ငါသာ မင်းဆိုရင်
“လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့၏ ဖြစ်တည်မှုသည်
ထူးခြားလှပေသည်။ တစ်ဦးနှင့်တစ်ဦး လုံးဝမတူပေ။ တစ်ခုတည်းသောအရာကို တွေ့သိခံစားရပုံချင်း၌ပင်
မတူကြပေ။ ဥပမာ-တစ်မျိုးတည်းသော ငရုတ်သီးကို စားမိကြသူတိုင်းက စပ်သည်ဟု ပြောကြပေမည်။
“စပ်ခြင်း” အရသာကို စားမိသူတိုင်း ခံစားကြရမည်သာဖြစ်သည်။ သို့သော် တစ်ဦး၏ “စပ်ခြင်း”နှင့်
အခြားတစ်ဦး၏ “စပ်ခြင်း” အတူတူပင်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်ပါမည်လော။
“ငါစပ်တာနဲ့ မင်းစပ်တာ အတူတူပါပဲကွာ”ဟု မည်သည့် နှုန်းစံဖြင့်
တိုင်းတာ၍ ပြောနိုင် မည်နည်း။ မပြောနိုင်ပါ။ မဆုံးဖြတ်နိုင်ပါ။ ထို့အပြင် တစ်ကြိမ်တစ်ခါတွေ့
ကြုံခံစားလိုက်ရသည့် ပုဂ္ဂိုလ်တစ်ဦး၏ ခံစားချက်သည် ထိုပုဂ္ဂိုလ် တစ်ဦးတည်းအတွက်သာ ဖြစ်ရုံမက
ထိုတစ်ကြိမ်တည်း အတွက်သာ ဖြစ်ချေသည်။ ထိုခံစားချက် အတိုင်း နောက်တစ်ကြိမ်ထပ်မံ၍ ထပ်တူထပ်မျှ
ခံစားချင်၍ ရနိုင်မည်မဟုတ်တော့ပေ။”
(မောင်ကြည်သစ်၏ “ငြင်းပယ်ခြင်း၏ အလှ”
စာအုပ်)
ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝ၊ အင်္ဂလိပ်စာသင်ကြားရစဉ်
အင်္ဂလိပ်ဆရာက '' If I were you .....?'' ဟူသည့် Clause တစ်ခုကို ရေးပြရာ၊ ကျွန်တော်က
“'I' ဆိုရင် 'was' နဲ့ တွဲသုံးရမှာပေါ့။ ဘာကြောင့် ''were'' နဲ့ တွဲသုံးရတာလဲ”ဟု မေးခွန်းထုတ်လိုက်ပါသည်။
ထိုအခါ ဆရာက “မင်း” က “မင်း”
“ငါ” က “ငါ” ပဲ။ “ငါ”ဟာ ဘယ်တော့မှ “မင်း” မဖြစ်နိုင်ဘူး။ အဲ့ဒီလို လုံးဝမဖြစ်နိုင်တဲ့
အခြေအနေမျိုးကို ဖော်ပြတာမို့လို့ “ 'I were' ဆိုပြီး သုံးရတာပဲ”ဟု ရှင်းပြပါသည်။ အင်္ဂလိပ်စာသဒ္ဒါနှင့်
မပတ်သက်သော အတွေးတစ်ခု ကျွန်တော်ခေါင်းထဲ စွဲကျန်ခဲ့ပါသည်။ “ငါဟာ မင်း ဘယ်တော့မှ မဖြစ်နိုင်ဘူး”
ဟူ၍။
ခရစ်ယာန်ဘာသာဝင်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊
“ကိုယ်ချင်းစာတရား”ဆိုသည်မှာ “တကယ်လို့ ငါသာသူ့နေရာမှာဆိုရင် ... ”ဟု စာနာစိတ်ထားခြင်းကို
ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ကြီးသူက ငယ်သူကို ကိုယ်ချင်းစာတရားထားရန်
ဆုံးမ၏။
ရွယ်တူချင်း ကိုယ်ချင်းစာတရားထားရန်
တိုက်တွန်း၏။ ငယ်သူက ကြီးသူကို ကိုယ်ချင်းစာတရား ထားရန် တောင်းပန်၏။ သို့သော်ငြားလည်း
အင်္ဂလိပ်ဆရာပြောခဲ့သည့်အတိုင်းပင် “ငါဟူသည် မင်းဘယ်တော့မှ ဖြစ်မလာနိုင်ခဲ့ပါ”
တစ်ခါက “အိပ်ဇစ်စတင်ရှယ်လစ်” တွေးခေါ်ရှင်
“ယန်းပေါလ်ဆတ်” ထံသို့ လူငယ်တစ်ဦး ရောက်လာပါသည်။ ယင်းအချိန် က ပြင်သစ်ပြည်သည် စစ်နှင့်
ရင်ဆိုင်နေရစဉ်ဖြစ်၏။
“ဆရာ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာလေးတစ်ခုကို
ဖြေရှင်းပေးပါဆရာ။ အခု ပြင်သစ် ပြည်ဟာ စစ်နဲ့ရင်ဆိုင်နေရတဲ့အတွက် ကိုယ်နေတဲ့တိုင်းပြည်ဘက်ကလည်း
တိုက်ခိုက်ပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ် ထင်ပါတယ်။ အိမ်မှာလည်း ကျွန်တော်ကျွေးမွေးပြုစုနေတဲ့
အမေအို တစ်ယောက် ရှိပါတယ်။ သားတစ်ယောက်အနေနဲ့လည်း အမေ့ကို ကျွေးမွေးဖို့ တာဝန်ရှိပါတယ်။
အဲဒါ ဘယ်အလုပ်ကို လုပ်ရမလဲဆရာ။ တာဝန်တစ်ခုထမ်းဆောင်ရင် တခြားတာဝန် ပျက်တော့ မှာပါ။”
“ဆတ်”ကလည်း အဖြေကို စဉ်းစားမနေ။ ချက်ချင်းအဖြေပေးလိုက်၏။
“မင်းမှာ ဘယ်အလုပ်လုပ်မယ်ဆိုတာ ရွေးချယ်ပိုင်ခွင့်လည်း
ရှိတယ်။ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး လည်း မင်းမှာရှိတယ်။ ကြိုက်တာသာဆုံးဖြတ်၊ မှန်တယ်။
တခြား လူဆုံးဖြတ်မှသာ မှားမှာ။”
“ဆတ်” ၏ ဖြေရှင်းမှုအတိုင်း လူတို့သည်
မိမိတို့၏ အခြေအနေကို မိမိတို့အသိဆုံး ဖြစ်ပါသည်။ (မိမိကလွဲလို့ ဘယ်သူကများ မိမိအကြောင်းအသိဆုံးဖြစ်မှာလဲ)
ဘယ်သောအခါတွင်မှ မိမိသည် တခြားလူတစ်ယောက် မဖြစ်နိုင်သကဲ့သို့ အခြားသူတစ်ယောက်သည်လည်း
မိမိမဖြစ်နိုင်ပါ။
ထို့ကြောင့် “If I were you ....” (ငါသာ
မင်းဆိုရင် ...) ဟူသည် စကားအဖြစ်သာရှိ၍ အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် မည်သူ့ထံ မှ မဆို၊
ကိုယ်ချင်းစာနာမှုအပြည့်အဝကို အခါခပ်သိမ်းရရှိရန် လုံးဝမမျှော်လင့်နိုင်ပါ။
အမှန်စင်စစ်၌လည်း လူတစ်ယောက်ချင်း၏ ဘဝသည်
ထိုလူနှင့်သာ သက်ဆိုင်ပြီး ထိုလူ၏ အကြောင်းကို အသိနိုင်ဆုံးမှာ ထိုလူကိုယ်တိုင်သာ ဖြစ်သည်။
အခြားသူများ ပြောကြသော ထိုလူ၏ ဘဝသည် ထိုလူ့အကြောင်းအစစ် မဟုတ်။ရရှိနိုင်သော အထောက်အထားများ၏
နောက်ကွယ်တွင် ရှိသော ထိုလူ၏ အကြောင်းကို မည်သူမှမသိနိုင်။
အကြောင်းမှာ စကားလုံးများသည် ထိုလူ့ခံစားမှုအစစ်အမှန်ကို
မဖော်ထုတ်နိုင်သောကြောင့်ပင် ဖြစ်၏။ ၎င်းအပြင် လူတို့သည် ပုထုဇဉ်လူသားများသာဖြစ်ကြသောကြောင့်
မိမိ၏ အတ္တကို ဖယ်ခွာလျက်အခြားသူတစ်ဦးဦး၏ အတ္တကို အစားထိုးထည့်သွင်းကြည့်ရန် မတတ်နိုင်ကြချေ။
ဘဝတည်းဟူသော တစ်ယောက်စာထိုင်ခုံပေါ်တွင်
မိမိကိုယ်တိုင်၏ အတ္တသည်သာ အကျအန နေရာယူထားနှင့်ခဲ့လေပြီ။
by: နရီမင်း
http://www.news-eleven.com/