Tuesday, January 31, 2012
တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law for everyone
 တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law for everyone
ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ သက်ဆိုင်ရာ ရောင်းရင်းအပေါင်း တို့အား လည်း ကောင်း။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal
law ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-
တကယ်တော့ မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဆိုတာကို သေသေချာချာ
မသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဟာ တကယ် တော့ ဘာလဲ ဆိုတာ အသေအချာသိရရင် မိတ်ဆွေကြီး ဖျက်ဆီးလိုတော့မှာ မဟုတ်ဘဲ ပြန့်ပွါး အောင်ပင် လုပ်ချင်လာပါလိမ့်မယ်။ တကယ်တော့ မိတ်ဆွေကြီး ဖျက်ဆီးချင်တဲ့ ဗုဒ္ဓဘာသာ (သို့) ပုတ်ခတ်စော်ကား ဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာမဟုတ်ပဲ အပေါ်ယံအကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။
တနည်းအားဖြင့် မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ဘဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ ဘုရားအလောင်း
အရင်ဘ၀ က ဘာတွေဖြစ်။ သိဒ္ဓတ္ထမင်းသား ဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ အမိကဘယ်သူ။
အဖကဘယ်သူ။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ ဘာနိုင်ငံသားဖြစ်။ ဘယ်သူနဲ့တူတယ်။(ချောတယ်။ ရုပ်ဆိုးတယ်)။
ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။ ငယ်စဉ်ဘ၀ မိန်းမ ဘယ်နှစ်ယောက် ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေက သူ့တပည့်ဖြစ်။ ဘယ်သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ ဘယ်နှစ်ခုနှစ်မှာ တရားဟော။ ဘာရောဂါဝေဒနာဖြစ်။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ - ဇာတ်လမ်းတွေဟာဖြင့် ပုဂ္ဂိုလ်ရေး personal (သမိုင်း) အပေါ်ယံ ဗုဒ္ဓဘာသာ တွေဖြစ်ပါတယ်။
မိတ်ဆွေကြီးဟာ သူများ personal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး
အသိဥာဏ်ပိုင်း-စိတ်ဓါတ်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့် ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှ ကန့်ကွက်ခြင်းမရှိပါ။ မိတ်ဆွေကြီးတို့ ပုတ်ခတ်ထားတဲ့ စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတု တွေပဲဖြစ်ဖြစ်၊ ဒါတွေဟာ အပေါ်ယံ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီ-ဆင်းတု-တစ်ဦးဦး တစ်ယောက်ယောက် တစ်ခုခုကို ရှိခိုး ၀တ်ပြု ဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန် ဗုဒ္ဓဘာသာ
(သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။
အပေါ်ယံ ဗုဒ္ဓဘာသာ ဟာ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကို သိရှိရေး လုပ်ဆောင်ကြရန်
ကြော်ငြာ ပေးမှု-ဆော်သြတိုက်တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။
တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကတော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို
နတ်ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်- တစုံတရာ-ဘာလဲ-ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့် လက်ငင်း မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံး တစိုက်မတ်မတ် လုပ်ဆောင်ခြင်း ဖြင့် ပစ္စပ္ပါန် အနာဂတ်
ကောင်းကျိုးတွေ ဆုတောင်း စရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာအောင် ပြုလုပ်တာပါပဲ။
တကယ့် ဗုဒ္ဓဘာသာ မှာ လူတွေကို နတ်ပြည်နှင့် ဖြားယောင်းစရာ မလိုသလို၊ ငရဲပြည်နှင့်
ခြိမ်းခြောက်ရန် မလိုအပ်ပါဘူး။ 
ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏ လုပ်ဆောင်ရန်အချက်များ နှင့် မလုပ်ဆောင်ရန်အချက်များ ညွှန်ကြားထားမှုဟာ မိမိနှင့် တကွ မိမိ ပတ်ဝန်းကျင်ကို ယခုလက်ငင်းရော-အနာဂတ်အတွက်ပါ
ကောင်းကျိုးပြုစေရန် အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင်သင့်လှကြောင်း
အသိဥာဏ်ရှိသောသူများအားလုံး လွယ်ကူစွာ သိရှိနိုင်သောကြောင့်ဖြစ်ပါတယ်။
မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ရန်-မလုပ်ဆောင်ရန်
အလုပ် တွေက ဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့် (၄)ဆင့် (သို့)အလုပ်(၄မျိုး)
ခွဲခြားပြပြီး တဆင့်ချင်း လုပ်ဆောင် သွားရပါမယ်။
ဒီ ဗုဒ္ဓ၏ ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universal law ကို ဝေဖန် ကန့်ကွက်
ပုတ်ခတ်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု (သို့)တကယ့်ဗုဒ္ဓဘာသာကို
ထိခိုက်စော်ကားမှုဖြစ်ပါသည်ဟု ဒီနေရာကပဲ လေးလေးနက်နက် အကြံပြုသိစေအပ်ပါတယ်ခင်မျာ-
ဒီ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန် မိတ်ဆွေကြီးတို့
ဝါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါက မိတ်ဆွေကြီးတို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ. အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ကို မဝေဖန် မကန့်ကွက်နိုင်ဘဲ အပေါ်ယံ ဗုဒ္ဓဘာသာ ဇာတ်လမ်း - ဇာတ်ကွက်များ -
ဇာတ်အိမ်များကိုသာ ၀တ္ထု ဝေဖန်သလို သွားရောက် ကန့်ကွက် ဝေဖန် နေသောကြောင့်ဖြစ်ပါသည်။
သမိုင်းအဆက်ဆက် ဗုဒ္ဓဘာသာကို စော်ကား ကန့်ကွက် ဖျက်ဆီးသူများဟာလည်း အပေါ်ယံ ဗုဒ္ဓဘာသာ ဆင်းတု- စေတီ ပုထိုး - မှတ်ပုံတင်ထဲ (သန်းခေါင်းစာရင်း)ထဲမှ ဗုဒ္ဓဘာသာအရေအတွက် ကိုသာ အဓိကထား ပြောင်း လဲဖို့ ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်း တကယ့်ဗုဒ္ဓဘာသာ က မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယတွင် ဗုဒ္ဓသာသနာ ပြန်လည် ထွန်းလင်းလာချေပြီ။
မြန်မာနိုင်ငံမှ တဆင့် ပြန်လည် သိနားလည်သွားကာ ဖြန့်ဖြူးပေးနေသည့် ဆရာကြီး
ဦးဂိုအင်ကာ ကျေးဇူးဖြင့် အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ တွင်
အကျဉ်းထောင်၊ စာသင်ခန်း တို့မှ စတင်ကာ တကျော့ပြန် ပြန်လည်
ထွန်းလင်းနေပါပြီ။
အနောက်နိုင်ငံများမှ အသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်-ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီ
အတွက်ရော လောကုတ္တရာအတွက်ပါ လူမျိုးမရွေး-ဘာသာမရွေး-နေရာမရွေး-အချိန်မရွေး
လူတိုင်းလုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့ တရားဖြစ်ကြောင်း
သိနားလည်လျှက် လိုက်နာ ကျင့်သုံးရာမှ (ဖြန့်ဖြူးပေးရာမှ) ယခုဆိုလျှင်
ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ အနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲ လူသိများ ကျော်ကြား လာကာ လိုက်နာ ကျင့်သုံး လျှက်ရှိကြပါပြီ။
ထို့ကြောင့် စိတ်ဆိုး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် စော်ကား
ပုတ်ခတ်မှုများဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေး
ကူညီပေးသည့် အပေါ်ယံ ဗုဒ္ဓဘာသာ ကိုသာ ပုတ်ခတ်စော်ကားခြင်းမျှ သာဖြစ်ကြောင်းသိနားလည်လျှက် စိတ်မသက် မသာမဖြစ်ကြပဲ
..................ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့)အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန် စော်ကားကန့်ကွက်မှသာ စိတ်မသက်မသာဖြစ်ကြဖို့ ပန်ကြား အပ်ပါတယ်။
ဗုဒ္ဓရဲ့ အဆင့်-၄ဆင့် (သို့)အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခု သိရှိရန် အကျဉ်းမျှ ဖော်ပြအပ် ပါတယ် ခင်ဗျား-
ပထမအဆင့် (ဒါန) -
ကြွားဝါမှုမပါ - နောက်ဘ၀ကောင်းစားရေးမပါ - ငါ့အတွက်-ငါ့ဘာသာ ကောင်းစားရေး တစုံတရာ
မျှော်လင့်ချက်မပါ - -သူတပါး အကျိုး သက်သက် အတွက် စွန့်လွှတ်ပေးကမ်းမှု။
(သို့) မိမိ လောဘစိတ် ကို အလောဘ စိတ် ဖြစ်အောင် ပြုလုပ်မှု။
(မှတ်ချက်။ ။ ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်တို့
စိတ်ထားနှင့်ပတ်သက်ကာ အကျိုးရှိပုံကို အဆင့်ဆင့်ပြောကြားခဲ့သော်လည်း
ဘယ်သူ့ကိုတော့ဖြင့်မလှူရ ဘယ်သူ့တော့ဖြင့်များများလှူ ဟု မကန့်သတ်ခဲ့ပေ။
သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိအားပြောင်းလဲ ဆည်းကပ်ကြည်ညိုလာ
သူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း
ဆက်လက်လှူဒါန်းပါရန် မိန့်ကြား ထားလေသည် )
ဒုတိယအဆင့် (သီလ)-
လူအပါအ၀င် သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါး-တိုင်းပြည်ပိုင် ပစ္စည်းများအား မတရားယူခြင်း-ခိုးယူခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါး သားပျို-သမီးပျို-ကာမပိုင်ရှိသူများအား လွန်ကျူး စော်ကား ဖျက်ဆီးခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါးအား လိမ်ညာလှည့်ဖြားပြောဆိုခြင်း မှ ရှောင်ကြည်ခြင်း။
အရက်သေစာ မူးယစ်ဆေးဝါးများ သောက်စားမူးယစ်ခြင်း မှ ရှောင်ကြည်ခြင်း ။ စသည်တို့ဖြစ်လေသည်။ (သို့) မိမိ ဒေါသ-လောဘ အလျှောက်
မတရားလုပ်ချင်စိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။
တတိယအဆင့်(သမာဓိဘာဝနာ) -
-လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုးကို နှစ်သက်လိုလားသောမေတ္တာ စိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာ စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိထက်သာသူ မိမိထက်ချမ်းသာသူအားလုံး မည်သူ့ကိုမဆို ၀မ်း မြောက်သော စိတ်ထား မုဒိတာ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူ မည်သူ့ကိုမဆို ဒေါသစိတ် မုန်းတီးစိတ် နာကျည်းစိတ် မထားပဲ ညီညွှတ်မျှတသောသဘောထား ဥပက္ခော စိတ်ထား
ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
တောင်တွေး-မြောက်တွေး-ဟိုမကောင်းကြံ-ဒီမကောင်းကြံ-ဟိုပူ-ဒီပူ-ဟိုမကျေနပ်-ဒီမကျေနပ် ဖြစ်မနေပဲ မိမိ ၀င်သက်ထွက်သက် (သို့) မိမိခန္ဓာမှာဖြစ်ပေါ်နေသော
ဓါတ်သဘာဝ-စိတ်သဘာဝ များကို သတိဖြင့် စောင့် ကြည့်ကာ
တည်ကြည်နေမှုကိုလည်းကောင်း တတ်စွမ်းသမျှ လုပ်ဆောင်ခြင်းဖြစ်လေသည်။ (သို့)
မနာလိုစိတ်-မုန်းတီးစိတ်-အပျော်ကြူးချင်သောစိတ်-ထောင်လွှားသောစိတ်-ပျင်းရိသောစိတ်-
သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် - ပျက်စီးစေလိုသောစိတ် စသည် ဖြင့်
မကောင်း သော စိတ် များကို စွန့်လွှတ်ရန် ဖြစ်လေသည်။
စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)
ဒီအဆင့်ကတော့ တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအဆင့်ကို
ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့
တော်တော်လေး ခဲယဉ်း နေတတ် ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ့ post တစ်ခု မှာ
တရားနည်း တစ်ခုကို ၀ိပဿနာ အဖြစ် အထင်မှား လျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)
အခုဒီနေရာမှာ ၀ိပဿနာဘာဝနာ ကို ရှင်းပြရင်လည်း ဒေါသစိတ်အားကြီးသူများ နားလည်ဖို့
ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်းအားဖြင့်တော့
ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတနာဖြင့်
ရှင်းပြလိုက်ပါသည်။
-အမှန် ကို အမှန် အတိုင်း သိနေခြင်း။
-တကယ့် အရှိ ကို အရှိအတိုင်း သိနေခြင်း ။ လက်ခံ ယုံကြည်နေခြင်း။
-တကယ်မဟုတ်တာ ကို တကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း။
-တကယ် မရှိတာ ကို တကယ်မရှိမှန်း နားလည် သဘောပေါက် ဆင်ခြင်နေခြင်းဖြင့်
(တနည်းအားဖြင့်)
-မမြဲသော တရစပ် ပျက်စီးနေသော အနိစ္စ သဘာဝများကို ..... တရစပ်
ဖောက်ပြန်ပျက်စီးပြိုကွဲပြောင်းလဲနေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း -
-အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော ဒုက္ခသဘာဝများကို ......... အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော(ဒုက္ခ သစ္စာ)ဟု
သိနေခြင်း
-ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်-ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု -မြဲမနေမှု-အဖတ်မတင်မှု-သဘာဝသက်သက်များကို ................ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်- ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်)
ရှိမနေမှု -မြဲမနေမှု - အဖတ်မတင်မှု-သဘာဝသက်သက်များ(အနတ္တ)ဟု
လက်ခံယုံကြည်နှလုံးသွင်းနေခြင်းဖြင့် -
အမှန်တရား ကို အမှန်တရားအတိုင်း မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း ဥာဏ် အားဖြင့် (သိနားလည်သွားမှုဖြင့်) ............
ပူလောင်ဆင်းရဲစေသောစိတ်များ-မမှန်ကန်သောစိတ်များ (ကိလေသာများ) ကို တစ်စ တစ်စ စွန့်လွှတ်- စွန့်လွှတ်သွားနိုင်မှု ဖြစ်လေသည်။
နောက်ဆုံး စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)စွမ်းအားဖြင့်သာ တကယ့်ချမ်းသာအစစ် - ငြိမ်းချမ်းရာအစစ် -တည်မြဲရာအစစ် - အိုနာသေကင်းရာအစစ် ကို သူတပါးမေးစရာမလိုပဲ self-evident အဖြစ် ကိုယ်တိုင် သိရှိ - မျက်မှောက်ပြုသွားခြင်း enlightenment ဖြစ်ကြရလေည်။
အထက်ပါ အဆင့် (၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည်တစ်ခုကို
ရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ ဗုဒ္ဓဟာ အဆင့် (၄)ဆင့်ကို နောက်ဆုံး
(၄)ဆင့်ထိ ပြုလုပ်ရန် အဓိကထားပါသည်။ သို့သော် တဆင့်လုပ်လျှင် တဆင့်အလျှေက်
နှစ်ဆင့် လုပ်လျှင် နှစ်ဆင့်အလျှောက်- သုံးဆင့်လုပ်လျှင်သုံးဆင့် မိမိလုပ်နိုင်လျှင် လုပ်သည့်အလျှေက် မိမိ နှင့် တကွ မိမိ ပတ်ဝန်းကျင်မှာပါ ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများရရှိမည်မှာ သေချာသောနိယာမ univeral law ဓမ္မ ဖြစ်ကြောင်း မှာကြားထားလေသည်။
မိမိ နှင့် တကွ မိမိပတ်ဝန်းကျင်မှာပါ မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါက မိမိကိုယ်တိုင် ယခုဘ၀မှာပင် ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများကို ဒိဋ္ဌ မျက်မြင် တွေ့ရှိ သိရှိနိုင်မည်ဖြစ်ကြောင်း။ မိမိ နှလုံးသားထဲတွင် တကယ့်ဗုဒ္ဓဘာသာအစစ် (ဓမ္မ)ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း ။ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်ဦးဦးမှ လုပ်ပေးလာဖို့ မျှော်လင့် အသနားခံ ဆုတောင်း နေစရာမလိုကြောင်း
မှာကြားထားလေသည်။
(မှတ်ချက်။ ဒီလေးခုကို လုပ်လျှင်လုပ်သလောက် အကျိုးများမှာဖြစ်သလို- မလုပ်လျှင် မလုပ်သလောက် အကျိုးနည်း ပေမည်။ )။
ဗုဒ္ဓဘာသာများ အနေနဲ့ လည်း မှတ်ပုံတင်ထဲ စာရင်းအင်းထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် လို့
ဘယ်လောက်ပဲ မှတ်တမ်းတင် ရေးထား ရေးထား ။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံး
အဆင့်ထိ ရောက်အောင် မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ပါက
ဗုဒ္ဓဘာသာ အတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် - ဘယ်လိုပဲ ရပ်တည် ရပ်တည်
ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ်
တည်တံ့အောင် ကာကွယ်မှု ပြုလုပ်ခြင်း တော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။
ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော မိတ်ဆွေများအနေဖြင့်လည်း အထက်ပါ အဆင့်လေးဆင့် လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်များ အား မလုပ်အောင် တိုက်တွန်း လှည့်ဖြား ဆွဲဆောင်နိုင်မှသာ မိတ်ဆွေကြီး တို့ရဲ့ ရည်မှန်းချက် အထမြောက်အောင်မြင်ပါမည်ဟု အကြံပြုပါသည်-
အထက်ပါ အချက်(၄)ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက်
ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို ဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။
တခြား ပါဠိတော်မဟုတ်သော သမိုင်းဖြစ်စဉ် ဇာတ်လမ်း - ဇာတ်ကွက် ပုဂ္ဂိုလ်ရေး
personal များ (အပေါ်ယံ ဗုဒ္ဓဘာသာ) သမိုင်းများ ကို ငြင်းခုန် ဝေဖန်
ပုတ်ခတ်နေခြင်းဖြင့်လည်းကောင်း။ မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆို
နောက်ဆုံး စက္ကူပေါ်ရောက်အောင် ဘယ်တော့မှ အမှား မကင်းသည့် လူသားများကသာ
ဖန်တီး ပြုလုပ် ရေးသားထားခြင်း ဖြစ်လေရာ ကျမ်းစာပါ အချက်များကို
ဆုပ်ကိုင်လျှက် ငြင်းခုန်ဆွေးနွေးနေခြင်းဖြင့် လည်းကောင်း (ပြဿနာ နှင့်
ပျော်မွေ့တတ်သည့် ပုထုဇဉ်လူသားများ အားလုံး)တို့ ဘယ်တော့မှ အဖြေမှန်
ရလိမ့်မည် မဟုတ်ဟု ရဲရဲ ကြီး အာမခံပါသည်။
ဗုဒ္ဓသာသနာကို ဖျက်ဆီးလိုသူ မိတ်ဆွေကြီးတို့အနေဖြင့်
-ကျိုက်ထီးရိုးဘုရားကြီးကို တောင်အောင်ကို တွန်းချလို့ရရင်ရမယ်-
သီလစောင့်ထိန်းမှုတွေကိုတော့ ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့မရပါဘူး................
-မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကို ခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင်ရမယ်-
မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကိုတော့ လုံးဝ ပြတ်လပ် သွားအောင် ခွာချလို့ မရပါဘူး။...................
ဗုဒ္ဓကျမ်းစာအုပ်တွေ-ကျောင်းတိုက်ကြီးတွေ-ဆင်းတုကြီးတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်ရမယ်-
မမြဲသောအနိစ္စသဘာဝတရားကို သဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ-ငါ့ဟာအဖြစ် အထင်မမှားဘဲ- အမှန်တရားကို သိနားလည်လျှက် လောဘ-ဒေါသများကို စွန့်လွှတ်နေသော စိတ်ထား
သဘောထား-အေးချမ်းသောစိတ်များ-၀ိပဿနာဥာဏ်များ-မဂ်ဥာဏ်-ဖိုလ်ဥာဏ်များကို တော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့
မရပါ။..............
(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကို ဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။ မေးခွန်းများကို
နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေ များစွာ လုပ်ခဲ့သော်လည်း နိဗ္ဗာန်
ကို ရောက်သောသူ များရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း
ပြောလိုရင်းဖြစ်ပေသည်။)
ဓမ္မ universal law မှာ မကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည်အလျှောက်
တန်ပြန်အကျိုးသက်ရောက်မှု ရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်)
သို့သော် အထက်ပါ အဆင့် (၄)ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက
လုပ်ဆောင်သူ၏ လုပ်ဆောင်နိုင်မှုစွမ်းအား ကြီးမားလျှင် ကြီးမားသလောက်
ပြုလုပ်ခဲ့သော အကုသိုလ်၏ တန်ပြန် အကျိုးသက်ရောက်မှု များကို compensate
လုပ်နိုင်စွမ်း ချေဖျက်နိုင်စွမ်း ရှိပါတယ်။
(မှတ်ချက်။ ။အမိ-အဖ(သို့) ရဟန္တာ ကို သတ်သောကံ-စသည်ဖြင့် အားကြီးမားလွန်းသော
အကုသိုလ်ကံများ ပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် အကုသိုလ်၏ တန်ပြန်
အကျိုးသက်ရောက်မှု များကိုcompensate မလုပ်နိုင်ပါ။ အကုသိုလ်၏
တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက်ခံရလေသည်)
ထပ်မံ သိရှိလိုပါက အောက်ပါ ၀က်ဆိုဒ်များတွင် ဆက်လက်လေ့လာနိုင်ပါသည်။
www.mindfulness.moethout.com,
www.kodiamond.multiply.com
www.trueanswer.co.cc
www.dhammabooks.co.cc
by 
(အရှင်သံဝရာလင်္ကာရ (ဓမ္မပိရဆရာတော်))
http://thoughtsnvisions.blogspot.com
Monday, January 30, 2012
ဘဝလှလှ တည်ဆောက်လိုလျှင်
ဘဝလှလှ တည်ဆောက်လိုလျှင်
“ပုဂ္ဂိုလ်ထူးလျှင် အကျိုးပေးထူးမည်၊ ပုဂ္ဂိုလ်ဆန်းလျှင် အကျိုးပေးဆန်းမည်” ဆိုသော အကြားဖြင့် (အထင်ဖြင့်) လိုက်၍ ဆည်းကပ်အားကိုး နေသည်မှာ စိတ်မသက်မသာစရာ၊ စိတ်မကောင်းစရာများပင် ဖြစ်၏။
လူတို့သည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးစသည့် အရေးပေါင်းမြောက်များစွာဖြင့် ဘဝတစ်ခုကို တည်ထောင်ထားကြ၏။ ထို့ကြောင့် ကျန်းမာဖို့လိုအပ်သလို ပညာတတ်ဖို့လည်း လိုအပ်လေ၏။ တဖန် စီးပွားရေးကောင်းမွန်ရမည်ဖြစ်
သလို လင်ကောင်းမယားကောင်း၊ သားကောင်းသမီးကောင်း၊ မိတ်ကောင်းဆွေကောင်းတို့နှင့်လည်း ပြည့်စုံရန် လိုအပ်ပေသေး၏။
လူတို့၏ အရေးကိစ္စဆိုသည်မှာလည်း တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသည်သာ ဖြစ်၏။ အရေးကိစ္စတစ်ခု အဆင်မပြေလျှင် ကျန်သည့်အရေး ကိစ္စများသည်လည်း ယိမ်းယိုင်လာတတ်လေ၏။ ပမာအားဖြင့် ကျန်းမာရေးချွတ်ယွင်းလျှင် ကျန်သည့်ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးတို့သည်လည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်လာတတ်၏။ ထို့ကြောင့် အရေးကိစ္စတစ်ခုခု ပျက်ယွင်းသွားမှာကို စိုးရိမ်ကြ၏။ ပူပန်ကြ၏။ ကြောက်လန့်ကြ၏။
    သို့ဖြစ်၍ ကျန်းလည်းကျန်းမာအောင်၊ ပညာလည်းတတ်အောင်၊ စီးပွားရေးလည်းဖြစ်ထွန်းအောင်၊ လင်ကောင်းမယားကောင်း၊ သားကောင်းသမီးကောင်း၊ မိတ်ကောင်းဆွေကောင်းနှင့်လည်း ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြလေ၏။ ထို့ပြင် ကိုးကွယ်ရာ၊ အားကိုးရာ၊ မှီခိုရာ တို့ကိုရှာဖွေကာ ကိုးကွယ်ကြ၊ အားကိုးကြ၊ မှီခိုကြလေ၏။
ထိုတွင် အရေးကိစ္စများ မချွတ်ယွင်းရလေအောင် ဆောင်ရွက်ရာ၌ ကျန်းမာရေးဂရုစိုက်ခြင်း၊ ပညာကိုကြိုးစားသင်ယူခြင်း၊ စီးပွားဥစ္စာကို ကြိုးစားရှာဖွေခြင်း၊ လောကကျင့်ဝတ်တရားများနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းတို့သည် အမှန်တကယ် လက်တွေ့ကျသော ကြိုးစားအားထုတ်မှုများပင် ဖြစ်၏။ ထို့ကြောင့် အခြေံကျသော အမှန်တကယ် လက်တွေ့ကျသောအရာတို့ကို ကြိုးစားဆောင်ရွက်ရမည်ဖြစ်၏။
သို့ပါသော်လည်း အချို့သောလူတို့သည် အမှန်တကယ် လက်တွေ့ကျသော အရာတို့ကိုမူ ကြိုးစားလုပ်ဆောင်ခြင်းမရှိ။ တဖန် ကြိုးစား၍ မအောင်မြင်လျှင်လည်း ဘာကြောင့် မအောင်မြင်တာလဲဟု အကြောင်းတရားကို မရှာဖွေ။ ကိုးကွယ်ရာ၊ အားကိုးရာ၊ မှီခိုရာပုဂ္ဂိုလ်တို့ကိုသာ အတင်းရှာဖွေလေတော့၏။
တဖန် ထိုသူတို့၏ ကိုးကွယ်ရာ၊ အားကိုးရာ၊ မှီခိုရာများကို ကြည့်ပြန်လျှင်လည်း သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံပြီး စစ်မှန်သော လမ်းညွှန်မှု၊ စစ်မှန်သော အေးချမ်းမှုတို့ကို ပေးစွမ်းနိုင်သောပုဂ္ဂိုလ်များ မဟုတ်ကြပေ။ အများအားဖြင့် ထူးထူးဆန်းဆန်းဆိုသော ပုဂ္ဂိုလ်များသာဖြစ်လေ၏။ “သင့်၊ မသင့်” ကို မစဉ်းစား။ “ဖြစ်နိုင်၊ မဖြစ်နိုင်” ကို မသုံးသပ်။ “ပုဂ္ဂိုလ်ထူးလျှင် အကျိုးပေးထူးမည်၊ ပုဂ္ဂိုလ်ဆန်းလျှင် အကျိုးပေးဆန်းမည်” ဆိုသော အကြားဖြင့် (အထင်ဖြင့်) လိုက်၍ ဆည်းကပ်အားကိုးနေသည်မှာ စိတ်မသက်မသာ၊ စိတ်မကောင်းစရာများပင် ဖြစ်၏။
ထိုတွင် ထူးထူးဆန်းဆန်းကိုမှ မှီခိုအားထားလိုသူများ လေးလေးနက်နက် စဉ်းစားနိုင်ရန်အတွက် (၅၅)နှစ်တိုင်တိုင် လိမ်လည်လှည့်စားခံခဲ့ရသော အင်္ဂတိုင်းသား၊ မဂဓတိုင်းသားတို့၏ ဖြစ်အင်ကို ပြဆိုပါဦးမည်။
ဝဋ်ဒုက္ခကြီးမားလှသော ဇမ္ဗုက
ဘုရားရှင် ရာဇဂြိုဟ်၌ သီတင်းသုံးစဉ်က ဖြစ်၏။ ထိုအချိန်က ရာဇဂြိုလ်ပြည်၌ အလွန်ချမ်းသာကြွယ်ဝသည့် သူဌေးတစ်ဦးရှိ၏။ ထိုသူဌေး၏ ဇနီးသည် နောင်တစ်ချိန်၌ ဇမ္ဗုကဟု အမည်တွင်လာမည့် သားတစ်ယောက်ကို မွေးဖွားလေ၏။ ထိုဇမ္ဗုကကလေးသည် မတ်တပ်သွား နိုင်သည့်အချိန်မှစပြီး အိပ်ရာပေါ်၌ မအိပ်။ မြေပြင်ပေါ်၌သာ အိပ်လေ၏။ စားသည့်အခါ၌လည်း ထမင်းကိုမစား။ ကိုယ့်အညစ် အကြေးကို ပြန်စား၏။ အဝတ်ကိုမဝတ်။ ကိုယ်လုံးတီးသာ နေ၏။ ဇမ္ဗုက၏ မိဘတို့သည် “အသက်အရွယ်ငယ်သေး၍ မသိမလိမ္မာသည့်အတွက် ထိုသို့ပြုမူနေတာပဲ” ဟု ယူဆကာ ဇမ္ဗုကကလေးကို သွန်သင်ပြသပေးကြ၏။
သို့ပါသော်လည်း ဇမ္ဗုကသည် အသက်အရွယ်သာ ကြီးလာ၏။ အချိုးကမပြောင်းပေ။ အဝတ်မဝတ်ဘဲ လှည့်လည်သွားလာမြဲ။ မြေကြီးပေါ်၌သာ အိပ်မြဲ။ ကိုယ့်မစင်ကိုသာ ပြန်စားမြဲပင်။ ထိုအခါ ဇမ္ဗုက၏ မိဘတို့သည် ပတ်ဝန်းကျင်ကို မျက်နှာမပြရဲသည့်အတွက် ဇမ္ဗုကကို အဝတ်မဝတ် ကိုယ်လုံးတီးနေသော အာဇီဝက တက္ကတွန်းတို့အထံသို့ ပို့ဆောင်လိုက်ကြလေ၏။ အာဇီဝက တက္ကတွန်းတို့ကလည်း ဇမ္ဗုကကို တက္ကတွန်းအဖြစ် ခံယူစေကာ ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နှုတ်ကြလေ၏။
ယင်းနောက် ဇမ္ဗုက၏ မိဘတို့သည် တက္ကတွန်းတို့အား နောက်နေ့သူတို့အိမ်သို့ ဆွမ်းစားကြွရန် ပင့်ဖိတ်ကာ ပြန်သွားကြလေ၏။ နောက်နေ့ရောက်သောအခါ တက္ကတွန်းတို့က ဆွမ်းစားသွားရန် ဇမ္ဗုကကို ခေါ်ကြလေ၏။ သို့ပါသော်လည်း ဇမ္ဗုကက “မလိုက်တော့ပါဘူး၊ ဒီမှာ စားစရာရှိပါတယ်” ဟုဆိုကာ အကြောက်အကန် ငြင်းလေ၏။ တက္ကတွန်းတို့က မည်သို့ပင်ခေါ်ခေါ် ဇမ္ဗုကကတော့
--------------------------------------------------------------------------------------------------------
*ဇမ္ဗုက၏ အဝတ်မဝတ်ခြင်း၊ မြေကြီးပေါ်၌အိပ်ခြင်း၊ မစင်ကိုစားခြင်း၊ ဆံပင်ကို ထန်းစေ့မှုတ်ဖြင့် ညှပ်၍နှုတ်ခံရခြင်းတို့သည် ကဿပဘုရားရှင်လက်ထက် တောနေရဟန်းဖြစ်စဉ်က အာဂန္တု ရဟန္တာတစ်ပါးအား မစ္ဆရိယစိတ်ဖြင့် -
“၁။ အရှင်ဟာ သူကြွယ်လှူတဲ့သင်္ကန်းကို ဝတ်ရုံမည့်အစား အဝတ်မဝတ်ဘဲ ကိုယ်လုံးတည်းနေတာက ပိုကောင်းဦးမယ်။
၂။ သူကြွယ်ယူခဲ့တဲ့ ညောင်စောင်းပေါ်မှာအိပ်မည့်အစား မြေကြီးပေါ်အိပ်တာကမှ ပိုကောင်းဦးမယ်။
၃။ သူကြွယ်အိမ်ကဆွမ်းကို စားမည့်အစား မစင်ကိုစားတာကမှ ပိုကောင်းဦးမယ်။
၎။ သူကြွယ်ခေါ်လာတဲ့ ဆတ္တာသည်နဲ့ ခေါင်းရိတ်မည့်အစား ဆံပင်တွေကို ထန်းစေ့မှုတ်နဲ့ နုတ်ခိုင်းတာက ပိုကောင်းဦးမယ်”
ဟု ဆဲရေးခဲ့သော အကုသိုလ်ကံကြောင့် ဝဋ်ခံရခြင်းဖြစ်၏။
----------------------------------------------------------------------------------------------------------
ငြင်းမြဲပင်။ ထို့ကြောင့် သူ့ကို ထားရစ်ခဲ့ကြလေ၏။ ဇမ္ဗုကသည် တက္ကတွန်းတို့ ရွာထဲသွားသောအခါ ကုဋီအဖုံး(အိမ်သာအဖုံး)ကို ဖွင့်ပြီး ကုဋီတွင်း(အိမ်သာတွင်း)သို့ဆင်းကာ မစင်တို့ကို အားရပါးရ စားသုံးလေတော့၏။
ထိုသို့ဖြစ်နေသည်မှာ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်။ ကြာလာသည်နှင့်အမျှ တက္ကတွန်းတို့သည် ဇမ္ဗုကကို သံသယဝင်လာ၏။ ထို့ကြောင့် ဇမ္ဗုကကိုစောင့်ဖမ်းရန် တိုင်ပင်ကြလေ၏။ ယင်းနောက် တက္ကတွန်းနှစ်ယောက်သည် အခြားတက္ကတွန်းတို့နှင့်အတူ ဆွမ်းခံကြွဟန် ဆောင်ကာ တဖန်ပြန်လှည့်လာပြီး ဇမ္ဗုကကို စောင့်ကြည့်နေကြလေ၏။ ဇမ္ဗုကသည် တက္ကတွန်းအားလုံး ဆွမ်းခံသွားပြီဟုထင်ကာ ကုဋီတွင်း (အိမ်သာတွင်း)သို့ဆင်း၍ ထုံးစံအတိုင်း မစင်တို့ကို စားသုံးလေတော့၏။
ချောင်းမြောင်းကြည့်ရှုနေကြသော တက္ကတွန်းတို့သည် ဇမ္ဗုကအကြောင်းကို အခြားတက္ကတွန်းတို့အား ပြောပြကြလေ၏။ တက္ကတွန်းတို့သည် “ထိုအကြောင်း လူတို့သိသွားလျှင် ကဲ့ရဲ့ကြလိမ့်မည်။ ငါတို့ကိုလည်း အကြည်ညိုပျက်ကြပေလိမ့်မည်”ဟု စဉ်းစားကာ ဇမ္ဗုကကို သူတို့ကျောင်းမှ နှင်ထုတ်လိုက်ကြလေ၏။
လေဆွမ်းစားသော ဇမ္ဗုက
ဇမ္ဗုကသည်လည်း တက္ကတွန်းတို့က နှင်ထုတ်လိုက်သည့်အတွက် ထိုကျောင်းမှထွက်ခွါကာ လူတို့ မစင်စွန့်ရာအရပ်တွင် ခင်းထားသော ကျောက်ဖြာကြီးပေါ်၌ နေလေတော့၏။ ဇမ္ဗုကအတွက် လူတို့စွန့်ထားသည့်မစင်ကို စားနေရသည့်အတွက် စားစရာကတော့ ပြဿနာမရှိပေ။ သို့ပါသော်လည်း သူ မစင်စားသည်ကို လူတို့မရိပ်မိစေချင်။ ထို့ကြောင့် ယုံကြည်လည်းလွယ်၊ ထူးထူးဆန်းဆန်းဆိုလျှင်လည်း လိုက်၍ ကြည်ညို တတ်သောသူတို့ကို လှည့်စားရန်အတွက် လူအသွားအလာများချိန်၌ ကျောက်ဖျာအစွန်းကို လက်တစ်ဖက်ဖြင့်ထောက်ပြီး ခြေတစ်ဖက်ကို အခြားတစ်ဖက်၏ ဒူးပေါ်၌ထောက်ကာ (ခြေတစ်ပေါင်ကျိုးရပ်ကာ) ပါးစပ်ကို ဟလျက် နေလေ၏။
ထိုမြင်ကွင်းကို တွေ့မြင်ကြရသောသူတို့သည် ဇမ္ဗုကအထံသို့ ချဉ်းကပ်ကာ -
“အရှင်မြတ်... အရှင်မြတ်ဟာ ဘာဖြစ်လို့ ပါးစပ်ကိုဟပြီး ခြေတစ်ပေါင်ကျိုး ရပ်ပြီးနေရတာလဲ”
ဟု ဝိုင်း၍မေးကြရာ ဇမ္ဗုက က -
“ငါဟာ လေကိုသာ စားတယ်။ လေကလွဲပြီး ဘာမှမစားဘူး။ နောက်ပြီး ငါဟာ ပြင်းထန်တဲ့ အကျင့်မြတ်ကို ကျင့်နေတယ်။ အဲဒါကြောင့် ကမ္ဘာမြေကြီးဟာ ငါ့ခြေနှစ်ဖက်လုံး အထောက်မခံနိုင်ဘူး။ ငါ့ခြေနှစ်ဖက်စလုံးသာ မြေကြီးပေါ်ထောက်လိုက်ရင် ကမ္ဘာမြေကြီးဟာ တုန်ခါနေလိမ့်မယ်။ အဲဒါကြောင့် ငါဟာ နေ့ရောညရော အိပ်လည်းမအိပ်နိုင်ဘူး။ ထိုင်လည်း မထိုင်ဘူး။ အချိန်ပြည့် အခုလို ပါးစပ်ဟပြီး ခြေတစ်ပေါင်ကျိုး ရပ်နေတာ”ဟု ဖြေကြားလေ၏။
  လူ့သဘာဝကား အများအားဖြင့် စကားကိုကြားရုံမျှဖြင့်ပင် ယုံကြည်တတ်ကြ၏။ ထို့ကြောင့် -
“အံ့သြစရာကောင်းလိုက်တာ၊ လောကမှာ ဒါမျိုးအကျင့်ကို ကျင့်နိုင်တဲ့သူ မရှိနိုင်ဘူး။ ဒါမျိုးအကျင့် ကျင့်တဲ့သူကို ဟိုအရင်ကလည်း မတွေ့ဖူး၊ မမြင်ဖူးဘူး။ နောင်လည်း ဒီအရှင်မြတ်ကလွဲပြီး တွေ့မြင်နိုင်မှာ မဟုတ်တော့ဘူး”ဟု ဝိုင်းဝန်းကာ ချီးမွမ်းကြလေ၏။ ယင်းနောက် စားစရာသောက်စရာတို့ကို ယူလာကြကာ ဇမ္ဗုကကို ကပ်ကြလှူကြလေ၏။
ထိုအခါ ဇမ္ဗုက က -
“ငါဟာ လေကိုသာစားတယ်၊ လေကလွဲပြီး ဘာကိုမှ မစားဘူး။ တခြားအရာကိုစားရင် ငါ့အကျင့်တွေ ပျက်စီးလိမ့်မယ်”
ဟု ပြောကာ လူတို့ကပ်သည့် အစားအသောက်မှန်သမျှကို ငြင်းပယ်လေ၏။
လူတို့ကလည်း -
“အရှင်မြတ်... တပည့်တော်တို့ရဲ့ ဘဝလေးတွေကို မဖျက်ဆီးပါနဲ့။ တပည့်တော်တို့ကပ်တဲ့ အစားအသောက်တွေကို အရှင်မြတ်လို ပုဂ္ဂိုလ်မျိုးသာ ဘုဉ်းပေးရင် တပည့်တော်တို့ဟာ စီးပွားဖြစ်ပါလိမ့်မယ်။ တပည့်တော်တို့ တစ်သက်တာလုံး စီးပွားဖြစ်ထွန်းအောင်၊ ချမ်းသာအောင် နည်းနည်းလောက်တော့ ဘုဉ်းပေးတော်မူပါ”
ဟု ဆိုကာ ထပ်ကာထပ်ကာ တောင်းပန်ကြလေ၏။
လူတို့က အတင်းတောင်းပန်သောအခါ ဇမ္ဗုကကလည်း မငြင်းသာတော့။ ထို့ကြောင့် ထိုလူတို့ယူဆောင်လာသည့် စားစရာသောက်စရာတို့ကို သမန်းမြက်ဖျားလေးဖြင့် လိုက်တို့ကာ လျှာဖျားပေါ် တင်ရုံမျှ တင်ပြပြီး “ကဲ - ဒီလောက်ဆိုရင် သင်တို့ စီးပွားဖြစ်လောက်၊ ချမ်းသာလောက်ပါပြီ။ သင်တို့ ကိုယ့်အိမ်ကို ပြန်ကြပါတော့”ဟု ဆိုကာ လူတို့ကို ပြန်လွှတ်လိုက်လေ၏။
     လူတို့ကလည်း သူတို့ယူဆောင်လာသည့် စားစရာသောက်စရာများကို ဇမ္ဗုက က သမန်းမြက်ဖျားဖြင့် လျှာဖျားပေါ်တင်ပြသည့်အတွက် သူတို့တတွေ အမှန်တကယ်ပင် စီးပွားဖြစ်ထွန်းတော့မည်၊ ချမ်းသာတော့မည်ဟု ထင်ကာ ပျော်ရွှင်ကြည်နူးစွာဖြင့်ပင် အိမ်ပြန်သွားကြလေ၏။
ဇမ္ဗုကသည် ထိုကဲ့သို့ အဝတ်မဝတ်၊ မစင်ကိုစားပြီး ခြေတစ်ပေါင်ကျိုးရပ်၍ လူတို့ကို လှည့်စားခဲ့သည်မှာ (၅၅)နှစ်တိုင်အောင်ပင် ဖြစ်၏။ ယင်းနောက်မှ ဘုရားရှင်၏ ချေချွတ်မှုကြောင့် ရဟန္တာဖြစ်သွားလေ၏။
     အထက်ပါ အဖြစ်အပျက်၌ ဇမ္ဗုက၏ အဝတ်မဝတ်ဘဲ ကိုယ်လုံးတီးနေခြင်း၊ ထမင်းစသော စားဖွယ်သောက်ဖွယ်တို့ကို မစားသုံးခြင်းသည် လောဘကင်းအောင် ကျင့်ကြံနေခြင်း မဟုတ်။ အမှန်အားဖြင့် ဝဋ်ဒုက္ခခံနေရခြင်းဖြစ်၏။ တဖန် ပါးစပ်ကိုဟ၍ ခြေတစ်ပေါင်ကျိုး ရပ်နေခြင်း သည်လည်း မြင့်မြတ်သောအကျင့်ကို ကျင့်ကြံနေသည် မဟုတ်။ သူ့အပြစ်ကို ဖုံးကွယ်လို၍ လူတို့ကို လိမ်လည်လှည့်ဖြားနေခြင်းသာ ဖြစ်၏။ သူ၏လျှို့ဝှက်ချက်ကို မည်သူမျှ မသိချေ။ ဘုရားရှင်တစ်ပါးတည်းသာလျှင် သိရှိလေ၏။
    ဤ၌ (၅၅)နှစ်လုံးလုံး အလှည့်စားခံရသော အင်္ဂတိုင်းသား၊ မဂဓတိုင်းသားတို့မှာ စီးပွားဖြစ်လို၊ ချမ်းသာလိုသော ဆန္ဒများသာရှိ၏။ ဖြစ်နိုင်၊ မဖြစ်နိုင်၊ အကြောင်းယုတ္တိရှိ၊ မရှိ၊ စစ်မှန်သော အေးချမ်းမှုကို ရ၊ မရ စသည်ဖြင့် စူးစမ်းဆင်ခြင်မှု အားနည်းကြ၏။ “ထူးထူးဆန်းဆန်းလုပ်ပြလျှင် ဖြစ်နိုင်တယ်” ဆိုသော ယုံကြည်မှုတစ်ခုတည်းဖြင့် အားထားမှီခိုခဲ့ခြင်းသာ ဖြစ်၏။ ထို့ကြောင့် အလှည့်စားခံရခြင်း ဖြစ်၏။ ယခုအခါ၌ ထူးထူး ဆန်းဆန်းကိုမှ ကိုးကွယ်အားထားလိုသောသူတို့အတွက် မှတ်သားစရာ၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တစ်ခုပင်။
    အမှန်အားဖြင့် လူတိုင်းလူတိုင်း ကျန်းမာလို၊ ပညာတတ်လို၊ ငွေကြေးဥစ္စာရှိစေလို၊ လင်ကောင်းမယားကောင်း၊ သားကောင်းသမီးကောင်း၊ မိတ်ကောင်းဆွေကောင်းတို့နှင့် ပြည့်စုံလိုကြသည်သာ ဖြစ်၏။ ထိုချမ်းသာသုခကို လိုချင်လျှင် အမှန်တကယ် အခြေခံကျသော နည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက်ရမည်သာ ဖြစ်၏။
    ပမာအားဖြင့် ချမ်းသာလိုသောသူသည် အမှန်တကယ် ချမ်းသာလိုသော ဆန္ဒရှိရမည် ဖြစ်၏။ တဖန် ဆန္ဒရှိရုံမျှဖြင့် မပြီးသေး။ ဆန္ဒသာရှိပြီး ပျင်းရိနေက ချမ်းသာလာမည်မဟုတ်။ ထို့ကြောင့် ကြိုးစားအားထုတ်ဖို့လည်း လိုသေး၏။ ထိုတွင် အလုပ်ကြိုးစားရုံဖြင့် မပြည့်စုံသေးပေ။ မိမိက မည်မျှကြိုးစားကြိုးစား တခါတရံ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့ရတတ်သေး၏။ ထိုအခါ စိတ်ဓာတ်မကျရပေ။ စိတ်ဓာတ်ကျလျှင် ဘာမှဖြစ်တော့မည်မဟုတ်။ ထို့ကြောင့် ချမ်းသာဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်ရန်လည်း လိုအပ်ပေသေး၏။ တဖန် စိတ်ဓာတ်ကြံ့ခိုင်နေလျှင်ကော ချမ်းသာနိုင်ပြီလားဟု မေးစရာ ရှိပြန်၏။ ထိုမျှဖြင့်လည်း မချမ်းသာနိုင်သေးပေ။ အလုပ်လုပ်ရာ၌ ဉာဏ်ပညာမရှိလျင်လည်း လုပ်သမျှ အချည်းနှီးဖြစ်တတ်ပြန်သေး၏။ ထို့ကြောင့် “မည်သို့လုပ်ရမည်၊ မည်သူနှင့် ဆောင်ရွက်ရမည်၊ မည်သူ့ကို မည်မျှပေးကမ်းရမည်” စသည့် လုပ်ငန်းခွင်ပညာကိုလည်း စေစားရပြန်သေး၏။
ချုပ်၍ပြောရလျှင် ချမ်းသာလိုသောသူသည် -
၁။ ဆန္ဒ (ပြင်းပြင်းပြပြ ချမ်းသာလိုသော ဆန္ဒ)
၂။ ဝီရိယ (ကြိုးစားမှု)
၃။ စိတ္တ (စိတ်ဓာတ်ကြံ့ခိုင်မှု)
၎။ ပညာ (လုပ်ငန်းခွင်ပညာ)
ဆိုသော အချက်လေးချက်နှင့် ပြည့်စုံရမည်ဖြစ်၏။
ထိုအချက်တို့နှင့် ပြည့်စုံလျှင် ချမ်းသာမည် ဖြစ်၏။ ကျန်သည့် ကျန်းမာရေး၊ ပညာရေးစသည့် အရေးကိစ္စတို့ကိုလည်း ထိုအချက်လေးချက်နှင့် ဆောင်ရွက်နိုင်၏။ ဤကား အခြေခံကျသည့် ဘုရားရှင်ပေးသော နည်းလမ်းများပင် ဖြစ်၏။
အချို့ကမူ ကြီးပွားလို၏။ ချမ်းသာလို၏။ သို့ပါသော်လည်း အမှန်တကယ် ကြီးပွားချမ်းသာနိုင်သော နည်းလမ်းများဖြင့် မကြိုးစား။ မိမိတို့၏ စွမ်းအားကို ဥပေက္ခာပြုကာ ဇမ္ဗုကကဲ့သို့ ထူးထူးဆန်းဆန်းဆိုသော ပုဂ္ဂိုလ်တို့ကိုသာ အားထားမှီခိုနေကြ၏။။
ထူးထူးဆန်းဆန်းဆိုသော ထို“ဦးထူးဆန်း”တို့မှာ ဇမ္ဗုကကဲ့သို့ပင် လိမ်လည်လှည့်ဖျားနေသည်သာ ဖြစ်၏။ စီးပွားရေးမလုပ်ဘဲ ငုတ်တုပ်ထိုင်နေလျှင် ကြီးပွားမည်မဟုတ်။ ချမ်းသာမည်မဟုတ်။ ထိုဦးထူးဆန်းတို့အနေဖြင့် ငုတ်တုပ်ထိုင်နေသူအား ကြီးပွားအောင်၊ ချမ်းသာအောင် မန်းမှုတ်နိုင်ပါမည်လား။ လူတို့အနေနှင့် စဉ်းစားသင့်ပေ၏။ ချင့်ချိန်သင့်ပေ၏။
ထိုသို့ စဉ်းစားချင့်ချိန်၍ နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားဆောင်ရွက်ရမည်သာ ဖြစ်၏။ သို့မှသာ လူမှုဒုက္ခပေါင်း မြောက်များစွာကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်မည် ဖြစ်၏။ တည်ငြိမ်အေးချမ်းသော ဘဝတစ်ခုကို လှလှပပ ထူထောင်နိုင်မည် ဖြစ်၏။
မေတ္တာများဖြင့်
အရှင်ကောဏ္ဍည(သာသနာ့တက္ကသိုလ်)
Sunday, January 29, 2012
ဝမ်းနှင့်လွယ်သည် သားမမည်
( ၁ )
အိပ်ပျက်ညတာကား ရှည်လျားလွန်းပေစွ။ အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံ တစ်ချက်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မိန်းမတစ်ယောက်အဖို့၊ အထူးသဖြင့် မိခင်တစ်ယောက်အဖို့၊ ထို့ထက် ..လသားအရွယ် သားသည်မိခင်တစ်ယောက်အဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သည့် အချိန်ကို အတော်ကျော်လာခဲ့ပြီ။
သားရယ်…သားလေးရယ် … ဒီအခြေအနေမျိုးနဲ့ မဟုတ်ပဲ အမေတို့ဆုံခဲ့ကြရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ အခုတော့ အမေ့ဝမ်းနဲ့လွယ်မွေးရတဲ့ အမေ့သားအရင်းဖြစ်ပေမယ့် သားကို အမေ….
``မွန်..မအိပ်သေးဘူးလား။ ´´
နှစ်နှစ်ခြိုက်ခြိုက် အပူအပင်ကင်းစွာ အိပ်ပျော်နေတဲ့ သားလေးနိုးသွားမှာစိုးသဖြင့် တိုးသဲ့သဲ့ မေးလာသော ခင်ပွန်းသည်၏ အမေး။
``မွန် တစ်ရေးနိုးလာတာ ကိုဦးရဲ့ …သားလေးအိပ်ပျော်နေတာလေးကို ကြည့်နေတာ အဟင်း …´´
ခင်ပွန်းသည်မမြင်အောင် မျက်ရည်ကို အသာသုတ်ပြီး ဖြေလိုက်သည့် မုသားစကား။ တာမသွားမှန်းသိသိ။
``မွန်ရယ် .. ဒီလိုအခြေအနေတွေကို အစကတည်းက ကိုယ်တို့ကြိုတွေးထားပြီးသားလေ။ ကိုယ်တို့ရင်ဆိုင်ရဲရမှာပေါ့။ သားလေးအတွက် မွန်အားရှိနေမှ ဖြစ်မှာနော် …အိပ်တော့ အိပ်တော့ …´´
အားပေးလာလေသည့် ခင်ပွန်းသည်၏ အသံတို့ကလည်း တုန်တုန်ခိုက်ခိုက်။
သားလေးရယ် …ဘယ်လိုဘ၀က ၀ဋ်ကြွေးတွေကများ ….  ….  ….
                                               ( ၂ )
မွန့်ဘ၀မှာ အလွန်အမင်း ၀မ်းသာခဲ့ဖူးသည်ဆိုလျှင်၊ ခုဘ၀အဖို့ ဒီထက်ပိုပြီး ပျော်ရွှင်ဝမ်းသာစရာ မရှိနိုင်တော့ဘူးဟု တစ်ကြိမ်တစ်ခါက ထင်ခဲ့မိသည်ဆိုလျှင် ထိုအထင် တက်တက်စင်လွဲကြောင်း မွန်ကောင်းကောင်းသိခဲ့ပြီ။
ချစ်သူပြန်ရောက်သည့်နေ့။ လေဆိပ်တွင် သွားကြိုရင်း မည်သည့်စကားတစ်ခွန်းသော်မှ မပြောနိုင်လောက်အောင်၊ ကတုန်ကယင်ဖြင့် ဆွံ့အသွားရလောက်အောင် ၀မ်းသာဖူးခဲ့။ ဘ၀၏ အပျော်ဆုံးအချိန်ဟုပင်ထင်မှတ်မှားခဲ့ရသည်။
နှစ်ဖက်မိဘအစုံအလင်ဖြင့် မင်္ဂလာပွဲကျင်းပခဲ့သည့် ပုဆိုးတန်းတင်နေ့။ ဘ၀တစ်ခုလုံး နောက်ထပ် ဘယ်အရာကိုမျှ ထပ်မလိုအပ်တော့ဟု လုံခြုံနွေးထွေးသွားခဲ့ရဖူးသည်။ ပကတိ ၀မ်းသာပျော်ရွှင်စရာဖြင့် အတိပြီးခဲ့ရသည့် ထိုနေ့သည်လည်း မွန့်ဘ၀၏ အမှတ်တရနေ့များထဲမှ အရေးပါဆုံးနေ့တစ်နေ့ဟု ထင်မှတ်မှားခဲ့ရ။
 မွန့်ဘ၀တစ်ခုလုံး၊ ထို့ထက် မွန်တို့နှစ်ယောက်၏ ဘ၀တစ်ခုလုံးအတွက် မည်သည့်အရာမျိုးနှင့်မှ တုနှိုင်းမရနိုင်သော ၀မ်းသာပျော်ရွှင်မှုမျိုးကို ခုရခဲ့ပါပြီ။ အရင့်အရင် ပျော်ရွှင်ဝမ်းသာ ကြည်နူးမှုများအားလုံးထက် သာလွန်သော၊ ထိုမျှမက မည်သည့် ကြည်နူးမှုမျိုးနှင့်မှ နှိုင်းဆချိန်စက် မရနိုင်သော ၊ မွန့်ဘ၀တစ်ခုလုံး၏ အခြားအရာအားလုံး မှေးမှိန်ပါးလျသွားစေသော ခံစားမှုမျိုးကို  အခု ရခဲ့ပါပြီ။ တိတိကျကျ..သားသားနှစ်လပြည့်သည့်နေ့ဖြစ်သည်။ 
``ကလေးက အားလုံးအိုကေပဲဗျ´´ ဆိုသည့် ဆရာဝန်ကြီး၏ စကားတစ်ခွန်းက ခွန်အား၊ သတ္တိ၊ မျှော်လင့်ချက်၊ …..   ….  အားလုံးကို တမဟုတ်ချင်း ပြည့်စုံခိုင်မာသွားစေခဲ့ရပါပြီ
မွန့်တစ်သက်တာတွင် တစ်ပါးသူ၏ စကားတစ်ခွန်းကြောင့် ကြုံခဲ့ဖူးလေသမျှ အမှတ်တရနေ့ရက်များထက်ပို၍ ၀မ်းသာကြည်နူးခဲ့ရမည်ဟု ဟိုအရင်က ရေးရေးမှ တွေးထင်မထားခဲ့။ မွန်တို့ရည်ရွယ်ခဲ့လေသမျှ အနာဂတ် မျှော်လင့်ချက်များအားလုံးကို ထိုစကားတစ်ခွန်းဖြင့် ပြည့်စုံသွားမယောင် ခွန်အားတွေမွေးဖွားပေးခဲ့သည်။
သို့သော် ….
စကားတစ်ခွန်းကြောင့်ပင် `သား၏မိခင်´တစ်ယောက်အဖြစ် အပြည့်အ၀ မေတ္တာပေးခွင့်မရခဲ့ပါဟု ဆိုလျှင် ….   …..။
                                             ( ၃ )
`ကလေးက အားလုံးအိုကေပဲဗျ။ လုံးဝကျန်းမာတယ်။´
သားသားအသက် နှစ်လတင်းတင်းပြည့်သည့်နေ့။ သားသား၏ ကျန်းမာရေးကို စစ်ဆေးပေးသော ဆရာဝန်းကြီး၏ စကား။ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်၊ လောကအလုံးကို မေ့သွားရစေလောက်သောစကား။ မွန့်ဘ၀ နောက်ထပ် မည်သည့် လောကဓံအထုအထောင်းကိုမျှ တုန်လှုပ်စရာမရှိတော့။ အရာအားလုံးပြည့်စုံပြီ။ ကိုဦးရော မွန်ပါ နှစ်ယောက်စလုံး စိုးရိမ်ခဲ့ရသည့် အခြေအနေဆိုးမှ သားသားလွတ်မြောက်ခဲ့ပြီ။ အရာအားလုံးအတွက် မွန်ရင်ဆိုင်နိုင်ပါပြီ။ မွန်တို့နှစ်ဦးဘ၀ ဘယ်သို့ရှိစေတော့။
``အဲ ..ဒါပေမယ့် ခင်ဗျားတို့ကို ဒီကလေးလေး မွေးမွေးချင်းတုန်းက ကျနော်ပြောခဲ့တဲ့အတိုင်း ကလေးကို ….´´
ဆရာဝန်းကြီးရဲ့ နောက်ဆက်တွဲစကား။ မွန့်ရင်ကို အထပ်ထပ်မွှန်းမည့်စကား။
``မပြောပါနဲ့တော့ဒေါက်တာ .. မွန် … မွန်မခံစားနိုင်လို့ပါ။ …. စိတ်ချပါ မွန် လုံးဝလိုက်နာပါ့မယ်။သားလေးမွေးတဲ့ အချိန်ကစလို့ ခုထိလည်း အတိအကျ လိုက်နာနေဆဲပါ။ မွန်က ပိုစိုးရိမ်ပါတယ်ဒေါက်တာ။ မွန်တို့ရဲ့သားလေး မွန့်ကြောင့် အနစ်မွန်းမခံပါဘူး´´
                                                ( ၄ )
အိပ်ပျက်ညတာကား ရှည်လျားလွန်းပေစွ။ အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံ တစ်ချက်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မိန်းမတစ်ယောက်အဖို့၊ အထူးသဖြင့် မိခင်တစ်ယောက်အဖို့၊ ထို့ထက် ..လသားအရွယ် သားသည်မိခင်တစ်ယောက်အဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သည့် အချိန်ကို အတော်ကျော်လာခဲ့ပြီ။
``ကျနော်တကယ်စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ နှစ်ယောက်လုံးမှာ HIV Positive ရှိနေတယ်´´ သားသားကို ကိုယ်ဝန်လွယ်ထားစဉ်အချိန်ကြမှ သိလာရသည့် ဆရာဝန်ကြီး၏ စကား။ မိုးကြိုးသွားအစင်းစင်းဖြင့် ရင်ကို ခွင်းသကဲ့သို့။ ဒီကမ္ဘာမြေကြီးပေါ်မှ မွန် ပျောက်ကွယ်။ အရာအားလုံး တစ်စစီပျက်သုဉ်းသွားခဲ့။ မွန့်ရည်ရွယ်မျှော်လင့်ချက်တို့ အခိုးအငွေ့အဖြစ် မြေကြီးထဲ တိုးဝင်နစ်မြုပ် …သွား …ခဲ့ …ရ … ပါ … ပြီ…။
``ကဲ ..မငိုနဲ့တော့မွန်ရယ် နော်။ ကိုယ်ပြောတာ သေချာနားထောင်။ ကိုယ်အခု အလုပ်သွားလုပ်မယ်။ နှစ်နှစ်ပြည့်တာနဲ့ ချက်ချင်းပြန်လာမယ်။ မွန်နဲ့လက်ထပ်မယ်။ သားသားလေးတွေ မီးမီးလေးတွေမွေးမယ်။ နော်…ကိုယ်တို့ဘ၀တွေ၊ ကိုယ်တို့မျိုးဆက်လေးတွေရဲ့ အနာဂတ်တွေလှပဖို့ အတွက်သာ ပြင်ဆင်ထားပါမွန်။´´
ရေခြားမြေခြားမှာ အလုပ်သွားလုပ်မည့်ဆဲဆဲချစ်သူကို လေဆိပ် လိုက်ပို့စဉ်အချိန်က ပြောခဲ့လေသော ချစ်သူ့စကား။ HIV နတ်ဆိုးကို သယ်လာခဲ့မည်ဟုတော့ တစ်စွန်းတစ်စမျှ တွေးထင်မထားခဲ့။
``ဟား  …မွန်ရယ် ..ကိုယ့်ကို နောင်ဘ၀ထိ ခွင့်မလွှတ်ပါနဲ့တော့ … ကိုယ့်ကြောင့် မွန့်ဘ၀၊ မွန့်အနာဂတ်၊ ကိုယ်တို့မျှော်လင့်ချက် အားလုံး တစ်စစီ ကြေမွသွားခဲ့ရပြီကွာ … တကယ့်ကို တစ်ကြိမ်ထဲပါမွန်ရယ်..ကိုယ် နိုင်ငံခြားမှာ နေတုန်းကလေ မူးရစ်ဆေး ဆိုတာကြီးကို …..´
မွန့်ကမ္ဘာပျက်ကြွေခဲ့ရသည့် ချစ်သူ့နောင်တစကား။ ဘာကိုများ ပြင်ဆင်နိုင်ဦးတော့မှာလဲ ကိုဦးရယ်။ အခုအချိန်မှာဖြင့် မွန့်အဖို့ ဘယ်သူ့ကြောင့်ရယ်ဟု ပြောနေမည့်အစား ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့နိုင်ပါတော့သည်။
                                                     ( ၅ )
သားသားဆီက ငိုသံသဲ့သဲ့ ကြားရတိုင်း ရင်မှာတစ်စစ်စစ်။ သားအတွက် နို့ဗူးဖျော်နေရင်း ``မငိုပါနဲ့ သားရယ်´´ ဟု ချော့မြူနေသည့် အမေကိုယ်တိုင်က မျက်ရည်တို့ တားမနိုင်။ သားသည်မိခင်တစ်ဦးအဖို့ သားကို နို့တိုက်ခွင့်မရသည့် ဒုက္ခက ပြင်းထန်လွန်း၊ ဆင်းရဲလွန်းလှ၏။ အချိန်တန်လာပြီဆိုလျှင်ဖြင့် နို့ချိုပြည့် သားမြတ်အစုံက တောင့်တင်းမာခဲကာ မခံမရပ်နိုင် ကိုက်ခဲနာကျင်နေပေတော့သည်။ အခံရခက်လွန်းစွ။ 
ထို့ထက်ပို၍…… မိခင်မေတ္တာရည်တို့ကား ရင်မှဖြစ်သည့်သားကို တိုက်ကြွေးခွင့်မရ။ အလဟဿ ဆုံးရှုံးရတော့မည်။ နှုတ်ခမ်းအစုံကို ပြတ်ထွက်မတတ် ကိုက်ထားရင်းက မျက်ရည်တို့ကို ဆည်ကျိုးတာပေါက်သို့။ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်ခံခက် ဝေဒနာမှာ နှလုံးသားထဲမှ ဝေဒနာနှင့် နှိုင်းယှဉ်သော် အမှုန်အမွှားလေးတစ်ခုရယ်သာ။ သားရယ် … အမေ့နို့ဖိုးတစ်ပြားသားမှမပါတဲ့ သားဘ၀မှာ မေတ္တာတရားကိုတော့ မယုတ်မလျော့ရစေရပါမယ်။
``တကယ်ဆို ခင်ဗျားတို့ ကလေးမယူသင့်ဘူးဗျာ … ဒါပေမယ့် ခုမှတော့ ဘာပြောနိုင်ဦးမှလဲ။ ဖြစ်လာသမျှကို ရင်ဆိုင်ကြရုံပေါ့။ မွေးလာမယ့် ကလေးအဖို့ကတော့ ရောဂါပါမလာဖို့ မျှော်လင့်နိုင်ပါတယ်။ 
အင်း … ဘုရားကယ်မပါစေပဲ ဆုတောင်းကြရတော့မှာပေါ့´´
ဟုတ်ပါတယ်သားလေးရယ်။ ဆရာဝန်ကြီးပြောခဲ့သလိုပဲ အမေ့သားလေး ဘုရားတရားဂုဏ်ကျေးဇူးကြောင့် ဒီရောဂါဆိုးကြီးပါမလာခဲ့ဘူးတဲ့။ အမေ့ရဲ့ နောက်ဆုံးထွက်သက်ထိ ၀မ်းသာကြည်နူးနေရတော့မယ့်စကားပါပဲ။
ဒါပေမယ့် … သားရယ်…သားလေးရယ် … ဒီအခြေအနေမျိုးနဲ့ မဟုတ်ပဲ အမေတို့ဆုံခဲ့ကြရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ အခုတော့ အမေ့ဝမ်းနဲ့လွယ်မွေးရတဲ့ အမေ့သားအရင်းဖြစ်ပေမယ့် သားကို အမေ….နို့တိုက်ခွင့်မရနိုင်တော့ဘူး သားရယ်။
``ကလေးက အားလုံးအိုကေပဲဗျ။ လုံးဝကျန်းမာတယ်။ အဲ ..ဒါပေမယ့် မိခင်နို့တော့ လုံးဝမတိုက်ပါနဲ့´´တဲ့ သားရယ်။ ရင်မှာဖြစ်တဲ့ အမေ့သားအရင်းကို နို့တိုက်ခွင့်လေးသော်မျှ မရခဲ့တဲ့ အမေ့ရင်တွင်းက ဝေဒနာကို ဘယ်စကားလုံးတွေနဲ့များ စာဖွဲ့နိုင်မှာလဲ သားရယ်။ ငါ့သားလေးက မေမေရေ ချိုချိုစို့မယ် ဆိုတဲ့စကားတစ်ခွန်းကိုတောင် ပြောရကောင်းမှန်းမှ သိပါလေတော့မလား။ ၀မ်းနဲ့မလွယ် သားမမည် တဲ့။ ၀မ်းနဲ့လွယ်ခဲ့ရဲ့သားနဲ့ သားမမည်တာကိုရော တကယ်ရှိပါတယ်ဆိုရင် ယုံနိုင်ကြပါ့မလား။
အရှင်ဘုရား ..နောင်ဘ၀မှာများ ဘုရားတပည့်တော်တို့ သားအမိ ပြန်ဆုံကြရဦးမယ်ဆိုရင် မေမေ ..ချိုချိုစို့မယ် ဆိုတဲ့စကားကို သားလေးရဲ့ ပထမဆုံး နှုတ်ထွက်စကားအဖြစ် ကြားခွင့်ပြုတော်မူပါ။ သားလေးရဲ့ အဲဒီ စကားသံကြားတိုင်း တပည့်တော်မရဲ့ ရင်မှဖြစ်သော မေတ္တာနို့ချိုကို တိုက်ကြွေးနိုင်သူအမှန် ဖြစ်ရပါလို၏ဘုရား။ 
ဘုရားတပည့်တော်မကို ``၀မ်းနဲ့ လွယ်မွေးပြီး ရင်နဲ့ ကျွေးမွေးခွင့်ရသူ အမေ´´ဖြစ်ခွင့်ပြုတော်မူပါဘုရား။                     ။
ကိုကြည်နိုင် (ကျုံတိုင်းရွာ)
Saturday, January 28, 2012
အတိတ်ကြွေး
အတိတ်ကြွေး
မန္တလေးကို ရန်ကုန်လောက် ပူတယ်လို့ မခံစားရပါ။ နှစ်ဝက် ကျော်ကျော်လောက် ပြန်မရောက်တဲ့ မန္တလေးကို ဟောပြောပွဲနှစ်ခု အတွက်ပြန်ရောက်ခဲ့ရပါတယ်။ ၂၀၀၉ ဇွန်လရဲ့ဟောပြောပွဲမှာ Crown Education က ကိုဝင်းလွင်ဦး မိတ်ဆက်ပေးလို့ ဒေါက်တာဇော်ဝိတ်ဆိုတဲ့ နက္ခတ်ဆရာတဦးနဲ့ သိကျွမ်း ခဲ့ရပြီး ကိုယ့်ဇာတာကိုယ် စစ်ဆေးဖြစ်ခဲ့တယ်။ 
အရင်တုန်းက အနာဂတ်ဟောပညာရပ်တွေကို ဘမောင်တို့ လုံးဝယုံကြည်ခဲ့တာမဟုတ်ဘူး။ သူ များဆီကပိုက်ဆံကို အယုံသွင်းပြီးယူနေကြတဲ့ သူတွေလို့ကို ခပ်ကြမ်းကြမ်းလေး ပြောပစ်ခဲ့ဖူးတယ်။
လောကကြီးဟာ ရိုးစင်းပြီး ဆန်းကြယ်ပါတယ်။ မယုံကြည်လွန်းတဲ့ သူတွေကို ယုံကြည်လာအောင် တိုက်ဆိုင်မှုတွေ ဖန်တီးပေးတတ်တယ်။ ဘ၀တခုကျဆုံးပြီး လောကကြီးဟာ မတရားပါဘူးဆိုတဲ့သူတွေကို
အောင်မြင်မှုတွေပေးတတ်ပြီး "ငါမှတပါး အခြားမရှိ" ဆိုတဲ့ လက်မထောင်တတ်ကြသူတွေကိုလဲ"ဆုံးရှုံးမှုနဲ့ဒုက္ခ" ဆိုတာဘာလဲလို့သိအောင် မိတ်ဆက် ပေးတတ်ပြန်ပါတယ်။
 နည်းနည်းမှမယုံတတ်ခဲ့တဲ့ ဘမောင်ကို တိုက်ဆိုင်မှုတွေ အကြိမ်များများပေးလိုက်တော့ ယုံရမလို၊ မယုံ
 ရမလိုဖြစ်သွားတယ်။ ဘာကြောင့်မို့ သူတို့တတွေ အနာဂတ်ကို အဟောထုတ်နိုင်ကြတာလဲ။ အတိတ်က အကျိုးပေးတွေကို လက်ဝါးပြင်မှာ သဘာဝကရေးခြစ်လွှတ်လိုက်တယ်။ တယောက်နဲ့တယောက် လက္ခဏာအရေးအကြောင်း လုံးဝမတူကြဘူး။ သိပ်ထူးဆန်းတယ်။ ပိုပြီးသိမ်မွေ့နက်နဲတဲ့ နက္ခတ်ဗေဒပညာဆိုရင်လဲ ကိုယ့်မွေးဖွားချိန်၊ မွေးဖွားရာအရပ်၊ မွေးတဲ့နေ့တွေကိုလိုက်ပြီး အတိတ်၊ အနာဂတ်တွေကို ပြောလို့ရပြန်တယ်။ အဲဒီ အကျိုးပေးတွေကို ပြောလို့ရအောင်ကို အဲဒီလူက အဲဒီနေရာ၊ အဲဒီအချိန်၊ အဲဒီနေ့ရက်မှာကို မွေးလာခဲ့ရတာ။ 
သည်ပညာကိုစပြီး ဖော်ထုတ်ခဲ့တဲ့သူတွေ အတော်ချီးကျူးဖို့ကောင်းကြတယ်။ သည်နေ့ကတော့ ရှင်းပါတယ်။ တိုးတက်လှပါတယ်၊ သိပ္ပံပညာအခြေခံတယ်ဆိုတဲ့ အမေရိကန်သမ္မတတွေတောင် သည်ပညာကို မလွန်ဆန်ကြတော့ဘူးဆိုတော့ မယုံရင် ကိုယ်ပဲ အရူးဖြစ်သွားလိမ့်မယ်။ Nasa ဆိုတဲ့ အဖွဲ့ ကြီးတောင် အဲဒီနက္ခတ္တပညာကို တပိုင်းတစ အသုံးချနေတာပဲ။
တခုပဲရှိတယ်။ ယုံတော့ယုံ၊ "ပုံ" မပစ်ဖို့ဘဲ လိုတယ်။
  ဟင်းကောင်းလေးစားရတော့ သူငယ်ချင်းတွေကိုသတိရသလိုပဲ နီးစပ်ရာလူတွေကို ဒေါက်တာ ဇော်
ဝိတ်ဆီ လွှတ်ပေးတတ်တယ်။ လူတွေဟာ ကိုယ့်ကံကြမ္မာကို ခပ်ကြမ်းကြမ်းလောက်တော့ သိထားသင့်ကြ
တယ်။ နို့မို့ရင် "ဆူး" မှန်းမသိ၊ "ဆု "မှန်းမသိ။ ခုတ်ရာ တခြား၊ ရှရာတလွဲ ဖြစ်တတ်လို့။ အတိတ်မှာ ဘမောင် ကိုယ်တိုင်ကြုံဖူးတာ တော်တော်များများရှိခဲ့တယ်။ အလုပ်လုပ်ရင် တွန်းတွန်းတိုက်တိုက်၊ အပင်ပန်းခံပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်းနဲ့ အင်ပြည့်အားပြည့်လုပ်တတ်တာ ဘမောင်ရဲ့သဘာဝ။ 
ကံကလေးကောင်းတဲ့အခါ ပိုပြီးတိုး တက်တတ်ပေမဲ့ အညံ့ထဲရောက်တဲ့အခါ ကွဲ ရော။ အညံ့ကာလ မှန်း၊ အကောင်းကာလ မှန်းမသိဘဲ ထပ်ကြိုးစားရင် ထပ်ပြီးဆုံးရှုံးတာနဲ့ပဲ ကြုံရတတ်တာကို
နောက်တော့သိလာတယ်။ မလိုအပ်ဘဲ အင်အား မသုံးစေချင်ဘူး။ အကျိုးမရှိဘဲ မကြိုးစားစေချင်ဘူး။ ဘ၀မှာလက်ကျန်ကာလက နည်းနည်းလာပြီဆိုတော့ ကိုယ်ကိုယ်တိုင် ဟောပြောပွဲတွေမှာ
ဆွေးနွေးတတ်တဲ့ ¡¥စီမံခန့်ခွဲမှု¡¦ ဆိုတာ ကိုယ့်ကိုယ်မှာကောင်းကောင်း ပြန်  သုံးတတ်လာ
တယ်။ အရင်က မြင်ရတဲ့ရုပ်ဝတ္ထုတွေအပေါ်မှာ တွက်ချက်တဲ့ စီမံခန့်ခွဲမှု၊ အခုမြင်ရတာတွေရော၊ မမြင်ရတာတွေရောကိုပါ ထည့်သွင်းတွက်ချက်တတ်လာတဲ့ စီမံခန့်ခွဲမှု။ အဲဒီအလေ့အကျင့်ကလေးရလာတော့ ပိုပြီးအကျိုးရှိလာတာ သတိထားမိတယ်။
  ဒါနဲ့ပဲ ခေတ်ပညာတွေ အများကြီးတတ်ထားတဲ့သူ။ လက်တွေ့လုပ်ငန်းတွေ အများကြီးလုပ်နေတဲ့သူက
သည် "အက်ဆေး" မျိုးရေးသင့်ပါတယ်လေလို့ ယူဆပြီးရေးပစ်လိုက်ရပါတော့တယ်။ ကျင့်ဝတ်ပိုင်းကို ပြန်စဉ်း စားရသေးတယ်။ တခါတလေ စေတနာကလွန်ပြီး ကျင့်ဝတ်ကို
ဖာက်ဖျက်မှန်းမသိ ဖောက်ဖျက်မိတာတွေက လဲရှိတတ်သေးတာကိုး။ ဗေဒင်ဆရာတဦးဆီက အကျိုးရလဒ်တခုကိုယူပြီး သူ့အကြောင်းရေးရင်တော့ ကျင့်ဝတ် နဲ့ညီမှာ မဟုတ်ဘူး။ 
အခုဟာက အဲဒါမျိုးတွေမရှိတဲ့အပြင် ကိုယ်ရေးမှန်းတောင် သူသိဦးမှာ မဟုတ်သေးဘူး။
ပညာရပ်အမှန်ကို မတွေ့သေးဘဲ စမ်းတ၀ါးဝါးဖြစ်နေသူတွေအတွက် ကူညီရာရောက်မယ်လို့ ယူဆလို့ ရေးလိုက်တာ။
  ဆရာ့နာမည်က ဒေါက်တာဇော်ဝိတ်၊ တိ-မွေးကု ဆရာဝန်၊ နန်းရှေ့၊ အနှိပ်တော်ရပ်ကွက်၊ ရန်ကင်း
လမ်းမှာနေတယ်။ ခပ်ရိုးရိုး၊ ခပ်အေးအေးနဲ့ ပညာမာန၊ အသက်မာန မရှိတဲ့သူ။ ဘမောင်နဲ့ ကိုက်တယ်။ သူ့ဖုန်း က(၀၉-၂၀၀၉၀ ၇၀)၊ (၀၂-၇၁၀၉၀)။ အနေအေးပေမယ့် ဟောချက်ကပြင်းတယ်။ ဝေေ၀၀ါးဝါး မရှိဘူး။ မဖြစ် ဘူးဆို မဖြစ်ဘူး။ ဖြစ်မယ်ဆိုရင် ဖြစ်မယ်ပဲ။ လက်ညှိုးတချောင်းပဲ ထောင်တယ်။ နှစ်ချောင်း မထောင်ဘူး။ သူ့အားသာချက်က ဆက်ပြီးလေ့လာဆဲ၊ သုတေသနလုပ်ဆဲ၊ ကြိုးစားဆဲပဲ။ ပညာကိုရပ်မထားဘူး၊ အချိန်နဲ့အမျှလေ့လာနေတယ်။ တောင်းဆိုမှု ဘာမှမရှိရှာတဲ့သူ၊ သူ့ဟောချက်မှန်လွန်းတော့ ဘမောင်ရဲ့မိတ်ဆွေတွေကို ဖုန်းနံပါတ်ပေး Mail ဖွင့်ပြီး ဘမောင်ကပဲ အကုန်အကျခံ၊ အလကားအကျိုးဆောင်ပေးနေတာ။ 
သည်တခေါက်သူ့ဟောချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပျူတာတလုံး လက်ဆောင်ပေးဖြစ်ရတဲ့အထိ ဖြစ်သွားတယ်။ မှန်ဆို သူက ပညာအစုံသုံးတာကိုး။ နက္ခတ်ရဲ့အားသာချက်၊ အားနည်းချက်ကို သူက သိတယ်။ အဲသလိုပဲ လက္ခဏာ၊ မြန်မာ့ရှေးရိုးတွက်ကိန်းတွေနဲ့ သရောဓရတွေရဲ့အားသာချက်၊ အားနည်းချက်တွေကိုလဲ သူကသိထားပြန်တယ်။ ပညာရပ်တော်တော်များများနဲ့ ချိန်ညှိပြီးမှ နောက်ဆုံးအပိုင်ဟောတာဆိုတော့ သူ့ဟောချက်တွေက အတော်စူးစူးရှရှ ထိတော့တာပေါ့။ ဘမောင်အမေကို သြဂုတ်လနဲ့ နိုဝင်ဘာလအတွင်း ကျန်းမာရေး သတိထားပါတဲ့။ သြဂုတ်လ ၁၀ရက်မှာ အမေလေဖြတ်သွားတယ်။ ဘယ်ဘက်တခြမ်းလုံး လှုပ်မရ၊ စကားမပြော၊ အစာမစားတော့ဘူး။ တဖြည်းဖြည်း အဆိုးဘက်ရောက်လာတယ်။ 
ဆရာက ပြန်ကောင်းလာမယ်တဲ့။ အဆိုးကြီးကနေ ပြန်ကောင်းလာပါတယ်။ ပညာရေးမှာ ပါရဂူဘွဲ့ထပ်ရမယ်တဲ့။ "မဖြစ်နိုင်ဘူး" လို့ဘမောင်က ခါးခါးသီးသီးငြင်းလိုက်တယ်။" စောင့်ကြည့်ပါဦး ဆရာရယ်" လို့သူကတုံ့ပြန်တယ်။ အကျိုးအကြောင်းတွေ ဆီလျော်သွားပြီးနောက်တခု
ထပ်ရဖို့ဖြစ်လာခဲ့တယ်။ လုပ်ငန်းတွေ မမျှော်လင့်တဲ့နေရာက၀င်လာလိမ့်မယ်လို့ ပြောပြန်တယ်။ ဘမောင်စီမံကိန်းဆွဲထားတာက ၂၀၁၁ နောက်ပိုင်းမှ။ သူပြောတဲ့အတိုင်း၂၀၀၉ ကတည်းက၀င်လာတယ်။ အခု သူ့အဟောအရထိုင်ပဲနေပါ၊ လုပ်ငန်းက လိုက်လာပါလိမ့်မယ်တဲ့။ ဟုတ်သလိုလိုပဲ။ နှစ်များစွာကွဲသွားတဲ့ ပြည်ပကလုပ်ငန်းဖော်တွေ ပြန်ရောက်လာတယ်။
  နောက်တခု ရှိသေးတယ်။ သိပေမဲ့ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အလုပ်တ
ခု ဆရာက လုပ်ဖြစ်လိမ့်မယ်လို့ ပြောပြန်တယ်။ အဲဒါလဲဖြစ်နိုင်ခြေ သိပ်မရှိလှပြန်ဘူး။ အဲဒီအလုပ်ကိုလဲ လုပ်ဖြစ်သွားပြန်တယ်။ သူပြောတဲ့အတိုင်း ချောချောမွေ့မွေ့အောင်အောင်မြင်မြင်ပဲ။ ဘမောင်လွှတ်ပေးတဲ့ မိတ်ဆွေတွေလဲ ဘမောင်ကို ပြန်ပြီးကျေးဇူးတင်ကြောင်း ပြောနေကြပါတယ်။ မှတ်မှတ်ရရ မိတ်ဆွေတဦးဆိုရင် အငြိမ်းစား အရာရှိကြီးတဦး၊ စီးပွားရေးမှာအတော်ကြီး အကျပ်အတည်းတွေ့နေတယ်။
ထောင် ဂဏန်းအကြွေးလို့ အကြမ်းဖျင်း ပြောလို့ရတယ်။၂၀၁၀ ဇန်န၀ါရီလကုန်ရင် မမျှော်လင့်ဘဲ
ပြေလည်ပါလိမ့်မယ်လို့ ပြောလွှတ်လိုက်တယ်။ ဇန်န၀ါရီလ တလလုံး အဲဒီမိတ်ဆွေက မပြေလည်သေးလို့ဆိုပြီး ဘမောင်ဆီ ဖုန်းတဂွမ်ဂွမ်နဲ့။ လကုန်ပြီးသုံးလေးရက်မှာ သူကိုယ်တိုင်အံ့အံ့သြသြနဲ့ မမျှော်လင့်ဘဲ ပြေလည်သွားတယ်။ အဲဒီမိတ်ဆွေကြီးဆိုရင် စုတ်သပ်လို့ မဆုံးဘူး။ ဒါပေမဲ့ ဘမောင်ကို လက်ဖက်ရည်လေးတခွက်တောင်တိုက်ဖော်မရတော့ သူ့ကိုကျွဲမြီးတော့တိုသွားတယ်။ နောက် အံ့သြ
စရာကောင်းတာတွေအများကြီးပဲ။ မဖြစ်နိုင်ဘူးလို့ ထင်တာတွေကိုဖြစ်လာတာ။
  ဆရာဇော်ဝိတ်နဲ့ စကားပြောဖြစ်တော့ အတိတ်က ကုသိုလ်၊ အကုသိုလ်အကျိုးပေးတွေ အကြောင်းပါ
လာတယ်။ မမြင်ရတဲ့ကိစ္စဆိုတော့လဲ ခပ်ခက်ခက်ပဲ။ ရှိမှန်းတော့သိတယ်။ မျက်မြင်မဟုတ်တော့ အတွန့် တက်ချင်သေးတယ်။ အဲဒီအတိတ်က ကိုယ်လုပ်ခဲ့တာတွေက စွမ်းအင်တွေပဲ။ မပျောက်ဘူး။ ပျက်မသွားဘူး။ ကြီးတဲ့ စွမ်းအင်တွေက ဘ၀တွေမှာလိုက်ပြီး တချိန်ချိန်အကျိုးပေးတယ်။ စွမ်းအင်တည်မြဲခြင်းနိယာမ ကို ဘမောင်တို့ ငယ်ငယ်က သိပ္ပံမှာ သင်ခဲ့ရဖူးတယ်။ ယုံလဲ ယုံပါတယ်။ ဒါပေမယ့် လူတွေလုပ်တဲ့ ကုသိုလ်၊ အကုသိုလ်စွမ်း အင်တွေနဲ့ ဘယ်လို ဆက်စပ်သလဲ။ စဉ်းစားစရာပဲ။
  ဟိုးတုန်းက အမေရိကန်မှာ စူပါသူဌေးကြီး ဟိုးဝပ်ဟူးခ်ျဆိုတာရှိတယ်။ တနေ့ သူ့ကား လမ်းမှာပျက်
တော့ အနီးဆုံးဟိုတယ်ကို လမ်းလျှောက်လာတယ်။ သူဌေးကြီးဆိုတော့ ချက်လက်မှတ်တွေပေါ်မှာပဲ လက်
မှတ်ထိုးပြီးသုံးကြတာဆိုတော့ အိတ်ကပ်ထဲခြူးတပြားမှပါမလာရှာဘူး။ သူဌေးကြီးဟိုတယ်က ဖုန်းဆက်ချင်
တာ ငွေမရှိလို့မဆက်နိုင်ရှာဘူး။ သူ့ကို သူဌေးကြီးမှန်းမသိတဲ့ ဟိုတယ်ဝန်ထမ်းလေးတဦးက အကူအညီပေး တယ်။ ငွေအကြွေစလေး ထုတ်ပေးတယ်။ အဲဒီကူညီမှုကို သူဌေးကြီးက မှတ်ထားတယ်။ 
သူဆုံးသွားတော့ သူဌေးကြီးကိုကူညီလိုက်တဲ့ လူငယ်လေးအတွက် ဒေါ်လာသန်းချီပေးကမ်းတဲ့
သေတမ်းစာထားခဲ့တယ်။ အမှတ်မထင်ကူညီမှုအတွက် ကောင်းကျိုးတခုကို ပြန်ခံစားခဲ့ရတယ် ဆိုတာကို ပြောချင်တာ။ အဲဒီစာကို ဖတ်ရတော့ဝန်ထမ်းလေးက သူ့ဘ၀မှာမမျှော်မှန်းခဲ့ဖူးတဲ့ 
ငွေပမာဏဖြစ်လေတော့ ကြမ်းပြင်ပေါ်မေ့လဲကျသွားတယ်လို့ ဘမောင် ဖတ်ဖူးခဲ့တယ်။ တချို့စာအုပ်တွေမှာတော့တမျိုး ရေးထားတယ်။ ထားတော့ အဓိကရေးချင်တာက မမြင်
ရတဲ့အကျိုးပေးတွေ အကြောင်း။
  အဲဒီဖြစ်စဉ်ကိုပြန်လေ့လာရင် ဟိုတယ်ဝန်ထမ်းလေး သူဌေးကြီးကိုကူညီခဲ့စဉ်က အတိတ်ကာလ ဖြစ်
သွားပြီး တဘ၀တည်းရဲ့အတိတ်ကာလတခု။ ပြန်မြင်နိုင်၊ သိနိုင်တဲ့ အတိတ်လဲ ဖြစ်ပါတယ်။ အဲဒီ အကျိုးကို
အနာဂတ်မှာ သူပြန်ခံစား၊ စံစားလိုက်ရတာ။ လူတွေဟာ အတိတ်ဘ၀တွေအကြောင်း ပြန်မမြင်နိုင်၊ မသိနိုင်ရတာ ပဋိသန္ဓေနေရလိုက်ရတဲ့အတွက်ကြောင့်လို့ ခေတ်သစ်သိပ္ပံပညာရှင်တွေကဆိုကြတယ်။ သီလအား၊ သမာဓိအားကောင်းတဲ့သူတွေက အဲဒီ ပညာတွေနဲ့ ပြန်မြင်နိုင်တယ်တဲ့။ ဘမောင်တို့က အဲဒီအဆင့်မဟုတ်တော့ မြင်နိုင်တဲ့သူတွေအထဲမှာ မပါတော့ဘူးပေါ့။
  အတိတ်ရဲ့အကျိုးပေးမှုရှိ၊ မရှိကို ကိုယ်မြင်နိုင်၊ တွေ့နိုင်တဲ့ ရှုထောင့်ဘက်ကလေ့လာကြည့်ပေးတာပါ။
ဘ၀တခုရဲ့အတိတ်နဲ့ ကာလတိုတခုရဲ့အတိတ်ပဲ ကွာတယ်။ အတိတ်ကာလကတော့ အတိတ်ပါပဲ။ နောက်တခု ဘမောင်စဉ်းစားမိတာတခု ရှိသေးတယ်။ ဘမောင်တို့ငယ်ငယ်တုန်းက သူငယ်ချင်းတွေအများကြီးနဲ့ ကျောင်းတွေတက်ခဲ့ကြတယ်။ တချို့ စာကြိုးစားကြတယ်။ ဘ၀တခုကို လေးလေးနက်နက်ကြိုးစားပြီး ထူထောင်ခဲ့ကြတယ်။ တချို့ က ငယ်ငယ်ကတည်းက စာမကြိုးစားဘူး။ ဘ၀တခုကိုလဲ လေးလေးနက်နက်နဲ့ မထုဆစ်ကြဘူး။
အဲဒါတွေအားလုံးက ဘ၀တခုထဲက ပြန်မြင်နိုင်၊ ပြန်စဉ်းစားနိုင်တဲ့ အတိတ်တွေပါ။
  အရွယ်ရောက်လာကြတော့ ဘ၀တွေအများကြီး ကွာခြားလာခဲ့ကြပါတယ်။ ငယ်ငယ်တုန်းက မကြိုးစား
ခဲ့တဲ့သူငယ်ချင်းတွေရဲ့ဘ၀ဟာ သည်နေ့အတော်လေးကြမ်းတမ်းနေကြရပြီး ငယ်ငယ်တုန်းကတည်းက ကြိုးစား ခဲ့ကြတဲ့သူငယ်ချင်းတွေက အခုအများကြီးတိုးတက်ကောင်းစားနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မျိုးကတော့ လူတိုင်း အလွယ်တကူတွေ့ကြုံ ဖြတ်သန်းခဲ့ရတဲ့ဖြစ်စဉ်မို့ လူတိုင်းလက်ခံနိုင်တဲ့ သက်ရောက်မှု၊ အကျိုးပေးအယူအဆလဲ ဖြစ်ပါတယ်။ အဲဒီကတဆင့် စဉ်းစားကြည့်ရင်ကောင်းကျိုးဟာ တချိန်ကျ ကောင်းကျိုးကိုပဲ ပြန်ပေးတတ်ပြီး ဆိုးကျိုးဟာ တချိန်ကျရင် ဆိုးကျိုးကိုပဲ
ပြန်ပေးတတ်တယ်ဆိုတာ အလွယ်တကူ တွေ့လာရမှာဖြစ်ပါတယ်။
  ယုတ္တိဗေဒနည်းနဲ့ပြောရမယ်ဆိုရင် (က=ခ)နဲ့ (ခ=ဂ) ကို လက်ခံတာနဲ့ မမြင်ရတဲ့ အတိတ်ဘ၀ပေါင်း
များစွာက အကျိုးအပေးအယူအဆဖြစ်တဲ့ (က=ဂ) ကို လက်ခံလိုက်ရတော့မှာဖြစ်တယ်လို့ ဘမောင်တော့
မြင်လိုက်မိတာပဲ။ ခက်တာက ကျိုးပေး ကိုတော့ လက်ခံပါပြီတဲ့။ အတိတ်ဘ၀တွေမှာ ကိုယ်က ကောင်း
ကျိုး တွေလုပ်ခဲ့သလား။ ဆိုးကျိုး တွေ လုပ်ခဲ့သလားဆိုတာတော့ မမြင်နိုင်ပြန်ပါဘူး။
  အဲဒီမှာ ဆရာဒေါက်တာဇော်ဝိတ်တို့လိုလူမျိုးတွေကို အားကိုးရတော့တာပါပဲ။ မှန်အောင် ဟောနိုင်တဲ့
ပညာကတော့ရှိနေပြီလေ။ မှန်အောင်ဟောနိုင်တဲ့သူပဲ ရှာဖို့လိုတော့တာ။ သည်ပညာတွေက နိဗ္ဗာန်ရောက်
ကြောင်းတရားတွေမဟုတ်ပေမဲ့ ဘ၀တခုကိုတော့ အတိုင်းအတာတစုံတရာအထိ လောကီအကျိုးတော့ ပြု
ပေးပါတယ်။ သည်ပညာတွေက ဗုဒ္ဓပွင့်တော်မမူခင်ကတည်းက ပေါ်ခဲ့တဲ့ပညာတွေဆိုတာတော့ ဘမောင်တို့ ဖတ်ဖူးတယ်။ ဒါကြောင့်လဲ ဗုဒ္ဓကို ရှင်ကောဏ္ဍိညက လက်ညှိုးတချောင်းတည်းထောင်ပြီး ဘုရားဧကန်စင်စစ် ဖြစ်မယ်လို့ ပြောခဲ့တာ။ တခြားသူတွေက လက်ညှိုးနှစ်ချောင်းထောင်ကြတယ်ဆိုတော့ ရှင်ကောဏ္ဍိညက ပညာပိုကြီးလို့ဖြစ်မှာပေါ့။ ပညာပိုစုံလို့ ဖြစ်မှာပေါ့။
  ဘုရင့်နောင်လက်ထက်က ဖြစ်ရပ်ကလဲ စိတ်ဝင်စားဖို့ အတော်ကောင်းတယ်။ တချိန် ¡¥ဘုရင့်နောင်¡¦ လို့
အလွန်ကျော်ကြားလာမယ့် ရှင်ရဲထွတ်က တပင်ရွှေထီးရဲ့အစ်မသခင်ကြီးနဲ့ ရည်ငံတယ်။ ဘုရင့်နောင်က တပင်ရွှေထီးနဲ့ နို့စို့ဖက်။ တပင်ရွှေထီးရဲ့ခမည်းတော်မင်းကြီးညိုက သူ့သမီးတော်နဲ့ ရည်ငံတာကိုကြားလို့ ဒေါသူပုန်ထပြီး ရှင်ရဲထွတ်ကို ကွပ်မျက်ဖို့အမိန့်ပေးတယ်။ ရှင်ရဲထွတ်လဲ ထွက်ပြေးရတာပေါ့။ 
ဒါနဲ့ လောကုတ္တရာဆရာတော် မဟိန္ဒက တနေ့ကျတော့ ရှင်ရဲထွတ်ကိုခေါ်ပြီး သူ့ဇာတာကိုကိုင်ပြီး နန်းတွင်းဝင်ဖို့ပြောတယ်။ မင်းကြီးကို ရှင်ရဲထွတ်ရဲ့ဇာတာ အရင်ပြပြီးမှ "သတ်လိုကသတ်စေ" ဆိုပြီး ခေါင်းငုံ့ပေးဖို့လဲ မှာလိုက်တယ်။ ဘုရင်ကြီးက နက္ခတ်၊ ဗေဒင်aကာင်းကောင်း ကြည့်တတ်တဲ့သူလေ။ ဆရာတော်မိန့်ကြားချက်နဲ့ ရှင်ရဲထွတ်လဲ ဇာတာကိုင်၊ နန်းတွင်းဝင်၊ ဆရာတော်ပြောသလိုလျှောက်ထားပြီး ဇာတာကိုဆက်သလိုက်ပါတယ်။ ပြီးတော့ သတ်လိုကသတ်စေ သဘောနဲ့ ခေါင်းငုံ့ပေးထားလိုက်တယ်။
  ရှင်ရဲထွတ်ရဲ့ဇာတာက အကောင်းစားပဲ။ မင်းကြီးညိုက ဗေဒင်ကောင်းကောင်းကြည့်တတ်သူဖြစ်တော့
သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့သူဖြစ်လာမယ်ဆိုတာ သိလိုက်တယ်။ ပြီးတော့ သူ့ခေတ်လွန်ပြီးမှ ဖြစ်မယ့်မင်းဆို တာလဲ သိလိုက်ပြန်တယ်။ အဲသလို ဘုန်းရှိတဲ့သူမျိုးက သတ်လို့လဲသေမှာမဟုတ်တဲ့အတူတူ မသတ်ဘဲထားလိုက်ရင် သူ့သား တပင်ရွှေထီးကိုတောင် စောင့်ရှောက်ဖော်ရဦးမယ်လို့တွေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်
တယ်။ မင်းကြီးညိုဟာ တော်တော်ပညာကြီးတယ်လို့ ပြောရမယ်။ 
ရှင်ရဲထွတ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်တဲ့အတွက် အဲဒီကျေးဇူးကို ဘုရင့်နောင်ဆိုတဲ့ အိမ်ရှေ့စံဘ၀မှာကတည်းက တပင်ရွှေထီးကို အသက်နဲ့ လဲပြီး စောင့်ရှောက်တော့တာပဲ။ တပင်ရွှေထီးက ထန်းတောထဲမှာမူးပြီး တိုင်းရေးပြည်ရေးကို မကိုင်တွယ်နိုင် တော့လို့ အာဏာသိမ်းဖို့ မှူးကြီးမတ်ကြီးတွေ တိုက်တွန်းတာတောင် ဘုရင့်နောင်ကငြင်းပယ်ခဲ့တယ်။ အဲသလိုကျေးဇူးကြီးတဲ့သူ၊ ဘုန်းရှိတဲ့သူတဦးကို ရန်သတ္တရုမပြုခြင်းရဲ့အကျိုးကျေးဇူးကို မင်းကြီးညိုရဲ့သား တပင်ရွှေထီးအထိ
ကောင်းကျိုးတွေခံစားလိုက်ရတာ။ ဇာတာဟာ ဇာတာပဲ။ အတိတ်ကံတွေက အတိတ်ကံတွေပဲ။
  ဘုရင်ဖြစ်လာမယ့်သူကလဲ တနေ့ဘုရင်ပဲဖြစ်လာမှာ။ သူ့ကို သတ် လို့မရဘူး။ သူ့ကိုသတ်ဖို့ ကြိုးစား
တာထက် သူ့အလုပ်အကျွေးကို ပြန်ရယူနိုင်ခြင်းဟာ ပညာရှိခြင်းပဲ။ သည်နေရာမှာလဲ အတိတ်က ကံ ကို ပစ်ပယ်ထားလို့မရဘူး။ သာမန်နို့စို့ဖက်က ဘုရင်ဖြစ်လာနိုင်တာ အတိတ်ရဲ့ကံနဲ့ ပစ္စုပ္ပန်ရဲ့ကြိုးစားမှုကြောင့် ဆို တာထင်ရှားနေပါတယ်။ တခါတခါမှာ ဘမောင်တို့ ကမ်းမမြင်၊ လမ်းမမြင်ကြပါ။ ကံ ကောင်းချိန်လား၊ ကံ ဆိုး ချိန်လားလဲ မသိကြပါဘူး။ ကြိုးစားပြီး မဖြစ်ကြရင် ကြာတော့ စိတ်ဓာတ်ကိုထိပါးလာနိုင်ကြပါတယ်။ ကံ က စီးပွားရေးကိုမပေးရင် ပညာရေးဘက် ကြိုးစားကြည့်သင့်ကြတယ်။ လူမှုရေးဘက် ကြိုးစားကြည့်သင့်ကြတယ်။ ဘာသာရေးဘက် ဦးလှည့်သင့်တယ်။ အချိန်ကိုအကျိုးရှိစွာ အသုံးချရာလဲကျပြီး စိတ်ဓာတ်ကိုလဲ ပြန်ထိန်းသိမ်းနိုင်တာပေါ့။
  ဘယ်အချိန်မှာ ကံ အရာရဲ့ အဖေးအမကို ရဖို့၊ သိဖို့ လိုလာပါတယ်။ ကံကောင်းချိန်မှာ နှစ်ဆကြိုးစား
ရင် ပိုပြီးအကျိုးဖြစ်နိုင်ကြတယ်ပေါ့။ ကံ ရဲ့ အထောက်အကူမရတဲ့ကာလမှာ စီးပွားရေးကိုထိန်းထိန်းသိမ်းသိမ်းလုပ်ရင် ဆုံးရှုံးမှုနည်းပါးနိုင်တာပေါ့။ ဗေဒင်တွေမေးကြရင်းရဲ့ အဓိကအကြောင်းရင်းက အဲဒီအချက်အပေါ် အဓိကထားပါတယ်။ အိပ်မက်မက်ဖို့မဟုတ်ပါဘူး။ စိတ်ကူးတွေယဉ်ပြီး ကောင်းတာတွေပြောတဲ့အခါ အောက်ခြေလွတ်ဖို့မဟုတ်ပါဘူး။ အကောင်းအဆိုးတွေမှာ အ၀င်၊ အထွက်မှန်အောင်ဖို့ပဲ ဖြစ်ပါတယ်။
  ဘမောင်ရဲ့ဖြတ်သန်းခဲ့ရတဲ့ ၀န်ထမ်းဘ၀၊ လုပ်ငန်းရှင်ဘ၀၊ ပညာရှင်ဘ၀၊ စာရေးဆရာဘ၀တွေမှာ အ
နာဂတ်အဟောတွေကို မပစ်ပယ်တော့ပါဘူး။ မှန်အောင်ပြောနိုင်တဲ့သူကို တွေ့ဖို့ပဲလိုပါတယ်။ ပညာရင့်တဲ့သူ၊ အကြိုက်လိုက် မဟောတဲ့သူ၊ မြှောက်မဟောတဲ့သူကိုပဲ တွေ့ဖို့လိုပါတယ်။ ဘ၀အတွက် အတိုင်းအတာ တခု အထိ အကျိုးရပါလိမ့်မယ်။ မျက်ကန်းတစ္ဆေမကြောက် မဖြစ်တော့ပါဘူး။ အတိတ်၊ အနာဂတ်အဟောဆိုတဲ့ ပညာဟာ တကယ်ရှိနေပါတယ်။
  ဘ၀နဲ့ချီပြီး မပုံ လိုက်ဖို့ပဲ လိုပါတယ်၊ ယုံ တော့ ယုံ။ ကောင်းတဲ့ပညာဆိုတာ သည်နေ့ကောင်း
ကောင်းကြီး လက်ခံလိုက်ပါတယ်။ လက်ဖက်ကောင်းလေးစားရတော့ မစားခဲ့ရတဲ့သူတွေအတွက် ကိုယ်ချင်းစာ ပါတယ်။ ကိုယ့်တုန်းကလဲ လူမှန်၊ အဟောမှန်မတွေ့ခဲ့ရတုန်းက ရွာလည်ခဲ့ဖူးပါတယ်။ တခုတော့ ရှိပါတယ်။ တရာရာခိုင်နှုန်းဆိုတာ ဘယ်အရာမှ မရှိပါဘူး။ အနာဂတ်အရာဆိုတာလဲ ကိုယ့်ရဲ့ပစ္စုပ္ပန်မှာဆက်လက်ပြုကျင့်နေတဲ့ စရဏအားတွေ၊ ကျင့်ကြံမှုအားတွေ၊ ကုသိုလ်အားတွေရဲ့အပံ့အပိုးတွေနဲ့လဲ သက်ဆိုင်နေပါတယ်။ ထီပေါက်
မယ်လို့ပြောတာကို ထီမထိုးရင် ထီမပေါက်ပါဘူး။ ထီထိုးပေမဲ့ ထီလက်မှတ်ကို ကောင်းကောင်း
မသိမ်းထားနိုင်ရင်လဲ ဆုငွေထုတ်လို့ရမှာမဟုတ်ဘူးဆိုတာကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။
  ကံ ထမ်းလာတာကို မမြင်ရတတ်ပါဘူး။ လှံ ထမ်းတာကိုပဲမြင်နိုင်ပါတယ်။ ကံ ထမ်းတာမြင်ချင်ရင်
မြင်နိုင်သူဆီ ချဉ်းကပ်ကြည့်ပါ။ လက်ဖက်ကောင်းကိုမျှဝေကျွေးတဲ့ စေတနာသဘောထက် ဘာမှမရှိပါဘူး။
တိုက်ဆိုင်ကြလို့ ကျေးဇူးတင်ကြရင် လက်ဖက်ရည်လေးတခွက်လောက်တိုက်လဲ စိတ်ဆိုးမှာတော့ မဟုတ်
ပါဘူး။ 
နေဇင်လတ်   (August 2010 )  
Friday, January 27, 2012
ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး global pagoda 全球寶塔
ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး global pagoda 全球寶塔
အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် တခုဖြစ်လာမယ့် ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီးကို အိန္ဒိယနိုင်ငံ အနောက်ဖက် စီးပွားရေးမြို့တော် ဖြစ်တဲ့ မွန်ဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှာ ဒီကနေ့  ၂၀၀၉ ခု ဖေဖေါ်ဝါရီလ ၇ ရက်နေ့  နဲ့ ၈ ရက်နေ့များမှ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ကို စတင် တည်ထားဖို့  ဦးဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံသား ၀ိပဿနာ တရားပြဆရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဂုရုကြီး
ဦးဂိုအင်ကာ ပဲ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့ မြောက်ဖက်မှာ တည်ရှိတဲ့ ဂိုရိုင်းချောင်းဘေးက ဂိုရိုင်းကျွန်း (Gorai Island) ပေါ်မှာ
စီးပွားရေးလုပ်ငန်းရှင် တဦးလှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာ ၅ သန်းတန် မြေ ၁၁ ဧက ပေါ်မှာ ၁၉၉၇ ခုနှစ်မှာ စတင်ပြီး တည်ထားခဲ့တာပါ။
စေတီတော်ကြီး ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီး ပုံအတိုင်း တည်ထားတာဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်သော
အားဖြင့် မူလ ရွှေတိဂုံ စေတီတော်ကြီးထက် အမြင့်ပေ ၁ ပေ နှိမ့်ချပြီး ၃၂၅ ပေ အမြင့်သာ တည်ထားတာ ဖြစ်ပါတယ်။
အမြင့်ပေ ၃၂၅ ပေ။ အကျယ်အ၀န်း အချင်း ပေ ၂၈၀ နဲ့ မြေ ၁၁ ဧကပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ရဲ့  အထူးခြားဆုံး အချက်ကတော့
အတွင်း အောက်ဖက်မှာ လှိုဏ်ဂူ ပုံစံ တည်ဆောက်ထားပြီး ဒေါက်တိုင် တခုမှ မပါဘဲ၊ သံကူကွန်ကရစ်လည်း လုံးဝမသုံးဘဲ ကျောက်တုံး၊ ကျောက်သား ချည်း သက်သက် ဖြင့်ကျောက်တုံး အချင်းချင်း ချိတ်ဆက်ကျားကန်ကာ တိုင်မဲ့ တည်ထားတာ ဖြစ်ပါတယ်။ ရှေးခေတ် နည်းပညာနဲ့ ခေတ်ပေါ် အင်ဂျင်နီယာ ပညာများပေါင်းစပ် တည်ထားတာ ဖြစ်ပြီး၊ ဂုရုကြီးက နောင် နှစ်ပေါင်း ၂၀၀၀ လောက်ထိအောင် မပျက်မယွင်း တည်တံ့အောင် ရည်ရွယ်
ဆောက်လုပ်ထားတာ ဖြစ်တယ်လို့  ဆိုပါတယ်။
ဒါကြောင့်လည်း ကျောက်သားချည်း သက်သက် တည်ဆောက်ထားသော အကြီးဆုံး ဒေါက်တိုင်မဲ့ လိုဏ်ဂူကြီး အဖြစ် အဌမမြောက်
ကမ္ဘာ့အံ့ချီးဖွယ် ဖြစ်လာနိုင်တယ်လို့  ဆိုကြတာဖြစ်ပါတယ်။
အဲ့ဒီ လိုဏ်ဂူပုံစံ ဒေါက်တိုင်မပါတဲ့ စေတီအောက်ဖက်က ခန်းမ ဆောင်ကြီးထဲမှာ ၀ိပဿနာ တရားအားထုတ်တဲ့ ရောဂီ ၈၀၀၀ (ရှစ်ထောင်) တပြိုက်နက် တရားအားထုတ်နိုင်မှာ ဖြစ်ပြီး လိုဏ်ဂူရဲ့ အကျယ်အ၀န်းက စတုရန်းမီတာ ၆၀၀၀ (စတုရန်းပေ ၆၄၅၈၃) ကျယ်ဝန်းပါတယ်။ လိုဏ်ဂူပေါ်က စေတီတော်မှာ ဂေါတမ
ဗုဒ– ရဲ့  ဓါတ်တော်များကို ဌာပနာထားတာဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အရံစေတီငယ် ၂ ဆူပါဝင်ပါတယ်။
စေတီတော်ကြီးကို ဂုရုကြီး ဦးဂိုအင်ကာ ရဲ့  ဆရာရင်း၊ တရားပြဆရာကြီး ဦးဘခင် ရဲ့  ကျေးဇူးတရားတွေကို အမှတ်ရ အောက်မေ့သော အားဖြင့် ဆရာကြီး ဦးဘခင် စိတ်ဆန္ဒ အပြင်းပြဆုံး ဖြစ်တဲ့ သာသနာ စတင်ခဲ့ရာ အိန္ဒိယနိုင်ငံ မှာ သာသနာ တခေတ်ပြန်လည်ထွန်းတောက် စေရမည် ဆိုတဲ့အတိုင်း
ပြန်လည် ဖြန့်ဝေခြင်းဖြစ်ပြီး ဆရာကြီး ဦးဘခင်ရဲ့  ကျေးဇူးတရားတွေကို ပူဇော်တာလည်းဖြစ်ပါတယ်။
ရန်ကုန်မြို့  အပြည်ပြည်ဆိုင်ရာ ပဋိပတိလုပ်ငန်းဌာန (အိုင်အမ်စီ) မှာ ဆရာကြီး ဦးဘခင် တည်ထားကိုးကွယ်ထားတဲ့ ဓမ္မရောင်ခြည်စေတီတော် ကို ပူဇော်သော
အားဖြင့် စေတီတော်ကြီး ရဲ့  အတွင်း အောက်ဖက်မှာ လိုဏ်ဂူပုံ တည်ထားခဲ့တာဖြစ်ပါတယ်။
စေတီတော်ကြီးကို ၁၁ နှစ်အတွင်း ကြိုးစား တည်ထားခဲ့တာဖြစ်ပြီး ကုန်ကျစားရိတ်ကတော့ အိန္ဒိယနိုင်ငံ သုံး ရူပီးငွေ သန်း ၈၀၀ (၈၀ ကုဋေ) (အမေရိကန်
ဒေါ်လာ ၁၆.၄၃ သန်း နီးပါး) သုံးစွဲထားတာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံ ဆံချည် အရပ်ကနေ သီရိလင်္ကာ ၀န်ကြီးချုပ်ကိုယ်တိုင် ပင့်ဆောင်လှူဒါန်းတဲ့ ဗုဒ– ရဲ့  အရိုး ဓါတ်တော်များ နဲ့ ဌာပနာပြု တည်ထားကိုးကွယ်ထားတဲ့ ဒီ ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီးကို ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ပထမဆုံး
ဝိပဿနာ တရားစခန်း အဖြစ် ၁ ရက် တရားစခန်းကို ၂၀၀၈ ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာဂုရုကြီး ဦးဂိုအင်ကာ ဦးစီးကာ ကမ္ဘာ အရပ်ရပ်က တရားရောဂီ ၈၀၀၀ နဲ့
စတင်ဖွင့်လှစ်လိုက်ပါပြီ။
ဒီကနေ့  ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ သမ္မတ ပရာတီ ဘာတေး ကတရားဝင်ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး ထီးတင်ပွဲကို လည်း တရက်ထဲမှာ မြန်မာရိုးရာဓလေ့ထုံးစံများအတိုင်း တင်လှူ ပူဇော်မှာ ဖြစ်ပါတယ်။ စေတီတော်ကြီး အတွက် မြန်မာမှု ပန်းချီ နဲ့ အနုလက်ရာများကို မြန်မာနိုင်ငံမှ ပညာရှင်များက ပြုလုပ်ပေးတာဖြစ်ပြီး ငှက်မြတ်နားတော် ကိုလည်း မြန်မာနိုင်ငံမှပဲ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။
ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား လေယာဉ်ပျံဖြင့် ၂ဝဝ၉ ခု ဇန်နဝါရီလ(၂၆) ရက်ခန့်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ပို့ဆောင်ပြီး
ထီးတော်မြတ်အားသင်္ဘောဖြင့် ပို့ဆောင်ခဲ့တယ် ဆိုပါတယ်
စေတီတော်ကြီးကို နှစ်စဉ် ဘုရားဖူး ၁ သိန်းခန့်  လာရောက်ဖူးမြော် ကြည်ညိုကြမယ်လို့ လည်း ခန့်မှန်းထားကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားကြမယ်လို့ လည်း သက်ဆိုင်ရာ ကမှန်းထားကြပါတယ်။
စေတီတော်ကြီး တည်ထားမှုကို ဦးစီးတဲ့ တရားပြဆရာ ဂုရုကြီး ဦးဂိုအင်ကာ သည် မြန်မာနိုင်ငံသား အိန္ဒိယနွယ်ဖွား ထင်ရှားကျော်ကြားတဲ့
စီးပွားရေးသမားကြီး တဦးဖြစ်ခဲ့ပြီး ယခု ဗန–ုလ အင်တာနေရှင်နယ် လီမိတက် ပိုင်ရှင်တွေရဲ့  ဖခင်ကြီးပါ။ ဂုရုကြီးကို ၁၉၂၄ ခုနှစ်မှာ အထက်မြန်မာပြည်မြိုတော်
မန လေးမှာ ဖွားမြင်ခဲ့တာပါ။ ဂုရုကြီးတို့  သာသနာပြု ဇနီးမောင်နှံမှာ သား ၆ ဦး ထွန်းကားပါတယ်။
ညီမူရာ
ဖေဖေါ်ဝါရီ ၈ ၂၀၀၉ခု၊ ဖေဖေါ်ဝါရီ ၇ ရက်နေ့ မှာ ထီးတင်ပါတယ်။ ၈ ရက်နေ့ မှာ အများပြည်သူ အတွက် ဖွင့်လှစ်ပါတယ်။
all photos from: globalpagoda.org
Reference: Global Pagoda: S.N Goenka: Sons of Goenka
: ဓမ္မဇောတိ တရားရိပ်သာ (ရန်ကုန်၊ ငါးထပ်ကြီးဘုရားလမ်း) Dhamma Joti: Dhamma
မှတ်ချက်၊ ။ မူရင်းဆောင်းပါးတွင် ဓါတ်ပုံများကို ပြောင်းလဲ ဖေါ်ပြခြင်းပါ။
Video ကြည့်ရှုလိုပါက အောက်ပါလင့်များကို နှိပ်ကာ ကြည့်ရှုနိုင်ပါသည်။
http://www.youtube.com/watch?v=DYUmwRqpJyc
http://www.youtube.com/watch?v=zGZv5ZjGXdQ&feature=related
http://www.youtube.com/watch?v=BAtWIqzUf64&feature=related
ဓါတ်ပုံများကို  ဆက်လက်ကြည့်ရှုလိုပါက အောက်ပါလင့်များကို နှိပ်ကာ ကြည့်ရှုနိုင်ပါသည်။
http://www.afternoondc.in/city-news/a-monumental-wonder/article_26529
http://www.skyscrapercity.com/showthread.php?p=19814756
http://www.google.com.tw/search?hl=zh-TW&q=global%20pagoda&...