Wednesday, December 24, 2014

တရားထိုင်ခြင်း


တရားထိုင်ခြင်း

တရားဘာဝနာအလုပ်အားထုတ်တယ်ဆိုတာ စိတ်အလုပ်ပါ။ ဘာဝနာက နှစ်မျိုးရှိပါတယ်။ စိတ်ကိုထိန်းရတဲ့ ဘာဝနာနဲ့ စိတ်ကို စောင့်ရှောက်ရတဲ့ ဘာဝနာ လို့ ခေါ်ပါတယ်။

စိတ်ကို ထိန်းတဲ့နည်းနဲ့ ဘာဝနာကို အားထုတ်ဖို့ ဆိုရင် လောက ဥပမာအရ ….
ကဆုန်ပေါက် ပြေးလွှားဆော့ကစားနေတဲ့ အရွယ် နွားငယ်တစ်ကောင်ရှိတယ် ဆိုပါစို့။ ဒီနွားကို ငြိမ်သွားစေချင်တဲ့ သူဟာ နွားဖားကြိုး ထိုး၊ ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်း လည်ပတ်ချည်၊ နောက်ပြီး တိုင်ငုပ်တစ်ခု ခိုင်ခိုင်စိုက်၊ အဲဒီနွားငယ်နဲ့ တိုင်ငယ်ကို ကြိးခိုင် ခိုင်နဲ့ ချည်ထားလိုက်ပါ။ ကြိုးကလည်းခိုင်၊ တိုင်ကလည်းမြဲ ဆိုတော့ ဒီနွားငယ်ဟာ အတင်းရုန်းပြေးနေပေမယ့် တဖြည်းဖြည်း မောလာပြီး ဒီတိုင်ခြေမှာပဲ ငြိမ်ဝပ်သွားပါတယ်။

အဲဒီလိုပဲ စိတ်က နွား၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုက တိုင်ငုတ်၊ သတိက ကြိုးပေါ့။ စိတ်က အလွန်ပြေးတယ်။ ဘယ်အာရုံမဆို လှစ်ခနဲလှစ်ခနဲ ရောက်သွားတတ်တယ်။ သတိ ကောင်းကောင်းနဲ့ ထင်ရှားတဲ့ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြု သတိထားနိုင်ရင် ဒီစိတ်ဟာ မပြေးတော့ပါဘူး။ ငြိမ်သွားတယ်လို့ ခေါ်ပါတယ်။

ဒီစိတ်ကို ထိန်းတဲ့နည်းနဲ့ အားထုတ်တဲ့အခါ သာမန်မျက်စိနဲ့ မတွေ့မြင်နိုင်တဲ့ စိတ်ကို ထိန်းဖို့ ဆိုတာတော့ သတိအားလည်း မကောင်းသေးတဲ့ သူတွေဟာ သတိအား ကောင်းအောင် မကြိုးစားဘဲ ကမ္မဋ္ဌာန်းအာရုံကို မထင်ရှား၊ ထင်ရှားအောင် လုပ်ယူတတ်ကြပါတယ်။ အတင်း စိတ်ရော ကိုယ်ပါ တင်းကြပ်အောင် ချုပ်ထားနေကြပါတယ်။

အမှန်က မိမိစိတ်မှာ သတိအားကောင်းအောင် ကြိုးစားရမှာပါ။ သတိအားကောင်းရင် သမာဓိ အားကောင်းလာပြီး စိတ်ကို ထိန်းနိုင်လာပါတယ်။ သတိနည်းရင်၊ သတိလွတ်ရင် တော့ စိတ်လည်း လွတ်ထွက်သွားပါပြီ။ ဒါက စိတ်ကို ထိန်းတဲ့နည်းပါ။

စိတ်ကို စောင့်ရှောက်တယ်ဆိုတာက စိတ်ရဲ့သဘောကို သိအောင် စောင့်ကြည့်ရပါတယ်။ စိတ်မှာ အန္တရာယ်ကင်းအောင် ကာကွယ်ပေးရပါတယ်။ စိတ်ကိုစောင့်ရှောက်တဲ့နည်း ပေါ်လွင်အောင် ထိန်းတဲ့နည်းနဲ့ ဥပမာတွဲပြီး ပြောပြပါမယ်။

ကလေးထိန်းတာနဲ့ ကလေးစောင့်ရှောက်တာပေါ့။ အိမ်မှာ ခိုင်းနေတဲ့ သူကို ဈေးဝယ် သွားစရာရှိလို့ ကလေးထိန်းထားပေးပါလို့ မှာခဲ့ရင် သူကလည်း ထိန်းဆိုတဲ့အတိုင်း ကလေးက ဟိုဟာ လိုချင် လည်းမယူနဲ့၊ ဒီဟာ စားချင်လည်း မစားနဲ့၊ ဟိုဟာ လုပ်ချင်လည်း မလုပ်နဲ့လို့တားမြစ် တာမျိုးလည်း ရှိပါတယ်။ ကလေးကို နိုင်တဲ့လူ၊ ကလေးက ကြောက်ရတဲ့သူဆိုတော့ ကြောက်ပြီး ငြိမ်ကုပ်နေပါတယ်။ ဒါက ထိန်းတာပါ။

တစ်ခါတလေ သားသမီးငယ် တွေ နေမကောင်းတဲ့ အခါ မိဘတွေက ပြုစုကြပါတယ်။ အဖျား ရှိန်ရှိနေလို့ အိပ်ရာကုတင်ပေါ်မှာ လူးလွန့်ရင်း ယောင်ရမ်းပြီးအော် တတ်ပါတယ်။ နိုးသွားတာလည်း မဖြစ်အောင်၊ လိမ့်ကျမှာလည်း မဖြစ်အောင် ကုတင်ဘေး အသာပြေးရပ်ပြီးကာကြပါတယ်။ အန္တရာယ် မကျအောင် စောင့်ရှောက်ကြပါတယ်။ ယောင်ရမ်းပြီး ပြောချင်ရာပြော၊ အော်ချင်ရာတွေ အော်နေရင်လည်း ရင်ဘတ်ပေါ် အ၀တ်ထူလေးတင်လို့၊ နဖူးပေါ် လက်ကလေးဖိလို့ လုပ်ပေးကြပါတယ်။ အဖျားရှိနေရင်လည်း ထိုက်သင့်တဲ့ ဆေးတိုက်လို့၊ ရေခဲပတ်တိုက်ပေးလို့၊ ကျွေးသင့်တဲ့ အစာကျွေးလို့ စောင့်ရှောက်ကြပါတယ်။ ကလေးရဲ့ အခြေအနေမှန်ကို သိအောင်လို့ပါ။ အန္တရာယ် မဖြစ်အောင်ပေါ့။

ဒီလိုပဲ။ စိတ်ရဲ့သဘောလက္ခဏာတွေကို အမှန်အတိုင်း သိအောင် စောင့်ရှောက်တဲ့နည်း စောင့် ကြည့်ရတဲ့နည်းလည်း ရှိပါတယ်။ စိတ်ကို ထိန်းတာက သမထ၊ စိတ်ကို သိအောင် ကြည့်တာက ၀ိပဿနာပါ။ စိတ်ကို ထိန်းတဲ့ နည်းနဲ့ အားထုတ်ရင် စိတ်ကို ထိုက်သင့်သလောက် ထိန်းနိုင်ပါတယ်။ အမြဲတော့ မရနိုင်ပါဘူး။ အတိုင်းအတာတစ်ခုထိပဲ ရနိုင်ပါတယ်။

စိတ်ကို စောင့်ရှောက်တဲ့နည်းနဲ့ အားထုတ်ရင် စိတ်လည်း မပင်ပန်း၊ လူလည်း မပင်ပန်းဘဲ စိတ်ရဲ့ သဘောတွေကို အသေအချာ နားလည်သဘောပေါက်လာပါတယ်။ ကိုယ့်စိတ်ရဲ့သဘောကို ကိုယ်အသိဆုံးဆိုတာ အားကောင်း သူတွေကသာ သိနိုင်တာပါ။

 စိတ်ဆိုတာ ထိန်းရာကနေ လွတ်သွားတတ်တယ်ဆိုတဲ့ သဘောမျိုးတွေလည်း အသိ တိုးလာ နိုင်ပါတယ်။ စိတ်လွင့်ရင်၊ လွင့်မှန်းမသိ၊ လွတ်ရင်လည်း လွတ်မှန်း သိပါ။ စိတ်မလွင့်ရင်၊ မလွတ်ရင်လည်း မလွင့်မှန်း၊ မလွတ်မှန်းသိပါ။ အဲဒီလို သတိ ထားရာကနေ စိတ်ရဲ့ သဘောတွေကို တစ်ဆင့်ပြီး တစ်ဆင့် သိလာပါလိမ့်မယ်။

ဒါကြောင့် စိတ်ထိန်းရာကနေ လွတ်သွားရင် စိတ်ထိန်းတဲ့ ဘာဝနာနည်းပျက်ပေမယ့် စိတ်ကို စောင့်ရှောက်တဲ့နည်း မပျက်နိုင်ပါဘူး။ စိတ်အကြောင်းကို သိအောင်ကြည့်နေရင် စိတ်ရဲ့ လွင့်တတ်မှု သဘောတွေကို ပိုပြီး သိသာလာနိုင်ပါတယ်။ အသိတွေလည်း တိုးလာနိုင်ပါတယ်။

အသိတိုးလာရင် ၀ိပဿ နာတရားလည်း တိုးလာပါပြီ။ တရားမပျက်တော့ပါဘူး၊ စိတ်ကိုထိန်းတဲ့ နည်းထက် စိတ်ကိုစောင့် ရှောက်တဲ့ ၀ိပဿနာ နည်းကိုလည်း အားထုတ်တတ်ပါစေ၊