Friday, December 12, 2014

ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း


ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း

လူ့ဘဝတစ်သက်မှာ လူတိုင်းလူတိုင်း ပျော်ရွှင်ခြင်းကိုခံစားဖူးသလို ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ လည်း ရင်ဆိုင်ဖူးကြတယ်။ ပျော်ရွှင်ချိန်မှာ အချိန်ကတိုတောင်းလွန်းတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ဆင်းရဲဒုက္ခရောက်ချိန်မှာ အချိန်ကရှည်လျားလိုက်တာလို့ ကျွန်တော်တို့ ညည်းတွား ကြတယ်။ ပျော်ရွှင်ခြင်းနဲ့ ဆင်းရဲဒုက္ခဆိုတာ ခွဲလို့မရတဲ့ အမွှာပါ။ ဘုရားသခင်က လူတိုင်း အပေါ် မျှတခဲ့ပါတယ်။ ဆင်းရဲဒုက္ခဆိုတာ ပျော်ရွှင်ခြင်းနဲ့ အမြဲတွန်တွဲနေပါတယ်။

ပျော်ရွှင်ခြင်းကို ခံစားတတ်ရင် ဆင်းရဲဒုက္ခကိုလည်း ခံစားရတတ်ပါမယ်။ ပျော်ရွှင်ခြင်းကိုခံစားတာက သင့်ရဲ့ ပြီးမြောက်ခြင်း၊ အောင်မြင်ခြင်းကို ဆတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းကို ခံစားတာက သင့်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ သည်းခံစိတ်ကို ပိုတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ရင်ဆိုင်ရချိန် သင်တုန်လှုပ်တွေဝေပါသလား? မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ ရောက်ချိန် မလျော့တဲ့ဇွဲနဲ့ သင်ကြံ့ကြံ့ခိုင်နိုင်ပါသလား? ဒါကတော့ သင့်ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ကြုံချိန် စိတ်မပျက်၊ လက်မလျော့ဘူး၊ သက်ပြင်းမချဘူး၊ ရှေ့ဆက် ခြေလှမ်းတွေ မရပ်ဘူး။ ဒါဟာ ဘဝရဲ့လေ့ကျင့်မှုတစ်ခုလို့ မှတ်ယူမယ်။ ဘဝရဲ့ ကြီးပြင်းရှင်သန်မှု တစ်ခုလို့ သဘောထားခဲ့မယ်ဆိုရင် အဲဒီအခက်အခဲတွေက သင့်ဘဝကို အရောင်စုံစုံနဲ့ ရေးခြယ် သီကုံးနိုင်ဖို့ ကူညီပါလိမ့်မယ်။

လူ့ဘဝမှာ ဆင်းရဲဒုက္ခ၊ အခက်အခဲဆိုတာ ရှိကိုရှိပါတယ်။ ဒါဟာ အောင်မြင်ဖို့အတွက် ရှေ့ဆောင် လမ်းပြပါ။ ဆင်းရဲဒုက္ခကို မကြောက်လန့်၊ မတွန့်ဆုတ်တာက အောင်မြင်စိတ်ပြင်းပြတာထက် ပိုတန်ဖိုးရှိပါတယ်။ ဆင်းရဲဒုက္ခနဲ့ကြုံချိန် မကြောက်၊ မရွံ့ဘူး။ အခြားတစ်ဘက်ကကြည့်ရင် ဆင်းရဲ ဒုက္ခဆိုတာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို တိုးမြင့်ပေးတာဖြစ်တယ်။ ကျွန်တော်တို့ကို သန်မာအောင်၊ ရှေ့ဆက်တိုးရဲအောင် လေ့ကျင့်ပေးနေတာဖြစ်တယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲက လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို လှောင်မြိုက်စေတယ်။ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေကို လှုပ်နှိုးစေပြီး အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းစေတယ်။ ထက်မြက်သူတွေ၊ ကြံ့ခိုင်သူတွေက “ကျရှုံးခြင်း”ကို “အင်အား”တစ်ရပ်အဖြစ် ပြောင်းလဲတယ်။ ကမာကောင်တွေလို သဲဆိုတဲ့အနှောင့်အယှက်ကို လှပတဲ့ပုလဲအသွင်ပြောင်းတယ်။

မိုးသက်လေပြင်းဆိုတာမရှိရင် လှပတဲ့သက်တန့်ဆိုတာလည်း မပေါ်နိုင်ပါဘူး။ မဆုံးရှုံးဖူးတဲ့လူ့ဘဝက လှပပြည့်စုံတဲ့ဘဝ မဟုတ်ဘူး။ ကျရှုံးခြင်းကိုအောင်နိုင်ပြီးမှ ရလာတဲ့ အောင်မြင်မှုမျိုးက သင့်ကို ပိုယုံကြည်မှုတိုးစေတယ်။ ပိုအားရကျေနပ်စေတယ်။ လူ့ဘဝကို ပိုလှပစေပါတယ်။

တကယ့်အောင်မြင်တဲ့လူတွေက ကျရှုံးခြင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးမှ အောင်မြင်လာတာ ဖြစ်တယ်။ ဆင်းရဲဒုက္ခကို မခံစားဖူးသူဟာ အောင်မြင်ခြင်းရဲ့ပျော်ရွှင်မှုကိုလည်း မခံစား တတ်ခဲ့ပါဘူး။

လူ့ဘဝကို အလွယ်တကူ လက်မလွတ်ပါနဲ့။ ရှည်လျားတဲ့လူ့ဘဝမှာ ဘယ်သူကမှ အရာရာ အဆင်ပြေချောမွတ်ကြတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်း ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ မလွဲမသွေကြုံကြရတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူတိုင်းဟာ ပိုကြံ့ခိုင်သန်မာလာတယ်၊ ပိုရင့်ကျက်လာတယ်၊ ပိုသတ္တိရှိ ရဲရင့်လာတယ်။ အောင်မြင်မှုနဲ့ ပိုနီးကပ်လာပါတယ်။ ဆင်းရဲဒုက္ခက လူကိုအတွေ့အကြုံတွေ ပိုတိုးစေရုံမက ဘဝကိုလည်း မပြတ်မြင့်တင်ပေးပါတယ်။ ဆင်းရဲ ဒုက္ခကြောင့် လူ့ဘဝကို ပိုတန်ဖိုးထားသင့်၊ ပိုချစ်ခင်မြတ်နိုးသင့်ကြောင့် ကျွန်တော်တို့ကို ပိုနားလည် စေခဲ့ပါတယ်။

ဘဝက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါ။ အနာဂတ်ဆိုတာလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ပျော်ရွှင်ခြင်း ဆိုတာကလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ဒါကြောင့် ဘဝကို ပိုတန်ဖိုး ထားရပါတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ရှေ့တိုးအောင်၊ အတွေ့အကြုံ၊ ရင့်ကျက်မှုတွေ စုပေးနိုင်သလို တစ်ဘက်မှာလည်း ချောက်နက်ထဲကို တွန်းပို့နိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စိတ်နေ သဘောထားနဲ့ ကျွန်တော်တို့ ပြုမူဆက်ဆံရပါတယ်။ ဆင်းရဲဒုက္ခရဲ့အကျိုးကို မှန်မှန်ကန်ကန် နားလည်ပြီး အဲဒီဆင်းရဲဒုက္ခကို အင်အားတစ်ရပ်အဖြစ် ပြောင်းလဲမယ်။ အောင်နိုင်မယ်ဆိုရင် ဘယ်လိုအခက်အခဲကမှ သင့်ကိုနလန်မထအောင် မတွန်းဖြိုနိုင်ပါဘူး။

လူ့ဘဝမှာ ပျော်ရွှင်ခြင်းက ကျွန်တော်တို့ကို ပြုံးပျော်ကြည်နူးမှုတွေပေးတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ပြန်လည်တမ်းတမှုတွေပေးတယ်။ လူ့တစ်သက်မှာ တကယ့်ပျော်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေကို ကျွန်တော်တို့ သတိမရတတ်ကြဘဲ ဆင်းရဲဒုက္ခ နာကျင်ခြင်းတွေကိုကျတော့ တော်ရုံနဲ့ မမေ့တတ်ကြဘူး။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းတွေကို ကျွန်တော်တို့ရှောင်လို့လည်းမရ၊ ငြင်းဆန်လို့လည်းမရတဲ့အခါ ဖြစ်လာသမျှ ဆင်းရဲဒုက္ခတွေကို အပြုံးနဲ့ရင်ဆိုင်ပြီး အင်အား တစ်ရပ်အဖြစ် ဘာဖြစ်လို့ ကျွန်တော်တို့မပြောင်းနိုင်ရမလဲ?

လက်ခံတတ်အောင် သင်ယူပါ။ သည်းခံတတ်အောင် သင်ယူပါ။ ခံစားတတ်အောင် သင်ယူပါ။ ခွင့်လွှတ်တတ်အောင် သင်ယူပါ။ တန်ဖိုးထားတတ်အောင် သင်ယူပါ။ ကိုယ်ချင်းစာတတ်အောင် သင်ယူပါ။ ဒါမှ သင့်ဘဝဟာ ပိုထွန်းတောက် အရောင်စုံပါလိမ့်မယ်။

original post from --- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။