အမေဟာ အမေပါပဲ
(ပြီးခဲ့တဲ့( ၂၀၁၀ ) ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဇာတိရပ်မြေကို
ရောက်အောင်ပြန်သွားဖြစ်ခဲ့တယ်၊ သီဟိုဠ် မှာ ကျောင်းတက်နေစဉ်အတွင်း
မွေးမယ်တော်ကြီး ရုတ်တရက် ဆုံးပါးသွားတော့ ပညာရေး တပိုင်းတစနဲ့
ပြန်ရမှာလိုလို၊ မပြန်တာ ကောင်းပါတယ်လေ လို့ ဝေခွဲမရဖြစ်လိုက်နဲ့ သတင်းကို
ကြားကြားချင်းမှာ ထိုင်ရမလို ထရမလို ဖြစ်နေခဲ့တာကို ပြန်လည်စဉ်းစားရင်း
မိဘနဲ့ သားသမီးတို့ရဲ့ သံယောဇဉ် အတိမ်အနက်ကို မှန်းဆကြည့်ရင်း မိဘမေတ္တာဖွဲ့
ပို့စ်တပုဒ်ကို ရေးမိပါတယ်၊)မိဘတိုင်းဟာ သားသမီးတွေအပေါ်မှာ တာဝန်ကျေပွန်ချင်ကြပါတယ်၊ ဒါကြောင့်လဲ ဘယ်လောက် ခဲယဉ်းသည်ဖြစ်စေ၊ ပင်ပန်းနေသည်ဖြစ်စေ အလုပ်တွေကို ကြိုးစားပြီး ကိုယ့်အတွက်ဆိုတာ အသာထားလို့ သားသမီးတွေအတွက် ရုန်းကန်နေကြတာ မဟုတ်လား၊ သို့သော်လည်း အကြောင်းကြောင်း ကြောင့် သားသမီးနဲ့ ခွဲခွါနေကြရတဲ့ မိဘများ၊ မဆုံဖြစ်ကြတဲ့ မိဘများဟာ တနေရာဆီ ဝေးနေကြပေမယ့် ရင်ထဲမှာတော့ ကိုယ့်မျက်စိအောက်မှာပဲ သားသမီးတွေကို နေစေချင်ကြတယ်၊
မိဘတွေရဲ့ မေတ္တာ၊ မိဘတွေရဲ့ စေတနာ၊ အနစ်နာခံမှုတွေကို သားသမီးတွေက ဘယ်လောက် နားလည်ပါတယ် ပြောပြော ဘယ်လိုနည်းနဲ့မှ ကိုယ်ချင်းမစာနိုင်ကြဘူး၊ ဒါပေမယ့် ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတဲ့ တနေ့ကျမှ အဲဒီအရသာ ကို ပိုနားလည်လာတတ်တယ်လို့ ဆိုပါတယ်၊
ဗုဒ္ဓခေတ်မှာတုံးကတော့ ရှင်ဘုရင် အာဏာကို လိုချင်လွန်းလို့ မိဘကို သတ်ခဲ့တဲ့ မင်းသားအဇာတသတ် ဟာ ကိုယ်တိုင် သားတစ်ယောက် မွေးတဲ့ သတင်းကို ကြားလိုက်တာနဲ့ တပြိုင်နက်ထည်း ဖခင်တစ်ယောက်ရဲ့ မေတ္တာကို စတင် ခံစားမိလာတယ် လို့ဆိုပါတယ်။ ဒါကြောင့်လဲ ငါက ငါ့သားကို ချစ်သလို ငါ့အဖေကလဲ ငါ့ကို ချစ်ရှာမှာပဲ လို့ တွေးမိပြီး မယ်တော် ဝေဒေဟီမိဖုရားကြီးဆီကို သွားမေးတော့ အကျိုးအကြောင်းစုံ သိရတာနဲ့ အကျဉ်းချထားတဲ့ ဖခင်ကြီး ဗိမ္ဗိသာရကို ထောင်က လွတ်စေ လို့ အမိန့်ချမှတ်လိုက်ပေမယ့် အားလုံးဟာ လွန်ကုန်ပါပြီ၊ ဖခင်ကြီးဟာ အကျဉ်းထောင်ထဲမှာ နတ်ရွာစံ နေခဲ့ပြီ၊
မိဘကို ပြစ်မှားပြီးသတ်တဲ့ ပိတုဃာတကကံ ဆိုတဲ့ ပဉ္စာနန္တရိယ ကံကြီးကို ကျူးလွန်ခဲ့ တာကြောင့် နောင်တစ်ချိန် မှာ နောင်တရလို့ မြတ်စွာဘုရားကို ချဥ်းကပ်ပြီး အပြစ်တွေ ကျေလို ကျေငြား ကြိုးစားပြီး ပေးဆပ်တယ်။ မြတ်ဘုရားဟောတဲ့ သာမညဖလသုတ်တော်ကိုလည်း စိတ်ကြိုက်နာယူရတယ်၊ တရားနာပြီးလို့ ပြန်သွားချိန်မှာတော့ ဘုရားရှင်က မှတ်ချက်ပေးတယ်၊ တကယ်လို့သာ အဇာတသတ်ဘုရင်ဟာ ဖခင်ကို သတ်ထားတဲ့ အကုသိုလ်ကြီး မရှိခဲ့ရင် ဒီနေ့ သောတာပန်ဖြစ်ရလိမ့်မယ်၊ အခုတော့ တရားထူးနဲ့ လွဲရရှာပြီ တဲ့။
ပြောလိုတာက မိဘမေတ္တာကို သိစေချင်လို့ အများသိပြီးသား ဒီဇာတ်ကြောင်းကို ဖော်ပြနေမိတယ်၊ တကယ်တော့ ဘယ်လို အခြေအနေ ရောက်နေသည်ဖြစ်စေ မိဘဟာ မိဘပါပဲ၊ သားဖြစ်သူကိုမှ ပိုချစ်တယ်၊ သူ့သမီးကို ကျတော့ အလိုလိုက်တယ် စသည်ဖြင့် သားသမီးများဟာ မိဘအပေါ်မှာ အထင်လွဲပြီး ကျေးဇူးကန်းကြတာတွေ ကြားနေရတာ စိတ်မကောင်းစရာပါပဲ၊
အထူးသဖြင့် သားတွေရော သမီးတွေရော အိမ်ထောင်မကျခင်မှာတော့ မိဘတွေအပေါ် အချစ်ပိုကြတယ်၊ မိဘက ဘယ်လောက် မျက်နှာလိုက်သည်ဖြစ်စေ ခွင့်လွတ်ရင်း ချစ်နေမြဲပဲ၊ အဲ အိမ်ထောင်ကျပြီး ကိုယ့်အိုးကိုယ့် အိမ်နဲ့ ဖြစ်လာပြီဆိုမှ အဖေက ဘယ်သူ့အပေါ်မှာ မျက်နှာလိုက်တယ်၊ အမေက သူ့သားကို ကျတော့ ငွေတွေ မသိအောင် ခဏတိုင်း ပေးတယ် စသဖြင့် မြင်တတ်လာပြီး မိဘအပေါ် မကျေမနပ်ဖြစ်ကာ ကျေးဇူးကန်းတတ် ကြတယ်၊ နောက်ထပ် သားသမီး အချင်းချင်းတွေလဲ စိတ်ဝမ်းကွဲကာ မခေါ်မပြောကြနဲ့ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်၊
မိဘအပေါ် စိတ်ဆိုးကာ မခေါ်မပြောနိုင်ဖြစ်နေတဲ့ အိမ်ထောင်ရှိတဲ့ သားတွေ၊ သမီးတွေ သတိထားစရာပါ၊ တစ်ချို့များ တပည့်တော် အမေနဲ့ စကားများထားတယ်ဘုရား၊ မခေါ်ဘူး၊ အခု လို ၀ါဆို သီတင်းကျွတ် အခါကြီးရက်ကြီးမှာ ကန်တော့ချင်တာ အခက်တွေ့နေတယ်ဘုရားတဲ့၊ စာရေးသူအတွက်တော့ ငိုအားထက် ရယ်အားသန်ရ မလို ကြုံခဲ့ရဖူးတယ်၊
ဒါပေမယ့် ကာယကံရှင်ကို အားနာလို့ မရယ်ခဲ့မိပါဘူး၊ မြန်မြန်တောင်းပန်ပြီး သွားကန်တော့လိုက်ပါ၊ ကန်တော့စရာ ပစ္စည်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လူကိုယ်တိုင် လာတယ်ဆိုရင်ကို သူတို့က ခွင့်လွှတ်ပြီးသားပါ လို့ အတင်း တွန်းပို့ခဲ့ရဖူးတယ်။ အရင်းစစ်လိုက်တော့ သံယောဇဉ်ပါပဲ။ ကိုယ့်အိမ်ထောင်ဖက်ကို မတွေ့ခင်က မိဘက ပထမ၊ အိမ်ထောင်ကျတော့ မိဘက ဒုတိယနေရာကို အလိုလို ရောက်သွားတယ်၊ အိမ်ထောင်ဖက်က အစားထိုးလို့ ရနိုင်ပေမယ့် မိဘက အစားထိုးလို့ မရနိုင်တာ လူတိုင်း သတိမထားမိကြဘူး၊
တစ်ချို့က မိဘဖြစ်သူ ကိုယ်လက်အင်္ဂါ မစုံလင်လို့ လူမသိအောင် ပုန်းလျိုးကွယ်လျိုးထားတာမျို၊ အမေဖြစ်သူက စရိုက်မကောင်းလို့ လူသိမခံဝံ့တာမျိုးတွေလဲ ကြားနေရပါရဲ့၊ နောက်ဆုံးအနေနဲ့ စကားလုံးလေး ရိုင်းရင် သည်းခံပေးကြပါ၊ ကိုယ့်အမေဟာ မကောင်းတာ လုပ်စားနေတဲ့ သူ ဖြစ်စေအုံးတော့ … အမေဟာ အမေပါပဲ တန်ဖိုးထားရပါမယ်၊ သူနဲ့ ကိုယ်နဲ့ သံသရာဘ၀အဆက်ဆက်က ရေစက်ပါလာခဲ့တာမို့ ဒီဘ၀မှာတွေ့ ဆုံနေကြရပြီလေ၊ ကိုယ်ကျင့်တရား ကောင်းတာ မကောင်းတာဟာ သူ့ကံတရားအလိုက် အကျိုးပေးလိမ့်မယ်၊ ရေစက်ဆုံနေစဉ်လေးမှာတော့ ကိုယ့်ဘက်က သားသမီးတစ်ယောက် အနေနဲ့ တာဝန်ကျေပွန်ရပါမယ်၊
ဒီလို တွေးမိလို့လဲ စာရေးသူဟာ မိခင်ဖြစ်သူ မယ်တော်ကြီး ကွယ်လွန်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ပတ်လည် ဆွမ်းသွပ်၊ တရားနာယူခြင်း အလှူပွဲကို ဖိတ်မာန်ထားသူဧည့်ပရိသတ် အားလုံးအား ထမင်းကြွေးပြီး မိဘကျေးဇူးဆပ်ခြင်း ဒါနတစ်ခု လုပ်ပေးခဲ့ပြီး “ ဘ၀ခြားလို့ ဝေးခဲ့ပြီ “ ဆိုတဲ့ တရားစကားတွေကို ပြောဖြစ်ခဲ့တယ်။
မိဘများသံဝေဂယူစရာ -
သူ့နာမည်က ကိုအေး၊ တရွာလုံးကတော့ သူ့ကို ရိုးလွန်း အေးလွန်းလို့ ကိုလူအေးလို့ ချစ်စနိုးခေါ်ကြတယ်၊ လူတွေအားလုံးသာမကပဲ ရွာဘုန်းတော်ကြီးကျောင်းက ဆရာဘုန်းကြီးကပါ တပည့်လိမ္မာလေး ဆိုပြီး အစစအရာရာ ချီးမြောက်ပေးတတ် တယ်၊ ဒါကြောင့်လဲသူ့ဘ၀ကအေးချမ်းနေတယ်ဆိုပါတော့၊
ချစ်စရာ ဇနီးအလိမ္မာလေးက သားယောကျာ်း မွေးတယ် ဆိုရင်ပဲ သူ့မှာ သားကို ရှင်ပြုပေးရတော့မယ်၊ အလှူလဲ ပေးဖူးတာမဟုတ်တော့ အလှူပေးဖို့အတွက် စိတ်ထဲမှာ အားခဲထားခဲ့တယ်။ ဘ၀မှာ တကြိမ်တခါမှ မကြုံဖူးတဲ့ အလှူ့ဒကာကြီး ဆိုတဲ့ အသံကိုလဲ အခေါ်မခံခဲ့ဖူးဘူးး၊ တကယ်တော့ သူလို သားယောင်္ကျားလေး ရဲ့ မိဘဖြစ်သူတိုင်း ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအရ ဖြစ်နိုင်ရင် ကန်တော့ပွဲလေးနဲ့ ရှင်ပြုပေးတာမျိုး မဖြစ်ချင်ကြဘူး၊
အဲဒါကတော့ ဗုဒ္ဓဘာသာ မိဘတိုင်းရဲ့ တူညီတဲ့ ချစ်စရာ စိတ်ဓာတ်လေးပါ၊ တချို့များ အလှူပေးချင်တာတောင် သားယောင်္ကျားလေး မရပဲ သမီးတွေပဲ ရှိနေလို့ စိတ်ထဲ တနုံ့နုံ့နဲ့ မချိတင်ကဲပေါ့၊ စကားစပ်မိလို့ ဟိုတနေ့က သတင်းတပုဒ် ဖတ်လိုက်ရတယ်၊ အိန္ဒိယနိုင်ငံ ဗာရာဏသီ မြို့အနီးက ရွာတရွာမှာ အိမ်ထောင်သည် ကုလားတစ်ယောက်ကို သူတို့ ကိုးကွယ်တဲ့ ဆာဒူးက သူခိုင်းတဲ့ အတိုင်း ရေမချိုးပဲ မီးပဲ လှုံနေပါ၊ သားယောကျားလေး ရမှ ရေချိုးပါ၊ သားယောကျားလေး ရရ ပါစေမယ် လို့ သြ၀ါဒပေးခဲ့သတဲ့၊ ဆာဒူးကို ယုံကြည်ပြီး ရေမချိုးပဲ နေခဲ့တာ နှစ်ပေါင်း ( ၃၇ ) နှစ် ရှိပြီ ဆိုပဲ၊ ဒါပေမယ့် သားယောကျားတော့ မရဘူး၊ သမီးတွေချည်းပဲ ( ၇) ယောက်တောင် ရခဲ့တယ်၊ ဒါကတော့ မြတ်ဘုရားဟောတဲ့ ကံနှင့် အကျိုးတရားကို မသိရှိ နားမလည်ရခြင်းရဲ့ ပြယုဂ်တစ်ခုပေါ့။ အဲဒီလူဟာ အခုထိ ရေမချိုးသေးဘူး၊ သားလေးမွေးမှ ရေချိုးမယ်လို့ ဆိုပါတယ်၊ သားယောကျားလေး ရဖို့ကလဲ ကံပါမှ ရနိုင်ပါတယ်။
ဗောဓိမင်းသား
မြတ်စွာဘုရားလက်ထက်တော်အခါက ဗောဓိမင်းသားဟာ ငါ ဒီဘ၀မှာ သားသမီးမွေးမှာ သေချာခဲ့ရင် မြတ်ဘုရားက ခင်းထားတဲ့ ပိတ်ဖြူအခင်းတွေပေါ် နင်းကျော် သွားပါစေ၊ မရဘူးဆိုရင်တော့ မနင်းပဲ နေပါစေ ဆိုပြီး ဘုရားရှင်ကို ပင့်ကာ ပြဿဒ်ဆောင်ပေါ် ပင့်တော်မူတဲ့အခါ မြတ်ဘုရားကလဲ မင်းသား အကြံကို သိရှိလေတော့ ဘယ်လို လျောက်လျောက် မနင်းတော့ဘူး၊ နောက်မှ အလိုက်သိတဲ့ အရှင်အာနန္ဒာက အခင်းတွေကို ရုတ်သိမ်းခိုင်းရတယ်၊ အနုမောဒနာတရား နာယူတဲ့ အချိန်မှာ ‘’ တပည့်တော်ခင်းထားတာကို အဘယ့်ကြောင့် မချီးမြှောက်ပဲ နေရပါသလဲဘုရား၊ တကယ်တော့ တပည့်တော်ဟာ အရှင်ဘုရားရဲ့ ဒကာရင်းဆိုလဲ မမှားပါဘူး” ဆိုတော့ ဒကာတော်မင်းသားရဲ့ အကြံကို သိတော်မူလို့ မနင်းတာ လို့ မိန့်တော်မူလိုက်တယ်၊
ဒီအခါ ဗောဓိ မင်းသားက တပည့်တော်တို့ ဘယ်လို မကောင်းမှု အကုသိုလ်တွေ ရှိခဲ့လို့ ဒီဘ၀မှာ သားသမီး မရနိုင်တာလဲ ဘုရား ၊ သိခွင့်ရှိရင် သိပါရစေ လို့ လျောက်ထားတော့ -- ‘’ အေး ဒကာတော်မင်းသား အခုလက်ရှိဇနီးမယားနဲ့ပဲ ဘ၀တစ်ခုမှာ လင်မယားဖြစ်ပြီး သင်္ဘောနဲ့ ပင်လယ်ကို ဖြတ်ကူးစဉ် လှိုင်းမိပြီး သေကံ မရောက်ပဲ ကျွန်းတကျွန်းကို ရောက်ခဲ့ကြတယ်၊ အဲဒီအခါ စားစရာ ရှာမရတဲ့အဆုံး နိုင်ရာစား ဆိုတဲ့ အတိုင်း ငှက်သိုက်တွေကို လိုက်ရှာပြီး ငှက်ဥတွေ မှန်သမျှ စားသောက်ခဲ့ကြတယ်၊ လင်မယားနှစ်ယောက် စိတ်တူကိုယ်တူ အကုသိုလ်တွေ လုပ်ခဲ့ ဆည်းပူးခဲ့တာကြောင့် ဒီဘက်ဘ၀မှာလဲ သားသမီး ဆိုတဲ့ အခြံအရံ မရှိပဲ အထီးကျန်စွာ နေကြရတယ် ’’ လို့ မိန့်တော်မူသတဲ့။ ဒါကတော့ အိမ်ထောင်သည်များ သားသမီး မရနိုင်ခြင်းရဲ့ အတိတ်က အကြောင်းတစ်ခုပါ၊ ( စကားချပ် ) ဒီဘက်ဘ၀မှာ ဟိုမုန်းဓာတ် ချို့ယွင်းတာမျိုး စတဲ့ ဆေးပညာစကားအရ ပစ္စုပ္ပန်မှာလုပ်ဆောင်မှုတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်မိဘများဟာ သားယောကျားလေး မွေးလို့ကတော့ မရှိရင် ရှိအောင် စုဆောင်းပြီး အားရပါးရ လှူချင်ကြတယ်၊ကိုအေးကလဲ အတူတူပဲ၊ တဦးတည်းသော သားလေး အရွယ်ရောက်အောင် စောင့်ဆိုင်းပြီး ပေးမယ်ပေါ့၊ ပတ်ဝန်းကျင်ကလဲပြောနေကြပြီ၊
ဟေ့ ကိုလူအေး၊ မင့်သားက အရွယ်ရောက်လာပြီ အလှူမပေးသေးဘူးလား၊
ပေးရမှာပေါ့ဗျာ -ကျုပ်လဲ တတ်နိုင်သလောက် စုဆောင်းနေတာပါပဲ၊ သွားလဲ ဒီစိတ် စားလဲ ဒီစိတ်နဲ့ ရသမျှကိုအလှူအတွက် ကြိတ်စုနေတာ၊ ကျုပ်က ခြိမ့်ခြိမ့်သဲသဲ အလှူကြီးကို ပေးချင်တာဗျ၊ ဒါမှ ကျုပ်သားလေးကို မိဘ၀တ္တရားကျေပွန်အောင် သက်သေပြရာရောက်မှာပေါ့၊
အေး စုတာလဲ စုတာပေါ့၊ မင်းကြိုးစားနေတာ တ၇ွာလုံး သိပါတယ်၊ ဒါပေမယ့် ငါတို့ကတော့ အမြန်ဆုံး အောင်အောင်မြင်မြင် ပြီးဆုံးသွားတာ မြင်ချင်လို့ပါ - လို့ သူငယ်ချင်းတွေက အားပေးစကားပြောကြတယ်၊
သူ့ရည်မှန်းချက်က သိန်း ၂၀ လောက် ရအောင် စုမယ်၊ ဒါမှ စိတ်ကူးအတိုင်း ပေးလှူနိုင်မယ်ပေါ့၊ နောက်ဆုံးတော့ကိုလူအေး ဘယ်လောက်ထိ စုသလဲ ဆိုရင် လင်မယားနှစ်ယောက်စလုံး အစားအသောက်ကို ခြိုးခြံချွေတာပြီးကိုစုတယ်၊ အလုပ်ကိုလဲ ကြိုးစားတယ်၊ ဒါပေမယ့် တောသူ
တောင်သားတို့ထုံးစံအရ တောင်သူအလုပ် လုပ်နေရုံနဲ့ သိန်း ၂၀ ဆိုတဲ့ ငွေအင်အားဟာ သိပ်မလွယ်ဘူးလေ၊
မမျှော်လင့်တဲ့ တနေ့မှာတော့ အလုပ်ကြိုးစားတဲ့ ဒဏ်၊ ပင်ပန်းတဲ့ ဒဏ်တွေနဲ့ အပြင်းအထန် ဖျားပြီး သေသွားတယ်၊ သံယောဇဉ်တန်းလန်းနဲ့ သေသွားရတဲ့ ကိုလူအေးဟာ အိမ်ဝင်းထဲက တမာပင်မှာပဲ တစ္ဆေအဖြစ်နဲ့ ပရလောကမှာ သွားဖြစ်တယ်၊အလှူဒကတော့ ဖြစ်မသွားရှာဘူး၊ အလှူလဲ မအောင်မြင်ခဲ့ဘူး၊ တဦးတည်းသော သားလေးနဲ့ ဇနီးမယားကို စိတ်က စွဲနေလေတော့ အိမ်ကနေ မခွဲနိုင် ဖြစ်နေတာပေါ့၊ ဘ၀ခြားသွားပေမယ့် တနေ့ တနေ့ သားလေးနဲ့ မယားဟောင်းကိုသာတစိမ့်စိမ့်ကြည့်နေပြီးပီတိဖြစ်နေတယ်၊
ကျန်ခဲ့တဲ့ ဇနီးလေးကို ဆွေမျိုးတွေ အားလုံးဝိုင်းပြီး ကိုလူအေး ဘ၀ကူးကောင်းဖို့အတွက် ရက်လည်ဆွမ်းသွပ် ပေမယ့်လည်း သူကတော့ ကိုယ်နဲ့မဆိုင်သလိုပဲ၊ ခြောက်တာ လှန့်တာတွေ ဘာမှ မလုပ်ခဲ့ပေမယ့် ကိုလူအေး ဒီအိမ် ပတ်ဝန်းကျင်မှာ ရှိနေသေးတယ် ဆိုတာကိုတော့ သူ့ဇနီးက သိနေခဲ့ပါတယ်၊ ( နောက်မှ ပြန်လည်ပြောပြ ခြင်းပါ )
ဒီလိုနဲ့ အိမ်ခြေတစ်ရာကျော်လောက် ရှိတဲ့ ရွာလေးမှာ တရွာလုံးက စုပ်တသတ်သတ်နဲ့ပေါ့၊ အချိန်တွေ ကုန်လွန်ခဲ့တာနဲ့အမျှ ကိုလူအေး ဆုံးသွားတာလဲ တနှစ်ပြည့်ခဲ့ပြီ ၊ နှစ်ပတ်လည် ဆွမ်းသွပ်ပွဲမှာ ငယ်ဆရာဘုန်းကြီးက ရေစက်မချခင်တရားဟောတယ်၊
အကယ်၍ မောင်လူအေး ဟာ မကျွတ်မလွတ်သေးပဲ ရှိနေသေးလျင် -
ချစ်ခြင်း( သံယောဇဉ် )ဟာ လူတွေအားလုံးကို ဒုက္ခပေးနေကြောင်း၊
အဲဒီ သမုဒယတွေ ရှိနေလို့ သတ္တ၀ါတွေအားလုံး သံသရာမှာ ကျင်လည်နေရကြောင်း၊
တကယ်တော့ ဘ၀ဆိုတာ တွေ့ ကြုံပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေတကား ဆိုတဲ့အတိုင်း သေကွဲ ရှင်ကွဲ တမျိုးမျိုးနဲ့ ကွဲကွာရမည်ကို နားလည်ထားသင့်ကြောင်း၊
ခဏတာ လူ့ဘ၀မှာ တွေ့ဆုံပေါင်းသင်းရပေမယ့် ဘ၀ခြားသွားလျင်ဖြင့် တွယ်တာ မနေတော့ပဲ ကိုယ့်သွားသင့် ရောက်သင့်ရာဘုံဋ္ဌာန ဂတိတခုခု သွားရမည်ဖြစ်ကြောင်း၊ သတ္တ၀ါ အားလုံးဟာ ကိုယ့်လမ်းကို သွားနေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို ကူညီမပေးနိုင်ကြောင်း -- ဟောကြားနေပါတယ်၊
တရားဟောတာ မဆုံးသေးဘူး၊ တရားနာပရိတ်သတ်ထဲက ကိုလူအေးရဲ့ တူမလေး တယောက်က ရှိုက်ကြီးတငင် ငိုပါလေရော -( အမှန်က ကိုလူအေးက ၀င်ပူးပြီး စကားပြောမလို့ပါ )
တပည့်တော် မှားမှန်းသိပါပြီ ဆရာတော်ဘုရား - တပည့်တော် ဒီဘ၀ကနေ သွားပါတော့မယ် - တဲ့၊
တရားနာပရိသတ်လဲ ရုတ်ရုတ်သဲသဲ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတယ် ၊
ဟဲ့ နင်က ဘယ်သူလဲ ဟဲ့၊ မှန်မှန် ပြောစမ်း - -
တပည့်တော် အရှင်ဘုရားတပည့် လူအေး ပါဘုရား၊ သားလေးနဲ့ ဇနီးကို ချစ်လွန်းလို့ မခွဲနိုင်ပဲ ဒီ တမာပင်မှာပဲ နေနေပါတယ်၊ အခု တပည့်တော် တရားနာပြီး သွာသင့်ရာကို သွားပါတော့မယ်ဘုရား -တဲ့၊
မင်းကို အရင်က ရက်လည် ဆွမ်းသွပ်ပေးကြတယ် မဟုတ်လား၊ မင်းက ဘယ်သွားနေလို့လဲ အမျှမရဘူးလား - -
တပည့်တော် အဲဒီတုံးကလဲ အားလုံး တရားနာ အမျှပေးနေတာကို သိပါတယ်၊ မကျွတ်ချင်သေးလို့ သာဓု မခေါ်ခဲ့တာပါ၊ အခုတော့ အရှင်ဘုရားတရားကို နာရပြီး သဘောပေါက်ပါပြီဘုရား - သာဓုခေါ်ပါတော့မယ် -တဲ့၊
ဒါကြောင့် ပရလောကမှာ မကျွတ်မလွတ်ပဲ ရှိနေသေးရင် ကာယကံရှင်ကိုယ်တိုင်က စိတ်ပါပြီး သာဓုမခေါ်လို့ကတော့ ဘယ်လောက်ပဲ ရက်လည်ဆွမ်းသွပ်နေနေ မကျွတ်နိုင်ဘူးဆိုတာ သိစေချင်ပါတယ်
၊ အမှန်က ဆရာဘုန်းကြီးဟောတဲ့ တရားက ကိုလူအေးကို အမြင်မှန်ရစေလောက်အောင် အရှိုက်ထိ ( ဟတ်ထိ )သွားတယ်။ အဲဒီဆွမ်းသွပ်ပွဲမှာ ကိုလူအေးဟာ စိတ်လက်ပါပါ သာဓုခေါ်ပြီး ကျွတ်သွားရှာပါတယ်၊
အခုလဲ စာရေးသူရဲ့ မယ်တော်ကြီးဟာ တစ်စုံတစ်ခုကို စွဲလမ်းပြိး မကျွတ်မလွတ်တဲ့ ဘ၀မှာ ရှိနေခဲ့လျင် အမြင်မှန်ရပြီး သာဓုခေါ်ဆိုနိုင်ပါစေကြောင်း၊ ဒီဘ၀မှာ သံယောဇဉ်တွယ်ကြရပေမယ့် အခုတော့ ဘ၀ခြားလို့ ဝေးခဲ့ရပြီ ဆိုတဲ့ အကြောင်း ဟောပြောဖြစ်ခဲ့တယ်။
လူအများစုအတွက် ဒါနစိတ်နဲ့ သေတာ နတ်ပြည်ရောက်နိုင်ပါတယ် ပူစရာမလိုဘူး လို့ မတွေးသင့်ပါဘူး၊ စုတေခါနီးမှာ အလိုက်မသိတဲ့သားသမီးတွေက ငိုကြွေးနေကြလို့ မိဘဖြစ်သူမှာ မမျှော်လင့်တဲ့ သံယောဇဉ်တွေကြောင့် တမလွန်ဘ၀က တိမ်းစောင်းသွားနိုင်ပါတယ်၊ ဒါကြောင့် သေခါနီးလူတွေနားမှာ သူတို့ စိတ်မဖြောင့်အောင် သားသမီးတွေက မငိုသင့်ကြ ပါဘူး။
အချိန်တန်တော့ ဘယ်သူနဲ့ ဘယ်လိုပဲ နှိုင်းယှဉ်သည်ဖြစ်စေ အမေဟာ အမေပါပဲ၊ ဘယ်သူနဲ့မှလဲ နှိုင်းယှဉ်လို့ မရတာ အမေပါပဲ၊ အမေတွေ အဖေတွေကတော့ သားဇောသမီးဇောကြောင့် ကိုယ့်ဘ၀ကိုနစ်မွန်းတတ်ကြတယ်၊ ဒီဘက်ဘ၀မှာ ပေးဆပ်ရုံတင် မကပဲ သေပြီးလို့ တမလွန်ဘ၀အထိပါ သူတို့ဘ၀ကို ပေးဆပ်နေတတ်ကြတာ မိဘသံယောဇဉ်တွေပါ၊ ဒါတွေကိုသာ သားသမီးတွေ ကြိုတင် သိတတ်ကြမယ် ဆိုရင် ......
13. Aug. 2009 ခုနှစ်တွင် ဘ၀တပါးသို့ ပြောင်းသွားကွယ်လွန်သွားသော မိခင်ကြီး ဒေါ်သီ ( အသက် ၇၆ ) နှစ်၏ မိခင်တစ်ယောက်၏ မေတ္တာမိခင်တစ်ယောက်၏ စေတနာ မိခင်တစ်ယောက်၏ သံယောဇဉ်တို့ကို ကျေးဇူးဆပ်ေ သာ အားဖြင့် ရေးဖွဲ့ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
http://www.dhammayaungchi.com/