မမေ့သောသူတို့သွားရာလမ်း
ဘာလိုလိုနဲ့ အဖေ သမီးတို့ကို ခွဲခွာသွားတာ အောက်တိုဘာ (၂၂)ရက်နေ့မှာ (၇)နှစ်ပြည့်
သွားပြီနော်.. သမီးတို့ရဲ့ ဘ၀ထဲမှာ အဖေမရှိတော့ပေမယ့် ရင်ထဲမှာတော့ ထာဝရ ရှိနေဆဲပါ...
အဖေ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ဖို့ ဈေးဝယ်ရင်းနဲ့ အဖေ့ကို အရမ်းသတိရတာပဲ...
မဖြစ်နိုင်မှန်းသိပေမယ့် အဖေရှိရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိနေတယ်... အဲ့နေ့မတိုင်ခင်မှာ
တိုက်ဆိုင်စွာနဲ့ သမီးတို့ ခါတိုင်းလိုပဲ တရားခွေလေးဖွင့်ပြီးနာနေတဲ့အချိန်မှာ တရားခေါင်းစဉ်က
သမီးကိုများ ရည်ညွှန်းနေသလားလို့ “မမေ့သောသူတို့ သွားရာလမ်း” တဲ့...
စာအရမ်းဖတ်ခဲ့တဲ့ အဖေကတော့ သိပြီးသားဖြစ်မှာပါ... မြတ်စွာဘုရားလက်ထက်တုန်းက သာဝတ္ထိ ပြည်မှာ ဓမ္မိကဥပသကာ အဖွဲ့ဆိုပြီးရှိတယ်တဲ့ (ဓမ္မိက=တရားနဲ့လျော်စွာနေသူ၊ တရားဆောင်သူ၊ ဥပသကာ=အများအကျိုး၊ သာသနာ့အကျိုးဆောင်သူ လို့ အဓိပ္ပါယ်ရတယ်တဲ့)။ တစ်နေ့မှာ အဲ့ဒီ ဓမ္မိက ဥပသကာ အဖွဲ့ကို ဦးဆောင်တဲ့သူဟာ လွန်စွာနာမကျန်းဖြစ်နေတယ်တဲ့။ ဒါနဲ့ သူက မသေခင်မှာ (သူ့ခန္ဓာကိုယ်ကို မစွန့်ခင်) တရားလေး တစ်ပုဒ်လောက် နာချင်တယ်ဆိုတော့ သူ့ သားသမီးတွေက မြတ်စွာဘုရားထံကို သွားလျှောက်တယ်တဲ့.. တပည့်တော်တို့အဖေ ဓမ္မိက ဥပသကာ အရမ်းနာမကျန်းဖြစ်နေပြီး တရားတစ်ပုဒ်လောက် ချီးမြင့်တော်မူပါလို့ လျှောက်တော့ မြတ်စွာဘုရားက သူ့ရဲ့ တပည့်သာဝက ရဟန်းတွေကို လွှတ်လိုက်တယ်တဲ့...။
ရဟန်းတွေလဲ ရောက်ရော “ဒကာကြီး က တရားအကြောင်းလဲ
အတော်အတန် သိပြီးသား ဖြစ်မှာပါ.. ဘာတရား ကိုများ နာကြားချင်တုန်း” ဆိုတော့ “မဟာသတိပဋ္ဌာန်
” တရားတော်ကို ဟောပေးပါဆိုတော့ ရဟန်းတော်တွေလဲ “မဟာသတိပဋ္ဌာန်”တရားတော်ကို ဟောကြား ပေးနေရော..
အဲ့ဒီမှာ ဓမ္မိက ဥပသကာရဲ့ အာရုံထဲမှာ ဘာတွေပေါ်နေလဲဆိုတော့ နတ်ပြည်(၆) ထပ်က နတ်ရထား(၆)စင်းက
သူ့ကိုအလုအယက် လာခေါ်နေကြပြီ..။
အဲ့မှာ ဓမ္မိက ဥပသကာက တရားနာလို့ မပြီးသေးတော့
လက်လေးကာပြီး ခဏနေကြပါအုံးလို့ တားလိုက်တော့ တရားဟောနေတဲ့ ရဟန်းတော်တွေက သူတို့တရားဟောတာကို
တားတယ်ထင်ပြီး ရပ်လိုက်ကြတယ်... အချင်းချင်းလဲ တီးတိုးတီးတိုးနဲ့ ဒကာကြီး ဘယ်လိုဖြစ်သွားပါလိမ့်
တရားဟောတာကိုတောင် တားနေပြီ.. ဒီထက်ပိုဆိုးလာရင် မသင့်တော့ဘူး.. ပြန်မှပဲဆိုပြီး ထပြန်သွားကြရော..။
အဲ့ဒီတော့ သားသမီးတွေကလဲ ငိုလို့ယိုလို့ပေါ့..
ငါတို့အဖေ ဘယ်လိုဖြစ်သွားတာလဲ.. ငါတို့ အဖေတော့ သေခါနီး အယူလွဲပြီ...ဆိုပြီး ငိုကြတော့မှ
သူ့ရဲ့ အာရုံက ဒီဘက်ကို ပြန်လွှင့်လာပြီး.. သားတို့သမီးတို့ ဘယ်လိုဖြစ်လို့ ဒီလောက်ငိုနေကြတာလဲ...
တရားဟောနေတာရော ပြီးသွားပြီလား.. ရဟန်းတော်တွေ ဘယ်ရောက်သွားတုန်းဆိုတော့... သားတွေ/သမီးတွေလဲ
အဖေပဲ တရားဟောနေရင်း နေကြပါအုံးလို့ လက်ကာပြတော့ ရဟန်းတွေလဲ ပြန်ကုန်ပြီ.. ဘယ်လိုဖြစ်ရတာလဲ
အဖေရယ်.. ဆိုတော့မှ ..။
ဓမ္မိက ဥပသကာက မဟုတ်ဘူး... ငါတရားဟောနေတဲ့
ရဟန်းတွေကို တားတာမဟုတ်ဘူး.. နတ်ရထား (၆)စင်းကို တားနေတာ.. ဆိုတာလဲ သားသမီးတွေကမယုံဘူး..
အဖေတော့ သေခါနီး ကယောင်ကတန်းတွေ လျှောက်ပြောနေပြီဆိုပြီးပိုပြီး ငိုကြတော့ အဲ့မှာ သူက
သားတို့သမီးတို့ မဟုတ်သေးဘူး၊ သားတို့သမီးတို့မယုံရင် အဖေ့အတွက်လုပ်ထားတဲ့ ပန်းကုံးရှိတယ်လား..
ရှိရင်သွားယူလာခဲ့ဆိုတော့ ပန်းကုံးလဲယူလာရော... ။
ကဲ နတ်ပြည် (၆)ထပ်မှာ ဘယ်နတ်ပြည်က အကောင်းဆုံးလို့ထင်လဲ၊ အဖေ ဘယ်ကိုသွားရင် ကောင်းမလဲလို့
သားသမီးတွေကိုမေးတော့ ... သားသမီးတွေက သုတိသာနတ်ပြည် .. အဲ့ကိုသွားလို့ပြောတော့ ဟုတ်ပြီ..အဲ့ပန်းကုံးကို
လွှတ်တင်လိုက် အဖေ သက်သေပြမယ်... ဆိုတော့ ပန်းကုံးကိုလဲ လွှတ်တင်လိုက်ရော သုတိသာနတ်ပြည်က
နတ်ရထားမှာ သွားချိတ်တယ်.. သားသမီးတွေကတော့ ပန်းကုံးတန်းလန်းဖြစ်နေတာပဲမြင်မှာပေါ့..။
ဥပသကာကတော့ မြင်တယ်လေ.. ဘယ်မှာချိတ်မိနေတယ်ဆိုတာကို ကဲမြင်ပြီမို့လား.. အဲ့ဒါ သုတိသာနတ်ပြည်က
နတ်ရထားပဲ.. အဖေတော့ သွားတော့မယ်.. ကိုယ့်အတွက် ကိုယ်လုပ်ကြ ဆိုပြီးပြီး မှာကြားပြီး
သေသွားပါလေရော..။
အဲ့မှာ မြတ်စွာဘုရားရှင်ရဲ့ ဇေတ၀န်ကျောင်းတော်ကို ပြန်လည်ရောက်ရှိလာတဲ့ ရဟန်းတော်တွေ ကိုလည်း မြတ်စွာဘုရားက.. ဒကာကြီးဥပသသကာရဲ့ အခြေအနေ ဘယ်လိုရှိတုန်း.. တရားရော သေချာဟောခဲ့ကြရဲ့လားဆိုတော့.. ရဟန်းတွေက.. အရှင်ဘုရား တရားဟောလို့မပြီးခင် ဒကာကြီး ဥပသကာက ခဏနေပါအုံးလို့တားတယ်... တရားဟောတာကိုတောင်တားတယ်ဆိုတော့ တပည့်တော်တို့လည်း သူဒီထက် အကုသိုလ်များမှာစိုးလို့ ပြန်လာခဲ့ကြတယ်ဆိုတော့..
မြတ်စွာဘုရားရှင်က .. မဟုတ်သေးဘူးရဟန်းတို့ ဥပသကာက မင်းတို့ကို တားတာမဟုတ်ဘူး..
သူတားနေတာက သူ့ကို လာခေါ်တဲ့ နတ်ပြည်(၆)ထပ်က နတ်ရထား (၆)စင်းကို တားနေတာတဲ့.. တရားကတော့
အဲ့မှာပြီးသွားတယ်.. အဓိကကတော့ လူတွေက သေရမှာကို မေ့နေကြလို့တဲ့ အဲ့တရားကို ဥပမာပေးပြီးဟောထားတာပါ..။
ဟုတ်တယ်နော်.. သမီးလည်း တစ်နေ့သေရမှာပါပဲ
အဖေ.. တရားဟောတဲ့ ဘုန်းကြီးကတော့ ခွန်အားရှိတဲ့မြင်းက ခွန်အားနည်းတဲ့မြင်းကို ချန်ခဲ့သလို၊
ပညာရှိသူက ပညာမဲ့သူကို ချန်ထားခဲ့သလို၊ သတိရရှိသူက၊ သတိမေ့လျော့နေသူကို ချန်ထားခဲ့သလိုပဲတဲ့..
ဒကာကြီး ဥပသကာက တရားကို မမေ့တဲ့အတွက် သူသွားရမယ့် လမ်းကို သူ့ဘာသာ ရွေးပြီးသွားလိုက်ပြီ..
ကိုယ့်အတွက် ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ ဟောပြတာပါ... အဲ့တရား ကို နာပြီးတော့ သမီးလည်း
အဖေရေးထားတဲ့ “လိုချင်ကင်း၊ လက်ငင်းချမ်းသာမည်” ဆိုတဲ့ ကဗျာလေးကို ပြန်ပြီး
အမှတ်ရလိုက်ပါတယ်.. .......
Posted by Lwan Su