Monday, November 18, 2013

ရိုးသားခြင်းရဲ့ ပဲ့တင်သံ


ရိုးသားခြင်းရဲ့ ပဲ့တင်သံ

ကျွန်မတို့သိတဲ့ငါးပါးသီလဆိုတာလူသားတိုင်းရဲ့အခြေခံ အုတ်မြစ်အသိစိတ်ဓာတ်နဲ့ကျင့်ဝတ်တွေပါ။ ဘယ်အရာမဆိုပျက်စီးစေတတ်တဲ့အကြောင်းကိုပြုမယ်ဆိုရင်တော့ ဆိုးကျိုးရလဒ်တွေ ရရှိမယ်ဆိုတာ လောကရဲ့နိယာမဓမ္မပါ။

ဒီတော့သူတစ်ပါးအသက်သတ်ခြင်း၊ သူတစ်ပါးသားမယားကို ပစ်မှားခြင်း၊ မူးယစ်စေတတ်တဲ့အရာတွေကို စွဲလမ်းမှီဝဲခြင်း၊ လိမ်ညာပြော ဆိုခြင်း၊ သူတစ်ပါးပစ္စည်းခိုးခြင်းတို့မှရှောင်ကြဉ်ပြီး အသက်ရှူသေးသရွေ့ စောင့်ထိန်းနိုင်ရင်ကောင်းတဲ့  အခြေခံကိုယ်ကျင့်တ ရားတွေပေါ့။

ဒါတွေကိုချိုးဖောက်ရင်  အပြစ်ရှိတယ် အပြစ်ကြီးတယ် ငရဲကျတတ်တယ်စတဲ့ လူကြီးသူမဆရာသမားတွေရဲ့ အဆုံးအမနီတိတွေနဲ့ ဘာသာရေးအရရှိပြီးသားကတစ်ခုပေါ့နော်၊ ဒီမှာစိတ်ထဲတွေးမိတာက ဘာသာတရား အဆုံးအမပိုင်း စဉ်းစားတာကို စိတ်ထဲတစ်နေရာမှာ ခဏသိမ်းထားပြီး လူသားတစ်ယောက်ရဲ့ လူသားကျင့်ဝတ်အနေနဲ့ပဲသုံးသပ်ကြည့်ကြတာပေါ့။

လူဆိုတာက ကိုယ်တစ်ခုခုလုပ်လိုက်ရင် အကျိုးဆက်က အရိပ်လိုလိုက်တာ အားလုံးလက်တွေ့အသိပါ။ ဆိုတော့… ဒီကိုယ်ကျင့်ငါးသွယ်ထဲက တစ်ခုခုကို ချိုးဖောက်သူဟာ ရလဒ်အနေနဲ့က…တရားဥပဒေရင်ဆိုင်ရမယ်၊ သူတစ်ပါးရဲ့ငြိုငြင်မှု၊ မယုံကြည်မှူ့တွေ၊ ငွေကြေးစည်းစိမ် ဆုံးရှုံးမှု၊ လူ့အသိုင်းအ၀ိုင်းက ပယ်ကျဉ်တာတွေအကုန်လုံးက လောကရဲ့မျက်မြင်ကာယကံရှင်ကိုယ်တိုင် ခံစားရမယ့်ငရဲဒုက္ခပေါ့လေ။

လူတစ်ဦးချင်းကတောင် ဒီလိုဆိုးကျိုးတွေနဲ့ပြည့်နေတယ်။ ဒါကိုလူ့ကျင့်ဝတ်ချိုးဖောက်တဲ့လူ့အသိုင်းအ၀ိုင်းဖြစ်နေပြီး ဒီထဲမှာကျင်လည်နေတယ်ဆိုရင်တော့ဖြင့် ရရှိမယ့်ဆိုးကျိုးရလဒ်တွေနဲ့အ၀န်းအ၀ိုင်းcommunityဖြစ်ပြီဆိုရင်တော့ ငြိမ်းချမ်းမှုဆိုတာ ရှိမနေနိုင်တော့ဘူးပေါ့။ ဒါဆို ဒီအခြေခံကျင့်ဝတ်တွေရဲ့အကျိုးအပြစ်က မြင်သာပါတယ်။

ဒီထဲမှာပေါ့နော် ပိုပြီးလက်နက်သွားထက်ပြီး ကိုယ်တိုင်ရောပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းsocietyတစ်ခုလုံးရဲ့ ရပ်တည်မှု တည်ငြိမ်မှုကိုရော အပြစ်ဆိုးကျိုးတွေ အပေါ်ပေါက်စေဆုံးရဲ့ အရင်းအစကမုသားပါတဲ့၊ လိမ်ညာစကားတစ်ခွန်းပေါ့နော်။ စကားတစ်ခွန်းနဲ့လောကကြီးအကျိုးဆောင်ရွက်အောင်မြင်စေနိုင်သလိုပဲ လိမ်ညာစကားတစ်ခွန်းက လောကကြီးရဲ့ငြိမ်းချမ်းမှုအနှစ်သာရကို ပျက်ပြားစေအောင်လုပ်ပြစ်တတ်ပါတယ်။ စကားတစ်ခွန်းရဲ့အကျိုးသက်ရောက်နှုန်း၊ သွားနှုန်းတို့၊ ပျံ့နှံ့နှုန်း၊ လွမ်းမိုးနိုင်စွမ်းတို့ဆိုတာ တစ်ကယ်တော့ တိုင်းတာလို့ မရနိုင်ပါဘူး။
ဒီခေတ်ကြီးဆို ပိုလို့မြန်မြန်ပျံ့နှံ့သက်ရောက်နိုင်တဲ့နည်းပညာနဲ့Mediaတွေနဲ့ပေါ့လေ။ ဆိုတော့…. အဲဒီစကားတစ်ခွန်းက လောကကြီးကို ကောင်းကျိုးမဲ့စေမယ့်မုသားဖြစ်နေပြီး ကိုယ်ကျိုးအတ္တအတွက် သုံးနေကြမယ်ဆိုရင် လူမှုအသိုင်းအဖွဲ့ကို ဘယ်လိုဆိုးကျိုးသက်ရောက်ပြီး ကမောက်ကမဖြစ်စေမယ်ဆိုတာ အရှင်းသားပဲပေါ့နော်။

ဒီခေတ်ကြီးမှာလူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းမျှတတဲ့တရားဥပဒေစိုးမိုးပြီး လူသားချင်းလေးစားစာနာမှုနဲ့ လူ့ဘောင်သစ်လွတ်လွတ်လပ်လပ်ဖြစ်ထွန်းလာဖို့ဆိုရင် အရှင်းဆုံးက ရိုးသားမှုလိုပါတယ်။ လူသားတိုင်း၊ နိုင်ငံသားတိုင်း မဏ္ဍိုင်ငါးရပ်လုံးက ရိုးသားမှုကို အခြေခံပြီး ကိုယ်ကျင့်ငါးဝတ်ကို ကျင့်သုံးကုန်ကြပြီဆိုတဲ့ အချိန်မှာတော့ ဒါဟာအငြိမ်းချမ်းဆုံးစိတ်ဓာတ်နဲ့ ကျင့်ဝတ်ရေးရာဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးကာလနဲ့ နိုင်ငံ၊ လူသားဆန်တဲ့နိုင်ငံဖြစ်ပြီပေါ့။ နိုင်ငံရေးသမားတွေကလဲ ရိုးသားမှုအခြေခံပြီး အမှန်တရားနဲ့ကောင်းကျိုး အတွက် ရွေးကောက်ပွဲကို တရားသဖြင့် ယှဉ်ပြိုင်တယ်၊ အတိုက်အခံ၊ ပါတီ၊ အစိုးရ၊ မီဒီယာ၊ ပြည်သူ ပြည်သားအားလုံးဟာ ရိုးသားမှုအခြေခံပြီး ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုအားကောင်းကြမယ် ဆိုရင်တော့ ဒါဟာ ပဋိပက္ခconflictတွေရဲ့အခြေခံroot causesကို ရှင်းရှင်းလင်းလင်းမြင်မြင်သာသာနဲ့ ကိုင်တွယ်ဆုံးဖြတ်နိုင်ပြီး ငြိမ်းချမ်းခြင်းကို ခံစားကြရမှာပါ။ ကိုယ်စီတိုင်းရဲ့ရိုးသားမှုတန်ဖိုးနဲ့ ရင်တွင်းငြိမ်းချမ်းမှု ကသာ ကိုယ်နေထိုင်ရာလူမှုအဖွဲ့အစည်းကို ငြိမ်းချမ်းစေဖို့ အကောင်းဆုံးပူးပေါင်းပါဝင်တာဝန်ကျေခြင်း ဖြစ်ပါတယ်။

ဒီမုသားကိုရှောင်နိုင်ရင် ကိုယ်ကျိုးအတ္တကြီးမှူတွေလဲလျော့ပါးပြီး အမှန်တရားကိုမြတ်နိုးတတ်တဲ့လူသားဆန်မှု အခြေခံစိတ်ဓါတ်နဲ့ ကျန်တဲ့ကျင့်ဝတ်လေးမျိုးကိုလဲ စောင့်ထိန်းရာမှာ အလိုအလျောက် ခိုင်မာလာမှာ ဖြစ်ပါတယ်။ ဒီလိုသာဆိုရင် တရားဥပဒေစိုးမိုးပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်တဲ့ အရေးကြီးဆုံးလူသားအရစ်အမြစ်ကြွယ်ဝတဲ့နိုင်ငံတော်၊ ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်ပြီပေါ့။
ဒီတော့ ကျွန်မတို့အားလုံး ဆိုးကျိုးတရားနဲ့ မုသားကိုရှောင်လွှားပြီး ရိုးသားမှုကိုအခြေပြုတဲ့ နိုင်ငံသားကောင်း စိတ်ဓါတ်နဲ့ တာဝန်ဝတ္တရားကို နားလည်ပြီးရရှိတဲ့အခွင့်အရေးတွေကို လောကနဲ့ ပရကောင်းကျိုးကို ရှေးရှုပြီး ယူတတ်ကြမယ်ဆိုရင် တို့အားလုံးဟာ နိုင်ငံသားကောင်းဘ၀နဲ့ သဘာဝကပေးတဲ့လက်ဆောင်တွေကို မြတ်နိုးတတ်တဲ့သူတွေလို့ ဂုဏ်ယူနိုင်ကြတဲ့သူတွေဖြစ်ကြရအောင်…

ချစ်ခြင်းမေတ္တာဖြင့်
နန်းဇင်ဇာဖြိုးသန်