Tuesday, December 2, 2014

ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား


စာသင်တိုက် တည်သော် …. (သို့)
ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား

 "ထွန်းထွန်းကားကား၊ ယောကျာ်းတစ်ဆူ၊ ထိုသသူလျှင်၊ လူ၌သော်လည်း၊ ရနိုင်ခဲ၏၊ နက်နဲသိမြော်၊ ကြီးမြင့်သော်မူ၊ လေးဖော် မျိုးစစ် မှီရာဖြစ်လိမ့် …။" (ကိုးခန်းပျို့)

    ကြီးကျယ်မြင့်မား ထွန်းကားသော ဘုန်းကံပါရမီ ပညာရှိသူမှသာ လောကအတွက် ဆောင်ရွက်နိုင် သာသနာအတွက် ဆောင်ရွက်နိုင် သာသနာပြုနိုင်သည်။ ယခုခေတ်မှတော့ “သာသနာပြု”ဟူသော နာမည်ဖြင့် လုပ်ဆောင်တာတွေ များစွာရှိပေသည်။ ထိုတွင် စစ်မှန်သော သာသနာပြုလုပ်ငန်းမှာ (၂)မျိုးသာ ရှိသည်။

 ထို နှစ်မျိုးကား -
(၁) ပရိယတ္တိ လုပ်ငန်း - စာသင်တိုက် တည်ထောင်၍ စာပေပို့ချခြင်း။
(၂) ပဋိပတ္တိ လုပ်ငန်း   - တရားရိပ်သာ တည်ထောင်၍ တရားပြ တရားဟောခြင်း တို့ပင်ဖြစ်သည်။
ဓမ္မကထိကများမှာ နှစ်နံပါတ်နေရာတွင် ပါဝင်ပေမည်။ ထိုတွင် ရိပ်သာဖွင့်လှစ် တည်ထောင်ခြင်းထက် စာသင်တိုက်ဖွင့်လှစ် တည်ထောင်ခြင်းက ပိုမိုခက်ခဲသည်။
  
သာမန် သဒ္ဓါ ပညာ ဝီရိယများဖြင့် စာသင်တိုက် တည်ထောင်ဖွင့်လှစ်နိုင်ကြမည် မဟုတ်ပါ။ စာသင်တိုက် တည်ထောင်လျှင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချူပ်ရေး တို့ကို တာဝန်ယူရရုံမျှမက စာသင်သားတို့အား ကိုယ်, နှုတ်, နှလုံး သုံးပါးအစဉ် ယဉ်ကျေးအောင် ထိန်းကျောင်း သွန်သင်ပေးရသေးသည်။

 ထို့ပြင် စာသင်တိုက် ဖွင့်လှစ်သူ, တည်ထောင်သူ ကိုယ်တိုင်က ကိုယ်ပိုင်အရည်အချင်း ဟူသော အခြေခံ သီလ, သမာဓိနှင့် အားကိုးလောက်သော ပညာနှင့် ပြည့်စုံ၍ စာပေပို့ချမှု၌ ဝါသနာပါသူ ဖြစ်ရမည်။
ထို့ပြင် -
          (၁) ခမာ   - အရာရာ၌ သည်းခံခြင်းဂုဏ်၊
          (၂) ဇာဂရိယ - နိုးကြားခြင်းဂုဏ်၊
          (၃) ဥဋ္ဌာန  - ထကြွ လုံ့လ ဝီရိယ ရှိခြင်းဂုဏ်၊
          (၄) သံဝိဘာဂ - ခွဲခြမ်း ဝေဖန်နိုင်ခြင်းဂုဏ်၊
          (၅) ဒယာ - သနားခြင်းဂုဏ်၊
          (၆) ဣက္ခဏ - စေ့စေ့ငုငု ကြည့်ရှုနိုင်ခြင်းဂုဏ် ဟူသော နာယကဂုဏ် (၆)ပါးနှင့် ပြည့်စုံရမည်။
 ထို (၆)ပါးတို့တွင် (၆)နံပါတ်မှာ အလွန်အရေးကြီးလှသည်။ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာလျှင် အရာရာမှာ စေ့စေ့စပ်စပ် ကြည့်ရှုဆင်ခြင်တတ်မှ တော်ကာကျမည်။ ထိုသို့မဟုတ်ပါက အပြစ်တင်စရာ ကဲ့ရဲ့စရာများ ဖြစ်ပေါ်လာတတ်သည်။

     ထို့ကြောင့် -
          “အမြင်ရှိသူ၊ တောင်ထိပ်လူလျှင်၊ အောက်မူရှိငြား၊ အစားစားကို၊
 ပိုင်းခြားဝေဘန်၊ သိသောဟန်သို့၊ တစ်ဆံမခြား၊ ကြီးမှူးများလည်း၊
 ခြောက်ပါးတွင်ပါ၊ ဣက္ခဏာဖြင့်၊ သေချာစေ့ငု၊ ကသိုဏ်းရှုသို့၊
 ပြုတိုပြီးမှ၊ နိဂ္ဂဟနှင့်၊ ပဂ္ဂဟစစွာ၊ ပြုလုပ်ရာ၏၊
သူငါပြောတိုင်း၊ ဆုတ်မဆိုင်းဘဲ၊ မနှိုင်းမယှဉ်၊ ပြုတုံချင်က၊
 အမြင်မမိုး၊ အပြစ်မိုးလိမ့်” - 
ဟူသော စကားအတိုင်း ခေါင်းဆောင်ဖြစ်သူသည် ချီးမြှောက်သင့်သည်ကို ချီးမြှောက်၍ အရေးယူ နှိပ်ကွပ်သင့်သည်ကို အရေးယူ နှိပ်ကွပ်ရမည်သာ ဖြစ်သည်။ ပြောသံကြားကာမျှဖြင့် အလျင်အမြန် ဒေါသဖြင့် မဆုံးဖြတ်ရန်လည်း အရေးကြီးပါသည်။

အရာရာမှာ ခေါင်းဆောင်ဖြစ်သူမှန်သမျှ နောက်လိုက်ငယ်သား လက်ထောက် တပည့်တပန်းများ ရှိကြရမြဲ ဖြစ်သည်။ မည်သည့် ပုဂ္ဂိုလ်သည် မည်သည့်လုပ်ငန်း မည်သည့်ဌာန မည်သည့်အရာနှင့် သင့်တော်သည်ကို ထိုက်တန်သည်ကို ဝေဘန်ပိုင်းခြားခြင်း “သံဝိဘာဂ”မှာလည်း အရေးကြီးသော အချက်ပင်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ၏ သူနေရာနှင့်သူ အသုံးချတတ်မှု အတတ်ပညာမှာ လွန်စွာမှ အရေးကြီးလှပေသည်။ ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီများ၊ မားကတ်ကြီးများ၌ မန်နေဂျာသင်တန်းများ ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်သည်။

စစ်သူကြီး မဟာဗန္ဓုလ
          မြန်မာ့သမိုင်း၌ အလွန်ထင်ရှားကျော်ကြားခဲ့သော ဗန္ဓုလသည် ငယ်စဉ်က ကျေးတောသား “မောင်ရစ်”ပင် ဖြစ်သည်။ ယခု မုံရွာ၊ရေဦး ကားလမ်းပေါ်ရှိ ဒီပဲယင်းမြို့ ဇာတိဖြစ်ကာ တောင်သူမျိုးရိုး စီးပွားမဲ့သူ ဖြစ်သည်။
  ငယ်စဉ်က ဖခင်ဆုံး၍ မိခင် မုဆိုးမနှင့်သာ နေရသည်။ လူလားမြောက်လာသောအခါ စစ်ကိုင်းမင်းထံ ကိုယ်ရံတော်တပ်သားအဖြစ် ဝင်ရောက်အမှုတော် ထမ်းသည်။ စစ်ကိုင်းမင်း နန်းတက်သောအခါ မောင်ရစ်သည် အိမ်တော်ပါကျွန် ဖြစ်လာခဲ့သည်။ ရှင်ဘုရင်၏ အမှုကိစ္စများ တိုင်းပြည်၏ အမှုကိစ္စများကို ကြိုးစားထမ်းဆောင်ပါသော်လည်း ဘုရင်က အသိအမှတ် မပြုခဲ့သဖြင့် မထင်ပေါ်ခဲ့ပေ။

ထင်ပေါ်စေရန် ညီလာခံတွင် အပြစ်မဲ့သော မင်းချင်းတစ်ယောက်အား ထုထောင်းထိုးကြိတ်တော့သည်။ အပြစ်ကျူးလွန်သော မောင်ရစ်အား သေဒဏ်ပေးရန် အမိန့်ရှိထားသည်။ ဖမ်းပြီးသောအခါ “ဤသို့ အပြစ်မရှိသောသူကို ညီလာခံတွင် ရုတ်ရုတ်သဲသဲဖြစ်အောင် အဘယ်ကြောင့် လုပ်ရသနည်း”ဟု မေးသောအခါ “အကျွန်ုပ်မှာ ဘုရင့်အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းပါသော်လည်း အရှင်မင်ကြီးက အသိအမှတ် မပြု၍ မထင်ပေါ်ခဲ့ပါ။ သို့အတွက်ကြောင့် ဤသို့ လုပ်ရခြင်းပါ”ဟု ရဲရဲတင်းတင်း လျှောက်တင်လေသည်။

          စစ်ကိုင်းမင်းသည်လည်း မောင်ရစ်၏ သတ္တိ၊ ဗျတ္တိ နှင့် ပြည့်စုံသည်၏ အဖြစ်ကို သိ၍ တစ်နေ့တော့ အသုံးကျမည်ဟု ဆင်ခြင်လျက် မသတ်တော့ပေ။ မကြာမီ ဗြဲတိုက်သံတော်ဆင့် ရာထူးကို အပ်နှင်းပြီး နောက်တွင် လုပ်ရည်ကိုင်ရည် သတ္တိ၊ ဗျတ္တိ ကောင်းသူဖြစ်ရကား စစ်သူကြီး မဟာဗန္ဓုလဟု မြန်မာ့သမိုင်း၌ အလွန်ထင်ရှားခဲ့သည်။

          အကယ်၍သာ မဆင်မခြင် သတ်လိုက်ပါက မြန်မာ့သမိုင်း စာမျက်နှာမှာ “မြန်မာ့ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ”ဟု ရှိမည် မဟုတ်ပါချေ။ ယခုသော်ကား စစ်ကိုင်းမင်း၏ အသုံးချတတ်မှု မျှော်မြင် ဆင်ခြင်တတ်မှု ဉာဏ်ပညာကြောင့် မြန်မာ့သမိုင်းမှာ ထင်ရှား လာရတော့သည်။

အင်းဝ သတိုးဖျားနှင့် သူခိုး ငတက်ပြား
          ဘုရင်သတိုးဖျားသည် အင်းဝနေပြည်တော်ကို ထီးနန်းတည်စက အသက် ၂၁-နှစ်သာ ရှိသေးသည်။ ဘုရင် သတိုးဖျား လက်ထက်၌ ‘သူခိုး ငတက်ပြား’ဟု အလွန်ပင် ထင်ရှားခဲ့သည်။ ယနေ့တိုင်ပင် ခိုးတတ်သူကို ‘ငတက်ပြား’ဟု ကင်ပွန်းတတ်တုန်းပင် ဖြစ်သည်။ စစ်ကိုင်းဘက်မှ အင်းဝဘက်သို့ လှေဖြင့်လာကာ မီးသွေးတိုက် တံခါးဝမှ ဝင်ပြီး မှူးမတ်တို့ကို ဝင်ခိုးပါသော်လည်း မိအောင် မဖမ်းနိုင်ပေ။

          ဘုရင်သတိုးဖျားကိုယ်တိုင် ရုပ်ဖျက်၍ သူခိုးယောင်ဆောင် ဖမ်းမှ ငတက်ပြားကို ဖမ်းမိသည်။ သူခိုး ငတက်ပြားသည် ဘုရင် သတိုးဖျားကိုယ်တိုင် လက်ရဖမ်းမိသည်ဖြစ်၍ ဘာမျှ မငြင်းတော့ပဲ ငြိမ်နေသည်။ ထိုစဉ် ဘုရင်က “ငတက်ပြား၊ နင့်ကို ငါမိပြီ။ ရဲတင်း၊ ပုဆိန်၊ လှံ၊ ဓား .. စသည်ကို နင်ကြိုက်ရာပြော” ဟု မေးရာ “အလိုရှိသလို သတ်တော်မူပါ”ဟု ဆို၏။ ထို့နောက် ဆက်ပြောသည်မှာ “ကျွန်ုပ် အလိုရှိရာကို ဆက်ပြောရလျှင် မိဖုရား စောဥမ္မာကို အလိုရှိပါသည်”ဟု လျှောက်တင်လိုက်ရာ သတိုးဖျားရော ကျန်မှုးမတ်တို့ပါ အံ့အားသင့်ကြသည်။ သတိုးဖျားသည် သူ၏ မိဖုရားကို အလွန်ချစ်မြတ်နိုးတော်မူသည်ကို အားလုံးက သိထားပြီးဖြစ်သည်။ သို့ပါလျက် ယခုလို ပြောသံကြားလိုက်သည့်အခါ အဘယ်မှာလျှင် အံ့အားမသင့်ဘဲ ရှိပါမည်နည်း။

          ဘုရင် သတိုးဖျားလဲ အမျက်တော် မရှပဲ ခွင့်လွှတ်တော်မူခဲ့သည်။ သူ့သတ္တိကို နောင်သက္ကရာဇ် ၇၂၈-ခုနှစ်တွင် တောင်တွင်းမြို့စား သီဟပတေ့ ပုန်ကန်မှုကို ငြိမ်းစေရာ၌ အသုံးချနိုင်ခဲ့၍ အောင်တော်မူခဲ့သည်။ ဤသို့ အဘိုးနှင့် ဖခင်တို့ တည်ထောင်၍ မရနိုင်သော အင်းဝနေပြည်တော် ထီးသစ် နန်းသစ်ကို တည်ထောင်နိုင်ခဲ့ခြင်း၊ ရန်သူအပေါင်းကို အောင်မြင်တော်မူခဲ့ခြင်းတို့မှာ သတိုးဖျား၏ ကြီးကျယ်သော အရည်အချင်းကြောင့်သာ ဖြစ်သည်။

          ဤသည်တို့ကား ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လျှင် မိမိအတွက် အန္တရယ်ရှိ-မရှိ၊ နောင်အသုံးကျ-မကျ စိစစ်မှု, အသုံးချမှု အတတ်ပညာရှိရပေမည်။

          စာသင်တိုက်များ၌ ခေါင်းဆောင်ကောင်း တစ်ယောက်တည်းဖြင့်  ပြီးသော အလုပ် မဟုတ်၍လည်း လက်ထောက် နာယကများ, စာချများ ရှိကြရသည်။ ထိုလက်ထောက် နာယက စာချများ၌လည်း၊ ထိုက်တန်သော အရည်အချင်း၊ ထိုက်တန်သော စေတနာ, မေတ္တာ, ဝါသနာ၊ ထိုက်တန်သော ဝေဖန်ပိုင်းခြားနိုင်မှု ရှိရန် လိုအပ်သည်။ အထက်နှင့် အောက်၊ ရှေ့နှင့် နောက်၊ ခေါင်းဆောင်နှင့် နောက်လိုက်တို့ လိုက်ဖက်ညီကြသော ညီညွတ်ကြသော ထိုသို့သော နေရာများ၌ တိုးတက်မှု ရှိကြပေသည်။

မဟာဟံသဇာတ်
          ဤနေရာ၌ အသီတိနိပါတ် မဟာနိပါတ် မဟာဟံသဇာတ်တော်လာ ခေါင်းဆောင်နှင့် နောက်လိုက်တို့ အချင်းချင်း သစ္စာ၊ မေတ္တာ ရှိကြပုံကို တင်ပြပါဦးမည်။
          ရှေးအခါက ဗာရာဏသီပြည်၌ သံယမမင်းသည် မင်းပြုနေ၏၊ ထိုမင်းတွင် ခေမာ-အမည်ရှိသော မိဖုရားကြီး တစ်ပါး ရှိသည်။ တစ်နေ့သ၌ မိဖုရားကြီး ခေမာ အိမ်မက်မြင်မက်သည်။ ရွှေဟင်္သာမင်း လာလတ်၍ ရာဇပလ္လင်၌နေကာ သာယာသော အသံဖြင့် တရားဟော၏။ ခေမာမိဖုရားလည်း တရားနာ၍ မရောင့်ရဲမီ မိုးလင်းသွား၍ ဟင်္သာမင်းလည်း ပြန်သွားသည်ဟု မြင်မက်သည်။

          တရားနာရ၍ မရောင့်ရဲ အားမရသော မိဖုရားကြီးသည် ချင်ခြင်း ဖြစ်ဟန်ဆောင်၍ သံယမမင်းအား လျှောက်တင်ရာ မင်းကြီးလည်း မှူးမတ်များနှင့် တိုင်ပင်၍ တိုင်းပြည်ရှိ မုဆိုးများကို ဆင့်ခေါ်ကာ ဟင်္သာမင်း ရှိနိုင်-မရှိနိုင် မေးမြန်းသည်။ စိတ္တကုဋ်တောင်မှာ ဟင်္သာများနေကြောင်း လျှောက်ကြသည်။ ထိုစဉ် ဘုရားလောင်း ဓတရဋ္ဌ ရွှေဟင်္သာမင်းနှင့် သုမုခ အမှူးရှိသော ဟင်္သာကိုးသောင်းတို့သည်လည်း ထိုစိတ္တကုဋ်တောင်မှာ နေကြသည်။

ရွှေဟင်္သာမင်း ဖမ်းရန် ပြင်ဆင်ကြပြီ
          မြို့နှင့် သုံးဂါဝုတ် ဝေးသော ခေမာအိုင်ကို ရေကန်အသွင် ဖန်တီးစေပြီး ဘေးနားဝန်းကျင်၌ သလေးစပါးတို့ကို စိုက်ပျိုးစေကာ “ဘေးမဲ့ကန်”ဟု ကြွေးကြော်စေ၏။ ထိုသို့ အစာရေစာ ပေါသောအရပ်သို့ ဟင်္သာများ ရောက်လာကြသည်။ ငယ်သား ဟင်္သာများက ထိုရေကန်သို့ သွားလိုကြောင်း လျှောက်တင်ကြသည်။ လူသူနီးသော နေရာသည် အန္တရယ် မကင်းကြောင်း ပြောကာ တားသော်လည်း မရသဖြင့် သွားကြသည်။

          မုဆိုးများလည်း မည်းနက်သော မြင်းမြီးကျော့ကွင်းဖြင့် ထောင်လေသည်။ ရွှေဟင်္သာမင်း ဆင်းသည်နှင့် တစ်ပြိုင်နက် ခြေကို ကျော့ကွင်းမိလေ၏။ ရွှေဟင်္သာမင်းသည် ကျော့ကွင်းကို ဖြတ်အံ့သောငှာ ရုန်းသော် အရေတို့သည် စုတ်ပြတ်သွားသည်။ နှစ်ကြိမ်မြောက် ရုန်းပြန်ရာ နီမြန်းသော အသားတို့သည် ပြတ်ကုန်သည်။ သုံးကြိမ်မြောက် ရုန်းပြန်ရာ အကြောတို့သည် ပြတ်ကုန်သည်။ လေးကြိမ်မြောက် ရုန်းပါက ရွှေဟင်္သာမင်း၏ ခြေသည် ပြတ်ကုန်သည်။

          ရွှေဟင်္သာမင်း ဆင်ခြင်သည်က “ခေါင်းဆောင် ဖြစ်သူ၌ အင်္ဂါချို့ယွင်းမှုသည် မလျော်ပတ်”ဟု ကြံမိ၍ အားထုတ် မရုန်းတော့ပေ။ ဤလောက၌ အများကို ခေါင်းဆောင်ရသော ရဟန်းခေါင်းဆောင်၊ လူခေါင်းဆောင်များလည်း သီလ, သမာဓိ, ပညာ ဟူသော အင်္ဂါခြေလက်တို့ မချို့ယွင်းပါမှ လျောက်ပတ်ပေမည်။ ခေါင်းဆောင်သူ ဟူသမျှသည် မှီခိုစရာလည်း ဖြစ်ရမည်၊ ကြည်ညိုစရာလည်း ဖြစ်ရမည်။

          မှီခိုစရာ ဟူသည် နောက်လိုက်ငယ်သားတို့ မှီခိုနိုင်လောက်သော အတတ်ပညာလည်း ပြည့်စုံသူ ဖြစ်ရမည် ဖြစ်သည်။ ကြည်ညိုစရာ ဟူသည် - အများသူငါ ကြည်ညိုနိုင်လောက်သော ကိုယ်ကျင့်သိက္ခာ အထူးကောင်းမွန် ပြည့်စုံသူ ဖြစ်ရမည်။ ဖော်ပြပါ အချက်အလက်နှင့် မပြည့်စုံခဲ့ပါက ခေါင်းဆောင်အပေါ် နောက်လိုက် ငယ်သားတို့ ယုံကြည်မှုကို မရသည့်အတွက် အုပ်ချူပ်ရမှု၌ အခက်အခဲဖြစ်လာမည် ဖြစ်သည်။

          ဖော်ပြပါ အချက်အလက်များနှင့်ကား ရွှေဟင်္သာမင်း၌ ပြည့်စုံနေပေသည်။ ရွှေဟင်္သာမင်း ကြံတော်မူသည်မှာ “ငါသည် ကျော့ကွင်းမိသော အသံကို အကယ်၍ အသိပေး မြည်တွန်လိုက်ပါက အားလုံး ထိတ်လန့် တန်လှုပ်သည်ဖြစ်၍ အစာကို ကောင်းစွာ မစားရလျှင် ဆာလောင် မွတ်သိပ်ကုန်လျက် ပြန်သွားခဲ့သော် မပျံနိုင်ရကား သမုဒ္ဒရာ၌ ကျကုန်၍ ပျက်စီးကုန်လတ္တံ” ဟု ကြံကာ ပြင်းထန်သော ဝေဒနာကို သည်းခံတော်မူ၏၊ ဤသည်ကား ခေါင်းဆောင်ကောင်းတို့က ငယ်သားတို့အပေါ် ညှာတာသနားတတ်ခြင်းပင် ဖြစ်ပေသည်။

          ဟင်္သာအပေါင်းတို့ စားသောက်ပြီးမှ ကျော့ကွင်းမိသော အသံကြားရ၍ သေဘေးမှ ကြောက်ကြသောကြောင့် စိတ္တကုဋ်တောင်သို့ ပြန်ကြကုန်၏။ ထိုတွင် ဒုတိယခေါင်းဆောင် သုမုခစစ်သူကြီးလည်း လန့်၍ ပျံရာ မိမိတို့ အရှင် ဟင်္သာမင်းကို မတွေ့ရကား “မချွတ်ဧကန် ဤဘေးသည် ငါတို့ အရှင်အားသာ ဖြစ်ချေမည်”ဟု ကြံ၍ ပြန်လာလတ်သော် သွေးအလိမ်းလိမ်း ပေကျံလျက် ညွန်ပျောင်း၌ ကျော့ကွင်းမိသော ဟင်္သာမင်းကို မြင်၍ “အရှင်မင်းကြီး၊ ကြောက်တော် မမူလင့်၊ ကျွန်ုပ်သည် မိမိအသက်ကို စွန့်၍ အရှင်မင်းကြီးကို လွတ်စေပါအံ့”ဟု ဆိုလျက် သေမကွာ ရှင်မကွာ ကောင်းအတူ ဆိုးအတူ ဖြစ်ကြောင်း ပြောကြားသော ဟင်္သာမင်းကို နှစ်သက်စေလျက် အားပေးသည်။

          ဟင်္သာမင်းလည်း “အမောင်သုခုမ၊ ဤနေရာကား အလွန် အန္တရာယ် များလှ၍ ဘေးကင်း ရာ လွတ်ရာသို့ အမြန် ပြေးပါ”ဟု အတန်တန် ပြောကြားရာ စစ်သူကြီးသုမုခက ပြန်၍ ပြောပြသည်မှာ “အို အရှင် .. ကျွန်ုပ် မပြေးပါဘူး၊ ကျွန်ုပ် ပြေးသည်ဖြစ်စေ၊ မပြေးသည်ဖြစ်စေ သေဘေးဆိုတာ ဘယ်မှာပဲ ပုန်းနေနေ ပုန်းလို့ မလွတ်နိုင်ပါဘူး၊ သေထိုက်လျှင် သေပါစေ၊ မသေ ထိုက်လျှင်လည်း မသေအောင် ကြိုးစားရမှာပဲ”ဟု ပြောသည်။

          “အမောင်သုခုမ သင်သည် သူတော်ကောင်း လမ်းစဉ်၌ တည်၏၊ အရှင်လည်း ဖြစ်၊ အဆွေ ခင်ပွန်းလည်း ဖြစ်သော ငါ့ကို မစွန့်ခြင်းမှာ သူတော်ကောင်းတို့၏ သဘောတည်း။ သင့်ကို မြင်ရသော ငါ့မှာ ကြောက်ခြင်း မဖြစ်တော့ပါ”ဟု ဟင်္သာမင်းက ပြောကြားသည်။

          ထိုစဉ်မှာပင် မုဆိုးကြီး လာလတ်သည်ကို မြင်သော် သုမုခစစ်သူကြီးက သွား၍ “အို မုဆိုး၊ ယခုမိနေသော ရွှေဟင်္သာမင်းကြီးဟာ သာမန် မဟုတ်ပါဘူး။ ဟင်္သာကိုးသောင်းတို့၏ ခေါင်းဆောင်လည်း ဖြစ်၍ ကိုယ်ကျင့်သိက္ခာနှင့်လည်း ပြည့်စုံ၊ ဉာဏ်ပညာနှင့်လည်း ပြည့်စုံ၍ မသတ်သင့်ပါ။ အကယ်၍ သတ်ချင်လျှင် ကျွန်ုပ်ကိုသာ သတ်ပါ။ အသားကို စားလိုက စားပါ။ အရှင် ရောင်းလိုက ရောင်းပါ။ ဟင်္သာမင်းကြီးကိုတော့ ပြန်လွှတ်ပေးပါ”ဟု ကိုယ်စား အသေခံရန် ရဲရဲတောက် ပြောကြားလိုက်သည်။

          မုဆိုးကြီးလည်း သုမုခ စကားကို ကြားရတော့ သူတို့ အချင်းချင်း အပြန်အလှန် ငဲ့ညှာကြပုံ၊ သစ္စာ, မေတ္တာ ခိုင်မြဲကြပုံ၊ သံယောဇဉ် ရှိကြပုံ သူတော်ကောင်းလက္ခဏာများနှင့် ပြည့်စုံကြပုံများကို ကြားသိရဤ မည်သူက မည်သို့ပင် ထင်ထင် ဟင်္သာနှစ်စီးလုံးကို လွှတ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

          ခေါင်းဆောင်အပေါ် နောက်လိုက်က သစ္စာ, မေတ္တာ ရှိကြ၊ တစ်ဦး အခက်အခဲကို တစ်ဦးက အသက်ပေး၍ ကူညီကြ၊ စောင့်ရှောက်ကြ၊ တစ်ကိုယ်ကောင်း မဆန်ကြ၊ အရေးကြုံလျှင် သက်လုံကောင်းကြခြင်းမှာ လွန်စွာမှ အတုယူဖွယ်ကောင်းလှပေသည်။

          မုဆိုးကြီးက ဟင်္သာနှစ်စီးလုံးကို လွှတ်ပါသော်လည်း မုဆိုးကြီးအား အပြစ်ဒဏ်သာရ၍ ဆုတော်၊ လာဘ်တော်များ မရမှာ စိုးရိမ်ကြ၍ ဟင်္သာ နှစ်စီးလုံးက နန်းတော်သို့ လိုက်ပါလာကြသည်။ နန်းတော်သို့ ရောက်သောအခါ ရှင်ဘုရင်က “စစ်သူကြီးသုမုခ စကားပြော ကောင်းတယ်လို့သာ ပြောတယ်။ နန်းတော်ထဲ ရောက်တာနဲ့ ကြောက်ဒူးတုန်နေသလား”ဟု ခနဲ့လိုက်သည်။ သုမုခ-ဟူသည် ‘စကားပြော ကောင်းသူ’ဟု အဓိပ္ပါယ်ရသည်။ ထိုသို့ ဖြစ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ သုခုမက “အရှင်မင်းကြီး ကျွန်ုပ် မကြောက်ပါ၊ ကြောက်ဒူးလည်း မတုန်ပါ၊ လိမ်ညာပြောသော ပရိသတ်ဖြစ်လို့ ကျွန်ုပ် စကားမပြောလိုပါ”ဟု ပြောလိုက်သည်။

          ဘုရင်ကြီးက “ကျွန်ုပ်တို့ကို အဘယ်ကြောင့် လိမ်ညာ၍ ပြောသူတွေလို့ ဘာလို့ စွပ်စွဲရတာလဲ”ဟု မေးမြန်းသည်။ “အရှင်မင်းကြီး၊ အမှတ် ရတော်မူပါ၊ ကိုယ်လုပ်ထားသော လုပ်ရပ်ကို စဉ်းစားတော်မူပါ၊ အရှင်မင်းကြီးဟာ ခေမာရေကန်ကြီးကို ဖန်တီးထားပြီး အစားအသောက်တွေလဲ ပေါများအောင် ပြုလုပ်ထားပါတယ်၊ ဘယ်မှာ ဘေးမဲ့ကန် ဟုတ်လို့လဲ”ဟု မိမိရရ ချက်ပိုင်ပိုင် ပြောလိုက်သည်။ ဘုရင်ကြီးလည်း မလှုပ်နိုင် မယှက်နိုင် ပြုံးစိစိနှင့် ထိုင်နေပြီး -

          ဘုရင်ကလည်း သူတို့ကို ဖန်းတာဟာ တရားနာဖို့ဖြစ်ကြောင်း စသည် ပြောကြားပြီး ‘သည်းခံတော်မူပါ’ဟု တောင်းပန်ရတော့သည်။ ထို့နောက် စိတ်ကျေနပ်မှု ရကြ၍ ရှင်ဘုရင်၊ မိဖုရားနှင့်တကွ တစ်နန်းတော်လုံး ရွှေဟင်္သာမင်း၏ တရားတော်ကို ကြားနာရသဖြင့် ရှေးကထက် ပိုမို၍ သူတော်ကောင်းတရားတွေ လွှမ်းမိုးသွားကြသည်။ ရွှေဟင်္သာ နှစ်စီးကိုလည်း ပြန်လွှတ်လိုက်လေသည်။

          ဤသို့ လောကဓမ္မတာအရ အခက်အခဲဟူသည် ရှိကြမြဲပင် ဖြစ်သည်။ ထိုသို့သော အခက်အခဲများ ကြုံလာမှသာ မိတ်ကောင်း, ဆွေကောင်း, တပည့်ကောင်း, နောက်လိုက်ကောင်းကို ခွဲခြား သိနိုင်ပေသည်။

          ခေါင်းဆောင်ဖြစ်သူနှင့် လက်ထောက်, နောက်လိုက်တို့သည် ညီညွတ်ခြင်း၊ စိတ်စွမ်းအင်ရှိခြင်း၊ နားလည်မှု ရှိခြင်း၊ အလိုက်သိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း - ဟူသော ဂုဏ်သတ္တိများ ရှိသော ဌာနများ၌ အလွန်ပင် နှစ်သက်ဖွယ် မြတ်နိုးဖွယ် အတုယူဖွယ် ဂုဏ်ယူဖွယ်တို့ဖြင့် ပြည့်ဝနေတော့သည်။

          ဤသို့သော ဂုဏ်သတ္တိတို့နှင့် ပြည့်စုံမှု ရှိသော စာသင်တိုက် ဖြစ်မြောက်နိုင်၊ သာသနာ့အလယ်မှာ ထင်ရှားနိုင်၍ ဆက်လက် ရှင်သန် တည်တံ့နိုင်၊ တိုးတက်နိုင်မည် ဖြစ်သည်။ ခေတ်အဆက်ဆက် တိုးတက်ကြီးပွားမှုများဖြင့် ဆက်လက် ရှင်သန်နေသော နေရာတို့၌ ဖော်ပြပါ အချက်အလက်တို့နှင့် ပြည့်စုံသောကြောင့်သာ ဖြစ်ပါသည်။

          ထို့အတူ လူ့လောက၌ နေကြသောသူတို့မှာလည်း မိဘနှစ်ပါး ဦးဆောင် ကောင်း၍ သားသမီးတို့က နောက်လိုက်ကောင်းခဲ့သော် ထိုမိသားစု၌ သာယာဖွယ် ချမ်းမြေ့ဖွယ်တို့ ဖြစ်ကာ တိုးတက်နေမည်သာ ဖြစ်သည်။

          ထို့အတူ နိုင်ငံများ၊ ကုမ္ပဏီများ၌လည်း ခေါင်းဆောင်၏ မှန်ကန်သော ဦးဆောင်မှု အောက်တွင် နောက်လိုက်ငယ်သားတို့ကလည်း စီစဉ် ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက် ပါက ထိုနိုင်ငံ၊ ထိုအဖွဲ့အစည်း ကြီးပွား တိုးတက်မည်သာ ဖြစ်သည်။

          ထို့အတူ အထက်အထက် အဆင့်ဆင့်သော အဖွဲ့အစည်းတို့၌ အထက်နှင့် အောက်၊ ရှေ့နှင့် နောက် လိုက်ဖက်ညီစွာ အများအကျိုးငဲ့ကာ စိတ်ထားကောင်းဖြင့် ကောင်းစွာ ပြုလုပ်ဆောင်ရွက် ပါက လိုအပ်သော အဆင့်အထိ ကြီးပွားတိုးတက်မည်သာ ဖြစ်ပါသည်။


Phillip Pyae ၏ဆောင်းပါးကိုပြန်လည်မျှဝေပါသည်။