အဆင့်မြင့်လူပျိုကြီးပဲ လုပ်တော့မယ်
အဆင့်မြင့်လူပျိုပိစိကွေး
လေးတန်းနှစ်လောက်က ရှင်လေးမော်ကို သူမေးခဲ့ဖူးတာလေး အမှတ်ရမိပြန်ပါတယ်။ အသက်ကြီးလာရင် မင်းက ဘာလုပ်မှာလဲတဲ့။ ရှင်လေးမော် မယားတဲ့ခေါင်းကို လက်နဲ့  ထပ်တလဲလဲကုတ်ရင်း စဉ်းစားပြီးမှ “ငါကတော့ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု ကျွမ်းကျင်အောင် သင်ယူမယ်ကွာ။ ပြီးတော့ တစ်ယောက်ထဲ အေးအေးလူလူရှိလှတဲ့ လူပျိုကြီးပဲ လုပ်မယ်ကွာ”လို့  ပြန်ဖြေခဲ့ဖူးပါတယ်။
မင်း လူပျိုကြီး လုပ်မယ်ဆိုရင် အဆင့်မြင့်လူပျိုကြီးပဲ လုပ်ပေါ့တဲ့။ ရှင်လေးမော်လည်း နားမလည်တာနဲ့ အဆင့်မြင့် လူပျိုကြီးဆိုတာ ဘယ်လိုဟာမျိုးလဲ ချက်ချင်းပဲ မေးကြည့်လိုက်ပြန်တော့ “ဘုန်းကြီးဝတ်တာကို ပြောတာကွ”တဲ့။ ရှင်လေးမော်လည်း အဲဒီကတည်းက အဆင့်မြင့်လူပျိုကြီးဆိုတဲ့ စကားလုံးကို ဘာကြောင့်လဲတော့ မသိ၊ ထပ်တလဲလဲ ရေရွတ်မိခဲ့ပါတယ်။ အဲဒီစကားလုံးလေးဟာ ဘ၀မှာ နှစ်သိမ့်စရာ တစ်ခုအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့…သူငယ်ချင်းရယ်…။ မင်းပြောတဲ့ အဆင့်မြင့် လူပျိုကြီးဆိုတဲ့ ဘ၀လမ်းကို ရှင်လေးမော် တစ်ယောက် လျှောက်လှမ်း လာလိုက်တာ လမ်းတစ်ဝက်ကျော်ကျော်တောင် ရောက်နေမိပါပေါ့။ မင်းကတော့ ချစ်ဦးသက်လျာရဲ့ လက်ကိုတွဲကာ၊ တစ်သက်ကို မခွဲချင်ပါဆိုပြီး မင်္ဂလာဦးမှာ အလင်္ကာကျူးနေပြီပေါ့နော်။ အဲ… ဘယ်ရောက်ကုန်တာလဲ မသိ။ ဘာမှလည်း မဆိုင်ဘူး။ ရှိစေတော့……။
အဲဒီသူငယ်ချင်း သူ့ အသက် ငယ်ငယ်လေးနဲ့ မိန်းမရမှာကိုလည်း ရှင်လေးမော်တစ်ယောက် ရိပ်မိခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ သူငယ်ငယ်က မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ သီချင်းခွေမှန်သမျှ အကုန်ဝယ်ပြီး နားထောင်တတ်ပါတယ်။ အလွတ်လည်း ကျက်လေ့ရှိပါတယ်။ ကျောင်းမှာ လူစုစုရှိတဲ့ နေရာတွေမှာဆိုရင် အသံကွဲကြီးနဲ့  အစွမ်းပြ ဟစ်တော့တာပါပဲ။
ကစားပြီဆိုရင်လည်း မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ ကစားနည်းတွေပဲ ကြံကြံဖန်ဖန် လုပ်ကစားတတ်ပါတယ်။ သူကိုယ်တိုင် သတိုးသား လုပ်ချင်လုပ်ပါတယ်။ ဒါမှမဟုတ် တခြားတစ်ယောက်ကို သတိုးသား လုပ်ခိုင်းပြီး သူက မင်္ဂလာဆောင် ဧည့်ခံသီချင်းတွေ ဆိုတော့တာပါပဲ။ ပြီးတော့ သူအဲဒီလို ကစားတဲ့ အခါတိုင်း ရှင်လေးမော်ကို သူပြောနေကျ စကားတစ်ခွန်းက “အဆင့်မြင့်လူပျိုကြီး လုပ်မယ့် သူဆိုတော့ မင်းက မင်္ဂလာဦးတရား ဟောရမယ့် ဘုန်းကြီး နေရာက သရုပ်ဆောင်ကွာ” တဲ့။ ကဲ….မှတ်ကရော…။ ဆယ်ခါပြန်သာ သေလိုက်စမ်းပါတော့…ရှင်လေးမော်ရယ်။ ဒီလောက် လူပျိုကြီးလုပ်ချင်လှတာ။
အခုလည်း ကြည့်လေ။ တွေ့ တာနဲ့  ဇနီးမောင်နှံတို့  လိုက်နာစရာ မင်္ဂလာ တရားလေး ဟောပေးပါဦးဘုရားတဲ့။ အော်.. ခက်လှချေစွ၊ သူငယ်ချင်း ဒကာလေးရယ်။ အဆင့်မြင့်လူပျို ပိစိကွေး ရှင်လေးမော် မင်္ဂလာဆောင်နဲ့ ပတ်သက် တဲ့ တရားမျိုးကိုတော့ မဟောခိုင်းလိုက်ပါနဲ့ လားကွယ်၊ တကယ် မဟောတတ်သေးပါဘူး။ ငယ်ငယ်တုန်းကသာ မင်္ဂလာဆောင်တရားနဲ့  ဆိုင်ဆိုင်၊မဆိုင်ဆိုင် ရတဲ့ ဂါထာရွတ်ပြီးတော့ ကလေးသဘာဝအလျောက် ပျော်ရရင် ပြီးရော လုပ်ရတာပါကွယ်လို့  ပြန်ပြောလိုက်ပါတယ်။
ဒီလိုပြောလို့ လည်း သူက မရပါဘူး။ တစ်ခုခုတော့ ဟောကိုဟောပေးရမယ်တဲ့။ သူက ဇွတ်အတင်းကြီး ဟောခိုင်းနေသလို၊ ဘေးနားက “ဟုတ်တယ် ဘုန်းဘုန်း ဟောပေးပါဦး” ဆိုပြီး မာတုဂါမအသံနဲ့  တစ်ယောက်က အော်ပြီးပြောလိုက်တာကိုလည်း ကြားရပါသေးတယ်။
ဒါနဲ့  အနားက ဘယ်သူလဲဆိုတာ မေးကြည့်လိုက်တော့ ကြွားလုံး အသားကုန်ထုတ်ပြနေတဲ့ လေသံနဲ့  တပည့်တော် ချစ်ဇနီး ပူပူနွေးနွေးလေးပါတဲ့။ သူမင်္ဂလာဆောင်လိုက်တဲ့ ဇနီးကိုနာမည်ကို မေးကြည့်ပြန်တော့လည်း ရှင်လေးမော်နဲ့  သူ့ ဇနီးက မောင်နှမ ၀မ်းကွဲတော်ပါသေးတယ်။ ရှည်ပြီး မေးမိတဲ့ ရှင်လေးမော် ပါးစပ်နဲ့ ၊ ကြားလိုက်ရတဲ့ နားကိုသာ ဖြစ်နိုင်ရင် ပလာစတာနဲ့  ပိတ်ထားလိုက်ချင်ပါတော့တယ်။ မေးမိခဲ့တာရယ်၊ ကြားရတာရယ် မျက်နှာပူမိလွန်းလို့ ပါ။ အော်…ဘုန်းကြီးဆိုတာ မျက်နှာပူစရာ တစ်ဖတ်သက် ရောက်ဖသာ ဖြစ်ရတဲ့ ဘ၀ပါလားကွယ်။
ဇွတ်အတင်းကြီး ဟောခိုင်းနေပြန်တော့လည်း ရှင်လေးမော်တစ်ယောက် မငြင်းသာတော့လေပြီ။ နှမတော်ကလည်း သူပြောတဲ့ ဇနီး ပူပူနွေးနွေးလေး နေရာက ၀င်သရုပ်ဆောင်နေပြန်တော့ သူတို့  အိမ်ထောင်ရေး အဆင်ပြေစေဖို့ ၊ နာဖူးထားတဲ့ ကြာနီကန်ဆရာတော်ရဲ့ တရားကိုပဲ မော်ဒန်ကျကျ လေသံတစ်မျိုးနဲ့  အောက်ပါအတိုင်း ဟောပေးလိုက်ပါတော့တယ်။ (အသံအတက်အကျ မှန်မှန်နဲ့ သာ ဖတ်စေလို) အဟမ်းး)
အဂုင်္တ္တရနိကာယ် မြတ်စွာဘုရား ဟောကြားခဲ့တယ်။ ထင်ရှားအောင် နာစေချင်တယ်။
မာတုဂါမသုတ်ဝယ်၊ အဟုတ်ကို ထုတ်ပြတယ်။
အိမ်ထောင်ရှင် လင်သား၊ ယောက်ျားများရဲ့ အတွက်ကိုကွယ်။ ဗုဒ္ဓဘဂ၀ါရယ်၊ ပုရိသသုတ် ထုတ်ဆောင်ပြခဲ့တယ်။
ရုပ်ရည်လည်း ချောရမယ်၊ ဥစ္စာလည်း ပေါရမယ်၊ အကျင့်သီလ နှော..လို့ ၊ မပျင်းရိတဲ့ သဘောနဲ့ ၊ သားသမီးလည်း ရရမယ်။ အဲဒါမှ လင်နဲ့ မယား အများကြီး ချစ်နိုင်တယ်..။
ကဲ….ချစ်သူငယ်ချင်းနဲ့  ချစ်ညီမရေ…။ ဟောခဲ့တဲ့ တရားဋီကာကိုတော့ မင်းတို့ ကိုယ်တိုင်ပဲ ခေါင်းချင်းဆိုင်ပြီးသာ အသရေ ချဲ့ထွင်ကြကုန်ရာ သတည်း။ မင်္ဂလာဦးမှသည် ရွှေရတု၊ စိန်ရတုတိုင်အောင် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြစေရာ သတည်း။ မင်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ကောင်းချီးသြဘာ၊ ထောပနာ မင်္ဂလာသတင်းသံတွေ အလျှံဝေဘုန်း မိုးလုံးပြည့် လွှမ်းစေရာ သတည်း။ ဘာတွေလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သာဓု…သာဓု… ခေါ်လိုက်ကြစမ်းဟဲ့…..အကြိမ်ကြိမ်။
By မော်ကွန်းသစ်