Wednesday, December 10, 2014

နောင်မှတ, တဲ့နောင်တ



နောင်မှတ, တဲ့နောင်တ

( ၁ )
လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က အဆိုအမိန့်တွေဟာ ဒီနေ့လူတွေအတွက် အသုံးမှကျသေးရဲ့လား……..အသုံးဝင်နေမှု့ ရှိပါရဲ့လားလို့ ကျွန်တော်က ခနခန တွေးမိတယ် ။ အခြေအနေ အချိန်အခါတွေက အများကြီးပြောင်းခဲ့ပြိမဟုတ်လား ။ အခု ကျွန်တော် ရွတ်ဆို ပြမှာတွေကို ခင်ဗျားတို့ နားထောင်ကြည့် ၊ ကျွန်တော်ရွတ်ဆိုပြတဲ့အချက်တွေဟာ ခင်ဗျားတ အတွက် အသုံးဝင်သေးရဲ့လား ၊ အသုံးမ၀င်တော့ဘူးလားဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်ဘဲ ဆုံးဖြတ်ပေါ့ ၊ ကျွန်တော်ကတော့ ဒီအဆိုအမိန့်တွေကို နှစ်သက်သဘောကျလို့ အလွတ်ရအောင်ကို ကျက်မှတ်ထားတယ် ။ အခုရွတ်ပြမည့် အဆိုအမိန့်တွေက ဇနသန္ဒလို့ခေါ်တဲ့ မင်းကြီးက သတိပေး ဆိုမိန့်ခဲ့တာတွေပဲဗျ ။
(မိတ်ဆွေဖြစ်သူ ပြောဆိုသော ဇနသန္ဒမင်းအကြောင်းကို ဒွါဒသနိပါတ် ဇာတ်ဝတ္ထုတွေထဲက ငါးခုမြောက်ဇာတ်တော်ဖြစ်တယ်လို့ သိရပါတယ် ။)

( ၂ )
“……..ဤ ဆယ်ပါးသော အကြောင်းအရာ ၊ လုပ်ငန်းကိစ္စတို့ကို ရှေးအခါက မပြုလုပ် မဆောင်ရွက် ခဲ့မိသော သူသည် နောင်အခါ၌ စိုးရိမ်ပူပန်ရတတ်၏ ။
(၁) ရသင့်ရထိုက်သော ဥစ္စာပစ္စည်းကို မရသည်ရှိသော် စိုးရိမ်ပူပန်ရ၏ ။ ငါသည်ငယ်ရွယ်စဉ်အခါက ပစ္စည်းဥစ္စာကို မဆည်းပူး ၊ မစုဆောင်းခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန် ရ၏ ။
(၂) အတတ်ပညာမရှိသူအား အသက်မွေးရခြင်းသည် ဆင်းရဲငြိုငြင်လှ၏ ။ ငါသည် ငယ်ရွယ်စဉ် အခါ၌ အတတ်ပညာကို မသင်ကြားခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၃) ငါသည် ငယ်ရွယ်စဉ်အခါ၌ ကောက်ကျစ်စဉ်းလဲသော အမှုကိုပြုမိခဲ့၏ ။ သူတစ်ပါး၏ ကျောကုန်းသားကို စားသကဲ့သို့ ချောပစ်ကုန်းတိုက်သောစကားကို ဆိုခဲ့မိ၏ ။ ကြမ်းကြုတ်သော စကားကို ဆိုခဲ့မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၄) ငါသည်ငယ်ရွယ်စဉ်အခါ သူ့အသက်ကိုသတ်မိ၏ ။ ရက်စက်ကြမ်းကြုတ်ခဲ့၏ ။ ယုတ်မာခဲ့၏ ။ သတ္တ၀ါတို့အပေါ် သနားကြင်နာခြင်းကို မပြုခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၅) ငါသည်ငယ်ရွယ်စဉ်အခါ သူတစ်ပါးတို့ မသိမ်းဆည်းအပ်သော မိန်းမများရှိပါလျှက် သူတစ်ပါးမယားကို မှီဝဲကျူးလွန်မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၆) ငါသည် ငယ်ရွယ်စဉ်အခါ ထမင်းအဖျော် ဥစ္စာစည်းပွားရှိပါလျှက် အလှူဒါနကို မလှူဒါန်းမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၇) ငါသည် ငယ်ရွယ်စဉ်အခါက ဥစ္စာအား ။ ကိုယ်အားဖြင့် စွမ်းနိုင်ပါလျှက် အိုမင်းသော အမိအဖတို့ကို မကျွေးမွေးမိခဲ့ ၊ မပြုစုမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၈) လက်ဦးဆရာဖြစ်၍ ဆုံးမပဲ့ပြင်လျက် အလုံးစုံသောအရာတို့ကို ငါ့အားပေး၍ ကျွေးမွေးပြုစုသော အဖကိုငါသည် မထေမဲ့မြင် ပြုခဲ့မိ၏ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။
(၉) သီလရှိ၍ ဗဟုသုတများသော ရဟန်းသူတော်သူမြတ်တို့ကို ငါသည် ရှေးအခါက မဆည်းကပ်မိခဲ့ ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။
(၁၀) ငါသည်ရှေးအခါက ငြိမ်သက်သော ၊ ဆည်းကပ်အပ်သော ခြိုးခြံသော အကျင့်မျိုးကို မကျင့်မိခဲ့ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။

….ဤဆယ်ပါးသော အကြောင်းအရာလုပ်ငန်းကိစ္စတို့ကို ပြုလုပ်ခဲ့မိသောသူသည် နောင်အခါ စိုးရိမ်ပူပန်ခြင်းမရှိနိုင် …..။
အထက်ပါဆယ်မျိုးကို အလွန်နောင်တရစရာ ဆယ်မျိုးအနေနဲ့ ကျုပ်ကတော့ ခေါင်းစဉ် တပ်ချင်တယ် ။

( ၃ )
အထက်ပါပု၈္ဂိုလ်၇ဲ့ စကားအဆုံးမှာ မိတ်ဆွေတစ်ဦးက “နောင်တ “ နဲ့ပါတ်သက်ပြီး ဆရာကြီး ပီမိုးနင်း သတိပေးစကားပြောခဲ့ပုံကို ပြောပြပါတယ် ။ သူက…..
“အချိန်”ဆိုတာဟာ အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးဖြစ်တယ် ။ အဲဒိအချိန်ဆိုတဲ့အရင်းအနှီးနဲ့ ကျမ်းမာခြင်း ဆိုတဲ့ အရင်းအနှီးကိုရတဲ့သူမှာ ငွေအရင်းအနှီး ၊ ပညာအရင်းအနှီး ရဖို့ မခက်တဲ့ အကြောင်းကို ဆရာကြီးပီမိုးနင်းက အလေးထားပြီး ပြောခဲ့တာ ။

နပိုလျံဟာ ၀ယ်လင်တန်ကိုတိုက်ဖို့ ၀ါတာလူးစစ်ပွဲကိုရောက်တော့ နေ၀င်တော့မည့်အချိန် ဖြစ်နေတယ် ။ နပိုလျံဟာနောက်ကျသွားတယ် ။ ဒိအခါမှာ နပိုလျံဟာ စစ်မြေပြင်မှာရပ်ပြီး နေလုံးကြီးဆီကို လှမ်းကြည့်ပြီးတော့ “ ဒီနေ့အတွက် ၂ နာရီလောက်သင့်ကို ငါတားလို့ရမယ်ဆိုရင် လောကမှာဘာမဆို ငါပေးနိုင်ပါရဲ့ “လို့ ညည်းတွားတယ်တဲ့ ၊ အဲဒီစစ်ပွဲဟာ နပိုလျံရဲ့ဘုန်းမီးကို အပြီးတိုင် ငြိမ်းစေတဲ့စစ်ပွဲဖြစ်တယ်တဲ့ ။

အဲဒီနပိုလျံလို နောက်ကျမှနောင်တရသူတွေ လောကမှာ မရေမတွက်နိုင်အောင် ရှိမှာပဲတဲ့ ။ အသက်လို့ဆိုရတဲ့ နေရောင်ရဲ့အဆုံးနားကျခါမှ လွန်ခဲ့ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်မျှော်ရင်း ၀င်လုဆဲနေရောင်မှာ မြင်နေရတဲ့တောင်ထွတ် တောင်ထိပ်တွေကို ငါရောက်အောင် မတက်မိလေခြင်းလို့ နောင်တကြီးစွာရသူတွေ အများကြီးရှိမှာပဲ ။ ဒီလူတွေဟာ အချိန်ရှိခိုက် လုပ်ရမည့် အရာတွေကို မလုပ်ဖြစ်တဲ့သူတွေဆိုတာ နောင်တမလွန်ဘ၀မှာလည်း ဒီလိုပဲ နောင်တရကြမယ့် အထုံဓလေ့ကို သူတို့နဲ့အတူ မကွဲမကွာ ဆောင်ယူသွားကြမှာပဲတဲ့ ။

လူတစ်ဦးရဲ့ တစ်သက်တာအတွင်းမှာ ရရှိနိုင်တဲ့အချိန်ဟာ သိပ်မများလှဘူး ။ ဥပမာ အသက် ၆၀ နေရသူမှာ နှစ်ပေါင်းနှစ်ဆယ်လောက်ဟာ အိပ်ရာမှာကုန်သွားတယ် ။သက်တမ်းရဲ့ နှစ်ပေါင်း ၂၀ လောက်ကို အိပ်ပစ်တယ်ပေါ့ ။
စားတာသောက်တာအတွက် ကုန်တဲ့အချိန်က ၃ နှစ်ကျော်တယ်တဲ့ဗျ ။
စားပွဲမှာ စားသောက်ရာမှာ ပွဲရံအပြောင်းအလဲမှာ စောင့်ဆိုင်းရတဲ့အချိန်က ၉ လလောက်ကုန်တယ် ။
အလုပ်အတွက် ၁၇ နှစ်ခွဲလောက် အချိန်ရတယ် ။ အပျော်အပါးအတွက် ၇ နှစ်ခွဲလောက် ၊ လမ်းလျှောက်တာ ကစားတာအတွက် ၆ နှစ်နဲ့ ၇ လလောက် ၊ ၀တ်စားဆင်ယင်ရေးအတွက် ၂ နှစ်ခွဲလောက်ကုန်တယ် ။

ဘာမှမလုပ်ဘဲ နေနေတဲ့အချိန်မျိုးကလည်း ၂ နှစ်ခွဲလောက်ကုန်သွားတာပဲတဲ့ ။ကျုပ်အဖြစ်က ဆရာပီမိုးနင်းပြောတာထက် အချီးနီးအချိန်တွေ ကုန်ခဲ့တယ်ဗျ ။ အခု ကျွန်တော်ပင်စင်ယူပြီးလို့ ကိုယ့်ဘ၀ရဲ့အတိတ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာ … မပျော်ပိုက်တဲ့အလုပ်ခွင်မှာချည့် ငါ့ဘ၀ဟာ အချိန်ကုန်ခဲ့ရပါလားလို့ နောင်တတွေ အကြီးအကျယ်ရမိတယ်ဗျာ ၊ ရှေ့မှာလည်း ဘယ်လိုနောင်တတွေ ရဦးမယ်မသိဘူး ၊ကျွန်တော်ကတော့ နောင်တသံသရာထဲမှာ တ၀ဲဝဲလည် ဖြစ်နေဦးမယ်ထင်ပါရဲ့ ။

ဆက်လက်ဖော်ပြပါမည်…….
နန္ဒာသိန်းဇံ