနေ့ ပရိယတ္တိတာဝန်ကို ထမ်းဆောင်နေကြသော ရဟန်းတော်တို့သည် အရှင်ဥပါလိအား မိန့်ကြားသည့် ဗုဒ္ဓ၏ သဘောထားကို အလေးအနက်ထား၍ စဉ်းစားဝေဖန်တော်မူကြရန်လိုပါလိမ့်မည်။ ယင်းသည် ''စာပေသင်ကြား ပို့ချခြင်းဟူသော ပရိယတ္တိတာဝန်တွေ ထမ်းဆောင်သည့် ဘက်တွင်သာ အလေး ကဲလျက် ချိန်ခွင်ညှာမထွက်စေသင့် ယောဂီဆန်ဆန် ကျင်ကြံနေထိုင်လျက် ဝိပဿနာ တာဝန်အလုပ်ကိုလည်း အားထုတ် သင့်ပေ၏'' ဟူသော အချက်ကို မီးမောင်းထိုးပြလျက် ရှိပေသည်။ မှန်၏။ ပရိယတ္တိဘက်တွင် အလေးကဲလျင် ကိုယ်ကျင့် ဝိနည်းဘက်၌ အားလျှော့၍ သွားတတ်ပေ၏။ ထို့ကြောင့် ပိဋကတ်တော်များကို သင်ကြားပို့ချလျက်ရှိသည့် ပရိယတ္တိ ဝန်ဆောင် ပုဂ္ဂိုလ်များသည် ''ကိုယ်ကျင့်ဝိနည်း'' ကိုလည်း ရှေ့တန်း မတင်၍ မဖြစ်ပေ။
     ဗုဒ္ဓမြတ်စွာ၏ သာသနာသုံးရပ်တွင် သီလသည်အစ၊ သီလသည် မူလ၊ သီလသည် ပဓာနဖြစ်သည်။ သီလဟူသည်လည်း ''ကိုယ်ကျင့်ဝိနည်း'' ပင်တည်း။ ကိုယ်ကျင့်သီလသည် ကုသိုလ်တရားအားလုံးတို့၏ တည်ရာဖြစ် သကဲ့သို့ ကိုယ်ကျင့်ဝိနည်း သည် 'ရဟန်းဘဝ၏' တည်ရာဖြစ်သည်။ (သံ-၁-၁၃၊ ၁၆၇။ ခု ၁၁-၃၂။ သံ ၃-၁၄၄၊ အဘိ ဋ္ဌ ၂၊ ၃၁၆)

      အိမ်ဆောက်လိုသူသည် အိမ်မြေနေရာကို ဦးစွာရှင်းလင်းရသကဲ့သို့လည်းကောင်း၊ ပန်းချီဆေးရေးရုပ် ရေးခြယ် လိုသူသည် ပုံကားချပ်ကို ပြေပြစ်ချော့မွေ့အောင် ပထမပြုလုပ်ရသကဲ့သို့လည်းကောင်း၊ ဆေးဆိုး လိုသူသည် အဝတ်ကိုဖြူစင်နေအောင် ပထမ လျော်ဖွပ်ရသကဲ့သို့လည်းကောင်း၊ ယောဂီပုဂ္ဂိုလ်တို့သည် ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်ဝိနည်းကို ပထမဦးစွာ ဖြူစင်ရှင်းသန့်အောင် ပြုလုပ်ကြရပေသည်။ သီလရှိမှ၊ ကိုယ်ကျင့်ဝိနည်း လုံမှသာလျှင် သမာဓိစခန်းသို့လည်းကောင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော ပညာစခန်းသို့ လည်းကောင်း တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

     တနည်းဆိုသော် သီလသည် ''ခြေထောက်နှင့်တူလှ၏။ ခြေထောက်ကျိုးဖြစ်နေသူသည် သွားလိုရာ ခရီးသို့ မသွားရောက်နိုင်သကဲ့သို့ သီလမရှိသူတို့မှာလည်း နိဗ္ဗာန်တည်းဟူသော 'အောင်မြေစခန်းသို့' အရောက် လှမ်းနိုင်ကြမည်မဟုတ်ချေ။ လူတို့၏ပါးစပ်ပေါက်သည် အာဟာရတို့၏ ဝင်ရာ 'လမ်းမ' ဖြစ်သည်။ သီလတည်း ဟူသော လမ်းမပေါ်၌ လျှောက်သွားမှသာ မဂ်ဥာဏ်ကုသိုလ် အထိဆိုက်ရောက်၍ အတ္ထသိဒ္ဓိအကျိုး အားလုံးပြည့်ဝပေမည်။ ထို့ကြောင့် ယနေ့ စာသင်စာချတို့အတွက် ကိုယ်ကျင့်သီလခေါ် 'ကိုယ်ကျင့်ဝိနည်း'မှာ မည်မျှအရေးကြီးကြောင်း သိရှိနိုင်ပေသည်။ (သာရတ္ထ ၃၅-၆)

(၁)    ရဟန်းတို့ သီတင်းသုံးဖော် ရဟန်းအချင်းချင်း ကြည်ညိုခြင်း၊ လေးစားခြင်းကို ခံလိုလျှင် မိမိ၏ သီလ သိက္ခာကို စင်ကြယ်အောင်ဖြည့်ကျင့်ရမည်။
(၂)    ရဟန်းတို့ ဆွမ်းသင်္ကန်းစသောပစ္စည်းကို တရားသဖြင့်ရရှိလိုပါလျှင် မိမိသီလသိက္ခာကို စင်ကြယ်အောင် ဖြည့်ကျင့်ရမည်။
(၃)    ရဟန်းတို့ မိမိအားပစ္စည်းလေးပါး ထောက်ပံ့လှူတန်းသူတို့၏ ကောင်းမှုတို့ကို များပေးစေ လိုလျှင် မိမိ၏ သီလသိက္ခာကို စင်ကြယ်အောင်ဖြည့်ကျင့်ရမည်။
(၄)    ရဟန်းတို့ ကွယ်လွန်ပြီးသောဆွေမျိုးဥာတိတို့က ရောက်ရာဘဝမှ မိမိကို ကြည်ညိုစိတ်ဖြင့် သတိရသောအခါ ထိုကြည်ညိုမှု၏ အကျိုးကိုများစွာ ဖြစ်ထွန်းစေလိုလျှင် မိမိ၏ သီလသိက္ခာကို စင်ကြယ်အောင် ဖြည့်ကျင့်ရမည်။

      ဤသို့စသည်ဖြင့် သီလ၏အကျိုးကိုလည်းကောင်း၊ သမာဓိ ရအောင် သမထကမ္မဋ္ဌာန်း စီးဖြန်းခြင်း၏ အကျိုးကိုလည်းကောင်း၊ ဝိပဿနာဘာဝနာ၏ အကျိုးကိုလည်းကောင်း၊ မူလပဏ္ဏာသပါဠိတော် အာကင်္ခေယျ သုတ်၌ ဟောပြတော်မူခဲ့ပေသည်။

      ''ယုတ်မာ ဒုဿီ၊ အလဇ္ဇီကား၊ နံ့ညှီသတင်း၊ မကောင်းခြင်းဖြင့်၊ ဘင်တွင်းစက်ဆုပ်၊ ကောင်ပုပ်အတူ၊ ရွံဘွယ်ဟူ၍၊ ရှင်လူတကာ၊ မရှူသာဘဲ၊ မျက်နှာတိမ်းငုံ့၊ ကြားတိုင်းရှုံ့၏''။
သီလစင်ကြယ်သူတို့၏ ထိုထိုအကျိုး ရတို့ကား ရေး၍ကုန်ဘွယ်မရှိပါ။ အလားတူပင် သီလမစင်ကြယ်သူ အလဇ္ဇီဒုဿီလတို့၏ အပြစ်တို့မှာလည်း ရေး၍ကုန်နိုင်ဘွယ် မရှိပါချေ။ မစင်ဘင်ပုပ်ကဲ့သို့လည်းကောင်း၊ သူသေကောင်ပုပ်ကဲ့သို့လည်းကောင်း၊ လဇ္ဇီ သူတော်ကောင်းတို့က စက်ဆုပ်ရွံရှာကြပုံကို မန်လည်ဆရာတော်ကြီးက အထက်ပါအတိုင်း မဃဒေဝ၌ ဖေါ်ပြခဲ့ သည်။

''သီလမရှိ၊ သုတရှိသော်
တတ်သိချီးနှီး၊ ကျိုးမပြီးဘူး
မချီးမွှမ်းကြ၊ ကဲ့ရဲ့ကြ၏''။

စာပေပရိယတ္တိနှင့်သာ ပြည့်စုံ၍ ကိုယ်ကျင့်သီလ ကိုယ်ကျင့်ဝိနည်း မရှိသူကို မချီးမွမ်းကြသည့်ပြင် ကဲ့ရဲ့လေ့ပင်ရှိကြသည်ကိုလည်း ဖေါ်ပြခဲ့သည့်။

''နုံ့သည့်ဥာဏ၊ သုတမရှိ၊ သီလရှိက
သီလအတွက်၊ နှစ်သက်ကုန်ကြ၊ ချီးမွမ်းရ၏''

ပရိယတ္တိဥာဏ်ပင်ရှင်သန်ကြီးထွားမှု မရှိပါသော်လည်း ကိုယ်ကျင့်သီလနှင့် ပြည့်စုံက လူတို့လေးမြတ် အားရနှစ်သက်လေ့ရှိကြပေ၏။ လူတို့၏သဒ္ဓါတရားကို ဖွံ့ထွားရှင်သန်စေနိုင်၏။ ကုသိုလ်အားပွားတိုးစေနိုင်၏။ သာသနာ့ကြက်သရေကို မမှေးမှိန် မသေးသိမ်စေပေ။

''သုတသီလ၊ စွယ်စုံလှမူ၊ ထိုသသူကို
နတ်လူကောင်းချီး၊ အံ့မပြီးဘဲ
မငြီးရှုမြှော်၊ ရှိပူဇော်၏''။

     စာပေ ပရိယတ္တိဂုဏ်နှင်လည်းပြည့်စုံ၊ ကိုယ်ကျင့်သီလလည်း လုံမည်ဆိုပါလျှင်ကား ''စွယ်စုံအလှ''ပင် ဖြစ်ပါ၏။ ဤလိုပုဂ္ဂိုလ်မျိုးကား ''နတ်လည်း နှစ်လို၊ လူကြည်ညို''ဆိုသကဲ့သို့ လူနတ်တို့၏ ကြည်ညိုမှု၊ ပူဇော်မှုကို ခံရပေ၏။ သာသနာ့ကြက်သရဆောင် ထိပ်ခေါင်တင် 'တော်'တစ်ပါးဖြစ်ရပေ၏။

     ထို့ကြောင့် ယနေ့သာသနာ၌ စာသင်စာချ၊ ပရိယတ္တိဝန်ဆောင်ရဟန်းတော်တို့အနေဖြင့် 'ကိုယ်ကျင့် သီလ ကိုယ်ကျင့် ဝိနည်း''ကို ရှေ့တန်းတင်လျက် 'ဝိနယဂရုက၊ သာသနာ့အာဇာနည်' အရှင်ကောင်း အရှင်မြတ်တွေ ပီပီပြင်ပြင် ဖြစ်ကြရန်အရေး အလေးအနက်ပြုသင့်ကြပါပေ၏။ ကိုယ်ကျင့်ဝိနည်းပါမှ သုဂတိ ဘဝ သေချာနိုင်၏။ ပရိယတ္တိသင်ကြားပါမှ ပညာပါရမီ ပြည့်၏။ စာသင်စာချ ပရိယတ္တိဝန်ဆောင်တို့အတွက် ဝိနည်းသည် 'အကွပ်တကူနှင့်တူပေ၏'။ စာတော် စာညံ့ စာအလယ်အလတ်တို့ကား 'အကန့်ဒေါက်ဆံ သဖွယ်' ဖြစ်ပေ၏။
သို့ဖြစ်ပါ၍ စာပေပရိယတ္တိဂုဏ်နှင့်လည်းပြည့်စုံ၊ ကိုယ်ကျင့်သီလလည်းလုံသည့် ''စွယ်စုံအလှပိုင်ရှင် များ''ဖြစ်ရန် အတွက်--

(၁) ဝိနည်းလေးစားပြီး စာတော်ဖြစ်အောင်
(၂) ဝိနည်းလေးစားပြီး စာအလယ်အလတ်ဖြစ်အောင်
(၃) ဝိနည်းလေးစားပြီး စာညံ့ချင်ညံ့ပါစေ
ဤပုဂ္ဂိုလ်အမျိုးအစားသုံးမျိုးဖြစ်အောင် ကြိုးစားသင့်ကြပေကြောင်း နှလုံးကောင်းဖြင့် အကြောင်း သင့်စွာ တိုက်တွန်းဖေါ်ပြလိုက်ရပါသတည်း။
စိတ်ကောင်း စာတတ်၊ ပုဂ္ဂိုလ်မြတ်၊ လိုအပ်သာသနာ။
ဝိနည်းကျင့်တတ်၊ စာတော်လတ်၊ လိုအပ်သာသနာ။

အရှင်မဟောသဓပဏ္ဍိတ
(ပရိယတ္တိစာစောင်တွင် ရှင်တေဇောသာရ အမည်ဖြင့် ရေးသားခဲ့သည်။)