Tuesday, January 3, 2012

ထေရ၀ါဒမှတ်ကျောက် သီဟိုဠ်သင်္ဂါယနာ

  ထေရဝါဒမှတ်ကျောက် သီဟိုဠ်သင်္ဂါယနာ

မိမိတို့ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည်…အိန္ဒိယနိုင်ငံရှိ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူခဲ့သော နေရာ ဒေသများစွာတို့ကို သွားရောက်ဖူးမျှော် ကြည်ညိုနေကြသည်မှာ တက်နိုင်သော ပုဂ္ဂိုလ်များအဖို့ သွားရောက်ကြသည်တသဲသဲပင်၊ ထိုဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က သီတင်းသုံးတော်မူခဲ့သော ကျောင်းတော် ရာများ… မဟာဗောဓိစေတီတော်များကို ဖူးမြှော်သကဲ့သို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ အလေးထားရမည့် အခြားတစ် နေရာမှာ ထေရ၀ါဒပိဋတ်တော်များကို သင်္ဂါယနာတင်ရာဋ္ဌာနများဟု ဆိုချင်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ထိုသင်္ဂါယနာတို့သည် ယခုမိမိတို့ကိုးကွယ်ဆီးကပ်သည့် ထေရ၀ါဒသံဃာတော်များ ရွက်ဖက် နေသည့် ပိဋကတ် တော်များကို ပျောက်ပျက်မသွားအောင် မှတ်ကျောက်တင်ရာ ဋ္ဌာနဖြစ်သည်။ ထို့ကြောင့် ထိုနေရာများသည် ထေရ၀ါဒဗုဒ္ဓဘာသာများအဖို့ အလေးဂရုထားရမည်နေရာဟုဆိုချင်ပါသည်။

သင်္ဂါယနာဟူသည်……စုပေါင်းခြင်းဟုခေါ်သည်။ ဘုရားရှင်သည် ပုဂ္ဂိုလ်အလိုက် နေရာဒေသများစွာတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဘုရားပရိနိဗ္ဗာန်စံတော်မူပြီး နောက်တွင် အရှင်မဟာကဿပစသော မထေရ်မြတ်ကြီးများက သဘောတူရာ တရားများကို စုဆောင်းခြင်း၊ ကဏ္ဍခွဲခြင်းများ ပြုလုပ်ပြီး ဓမ္မနှင့်ဝိနယ ဟူ၍ စုပေါင်းရွတ်ဆို သင်္ဂါယနာတင်ခဲ့သည်။

စတုတ္ထသင်္ဂါယနာတင်ရာအာလောကလှိုဏ်ဂူတော်



- - -- - - - - - - - - - - - - - - - - - - - -
ပထမနှင့် ဒုတိယ၊ တတိယ သင်္ဂါယနာကို အိန္ဒိယနိုင်ငံတွင် ကျင်းပ၍ စတုတ္ထ သင်္ဂါယနာကို သီဟိုဠ်ကျွန်းတွင် ကျင်းပခဲ့သည်။ ပဥ္မမသင်္ဂါယနာနှင့် ဆဋ္ဌသင်္ဂါယနာကို မြန်မာနိုင်ငံတွင်ကျင်းပခဲ့လေသည်။ မိမိတို့အဖို့တော့ ကံကောင်းသည့်နိုင်ငံဟုဆိုရမလားပင်သင်္ဂါယနာနှစ်ကြိမ်တင်ခွင့်ရခဲ့သည့် နိုင်ငံတွင်လူဖြစ်ရသည်။(ထေရ၀ါဒ အလို) အရ သင်္ဂါယနာကို အခုခေတ်များတိုင်အောင်ထိဆို ခြောက်ကြိမ်တိုင်တိုင်ရှိခဲ့လေသည်။ ရည်ရွယ်ချက် ကတော့ ပိဋကတ်တော်များကို မမှားယွင်းအောင် မပျောက်ပျက်အောင် မပျက်စီးအောင်ဖြစ် ပေသည်။

မိမိတို့ စတုတ္ထသင်္ဂါယနာတင်တော်မူခဲ့သည့် စတုတ္ထသင်္ဂါယနာတင်ခဲ့ရာ အာလုဝိဟာရသို့ အာလောက လှိုဏ်ဂှုသို့ သွားရောက်လေ့လာခဲ့သည်။ ထိုနေရာလေးသည် တကယ်ကိုအေးချမ်းသည့် နေရာဟုဆို ချင်ပါသည်။ ထိုနေရာသို့ရောက်သွားတော့ ရောက်ရောက်ချင်း သင်္ဂါယနာတင်တော်မူခဲ့သည့် လှိုဏ်ဂူကို သတိထားရှာ ကြည့်မိသည် သို့ပေမယ့် ကိုယ့်ဆီလို ကမ္ဘာလေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူကဲ့သို့ မဟုတ် မကျဉ်းမကျယ် သောလှိုဏ်ဂူထဲတွင် စေတီတော်များကိုသာတွေ့ရသည်။ ထို့နောက် အာလောက လှိုဏ်ဂှု ဘေးမှဆက်လျှောက်လိုက်တော့ အနည်းငယ်သာတက်ရသော တောင်တော်ပေါ်သို့တက်ရောက်၍ တော်ပေါ် ရှိစေတီတော်ကို ဖူးမြင်ကာ အဝေးမှရှုခင်းများကို ကြည့်ရှု့မိခဲ့သည်။

လှိုဏ်ဂူအတွင်းရှိစေတီတော်
လှိုဏ်ဂူအတွင်းမှ ပေထက်အက္ခရာတင်၍သင်္ဂါယနာတင်တော်မူဟန်

ထို့နောက် လှိုဏ်ဂူအတွင်းမှစေတီတော်များကို ဖူးမြှောက်ကြည်ညိုကာ ဓာတ်ပုံများဖြင့်မှတ်တမ်းတင်ခဲ့သည်။ သို့ပေမယ့် မိမိအနေဖြင့် ထိုလှိုဏ်ဂူတွင်စတုတ္ထသင်္ဂါယနာတင်ခဲ့သည်မှာ ဟုတ်မှဟုတ်သည်လားဟု ထင်မိခဲ့ သေးသည်။ စတုတ္ထသင်္ဂါယနာတင်စဉ်က ရဟန္တာမထေရ်မြတ် ၅၀၀-ဆိုသည်မဟုတ်လား ယခုမိမိ ရောက်ရှိခဲ့ သည့် မြင်ရသည့်လှိုဏ်ဂူငယ်မှာ စေတီတော်များဖြင့်ပြည့်နေ၍ ကျဉ်းငယ်နေသည်ဟု ထင်မိနေသည်။ ဒေသခံတို့ အပြောရတော့ ထိုလှိုဏ်ဂူပင်ဖြစ်ကြောင်း အခုတော့ သင်္ဂါယနာအထိမ်းမှတ်အဖြစ် စေတီတော်များ တည်ထားခဲ့ သောကြောင့်ဖြစ်သည်ဟုသိရသည်။

သင်္ဂါယနာပြတိုက်သို့ဆက်လက်လေ့လာခဲ့သည်။ ထိုထဲတွင် ပိဋကတ်တော်များကို ပေထက်တင်ထားသည့် ပေထက်အက္ခရာတော်များကို မှန်ဗီရိုထဲတွင်ပြသ၍ထားလေသည်။ ဒေသခံဆရာတော်ကြီးများ ပေထက် အက္ခရာတင်ရန်ပေရွတ်များကို အဆင့်ဆင့်ပြုလုပ်သည်များကို ဓာတ်ပုံများဖြင့် ပြသထားသည်။ မိမိတို့လည်း ထိုမှ နောက်တစ်နေရာသို့ ဆက်လက်သွားရောက်ရအုံးမည်ဟု ကားဆရာပြောကြားချက်အရ ခပ်မြန်မြန်လေး ကြည့် ရှု့လေလာခဲ့ရသည်။

ပြတိုက်အတွင်းရှိ ပေထက်အက္ခရာဖြင့် ပိဋကတ်တော်များ


သီဟိုဠ်ကျွန်းသင်္ဂါယနာမှတ်တမ်းအကျဉ်းချုပ်

စတုတ္ထသင်္ဂါယနာ မတင်မီ အကြိုနှစ်များတွင် သီဟိုဠ်ကျွန်း၌ ၀ဋှဂါမဏိမင်း နန်းစံခဲ့သည်။ နန်းစံ၍ မကြာမီမှာပင် ကျည်းသား လူမျိုးတို့၏ ဗြဟ္မဏတိဿ သူပုန်ဘေးကြီးဖြစ်ပွားလေသည်။ ၀ဋဂါမဏိမင်းသည် သူပုန်ဘေး ရန်ကြောင့် နန်းမှဆင်း၍ ပုန်းရှောင်နေရသည်။ ထိုနှစ်မှာပင် သီဟိုဠ်ကျွန်းမှာ မိုးခေါင်သဖြင့် သီးနှံများ ပျက်စီးကာ တစ်ကျွန်းလုံး ဒုဗ္ဘိက္ခန္တရကပ် ငတ်မွတ်ခြင်းနဲ့ ရင်ဆိုင်ရလေသည်။

သံဃာတော်များ အစာပျက်သဖြင့် ဗုဒ္ဓ၏ ပိဋကတ်တော်တို့ကို ရွတ်ဆိုနိုင်ခြင်းမရှိကြတာ့ချေ။ ထိုအချိန်ထိ ဗုဒ္ဓ၏ဓမ္မဒေသနာတော်တွေကို နုတ်ဖြင့်သာ ထိန်းသိမ်းအာဂုံဆောင်လာခဲ့ကြသည်။ ဤကဲ့သို့ ငတ်မွတ်ခြင်း ဘေးဖြင့်ရင်ဆိုင်လာကြသောအခါ သံဃာတော်များ လေနာရောဂါဖြင့် နှိပ်ဆက်ခြင်း ခံရလေသည်။ ထိုသို့သော အခြေအနေကြားမှ ပိဋကတ်တော်များကို မပျောက်ပျက်အောင် ကြိုးစား၍ ရွတ်ဆိုထိန်းသိမ်းနေလာခဲ့ကြသည်။ ထိုသို့ကပ်ကြီးဆိုက်ချိန်တွင် ရဟန္တာမထေရ်ကြီးများသည် အိန္ဒိယသို့ ဖောင်ဖြင့်ကူးသွားရန် ကမ်းပါးသို့ ရောက်ရှိ ကြသည်။ ထိုမှ ဖောင်မဆန့်သဖြင့် ရဟန္တာမထေရ် ခြောက်ကျိပ်တို့သည် သီဟိုဠ်ကျွန်း၌ပင် ပိဋကတ်တော်များကို စောင့်ရှောက်တော်မူကြမည်ဟု ကတိက၀တ်ပြု ကာမလယဇနပုဒ်သို့ ကြွရောက်တော်မူကြပြီး သစ်ဖု၊ သစ်ဥ၊ သစ်ရွတ်တို့ကို ဘုဉ်းပေးတော်မူ၍ ပိဋကတ်တော်များကို နှုတ်ဖြင့်သရဇ္ဈာယ်တော်မူခဲ့ကြသည်။အချို့ချို့သော ရဟန်းတော်များသည် အစာပျက်၍ ပျံလွန်တော်မူကြရသည်။

မသေပျောက်ပဲ ကျန်ရစ်သော ရဟန်းတော်တို့မှလည်း ပိဋကတ်တော်များကို ထိန်းသိမ်းလာခဲ့ကြသည်။ ထိုသို့ ပင်ပန်းစွာ ထိမ်းသိမ်းလာခဲ့ရသည်မှာ (၁၂)နှစ်မျှကြာမြင့်လေသည်။ ထိုမှ ၀ဋ္ဋဂါမဏိမင်း သူပုန်းတွေကို ပြန်လည်တိုက်ထုက်နိုင်၍ ဒုတိယအကြိမ် ထီးနန်းကိုပြန်စံမြန်းရလေသည်။ထိုအခါ ပိဋကတ်သုံးပုံ နှုတ်ငုံဆောင် ခဲ့ရသောရဟန်းတော်တို့သည် နှုတ်ဆင့်ကမ်းသယ်ဆောင်ရသည်မှာ လွန်စွာပင်ပန်းလှသည်။ အလားတူ ဘေးဒုက္ခကပ်မျိုးဖြင့် ကြုံရပြန်လျှင် ကွယ်ပျောက်သွားလိမ့်မည်။ ထို့ကြောင့် ဒေသနာတော် အရပ်ရပ်ကို စာပေဖြင့်မှတ်တမ်းတင်ထားမှသာလျှင် စိတ်ချရမည်ဟု စဉ်းစားမိကြလေသည်။

ထိုစဉ်းစားမိသောအချင်းအရာကို သီဟိုဠ်သံဃာ ရဟန္တာများက ပိဋကတ်တော်များကို ပေထက်အက္ခရာဖြင့် မှတ်တမ်းပြု၍ သင်္ဂါယနာတင်ကြရန် ဆုံဖြတ်လိုက်ကြသည်။ ထို့သို့ဆုံးဖြတ်ပြီး အရှင်မဟာသံဃရက္ခိတ မထေရ်မြတ် အမှုးပြုသော ရဟန္တာ ၅၀၀-တို့သည် သာသနာတော်နှစ် ၄၅၀-ခုနှစ် သီဟိုဠ်ကျွန်း မလယဇနပုဒ် အာလောကလှိုင်ဂူ ယခုအခါ (အာလုဝိဟာရ) ၌ စတုတ္ထသင်္ဂါယနာတင်ပွဲကို ကျင်းပခဲ့ကြလေသည်။
ဗဟုသုတဖြင့်ပြည့်စုံပါစေ