Monday, November 25, 2013

မိဘကျေးဇူး

မိဘကျေးဇူး


" ကျေးဇူး "ဟူသော ဝေါဟာရ၏ မူရင်းအဓိပ္ပာယ်မှာ အကျိုးဟူ၍ ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာမှုနယ်ပယ်တွင် အကျိုးကျေးဇူးဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ အကျိုးကျေးဇူးဟူသည် ကောင်းကျိုးပြုခြင်းပင် ဖြစ်သည်။ ကျေးဇူးတရား အမျိုးမျိုးရှိသည့်အနက် မိဘမေတ္တာ၊ မိဘကျေးဇူးသည် အမွန်မြတ်ဆုံး အမြင့်မြတ်ဆုံး၊ အဖြူစင်ဆုံး၊ အအေးမြဆုံး ဖြစ်သည်။ မိဘကျေးဇူး ကြီးမားမှုကို "မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်လျှင် မြင်းမိုရ်တောင်သည် ဆီးစေ့ပမာဏမျှသာ ရှိသည်။ စကြ၀ဠာနှင့် နှိုင်းယှဉ်လျှင် စကြ၀ဠာသည် သစ်ရွက်မျှသာ ရှိသည်။ သမုဒ္ဒရာနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာသည် မိုးရေစက် တစ်ပေါက်မျှသာ ရှိသည်ဟု ဆိုရိုးပြုခဲ့သည်။ သို့ဖြစ်၍ မိဘကျေးဇူးကို မြင်းမိုရ်ထက်မြင့်သော ကျေးဇူးဟူ၍ ၀ိသေသ ပြုခဲ့ကြသည်။

မိဘ၏ ကျေးဇူးကြီးမားမှုကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်တိုင် မြွက်ကြား မိန့်ဆိုတော်မူခဲ့သည်။ မင်္ဂလသုတ်တော်တွင် မိဘတို့ကို အလုပ်အကျွေးပြုခြင်းသည် ၃၈ ဖြာ မင်္ဂလာတရားတော်များအနက် တစ်ပါးအပါအ၀င် ဖြစ်ကြောင်း၊ မာတာပိတုဂုဏောအနန္တော မိဘကျေးဇူးဟူသည် ဆပ်၍ မကုန်နိုင်ကြောင်း ဟောကြားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်၏ နုမှာငါးရာ ရင့်မှာတစ်ကျိပ် ဘ၀ဖြစ်စဉ်များတွင်လည်း မိဘကို အသက်သွေးဖြင့် ရင်းနှီးလုပ်ကျွေး ကျေးဇူးဆပ်ခဲ့သည်။ မြတ်စွာဘုရား ဖြစ်တော်မူသည့် အချိန်ကာလတိုင်အောင် အမိဖြစ်သူ မယ်တော်မိနတ်သားအား တရားဓမ္မ ဟောကြား ကျေးဇူးဆပ်တော်မူခဲ့သည်။ ဖခင်သုဒ္ဓေါဒန မင်းကြီးထံသို့လည်း တောလမ်းခရီးမှ ဒေသစာရီကြွချီ၍ ကပိလ၀တ်ပြည်၌ တရားဟောကြား မွေးကျေးဇူး ဆပ်တော်မူခဲ့သည်။ မိဘတို့၏ ကျေးဇူးသည် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဆပ်၍မကုန် ဖြစ်ခဲ့ရသည်အထိ ကျေးဇူးတော် အနန္တရှင်များဖြစ်သည်။ 

မိခင်နှင့် ဖခင်တို့သည် သားသမီးများအတွက် အတိုင်းမသိ အနန္တကျေးဇူးရှင် ဖြစ်သည်။ မိဘနှစ်ပါးသည် သားသမီးတို့အား လူ့ဘ၀ လူ့လောကသို့ ရောက်မလာမီကလ ရေကြည်သန္ဓေ တည်ချိန်မှစတင်၍ ကိုးလလွယ် ၁၀ လဖွားချိန်အထိ မိခင်ဖြစ်သူသည် သန္ဓေသားအတွက် အစားအသောက် အနေအထိုင်မှအစ ဘေးအန္တရာယ်ဖြစ်စေမည့် ကိစ္စအ၀၀တို့ကို ပိုးမွေးသကဲ့သို့ အကြင်နာ မေတ္တာ၊ ကရုဏာတရားတို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ 



ယင်းသို့သော အမိ၏ မေတ္တာတရားနှင့် ကျေးဇူးကြီးမားမှုကို အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့တွင် မာတာမိခင်၊ မစောင့်လျှင်ကား ရှေ့တွင်ကလလ၊ ပထမတွင် ကြေမွပျက်ပြုန်း ဆုံးပါးရာ၏ ဟူ၍လည်းကောင်း၊ ဤသို့ သန္ဓေစွဲကာနေ၍ ၁၀ လစေ့သော် ကြွေ့ြွေက့ဝမ်းသာ မောင့်မျက်နှာကို မာတာမိခင်၊ မြင်ရသောခါ ဥပမာမူ ရတနာမျိုး၊ ရွှေအိုးပဒေသာ၊ ပေါက်ပေလာသည် ဟူ၍လည်းကောင်း မိခင်၏ ပီတိကို ဖော်ကျူးဖွဲ့ဆိုထားသည်။ 

သားသမီးတို့သည် ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ် လူမမည်ဘ၀တွင် မိခင်၏ မေတ္တာနို့ရည်ကို သောက်သုံးကာ ဖခင်၏ မေတ္တာရိပ်ကို ခိုလှုံလျက် တစ်စတစ်စ ကြီးပြင်းခဲ့ရသည်။ မှက်၊ ခြင်၊ ယင် စသော အန္တရာယ် ရောဂါဘယအန္တရာယ်၊ အစားအသောက်၊ အနေအထိုင်မှစ၍ လိုလေသေးမရှိ ကျေးဇူးတော် အနန္တဖြင့် ပြုစုလုပ်စောင့်ရှောက်ခဲ့ကြသည်။ ယင်းသို့သော ကျေးဇူးတရား ကြီးမားမှုကိုလည်း ကိုးခန့်ပျို့တွင် "ရသည့်ပီတိ ရှိခဲ့သည့်ရိုးတွင်း၊ ခြင်ဆီမျှင်းမျှ၊ ချစ်မော်လှလျက်၊ သန်းဖျကြမ်းပိုး၊ မှက်ခြင်မျိုးစ ဟူသမျှလည်း ကိုက်ရမဲ့ပါ၊ မောင့်ကိုသာလျှင် ချမ်းသာစစ်ကြောင်း သမားကောင်းနှင့် ဈေးကောင်းစားစား၊ ရှောင်ရှားအစာ" ဟူ၍ ဖွဲ့ဆိုခဲ့သည်။ 

မိဘတို့၏ သားသမီးအပေါ် ထားရှိသော မေတ္တာတရားသည် အတိုင်းအတာမရှိ ဖြစ်သည်။ မိခင်သည် သားသမီးများစွာအား လိုလေသေးမရှိသော နွေးထွေးမှုမေတ္တာ၊ ကရုဏာ၊ အကြင်နာစသော မုဒိတာတရားများဖြင့် ကိုယ်ကျိုးဟူသမျှ စွန့်လွှတ်၍ သားသမီးတို့၏ အရေးအရာကိုသာ ဦးစားပေး အနစ်နာခံ ဆောင်ရွက်ခဲ့သည်။ ဖခင်ဖြစ်သူကလည်း ပင်ပန်းသည်ဟု အမှတ်မထား၊ စားဝတ်နေရေး ပြည့်စုံစေရန် မျက်နှာမငယ်စေရန်၊ အများနှင့်တန်းတူ ရှိစေရန်၊ အအိပ်ပျက်အစားပျက်၊ နေပူမိုးရွာမရှောင် မေတ္တာတရားဖြင့် ရှာဖွေကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည်။ သားသမီးတို့၏ မျက်နှာကို အရိပ်တကြည့်ကြည့်ဖြင့် ပီတိလွှမ်းခြုံခဲ့ကြသည်။ 


ယင်းသို့သော မိဘတို့၏ အတိုင်းအဆမရှိ မေတ္တာတရားကို "ရင်သွေးဟူက၊ ချစ်မ၀တည်၊ မိဘတံထွာ သားတကာနှင့်၊ တစ်ရာနှစ်ကဲ၊ လည်ချင်းနွှဲလျက်၊ ရောင့်ရဲမထင်၊ စုံမင်ကြင်လျက်၊ ဖြုတ်ခြင်ကိုက်နာ၊ မြူရှိမှာမူ ရံခါတစ်ဆစ်၊ မဖြစ်မေ့ရပ် အသက်ရှည်ကြောင်း ဆုတောင်းဆုယူ၊ အလှူကောင်းမှု၊ ကိုယ်စားပြုလျှက် စသည်ဖြင့် ကိုးခန့်ပျို့ ဆရာတော်ရှင်မဟာရဋ္ဌသာရသည် ဖွဲ့ဆိုသီကုံး ဖော်ထုတ်ခဲ့ပြန်သည်။

မိမိတို့ငယ်ရွယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးမျိုးခံကာ ပြုစုပျိုးထောင် စောင့်ရှောက်ပေးခဲ့သော မိဘများသည် အိုမင်း၍ မစွမ်းဆောင်နိုင်သော အရွယ်၌ သားသမီးများသည် လုပ်ကျွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ကုသိုလ်ဒါန ဘာဝနာပွားများစေခြင်း စသည်တို့ဖြင့် မွေးကျေးဇူး ဆပ်ကြရပေမည် . . .

မိဘတို့မည်သည် သားသမီးများအား ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ စွန့်ပစ်ရိုးထုံးစံမရှိပေ။ တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည် သားသမီးဆိုးကို ပစ်ရိုးထုံးစံ မရှိဟူသော ဆိုရိုးစကားသည် မိဘတို့ သားသမီးများအပေါ် ထားရှိသော အနန္တမေတ္တာဖြစ်သည်။ "သားသမီးမကောင်း မိဘခေါင်း၊ သားဆိုးအမေ တပေပေ" ဟူသော ပတ်ဝန်းကျင်၏ ပြောသံဆိုသံ၊ ဝေဖန်သံ၊ ပြစ်တင်သံများကို ခါးစည်း၍ ကြိတ်မှိတ်ခံစား ခဲ့ကြသည့် သားသမီးဆိုးတို့၏ မိဘတို့သည် သားရတနာအတွက် အားမဖြစ်ဘဲ ကျားသတ္တ၀ါပမာ ဒုက္ခတွေ့ကြုံခံစားရသည်။

 သမီးရတနာသည်လည်း "ထီး"သဖွယ်အားမကိုးရတဲ့ "မီး" သဖွယ်ပူလောင်သော သောကကို ခံစားရစေသည်။ သားသမီးတို့သည် မိဘ၏ "ရတနာ"မဟုတ်တော့ဘဲ "ရတာသာနာတာပါ"ဟူသော ဆိုးကျိုးကိုသာ ရစေခဲ့သည်။ သို့သော် မိဘသည် သားဆိုးသမီးဆိုးတို့အပါ် မည်မျှပင် ဒေါသရှိစေကာမူ အတွင်းစိတ်ရင်းတွင် ကရုဏာမပျက်ပေ။ ပြောမရ၊ ဆိုမရ၊ သုံးမရသည့် အဆုံးတွင်မူ ကရုဏာ ဒေါသစိတ်ထားဖြင့်သာ "ဥပေက္ခာ"ပြုတတ်သော်လည်း မည်သည့်အခါမျှ မိဘသည် သားသမီးကို ဒုက္ခမပေးခဲ့ပေ။ 


ဒုက္ခမရောက်စေခဲ့ပေ။ သားသမီးတို့၏ ဒုက္ခကိုသာ မိဘတို့က ခါးစည်းခံစားခဲ့သော အနိဋ္ဌာရုံဖြစ်ရပ်များအနက် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အချိန်က ရာဇဂြိုဟ်ပြည့်ရှင် ဖခင်ဗိမ္ဗိသာရမင်းကြီးနှင့် သားတော် အဇာတသတ်မင်းသားတို့၏ ဖြစ်ရပ်သည် ဗုဒ္ဓဘာသာဝင် လူကြီးလူငယ်မရွေး သိရှိ၊ ဘ၀သင်ခန်းစာ ယူသင့်သော ဖြစ်ရပ်မှန် သံဝေဂယူဖွယ်ဖြစ်စဉ် တစ်ခုဖြစ်သည်။ 

မိဘဟူသည် သားသမီးတို့၏ လက်ဦးဆရာဖြစ်သည်။ လောကတွင် ရှိသမျှသော ပညာရှိဟူသမျှသည် လည်းကောင်း၊ တိုင်းပြည်ခေါင်းဆောင် ဟူသမျှသည်လည်းကောင်း  ဓနဥစ္စာကြွယ်ဝသူအပေါင်း ဆင်းရဲသားအပေါင်း ဟူသမျှသည်လည်းကောင်း၊ မြင်မြင်သမျှ ဝေနေယျ သတ္တ၀ါအပေါင်းတို့သည် လည်းကောင်း၊ မိဘတို့၏ အမျိုးမျိုးအဖုံဖုံသော ပြုစုစောင့်ရှောက်မှု၊ ကျွေးမွေးထိန်းသိမ်းမှု၊ လမ်းညွှန်ဆုံးမမှုတို့ဖြင့်သာ ပညာရှိဘ၀၊ တိုင်းပြည်ခေါင်းဆောင်ဘ၀၊ သူဌေးသူကြွယ်ဘ၀ဟူ၍ ပေါ်လွင်ထင်ရှားခဲ့ကြသည်။ ဝေနေယျ သတ္တ၀ါအပေါင်းတို့၏ လက်ဦးဆရာသည် မိဘသာလျှင် ဖြစ်ကြောင်းကို " ပညာရှိသူ၊ ဟူဟူသမျှ၊ ယေဘုယျအား နှစ်ပါးမိဘ၊ အမွန်စတည့်၊ ဓနစည်းစိမ်၊ ဂုဏ်သိမ်ပြည့်ပို၊ များပုဂ္ဂိုလ်လည်း၊ ထိုထိုမိဘ၊ အစအမွှန်း ဧကန်ရှိ၏"ဟူ၍ ဖွဲ့ဆိုခဲ့သည်။ 

မိဘဟူသည် သားသမီးများကို မကောင်းမှုမှန်သရွေ့ကို တားမြစ်၍ ကောင်းမှုကိစ္စကိုသာ ညွှန်ကြားသော လက်ဦးဆရာ ဖြစ်မှုကိုလည်း "ဥယျာဉ်ပျိုးသို့ မညှိုးမခေါင်၊ ကြီးပြင်းအောင်လျှင်၊ စောင်စောင်ပျပ်ပျပ်၊ ကွပ်ညှပ်ဆုံးမ၊ သင်ပြသသည်၊ ငယ်က လက်ဦးဆရာတည်း"ဟူ၍ ဖော်ညွှန်းခဲ့သည်။ 

မိဘတွင် အမိသည် အဖထက် သားသမီးအတွက် ပိုမိုအနစ်နာခံလေ့ရှိသည်။ ထိုကြောင့်ပင် မိဘနှစ်ပါး၏ ကျေးဇူးမေတ္တာကို ဖော်ကျူးရာ၌ ဘုရားရှင်ကိုယ်တိုင်ပင် "မာတာပိတု"ဟူ၍ "မာတာအမိ၊ ပိတုအဖ" ဟူသော ဂုဏ်ပြုမှု ၀ိသေသကို "မေတ္တာရေစင်၊ နေ့စဉ်သွင်း၍၊ ထို့ပြင်တစ်ဖြာ၊ ကရုဏာမို့၊ ရွာစေဖြိုးလျက်၊ တိုးတက်စေကြောင်း၊ ဆုမွန်တောင်းကာ၊ သားပုတ္တာနှင့် ကြင်နာရူငြီး၊ ချစ်သမီးကို နည်းနည်းဖုံဖုံ၊ စုံစုံချစ်ခင်၊ မြတ်နိုးကြင်သည်၊ ခေါ်တွင်မိခင် မာတာတည်း"ဟူ၍ ဖွဲ့ဆိုခဲ့သည်။ 

မြင်းမိုရ်တောင်ဦး မကကျူးသော ကျေးဇူးကြီးလှ၊ မိနှင့်ဖကို သားသမီးတို့သည် ကျေးဇူးဆပ်ခြင်းဖြင့် တုံ့ပြန်ရမည် ဖြစ်သည်။ မိမိတို့ငယ်ရွယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးမျိုးခံကာ ပြုစုပျိုးထောင် စောင့်ရှောက်ပေးခဲ့သော မိဘများသည် အိုမင်း၍ မစွမ်းဆောင်နိုင်သော အရွယ်၌ သားသမီးများသည် လုပ်ကျွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ကုသိုလ်ဒါန ဘာဝနာပွားများစေခြင်း စသည်တို့ဖြင့် မွေးကျေးဇူး ဆပ်ကြရပေမည်။ 



သားသမီးတို့သည် အိုမင်းသော မိဘများကို ရာသက်ပန် နှစ်ပေါင်းများစွာ ပြုစုကျွေးမွေးသည် ဖြစ်စေကာမူ မိဘကျေးဇူးကို ဆပ်၍မကုန်နိုင်ကြောင်းကို "မိကို ညာက၊ ဘကို လက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ရှေးတင်ဖူးသည့် ကျေးဇူးလှယ့်ပြိုင်၊ မဆပ်နိုင်ခဲ့" ဟူ၍ ဖွဲ့ဆိုတင်ပြခဲ့သည်။ 

ထို့ကြောင့် မိဘကျေးဇူးသည် ဆပ်၍မကုန် ဖြစ်သည်။ သားသမီးတို့သည် မိဘတို့၏ အရိပ်အာဝါသတွင် မကြောင့်မကြ၊ မပူမပင် အေးအေးချမ်းချမ်း၊ သာသာယာယာ၊ တင့်တောင့်တင့်တယ်ဖြင့် နားခိုလျက် ဘ၀ရစုန်ဖြစ်သည်။ စုန်ရေတွင် အကျိုးခံစား လူလားမြောက်ခဲ့ကြရသည်။ ဘ၀တွင် တင့်တင့်တယ်တယ်ဖြစ်လာသော သားသမီးများသည် ဘ၀နေ၀င်ချိန်၊ ဘ၀ဆည်းဆာချိန်သို့ ရောက်နေသော ကျေးဇူးရှင် မိဘများ၏ အားနည်းနေချိန်တွင် မျက်ကွယ်မပြုသင့်ပေ။

 ဆန်ရေအဖြစ် ပြန်လည်ပြုစုလုပ်ကျွေး၍ မွေးကျေးဇူး ကျွေးကျေးဇူး ဆပ်ရမည်ဖြစ်သည်။ ကျေးဇူးတရားကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်လျှင် ကျေးဇူးတော်အနန္တနှင့် ပြည့်စုံသော မိဘ၏ကျေးဇူးကို ပြန်လည်သိတတ်၊ ဆပ်တတ်သော သားသမီးတို့၏ ဆန်ရေမေတ္တာနှင့် ကျေးဇူးသည် အတိုင်းအဆမရှိသော မင်္ဂလာပင် ဖြစ်ပေသည်။


လှမြင့် (ရန်ကုန်တက္ကသိုလ်)