Tuesday, December 30, 2014

နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး


နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး

ရှေးအခါက မဂဓတိုင်းတွင် မစလ ခေါ်သော ရွာကလေးတစ်ရွာ ရှိခဲ့ဖူး၏။ အိမ်ခြေသုံးဆယ့်သုံးအိမ် မျှသာ ရှိသည်။ ထိုရွာ၌ မဃ ဆိုသူလည်း နေ၏။ ရွာသူရွာသားတို့ သည် ရပ်ရေးရွာရေး ကိစ္စရှိလျှင် ရွာလယ်ခေါင် လမ်းလေးခွ၌ စုဝေးတိုင်ပင်လေ့ရှိကြ၏။ တစ်နေ့ သောအခါ မဃ့ သည် လူအများ စုဝေးမည်ရှိစဉ် မိမိရပ်နေသော နေရာ၌ အမှိုက်သရိုက် ခဲသလဲ ခြေဖျားကလေးနှင့် ဖယ်းမ်းပြီး နေ၏။

သူရပ်နေသော နေရာတွင် ထိုင်မှမထိုင်ရသေး။ နောက်မှ ရောက်လာသူ တစ်ဦးက ပြောင်ရှင်း ညီညာနေသော သူ့ နေရာကလေး၌ထိုင်ရန် သူ့ အား တွန်းဖယ်ရှားပြီး လု၍ထိုင်၏။ မဃကား စိတ်မဆိုးဘဲ သည်းခံပြီး ဖယ်ပေးကာ အခြားတစ်နေရာ၌ ရပ်ပြီး  ခြေထောက်ဖြင့် ဝှေ့ ယမ်းရှင်းလင်း နေစဉ် ထိုင်မှမထိုင်ရသေးခင် အခြားတစ်ယောက်က သူ့ အား တွန်းဖယ်ပြီး နေရာလု ထိုင်ပြန်၏။  ဤနည်းဖြင့် စိတ်မဆိုးအားဘဲ တစ်နေရာပြီး တစ်နေရာ ရှင်းလင်းကာ နေရာယူရရှာ၏။

မဃ့ သည် စိတ်မဆိုးဘဲ ငါလုပ်တာ သူတို့ စိတ်ချမ်းသာသွားပြီဟု ဝမ်းမြောက်ကာ အများချမ်းသာမှု ကိုချည်းပြုရန် စိတ်ထက်သန်လာ၏။ အမှတ်မထင် ခြေထောက်ဖြင့် ခဲသလဲ အမှိုက်သရိုက်များကို ဖယ်ရှားရာမှ သူတစ်ဖက်သား ချမ်းသာစေလိုသော မေတ္တာအင်အားကြီးကို စတင်တွေ့ ရှိကာ ထို ကိုယ်ချင်းစာစိတ်ကို အခြေခံ၍  မိမိသူတစ်ပါးချမ်းသာရေးအတွက် အခြားကျင့်ဝတ်များနှင့် ကောင်းမှု လုပ်ငန်းများကို တသီတတန်းကြီး တွေ့ မြင်လာ၏။ တွေ့ မြင်သည့်အတိုင်းလည်း ဇောက်ချလုပ်ရန် ဆန္ဒဖြစ်ပေါ်လာလေသည်။ 

မိမိအတွက် သူတစ်ပါးဒုက္ခမရောက်စေရန် ဦးစွာ ငါးပါးသီလကို ကျင့်သုံးကာ နောက်တစ်ရက် ထိုနေရာသို့ သွား၍ လူသုံးဆယ်ကျော် နေထိုင်လောက်ရုံ မြေနေရာ၌ ပေါက်တူးပေါက်ပြားများဖြင့် မြေဖို့ မြေညှိပြီးလျှင် သဲများပင် ခင်းပေးထားလိုက်သေးသည်။ လူများမှာ ချမ်းချမ်းသာသာနေရ၍ ဝမ်းသာနေကြ၏။

နောက်ရက် နောက်လများ၌ မဏ္ဍပ်ကလေးထိုးကာ သောက်ရေအိုးပင်  တည်ထားပေးရာ လူအများ ပို၍ ဝမ်းသာကြ၏။ ရပ်ရေးရွာရေး ဆွေးနွေးလာသူများသာမက ရွာထဲမှ အဘိုးအို အဘွားအို နှင့် ကလေးများပင် အချိန်မရွေး လာရောက်စုဝေးကြရာ မဃ့ သည် ပို၍ပင်ဝမ်းသာကာ ဆောင်း အခါတွင်  မီးလှုံရန် ထင်းများကိုပင်  တောထဲမှ သယ်ယူထမ်းပို့ ထားလေသည်။ မဃ၏ ကာယကံမေတ္တာသည် မွန်မြတ်လှပါပေ၏။

ထို့ နောက် ယာယီမဏ္ဍပ်ကိုဖျက်ကာ အခိုင်အမာ ရွာလယ် ဇရပ်  ဆောက်လှူလိုက်၏။ အိပ်ရန် ထိုင်ရန် ခုံများကိုပါ ပြုလုပ်ပေးရာ မစလ တစ်ရွာလုံး ဝမ်းသာမဆုံးကြတော့ချေ။ အင်း နေချင့်စဖွယ်လုပ်ထားရင် လူတိုင်းသဘောကျတယ်။ ကောင်းတာဆိုရင် မကြိုက်တဲ့လူရယ် မရှိပါကလား။ ငါလုပ်တာ ကောင်းတဲ့အလုပ်ပဲ၊ ရှေ့ ကိုတိုးလုပ်မှ တော်မယ်။ 

မြို့ ကိုသွားတုန်းက တွေ့ ခဲ့ရတဲ့ ရှင်ဘုရင်တွေ မှုးကြီးမတ်ကြီးတွေဟာလည်း သူတို့ ခုလို စည်းစိမ် ချမ်းသာမျိုးနဲ့ နေကြရတာ အကြောင်းမဲ့မဟုတ်တန်ဘူး။ ဒီလို ကောင်းမှုအလုပ်တွေ လုပ်ခဲ့ကြ လို့ သာ နေမှာပဲ။ နောက်ပြီး လတို့ နေတို့ ဟာလနတ်သား နေနတ်သားတွေလို့ ပြောကြတယ်။ အဲဒီ နတ်သားတွေဟာလည်း ဒီလို ကောင်းမှုတွေလုပ်ခဲ့ကြလို့ နေမှာပဲ။ တခြားအကြောင်းရှိမယ် မထင်ဘူး။

မဃ့ သည် သူဥာဏ်မှီသမျှ ဆက်၍စဉ်းစားကာ အများချမ်းသာရေးကို ဦးတိုက်၍ ကောင်းမှုမှန်သမျှ တိုးပြီးလုပ်ရန် ဆန္ဒတွေ ဖြစ်ပေါ်လာ၏။ ထိုသို့ လုပ်လျှင် လူများလည်း ချမ်းသာသထက် ချမ်းသာ၍ မိမိလည်း နောက်ဘဝတွင် ချမ်းသာသည်ထက် ချမ်းသာမည်ဟုလည်း ယုံကြည်နေ၏။

ထို့ ကြောင့် ပထမဆုံး ရွာ့အပြင် လမ်းပန်းများကို ပြင်ဆင်ရန် နံနက်စောစောထ၍ ဆန်ပြုတ် သောက်ပြီးလျှင် တောင်း တူရွင်း ဓားစသည် ယူဆောင်ကာ လူသွားလမ်းများကို ပြင်ဆင်၏။ လမ်းပေါ်ဖြတ်ကျော်ကျနေသော သစ်ကိုင်းများ ခုတ်ပယ်ရှင်းလင်း၏။ ခရီးသွားများနားနေရန် လမ်းဆုံလမ်းခွ၌ တဲများထိုးပေးထား၏။ တစ်နိုင်လုပ်အား ကောင်းမှုများကို နေ့စဉ်ြ့ပုလုပ်လေသည်။
တံတားခင်းသင့်သော နေရာ၌ တံတားခင်းခြင်း၊ ရေကန်တူးသင့်သော နေရာ၌ ရေကန်တူးခြငိး စသည်ဖြင့် ပရဟိတ လုပ်ငန်းများမှာ တိုး၍တိုး၍သာ လာ၏။ ပြီးဆုံးသည်ဟူ၍လည်း မရှိချေ။ နေထွက်မှနေဝင် တောမှာပင် အချိန်ကုန်လေတော့သည်။

ထိုသို့ နေစဉ်နှင့်အမျှလုပ်နေသော မဃကိုမြင်၍ အခြားဘဝတူ ရွာသားအချို့ က ကိုမာဃ ဘာလုပ်တာလဲဟု မေးရာ ငါကောင်းမှုလုပ်တာပါ၊ နတ်ပြည်လမ်းဖောက်နေတာပါ ဟုသာ ဖြေဆို၏။ ကောင်းမှုဆိုတာ ဘယ်လိုဟာလဲဟု မေးလျှင် သူသဘောပေါက်ထားသည့်အတိုင်း လူချင်းတူသော် လည်း အသက်ရှူကွဲဆိုသကဲ့သို့  ရှင်ဘုရင်များ မှူးမတ်ကြီးများကိုပင် သက်သေထူကာ မင်းတို့ မြို့ တော်သွားတဲ့အခါ မမြင်ဘူးဘူးလား စသည်ဖြင့် ကောင်းမှု၏ အဓိပ္ပါယ်ကို ရှင်းပြ၏။

အနို့  နတ်ပြည် လမ်းဖောက်တယ် ဆိုတာကရောဟု မေးပြန်လျှင် လနတ်သား နေနတ် သား  အကြောင်း သက်သေထူကာ သူသဘောပေါက်သည့်အတိုင်းသာ ရှင်းပြလေ့ရှိသည်။ သူ၏ အပြောနှင့်အလုပ်ကို လူအများစိတ်ဝင်စားလာကြရာ  နေပါဦး ကိုမာဃ ပြောတဲ့ နတ်ပြည်လမ်း ဖောက်တဲ့အလုပ်ဟာ  ခင်ဗျားပဲ လုပ်လို့ ရသလား၊ ကျွန်တော်တို့ ရော လုပ်လို့ မရဘူးလားဟု ဆက်လက် မေးမြန်း၍ ရနိုင်ကြောင်း ဖြေဆိုလျှင် ဒီလိုဆို နက်ဖြန်မနက် တောထဲ သွားရင်  ကျွန်တော့်ကိုလဲ အသံပြုပါဦးး ဟုဆိုကာ တစ်နေ့ တစ်ခြား လူဦရေတိုးလာကာ စုစုပေါင်း သုံးဆယ့်သုံးယောက် ဖြစ်လာ၏။

မစလရွာ အခြေခံဥပဒေ မိမိ သူတစ်ပါး အများချမ်းသာရေးကို ရလို ပေးလိုသူများ ဖြစ်လာကြကာ ငါးပါးသီလကိုလည်း အားလုံး လိုက်နာကျင့်သုံးကြကုန်၏။ နံနက် အိမ်မှထွက်၊ ညနေ နေ၀င်မှ အိမ်ပြန်၊ တစ်နေကုန် တောမှာနေ၍ လုပ်ငန်းများကို တစ်နေ့ထက် တစ်နေ့တိုးချဲ့ လုပ်ကိုင်ကြသည်။
ထိုမှတစ်ပါး ရွာလယ်ဇရပ်၌ အောက်ပါ စည်းမျဉ်းခုနစ်ချက်ကိုလည်း ရေးဆွဲထားကာ အားလုံး ရာသက်ပန် လိုက်နာကြရန် မကြာခဏ သတိပေး ဆွေးနွေးကြသည်။

၁။ ရာသက်ပန် မိဘလုပ်ကျွေးရန်၊
၂။ လူကြီးများအား ရိုသေလေးစားရန်၊
၃။ တစ်ဦးနှင့်တစ်ဦး ချိုချိုသာသာ သိမ်သိမ်မွေ့ မွေ့ ပြောဆိုရန်၊
၎။ ကုန်း မတိုက်ရန်၊
၅။ တရားသဖြင့် အိမ်ထောင်ကို ဦးစီး၍ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းရန်
၆။ လိမ်လည်မပြောရန်။
၇။ မည်သည့် အကြောင်းကြောင့်မျှ တစ်ဦးနှင့်တစ်ဦး စိတ်မဆိုးရ၊ အပြစ်မတင်ရ၊ အကယ်၍ ဒေါသထွက်မိ၊ အပြစ်တင်မိလျှင်လည်း ချက်ချင်း ဖြေဖျောက်ပစ်ကာ မေတ္တာပွားရန်တို့ ဖြစ်ကုန်၏။

ဤကား အိမ်ထောင်ဦးစီးတိုင်း ရာသက်ပန် လိုက်နာပါမည် ဟု ကတိဝန်ခံ၍ အဓိဋ္ဌာန်ပြုထား ကြသော သီးခြား မစလရွာ အခြေခံဥပဒေ တည်း။ မစလရွာသားတို့ သည် မဃ ဆိုသူ ဦးဆောင်၍ တစ်ရွာလုံး သူ့ အသက်မသတ်ရ၊ သူ့ ဥစ္စာ မခိုးရ စသော ကျင့်ဝတ်များကို ကျင့်၍ တစ်နေကုန် တောထဲထွက်ပြီး ကောင်းမှုလုပ်နေကြသဖြင့် မကျေမချမ်းဖြစ်ကာ နှောင့်ယှက်မည့်သူတစ်ဦး ပေါ်ပေါက်လာ၏။

ထိုသူကား မစလ စသော ရွာငယ်များကို အပိုင်စားရသူ ရွာစားကြီး ဖြစ်သည်။ အရက်ချက်ပြီး သောက်မယ်၊ ရောင်းမယ်၊ သားငါးလိုက်မယ်၊ ဒါမှမဟုတ် တခြားလုပ်ငန်းတစ်ခုခုကို လုပ်မယ်ဆိုရင် အရက်တစ်အိုးလျှင် မည်ရွေ့ မည်မျှ စသည်ဖြင့် အကောက်လဲရမယ်၊ ဒဏ်ရိုက်လို့ လည်း ရမယ်။ ခုတော့ အရက်မသောက်ရ၊ သူ့ အသက် မသတ်ရ ဆိုတော့ ငါ့မှာ ၀င်ငွေလျော့ကုန်ပြီ။ ရွာစားကြီးသည် မစလ ရွာသားများအပေါ် မကျေမချမ်းဖြစ်ကာ ခေါ်ငင်သတိပေး၏။ လုပ်ငန်းများကို မေးလျှင် "ကောင်းမှုလုပ်သည်၊ နတ်ပြည်လမ်းဖောက်သည်"ဟုသာ ဖြေဆိုကြသဖြင့် မကျေနပ်ချေ။

အိမ်ရာထောင်သူများ ဤသို့  မလုပ်သင့်ကြောင်း တားမြစ်၏။ မရသည့်အဆုံး ရှင်ဘုရင်ထံ သွားရောက်၍ "တိုင်းပြည်ကို လုပ်ကြံမည့်သူများ ဖြစ်လေဟန် ဥာဏ်ဆင်၍ သံတော်ဦးတင် လေသည်။ ရွာလယ်ဇရပ်မှာ အဖမ်းခံရခြင်း မဃ အမှူးရှိသော မစလရွာသားတို့ သည် တစ်နေကုန် တော၌ လုပ်ကိုင်ပြီးနောက် နေမ၀င့်တ၀င်အချိန် အိမ်သို့  ပြန်လာကြကာ  ရေမိုးချိုး စားသောက်ပြီး သည်နှင့် ရွာလယ်ဇရပ်၌ စုဝေးတိုင်ပင်နေကြ၏။ မစလ အခြေခံဥပဒေခေါ် ကတိက၀တ် စာတမ်းများကို ဆွေးနွေးကြ၏။

နက်ဖြန် တော၌ လုပ်ဆောင်ရမည့် ရေတွင်း၊ ရေကန်၊ တံတားခင်း၊ လမ်းပန်းဖောက်ခြင်း ကိစ္စများအတွက် ကြိုတင်တိုင်ပင်ညှိနှိုင်းကြသည်။ ထိုအခိုက် ကြိုတင်စီစဉ်ထားသော ရွာစားကြီး၏ ခြေထိုးမှုအရ မဂဓ ဘုရင့်တပ် များသည် မစလရွာ အ၀င်အထွက်လမ်းများ၌ ကင်းစောင့်ချကာ ရွာလယ်ဇရပ်ကို ၀ိုင်းဝန်းထားကြသည်။ စစ်တပ်နှင့်အတူပါလာသော ရွာစားကြီးက ---

"ဟေ့ .. မင်းတို့ မပြေးကြနှင့် ၊ ဒါ ဘုရင့်အမိန့် တော်ကွ" ဟုဆိုကာ ဖမ်းဆီးကြ၏။ မစလ ရွာသားများလည်း အသာတကြည် လိုက်ပါသွားကြသည်။ မစလရွာသူ အိမ်ရှင်မ များမှာမူ စိတ်မဆင်းရဲကြသည့်အပြင် မိမိလင်ယောက်ျားများအပေါ် ရှေးကပင် မကျေနပ်ကြသဖြင့် -
"အဖမ်းခံရတာပဲ ကောင်းကောင်းပါအေ၊ သူတို့တို့ကို လှည့်စားနေတာကြလှပြီ၊ ကောင်းမှု လုပ်တယ်၊ ကောင်းမှုလုပ်တယ်ဆိုပြီး တစ်နေကုန် တောထဲမှာပဲနေ၊ အချန်ကုန်မှ ပြန်လာ၊ အိမ်အလုပ်တွေ ပျက်လိုက်တာ၊ ဘာစီးပွားမှလဲ မတိုးတက်ပါဘူး" ဟုဆိုကာ မေးငေါ့ပြီး ကျန်ရစ်ခဲ့ကြ၏။

စစ်တပ်ကြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဘုရင့်ထံ ပို့ဆက်ကြရာ ဘုရင်မှာ မည်သို့မျှ မစစ်ဆေးတော့ဘဲ ရွာစားကြီး၏ တစ်ဘက် စကားကိုသာ ယုံစားလျက် မင်းရင်ပြင် (နန်းတော် ရင်ပြင်၌) ချည်တုတ်ဆွဲခေါ်ပြီး ဆင်ဖြင့် နင်းသတ်ရန် တစ်ချက်လွှတ် အမိန့် ချမှတ်လိုက်လေသည်။
ခေါင်းဆောင်လုပ်သူ မဃကမူ ဘ၀တူ မိတ်ဆွေများအား

"အားမငယ်ကြပါနှင့်ကွာ" ဟု ပြောဆိုရင်း လိုက်ပါလာ၏။ ရန်သူကို စိတ်မဆိုးရ
"မိတ်ဆွေတို့ ၊ မိတ်ဆွေတို့ အားလုံး ကျုပ်စကားကို နားထောင်ကြမလား" ဟုလည်း မဃက မေးလိုက်ရာ -
"ခင်ဗျားစကား နားထောင်ခဲ့ကြလို့  ယခု ကျုပ်တို့ တတွေ ဘေးတွေ့ ပြီ၊ ဒါပေမယ့် ယခုလည်း နားထောင်ပါ့မယ်၊ ပြောသာပြောပါ၊ ကျုပ်တို့ကို ဘာလုပ်စေချင်သလဲ"ဟု ဆို၍ -
"မိတ်ဆွေတို့ ၊ ဘ၀ခရီး သွားနေတဲ့သူတွေအတွက် ဒါ ဖြစ်ရိုးဖြစ်စဉ်ပါ၊ ဘာမှ အားငယ်စရာ မလိုပါဘူး၊ တစ်ခုတော့ ပြောချင်တယ်၊ မိတ်ဆွေတို့ အားလုံးဟာ သူတို့ ပြောတဲ့အတိုင်း လူဆိုး၊ သူခိုး၊ ပုန်ကန်မယ့်သူတွေလား"
"ဘယ်ကလာ.. ကျုပ်တို့ သူခိုးသူပုန် ဟုတ်ရမှာလဲဗျာ့"

"အေး ... ဒါ အမှန်တရားပဲ၊ ကျုပ်တို့  အားကိုးရမှာ ဒါပဲ ရှိတယ်၊ ဒီ အမှန်တရားကို ဘယ်သူမှ မတော်လှန်နိုင်ပါဘူး မိတ်ဆွေတို့ရယ်၊ ငါသည် သူခိုးသူပုန် ဟုတ်ရိုးမှန်ရင် ဆင်ကြီး နင်းသတ် ပါစေ..။ မဟုတ်လျှင် မနင်းသတ်ပါစေနှင့်၊ မိတ်ဆွေတို့ အားလုံး ကျုပ်က စပြီး ဒီသစ္စာပြုကြရမယ်"
“ကောင်းပါပြီ၊ ပြုပါမယ်"

"နောက်ပြီး အရေးကြီးဆုံးက ကျုပ်တို့ တတွေ ရွာမှာနေတုန်းက နေ့ ရှိသမျှ လိုက်နာကျင့်သုံးခဲ့ကြတဲ့ ကိုယ်ကျင့်တရားတွေ၊ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြန်ပြီူ စဉ်းစားကြဖို့ လိုပါတယ်၊ ဒါ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုကို အသစ်ထပ်ပြုတာပါပဲ"
"နောက်တစ်ခုက ကျုပ်တို့ တတွေ ကတိက၀တ် စာတမ်းမှာ ရာသက်ပန် မည့သူ့ အပေါ်ကိုမျှ အပြစ်မတင် စိတ်မဆိုးပါဘူး၊ မတော်တဆ စိတ်ဆိုးမိသွားလျှင်လဲ ချက်ချင်း ဖြေဖျောက်ပါ့မယ်"
ဆိုတဲ့ ကျင့်ဝတ်ကို ဒီကနေ့ တိုးပြီး လိုက်နာကြဖို့ လိုပါတယ်။

ဒီတော့ မိတ်ဆွေတို့  ....
၁။ ကျုပ်တို့ ကို အကောက်ကြံတဲ့ ရွာစားကြီးအပေါ်ကိုရော၊
၂။ မဂဓပြည့်ရှင် ဘုရင်မင်းမြတ်ကြီးအပေါ်ကိုရော၊
၃။ နင်းသတ်မယ့် ဆင်ရိုင်းကြီးအပေါ်ကိုပါ မိမိကိုယ်နှင့် တစ်ထပ်တည်း စိတ်ထားပြီး မေတ္တာကိုသာ စူးစူးစိုက်စိုက် ပွားကြပါ"။

ဆင်ဖြင့် နင်းသတ်ခြင်း

မဃက ဘ၀တူများအား သတိပေးနေစဉ်မှာပင် မစလရွာသားများ အားလုံးကို ချုပ်နှောင် ဆွဲခေါ်ပြီးလျှင် နန်းရင်ပြင် အလယ်၌ ၀မ်းလျားမှောက် တန်းစီခိုင်းထား၏။ ဆင်ဦးစီးများသည်  ဆင်ရိုင်းကြီးများအား နင်းသတ်ရန် ညာသံပေး၍ မောင်းနှင်၏။ ဆင်ရိုင်းကြီးမှာ တစ်လှမ်းနှစ်လှမ်း သွားရုံမျှ သွားပြီးလျှင် ရှေ့ သို့ မတိုးဘဲ အော်မြည်နေ၏။ လှံများ မှိန်းများဖြင့် ထိုးနှက် မောင်းနှင်ကြ သော်လည်း မရ၊ ရင်ကွဲမတတ် အော်မြည်လျက် ထွက်ပြေးလေ၏။ ရွာစားကြီးနှင့်တကွ လူအများ အံ့အားသင့်နေကြလေသည်။

ထိုအကြောင်း မဂဓ ဘုရင်ကြီးအား သွားရောက် သံတော်ဦးတင်ကြရာ အခြား ဆင်ရိုင်းကြီး တစ်ကောင်ဖြင့် လဲလှယ်၍ နင်းသတ်ရန် အမိန့် ချလိုက်ပြန်၏။ အခြား ဆင်ရိုင်းကြီးတစ်ကောင်ဖြင့် နင်းသတ်ခိုင်းပြန်ရာတွင်လည်း မရချေ။ ဆင်တင်းကုပ်တွင် ရှိသမျှ ဆင်များကို တစ်ကောင်ပြီး တစ်ကောင် ဆွဲထုတ် နင်းသတ်စေရာ တစ်ကောင်မှ မနင်းဝံ့ဘဲ ရှိကြလေ၏။

"လူတွေ သည်အတိုင်း မြင်နေရလို့  မနင်းဝံ့ဘဲနေတာ ဖြစ်လိမ့်မယ်"အထင်ဖြင့် မစလရွာသားများကို ဖျာယိုင်ဖုံးအုပ်၍ နောက်တစ်ချီ နင်းသတ်ခိုင်းပြန်ရာ မည်သည့်ဆင်မျှ မနင်းဝံ့ဘဲ အော်မြည် ထွက်ပြေး၍ချည်းသာ သွားကြလေသည်။
မဂဓဘုရင်ကြီးသည် မည်သို့ မျှ ဆင်ဖြင့် နင်းသတ်၍ မရသောအခါ အကြံရခက်နေ၏။ ဆေးမြစ် ဆေးကောင်း အဆောင်ကောင်း ရှိမရှိ  တစ်ယောက်စီ စစ်ဆေးခိုင်းရာ မည်သည့် အဆောင်မျှ မတွေ့ ။

တစ်စုံတစ်ခုသော အတတ်ပညာကြောင့်များလား ထင်ကာ မေးမြန်းစစ်ဆေးရာ ခေါင်းဆောင် မဃက "ဟုတ်ကဲ့ ကျုပ်တို့ မှာ မန္တာန်ရှိပါတယ်"ဟု ဆိုသဖြင့် ဘုရင့်ထံ ခေါ်ဆောင် သွားကြသည်။
ဘုရင်က တတ်သိသော မန္တန်ကို ပြောစေခိုင်းရာ - မဃက
"ကျွန်တော်မျိုးတို့  တတ်ထားတဲ့ မန္တန်က တခြားမဟုတ်ပါ၊ သူ့ အသက်ကို မသတ်ပါ၊ သူ့ ဥစ္စာကို မခိုးပါ၊ သူ့ အိမ်ရာကို မကျူးလွန်ပါ၊ လိမ်လည် မပြောပါ၊ သေရည်သေရက် မသောက်စားပါ၊ မေတ္တာ ပွားပါတယ်၊ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းပြီး ကောင်းမှုလုပ်ပါတယ်၊ နတ်ပြည်လမ်း ဖောက် ပါတယ်"

 ဤသို့  စသည့်ဖြင့် မစလ ဥပဒေများ၊ အများချမ်းသာကောင်းစားရေး အတွက် လုပ်ဆောင်ချက်များ အားလုံးကို ဖော်ပြကာ ....
"ဒါဟာ ကျွန်တော်မျိုးတို့ ရဲ့  မန္တန်ပါပဲ၊ ပရိတ်ပါပဲ၊ ကြီးပွားရေးလုပ်ငန်းလဲ ဖြစ်ပါတယ်။" ဟု သံတော်ဦး တင်လိုက်၏။ ရွာလုံးကျွတ် နတ်ပြည်ပြောင်း၍ ရွာတည်ခြင်း သစ္စာပြုကာ မေတ္တာ ဘာဝနာ ပွားများပုံများကိုပါ ကြားသိရသဖြင့်

မဂဓဘုရင်ကြီးသည် -
"အမောင်တို့  ၊ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ ဆင်ကတောင် မောင်တို့ ရဲ့  ကျေးဇူးဂုဏ်ကို သိပေတယ်၊ ငါကိုယ်တော်မြတ်ဟာ လူပင်ဖြစ်လျက် မသိခဲ့ဘူး၊ မောင်တို့ ခွင့်လွှတ်ကြပါ" ဟုဆိုကာ ကုန်းတိုက် (ခြေထိုး)သူ ရွာစားကြီးမိသားစုကို ရွာစားအရာမှချ၍ မစလ ရွာသားများအား အခိုင်းအစေအဖြစ် ပေးကာ မစလရွာကိုလည်း လွတ်လပ်စွာ အုပ်ချုပ်နေထိုင်ကြရန် ဆုတော်ငွေများနှင့် ဆင်ကိုပါ ဆုချ လိုက်သဖြင့် ဆင်စီး၍ ၀မ်းသာစွာ ပြန်ကြလေ၏။

ဆင်ကို တစ်လှည့်စီ စီး၍ ပြန်လာကြစဉ် လမ်းခရီး၌ -
"မိတ်ဆွေတို့  နောက်ဘ၀အတွက် ရည်ရွယ်ပြီး ငါတို့ လုပ်ခဲ့တဲ့ ကောင်းမှုဟာ ရေထဲက ထိုးထွက် လာတဲ့ ကြာပန်းလို ငါတို့ မှာ အခုလက်ငင်း ခံစားနေကြရပါပကောလား။ မိတ်ဆွေတို့ ၊ ဒီကရှေ့ ကောင်းမှုကို တိုးပြီးလုပ်မှ တော်မယ်"ဟု ပြောဆိုကြကာ ရှေးကထက်ပို၍ ကြီးကျယ်သော တည်းခို ဇရပ်ကြီးများ စသည်တို့ ကို ပြုလုပ်ကြလေသည်။

မစလ ရွာလယ်ဇရပ်ကလေးမှာ သီးခြား မစလ လွှတ်တော်တစ်ခု ဖြစ်လာလေသည်။ မဃ အမှူးရှိသော မစလရွာသားများ သေလွန်ကြသောအခါ မစလ ရွာကလေး ရွာလုံးကျွတ် နတ်ပြည်သို့ ရွှေ့ ပြောင်းသွားကြ၏။ "တာဝတိံသာ"ဟု ယခုခေါ်ကြသည်။ မဃကား ယခုအခါ သိကြားမင်းကြီး ဖြစ်သတည်း။

(ဓမ္မာစရိယဦးဋ္ဌေးလှိုင်ရေးသားသော မေတ္တာဝါဒ မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ