“ဗုဒ္ဓသာသနာမှအပ ဘယ်သာသနာမှာမှ မရှိတဲ့ အပါယ်လွတ် ကုသိုလ်များ”
“ယေသံပန ကုလာနံ တိဏိသရဏာနိ ပဉ္စသီလာနိ ဧကံသလာကဘတ္တံ၊ ဧကံပက္ခိယဘတ္တံ၊
ဧကံဝဿာဝါသိကံ၊ ဧကာပေါက္ခရဏီ၊ ဧကောအာဝါသော၊ ဧဝရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ သောတာပန္တသဒိသာမေဝ တာနိကုလာနိ။ (အံ၊ဋ္ဌ၊၃၊ သဥပါဒိသေသသုတ်)”
ဧကံဝဿာဝါသိကံ၊ ဧကာပေါက္ခရဏီ၊ ဧကောအာဝါသော၊ ဧဝရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ သောတာပန္တသဒိသာမေဝ တာနိကုလာနိ။ (အံ၊ဋ္ဌ၊၃၊ သဥပါဒိသေသသုတ်)”
နိဗဒ္ဓပုညလို့ဆိုတဲ့ ကောင်းမှု(၇)မျိုး၊
ဒီကောင်းမှု(၇)မျိုးထဲက တစ်မျိုးမျိုးရှိထားတဲ့သူဟာ “ဂတိနိဗဒ္ဓ= ဂတိမြဲတယ်” လို့ဆိုခြင်းဖြစ်ပါတယ်။ ဘယ်သူနဲ့တူသလဲလို့ဆိုရင် သောတာပန် နဲ့
တူပါတယ်တဲ့။ သောတာပန်ဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ဘဲ သောတာပန်ပုဂ္ဂိုလ်နဲ့တူတယ်လို့
ဆိုလိုခြင်းပါ။ ဒီကုသိုလ်(၇)မျိုးကိုပဲ တစ်ချို့သော ဆရာတော်ကြီးများက အပါယ် မကြောက်(၇)ယောက်လို့
ဆိုကြပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက “နိဗဒ္ဓပုည” ဆိုတဲ့ ပုဒ်ပဲဖြစ်ပါတယ်။ သူက ဘာပြောသလဲဆိုတော့ တစ်ခါတစ်ရံ စိတ်ကူးပေါက်ပြီး
ထလုပ်တဲ့ ကောင်းမှုမျိုး မဟုတ်ဘဲ၊ သေတပန်သက်တစ်ဆုံး အသက်နဲ့ လဲသင့်ရင် လဲရမယ့်
ကောင်းမှုမျိုးလို့ ရည်ညွှန်းပါတယ်။
အဲဒီကုသိုလ်(၇)မျိုးက ဘာတွေလဲလို့ဆိုရင်
၁။ တိဏိသရဏာနိ- သရဏဂုံ အမြဲဆောက်တည်ရမယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-
မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ-
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ- သံဃာကို
ကိုးကွယ်ဆည်းကပ်ပါ၏။
ဒီလိုသရဏဂုံသုံးပါးကို အမြဲကိုးကွယ်ဆည်းကပ်ထားတဲ့
ပုဂ္ဂိုလ်၊ မိရိုးဖလာကိုးကွယ်တာမျိုးမဟုတ်။ မိဘဘိုးဘွားလက်ထက်က ဆင်းသက်လာလို့
မိဘတွေ အဘိုးအဖွားတွေက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လုပ်လာလို့ ဘာမှ ရေရေရာရာ မသိဘဲ ရမ်းပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လုပ်နေတာမျိုး မဟုတ်၊ မြတ်စွာဘုရားအကြောင်း၊ သေသေချာချာသိပြီး
ကိုးကွယ်ဆည်းကပ်တာမျိုး၊ တရားအကြောင်း သံဃာအကြောင်း သေသေချာချာသိပြီး
ကိုးကွယ်ဆည်းတာမျိုး သဒ္ဓါ ပညာဦးစီးတဲ့ ကိုးကွယ်ဆည်းကပ် တာမျိုး ဖြစ်ရမှာပါ။
ဘယ်လောက်အထိကိုးကွယ်ဆည်းကပ်ရမှာလဲ
ရာသက်ပန်အသက်ထက်ဆုံး အသက်နဲ့လဲပြီး ကိုးကွယ်ဆည်းကပ်ရမှာဖြစ်ပါတယ်။ ဒါမှ
သောတာပန်နဲ့ အလားတူပြီး “ဂတိနိဗဒ္ဓပုည” ဖြစ်ကာ
အပါယ်မလားဘဲ ကောင်းရာသုဂတိလားမှာဖြစ်ပါတယ်။ သုပ္ပဗုဒ္ဓလူနူကြီးတို့၊
ဓနဉ္စာနီတို့ကဲ့သို့ ရာထူး ငွေကြေး အသက်အန္တရာယ်များနှင့် မြူဆွယ်ခြိမ်းခြောက်ခံရသော်လည်း
ရတနာသုံးပါးကို မစွန့်တဲ့ သရဏဂုံမျိုးပင်ဖြစ်အောင် စောင့်ထိန်းရမှာပါ။
၂။ ပဉ္စသီလာနိ-
ငါးပါးသီလမြဲရမယ်။
ငါးပါးသီမြဲဆိုလို့ ဆိုရိုးဆိုစဉ်အတိုင်း
“ပါဏာတိပါတာ ဝေရမဏိ
သိက္ခာပဒံ သမာဒိယာမိ” လို့ သာမည
ဆိုထားရုံနဲ့ မရပါဘူး။ တကယ်သတ်ဖို့ ကြုံလာတဲ့အခါ တကယ် “ဝေရမဏိ” နိုင်ရပါမယ်။ သောတာပန် အဖြစ်သို့ ရောက်သွားကြတဲ့ ပုဂ္ဂိုလ်များဟာ သိလျက်နဲ့
ဘယ်တော့မှ သူများအသတ်ကို မသတ်ကြတော့ဘူး။ လည်ပင်းပေါ်ဓားမိုးပြီး သတ်ခိုင်လည်း
အသက်သာ အသေခံတယ်။ သူများအသတ်ကို မသတ်ဘူး။ သူများကိုလည်း အမြင်မတူရင် သတ်ပါလို့
မတိုက်တွန်းဘူး။ ဒါကြောင့် သောတာပန်များ အပါယ်မလားတော့ဘဲ “ဂတိနိဗဒ္ဓ”
ဂတိမြဲတာပါ။ ဒါကြောင့် ဒီမှာ “ပဉ္စသီလ” ဆိုတဲ့ နိဗဒ္ဓပုည ရှိရမယ်ဆိုတာ သောတာပန်များ
ငါးပါးသီလမြဲသလို မြဲကြရမှာဖြစ်ပါတယ်။ ဒါမှ “ဂတိနိဗဒ္ဓ” ဖြစ်ပြီး အပါယ်မလားတော့ဘဲ ကောင်းရာ သုဂတိလားရမှာဖြစ်ပါတယ်။
၃။ ဧကံ သလာကဘတ္တံ- တစ်ခုသော
စာရေးတံဆွမ်းဝတ် အမြဲလှူရမယ်။
စာရေးတံဆွမ်းဝတ်ဆိုတာ အခုခေတ်လိုပြောရမယ်ဆိုရင်တော့
မဟာဒုတ် ဆွမ်းကျွေးပွဲတွေ ကျင်းပပြီး (၃)တတ်နိုင်သူက(၃)ပါး၊
(၅)ပါးတတ်နိုင်သူက(၅)ပါး၊ ပုဂ္ဂိုလ်ကို မငဲ့ကွက်ဘဲ မဲကျရာသံဃာကို ဆွမ်းကပ်ကြတာပါ။
ဒီသလာကဘတ်လို့ဆိုတဲ့ စာရေးတံ ဆွမ်းဝတ်ကလည်း တစ်ခါတစ်လေမှ ထကပ်တာမျိုး
မဖြစ်စေရပါဘူး။ နိဗဒ္ဓပုည ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး နှစ်စဉ် နှစ်စဉ်(သို့မဟုတ်)
လစဉ်၊ လစဉ် ကပ်နေတဲ့ စာရေးတံဆွမ်းဝတ်ဖြစ်ရမယ်။ ဒါမှ အပါယ်တံခါးပိတ်တယ်ဆိုတာ
ယုတ္တိရှိမှာဖြစ်ပါတယ်။
နှစ်စဉ်၊ လစဉ် ကပ်နေတော့ မကပ်ခင်ရှေ့အဖို့
လပေါင်းများစွာ ရက်ပေါင်းများစွာက ပုဗ္ဗစေတနာတွေ ဖြစ်ရတယ်။ ကပ်ပြီးတော့
နောက်ပိုင်းမှာလည်း နောက်ထပ်မကပ်ခင်ထိ အဖန်ဖန်ဝမ်းမြောက်နေတဲ့ အပရစေတနာတွေ၊
ကပ်နေစဉ်အတွင်းမှာဖြစ်တဲ့ မုဉ္စစေတနာတွေ၊ မဲချ လှူဒါန်းတာဖြစ်ခင်းကြောင့် ငါ့ကိုယ်တော်ပဲ၊
သူ့ကိုယ်တော်ပဲ ဆိုတဲ့ ပုဂ္ဂိုလ်သံယောဇဉ် အစွဲအလမ်းတွေ ကင်းနေတယ်ဆိုရင်ပဲ သံဃိက စစ်စစ်ဖြစ်တော့တာပါ။ ဒါကြောင့်
ဒီသလာကဘတ်ဆိုတဲ့ စာရေးတံဆွမ်းဝတ်ကောင်းမှုဟာ ဂတိနိဗဒ္ဓ ဖြစ်ပါတယ်။ သောတာပန်တွေ
သုဂတိမြဲသလို အပါယ်တံခါးပိတ်ပြီး သုဂတိမြဲတော့တာပဲဖြစ်ပါတယ်။
၎။ ဧကံ ပက္ခိယဘတ္တံ-
တစ်ခုသော ပက္ခဆွမ်းဝတ် အမြဲလှူရမယ်။
ပက္ခဆွမ်းဝတ်ဆိုတာက လဆန်းပက္ခမှာတစ်ကြိမ်၊ လဆုတ်ပက္ခမှာ တစ်ကြိမ်၊ တစ်ပက္ခမှာဆွမ်းတစ်ကြိမ်၊ တစ်ပက္ခမှာ ဆွမ်းတစ်ကြိမ် တစ်ကြိမ်ကပ်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်လမှ နှစ်ကြိမ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ တစ်လမှာ ဆွမ်း(၁)အုပ် ကျောင်းပို့တာ၊ ဒါဟာလည်း နိဗဒ္ဓပုညပါပဲ။ ဒီကောင်းမှုကလည်း ငွေကြေးနဲ့တိုင်းတာရင် မပြောပလောက်ကုန်ကျပေမယ့် အကျိုးတရားကတော့ အင်မတန် ကြီးမားပါတယ်။ သူလည်း အမြဲတန်း ဝတ်ထားပြီးတော့ လှူဒါန်းနေမယ်ဆိုရင် “ဂတိနိဗဒ္ဓ” သုဂတိမြဲတဲ့ ကောင်းမှုပါပဲ။
ပက္ခဆွမ်းဝတ်ဆိုတာက လဆန်းပက္ခမှာတစ်ကြိမ်၊ လဆုတ်ပက္ခမှာ တစ်ကြိမ်၊ တစ်ပက္ခမှာဆွမ်းတစ်ကြိမ်၊ တစ်ပက္ခမှာ ဆွမ်းတစ်ကြိမ် တစ်ကြိမ်ကပ်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်လမှ နှစ်ကြိမ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ တစ်လမှာ ဆွမ်း(၁)အုပ် ကျောင်းပို့တာ၊ ဒါဟာလည်း နိဗဒ္ဓပုညပါပဲ။ ဒီကောင်းမှုကလည်း ငွေကြေးနဲ့တိုင်းတာရင် မပြောပလောက်ကုန်ကျပေမယ့် အကျိုးတရားကတော့ အင်မတန် ကြီးမားပါတယ်။ သူလည်း အမြဲတန်း ဝတ်ထားပြီးတော့ လှူဒါန်းနေမယ်ဆိုရင် “ဂတိနိဗဒ္ဓ” သုဂတိမြဲတဲ့ ကောင်းမှုပါပဲ။
၅။ ဧကံ ဝဿာဝါသိက- တစ်ခုသော
ဝါဆိုသင်္ကန်းဝတ် အမြဲလှူရမယ်။
နှစ်စဉ်၊ နှစ်စဉ် ဝါဆိုခေတ်ရောက်လာတဲ့အခါ
ဝါဆိုသင်္ကန်း၊ လှူဒါန်းလေ့ရှိတဲ့ ဝတ်တစ်ခုရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်တဲ့။
ဝါဆိုသင်္ကန်းတစ်စုံ တစ်ခါလှူလိုက်ရုံနဲ့ အပါယ်တံခါး ပိတ်တာတော့ မဟုတ်ပါဘူး၊
နိဗဒ္ဓပုည ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး အမြဲတန်း၊ နှစ်စဉ် ပြုလုပ်ထားတဲ့
ကောင်းမှုဖြစ်ရမှာပါ။ နှစ်စဉ် နှစ်စဉ် လှူဒါန်းတဲ့ ဝါဆိုသင်္ကန်းဝတ်ရှိနေတဲ့ ဒကာ
ဒကာမများဟာ ဂတိနိဗဒ္ဓ-ဂတိမြဲတယ်။ သောတာပန္တသဒိသာမေဝ-သောတာပန်ပုဂ္ဂိုလ်နဲ့ အလားတူတယ်။
ဘယ်လို တူသလဲဆိုတော့ သောတာပန်များ အပါယ်တံခါးပိတ်ပြီး သုဂတိမြဲသလို
၊ဝါဆိုသင်္ကန်းဝတ်ရှိတဲ့ ဒကာ ဒကာမများဟာလည်း အပါယ်တံခါးပိတ်ပြီး သုဂတိမြဲတာချင်း
တူတာပါ။
၆။ ဧကာ ပေါက္ခရဏီ- တစ်ခုသော
ရေတွင်းရေကန်အလှူ လှူရမယ်။
တစ်ခုသော ရေတွင်းရေကန်အလှူတဲ့၊ ရေတွင်းရောက်နတစ်ခု
တူးလှူထားလိုက်ပြီဆိုရင် “နိဗဒ္ဓပုည” ဆိုတဲ့ အမြဲတမ်းကောင်းမှု ဖြစ်နေတော့တာပါပဲ။ မိမိလှူဒါန်းထားတဲ့
ရေတွင်းရေကန်မှာ ရဟန်းသံဃာတော်တွေ သောက်ကြ၊ သုံးကြ၊ ချိုးကြ၊ လျှော်ကြ ဖွပ်ကြ၊ လူပုဂ္ဂိုလ်တွေလည်း
သောက်ကြ သုံးကြ ချိုးကြ လျှော်ကြဖွပ်ကြ ၊ အောက်ထစ်ဆုံး တိရစ္ဆာန်တွေတောင် ဒီရေတွင်းရေကန်
ကို အမှီပြုပြီး ရေနဲ့ ပတ်သတ်လို့ အသက်ရှင်ကြရမယ်။
အဲဒီလို အရပ်လေးမျက်နှာမှာ သွားလာနေကြတဲ့
ရဟန်း ရှင် လူ မည်သူမဆို မိမိလှူဒါန်းထားတဲ့ ရေတွင်းရေကန်ကို အမှီပြုသောက်သုံးကြတဲ့အတွက်
အလှူရှင်များမှာ အမြဲတမ်း ကုသိုလ်တွေ တိုးပွားနေရတယ်။ ဒါကြောင့် ဝနရောပနသုတ်မှာ အလှူရှင်များ
နေ့ညမပြတ် တရားတွေ တိုးပွားနေရလို့ (သဂ္ဂဂါမိ) နတ်ရွာလားကြောင်း ကုသိုလ်လို့ ဟောထားပါသေးတယ်။
ဒါပေမယ့် ဒီသုတ္တန်မှာတော့ (နိဗဒ္ဓပုည) ဖြစ်လို့ ဂတိနိဗဒ္ဓ ဖြစ်ပြီး သောတာပန်များကဲ့သို့
အပါယ်မလားဘဲ သုဂတိမြဲတယ်လို့ ဟောတော်မူပါတယ်။
၇။ ဧကော အာဝါသော- တစ်ခုသော ကျောင်းအလှူ လှူရမယ်။
ကျောင်းအလှူကတော့ အထူးကို ပြောစရာမလိုတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားပြီဆိုရင် ထိုကျောင်းပေါ်မှာ
သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်အရှင်မြတ်များ
ပရိယတ်စာပေတွေ၊ သင်အံလေ့ကျက်နေကြမယ်။ ပဋိပတ်လို့ခေါ်တဲ့ ကမ္မဋ္ဌာန်းတရားတွေ ကျင့်ကြံကြိုးကုတ်
အားထုတ်နေကြမယ်။ ဒီတော့ ဒီကျောင်းကြီးဟာ သာသနာတော်မှာ အလွန်အကျိုးများ နေလေတော့ ကျောင်းဒကာ
ကျောင်းဒကာမတွေဟာ ဒါလေးကို အာရုံပြုပြီး ကုသိုလ်တရား အလွန်ပဲ တိုးပွားရပါတယ်။
ဝိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေနေ ဝဏ္ဏိတံ။
ကျောင်းအလှူဒါနကို မြတ်၏ဟူ၍ အဆူဆူသော မြတ်စွာဘုရားရှင်တို့သည် ချီးမွမ်းတော်မူပါတယ်။
ဒါကြောင့် ကျောင်းအလှူဆိုတာလည်း နိဗဒ္ဓပုည အမြဲတမ်း ကောင်းမှုဖြစ်နေပါတယ်။ ဒါကြောင့်
လှူဒါန်းကြတဲ့ ကျောင်းဒကာ ကျောင်းအမ တွေမှာလည်း သောတာပန်များ အပါယ်မလားသလို သောတာပန်နဲ့
အလားတူပြီး အပါယ်တံခါးပိတ် သုဂတိမြဲတော့တာပါပဲ။
နိဗဒ္ဓပုည လို့ခေါ်တဲ့ ကောင်းမှု (၇)မျိုးထဲက
တစ်ခုခုကို အမြဲတမ်း ဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် တေသမ္ပိ ဂတိ နိဗဒ္ဓါ- လားရမည့် ဂတိသည်လည်း
မြဲတယ်။ သောတာပန္တွာ သဒိသာမေဝ- သောတာပန်များ အပါယ်လေးပါးမရတော့ဘူး။ လူနတ်ဆိုတဲ့ သုဂတိမြဲတယ်။
ဘာကြောင့် သောတာပန်များ အပါယ်မလားဘဲ သုဂတိမြဲသလဲဆိုတော့ သောတာပန်အဆင့်ရောက်သွားတဲ့
ပုဂ္ဂိုလ်များဟာ သူ့အသက်ကိုသတ်ခြင်းစတဲ့ ငါးပါးသောအမှုတို့ကို အသက်သာ အသေခံမယ်။ ဘယ်တော့မှ
မပြုတော့ဘူး။ မလွန်ကျူးတော့ဘူး၊ ငါးပါးသီလလုံတယ်။ ဒါကြောင့် အပါယ်မလားခြင်းဖြစ်ပါတယ်။
ထိုသောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူပါတယ်။
သတိထားစရာတစ်ခုတော့ ထို(၇)မျိုးထဲက တစ်ခုခုကို
အမြဲတမ်းဝတ်ထားပြီးပြုလုပ် တဲ့ကောင်းမှုတွေရှိနေပေမယ့် သီလတော့ လုံရမှာဖြစ်ပါတယ်။ သီလမလုံရင်တော့
ဂတိမြဲမယ်လို့ အာမခံချက် မရပါ။ ကောသလမင်းကြီးရဲ့ မလ္လိကာမိဖုရားကြီး အသဒိသဒါန အလှူကြီးဖြစ်ပါတယ်။
ဘုရားတစ်ဆူမှ တစ်ဦးပဲရှိတာပါ။ ဒါပေမယ့်သေတော့ ငရဲကို (၇)ရက် ကျသွားသေးတယ်။ ဘာကြောင့်လဲဆိုတော့
သူဟာ မသူတော်အမှုတစ်ခု ပြုထားတာရှိပါတယ်။ အဲဒါကို ဘုရင်ကြီး မသိအောင် လိမ်ပြောထားပါတယ်။
မုသာဝါဒကံကို ကျူးလွန်းထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အဝိစိငရဲကို (၇)ရက် ကျသွားရတာပါ။
အသဒိသဒါနအလှူကြီးမကယ်နိုင်ခဲ့ဘူး။
အချုပ်အားဖြင့် ဆိုခဲ့ပြီးတဲ့ ကုသိုလ်ဝတ်တွေရှိရမည့်အပြင်
ငါးပါးသီလတော့ လုံကြပါစေ။ ဒါမှသာလျှင် သောတာပန်နဲ့ အလားတူပြီး ဂတိမြဲမှာဖြစ်ပါတယ်လို့
အသိပေးလိုက်ရပါသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)