Wednesday, November 27, 2013

အနာဂါရိကဓမ္မပါလ- ဗုဒ္ဓဂယာ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်ခွင့်ရမူ


အနာဂါရိကဓမ္မပါလ- ဗုဒ္ဓဂယာ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်ခွင့်ရမူ 

သာသနာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ် များစနစ်တကျ စီစဉ်ဆောင်ရွက်ပေးပြီး ဘုရားရှင်၏ သံဝေဇနိယလေးဌာနသို့ ဘုရားဖူးများ စေလွှတ်ပေးနေပါသည်။

ထိုသံဝေဇနိယလေးဌာနတွင် တစ်ပါးအပါအ၀င်ဖြစ်သော ဘုရားဖြစ်တော်မှုရာ နေရာဌာန (၀ါ) ဗောဓိပင်နှင့် ရွှေပလ္လင်အောင်ရာဌာနဖြစ်သော ဗုဒ္ဓဂယာသည် အထူးထင်ရှားပြီး ဗုဒ္ဓဘာသာဝင် တို့ အထူးအားထား ဖူးမြော်ပူဇော်ရာဌာနတစ်ခု ဖြစ်ပါသည်။


ထိုဗုဒ္ဓဂယာနှင့်ပတ်သက်၍ မူလက ထိုစေတီကို အာသောကမင်းမြတ်က တည်ထားခဲ့ သည်ကို သိရှိမှုများကြသော်လည်း နောက်ပိုင်း ဂယာမြို့ကို မွတ်စလင်တို့ သိမ်းပိုက်ပြီးနောက် ဗုဒ္ဓ ဘာသာဝင်တို့ စွန့်လွှတ်သွားခဲ့ရပြီး ထိုနေရာတောအထိဖြစ်သွားပုံ၊ ထို့နောက် ဟိန္ဒူ ကုလားဘုန်း ကြီးတစ်ပါးက ထိုနေရာကို ခုတ်ထွင်ရှင်းလင်းပြီး မဟန့်ဘုန်းကြီး အဆက်ဆက်က ဆက်ခံပြီး မဟန့်တို့၏ ဘုရားအဖြစ်ဆက်လက်ဆောင်ရွက်ပုံ၊ ထို့နောက် သီဟိုဠ်ကျွန်းမှ အနာဂါရိက ဓမ္မပါလ က အိန္ဒိယသို့ ရောက်ရှိလာပြီး ဗုဒ္ဓဘာသာဝင်တို့ လက်ထဲရောက်အောင် ဆောင်ရွက်ပုံတို့ကား နောင်လူဖြစ်သော ယနေ့ ဘုရားဖူးတို့သိနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ထိုဗုဒ္ဓဂယာဘုရားကြီးကို ဗုဒ္ဓဘာသာဝင်တို့ လက်ထဲပြန်အပ်မှုကို ၁၉၅၁-ခု၊ မေလ (၂၈) ရက် (ဗုဒ္ဓပုဏ္ဏမာအခါတော်နေ့) တွင် အိန္ဒိယအစိုးရက ဗုဒ္ဓဘာသာဝင်များလက်သို့ ပြန်လည်ပေး အပ်ခဲ့ပါသည်။ ထိုပေးအပ်မှုသည်လည်း လွန်ခဲ့သော (၃၁) နှစ်၊ အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရမီက အိန္ဒိယ နေရှင် နယ်ကွန်ကရက်ပါတီသည် ဂယာမြို့၌ ညီလာခံကျင်းပစဉ်က ကတိထားခဲ့သော ကတိအတိုင်းပြန်လည်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုပေးအပ်ပွဲတွင် ထိုစဉ်က အိန္ဒိယနိုင်ငံ သမ္မတကြီးဖြစ်သော ဒေါက်တာ ရာဂျိန္ဒြာပရာဘဒ် က ဗုဒ္ဓဂယာ စေတီတော်၏ ရာဇ၀င်ကြောင်းတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများအပေါ် တွင် ထားခဲ့ရှိသော ကတိကို လုံးဝပြည့်စုံစေရန် အနှစ်(၃၀) ကျော်က အိန္ဒိယခေါင်းဆောင်ကြီးများ အားထုတ်လာခဲ့သော ရာဇ၀င်ကြောင်းကိုစိစပ်ပြီး သ၀ဏ်လွှာတစ်စောင်ပေးပို့ခဲ့ပါသည်။

ထိုသ၀ဏ်လွှာသည် ဗုဒ္ဓဂယာဖြစ်ပေါ်ပြောင်းလဲမှုကိုအနှစ်ချုပ်ပြောပြထားသော သ၀ဏ် လွှာဖြစ်၍ မှတ်သားဖွယ်၊ သိမှတ်ဖွယ်ရာရောင်း၍ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

၁၉၅၃-ခု၊ မေလ (၂၉) ရက်၊ ဤနေ့သည် လွန်ခဲ့သော အနှစ် (၆၀) လောက် ကျွန်ုပ်တို့၏ ကြိုးစားမှု အောင်မြင်ခြင်းကိုပြသောနေ့ဖြစ်သောကြောင့် ကျွန်ုပ်တို့အတွက် ၀မ်းမြောက်နိုင်ရန် ဖန် တီးပေးသောနေ့ ဖြစ်ပါသည်။

ဂေါတမဘုရားရှင်သည် ဤထူးဖြတ်သောနေရာ၌ ဘုရားရှင်ဖြစ်တော် မူကြောင်းကို တစ် ကမ္ဘာလုံးက အသိအမှတ်ပြု ပြီးဖြစ်ပါသည်။ ဘုရားဖြစ်တော်မူသော ထို့နေ့မှအစပြု၍ ဗုဒ္ဓဂယာ သည် ဗုဒ္ဓဘာသာဝင်များအတွက်သာလျှင်မဟုတ်ဘဲ လူအားတို့၏ ဘုရားဖူးရာဌာနတစ်ခုဖြစ်ပါ သည်။

ဘုရားရှင်၏ ရာဇ၀င်နှင့်နီးကပ်စွာ ဆက်သွယ်သော ဌာနကြီး(၄) ဌာန ရှိပါသည်။ အစီအ စဉ်အတိုင်းဖော်ပြရလျင် . . . . . . . . . . .
၁။ ဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနိဥယျာဉ်သည် ပထမဖြစ်ပါသည်။
၂။ ထို့နောက် ရှင်တော်ဘုရား သဗ္ဗညုတဉာဏ်တော်ရရာ ဗုဒ္ဓဂယာသည် ဒုတိယဖြစ်ပါသည်။
၃။ ဘုရားရှင်(ဘသာသစ်ဖြစ်သော) ဓမ္မစကြာကို ဣသိပတန ခေါ် မိဂဒါဝုန်တော်သည်
တတိယ မြောက်ဖြစ်ပါသည်။
၎။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံသည် စတုတ္ထမြောက် ဌာန ဖြစ်ပါသည်။

ဤလေးဌာနတို့တွင် ဗုဒ္ဓဂယာကို အမြတ်ဆုံးနေရာဟု ယူဆပါသည်။ ထိုကြောင့် ဘုရင် အာသောကသည် လွန်ခဲ့သောနှစ်ပေါင်း (၂၂၀၀) လောက်က ထိုနေရာဌာန၌ ယခုလက်ရှိ စေတီ တော်ကြီးကို တည်ဆောက်တော်မူခဲ့ပါသည်။

ထို့နောက် အနှစ် (၅၀၀) လောက်အကြာမှာ ၄င်းစေတီတော်ကြီးကို တစ်ဖန်တည်ဆောက် ခဲ့ပါသည်။ ဗုဒ္ဓဂယာ၌ ယနေ့ကျွန်ုပ်တို့ ဖူးမြင်ရသော စေတီတော်မြတ်ကြီးကို နှစ်ပေါင်း(၁၇၀၀) လောက်က တည်ဆောက်ခဲ့သည်ဟု ရာဇ၀င်ဆရာများနှင့် ပညာရှိများက ထင်မြင်ယူဆကြပါသည် ဤကဲ့သို့ ထင်မြင်ယူဆချက်ကို ယခုစေတီတော်ကြီး၏ အသွင်သဏ္ဌာန်က ထောက်ခံထားပါသည်။

ထိုစဉ်အခါမှစ၍ တိုင်းတစ်ပါးမှ ဗုဒ္ဓဘာသာဝင်များသည် ဤမဟာ ဗောဓိစေတီတော်ကြီးသို့ ဘုရားဖူးများလာရောက်လျက်ရှိနေခဲ့ကြပါသည်။ ၄င်း ဘုရားဖူးများသည် တိုင်းပြည် ဆူပူလှုပ်ရှား သောအခါ တစ်ခါဖြစ်သည့် (ဂယာမြို့) ကို မွတ်စလင်ဘာသာဝင်များ သိမ်းယူသည့်ကာလတိုင်း အောင် ဗုဒ္ဓဂယာ မှာပင် ဆက်လက်၍နေထိုင်ခဲ့ကြပါသည်။ ထိုအခါ သမယတွင် ဗုဒ္ဓဘာသာဝင် များသည် စေတီတော်ကြီးကို စွန့်လွှတ်၍ ထွက်ခွာခဲ့ရပါသည်။ ကျွန်ုပ်တို့ သိရမျှမှာ စွန့်ပစ်ထားခံရ သော စေတီတော်ကြီးမှာ အနှစ်(၃၀၀) (၄၀၀) လောက်ချုံပုတ်များ၊ တောရိုင်းသစ်ပင်များဖြင့်သာ ဖုံးလွှမ်းနေခဲ့ပါသည်။

လွန်ခဲ့သော အနှစ် (၄၀၀) လောက်က ဟိန္ဒူကုလားဘုန်းကြီးတစ်ပါးသည် ထိုနေရာကို ရှင်းလင်းခုတ်ထွင်းပြီးနောက် စတင်နေထိုင်ကာ ဗုဒ္ဓဂယာ မသ်(Buddha Gaya Math) ကို စတင် တည်ထောင်ခဲ့ပါသည်။ ထိုအချိန်အတောအတွင်းမှာ မသ်ကို တည်ထောင်သူများသည် စေတီကြီး ပတ်ဝန်းကျင်ရှိ ပစ္စည်းအမြောက်အမြားကို ရှိခဲ့ကြပြီးစေတီကြီးကိုပါ သိမ်းယူခဲ့ကြပါသည်။

ဒေလီမြို့၊ မိုဟာမက်ရှာဟက်ဘုရင်သည် အကြီးအမှူးဖြစ်သော မဟန့် (Math) ကို ရွာနှစ် ရွာ လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းထားသောပစ္စည်းအကူ အထောက်အပံ့များဖြင့် နောက်ဆက်ခံ မည့် နာယကဖြစ်သော မဟန့်ဘုန်းကြီးများသည်လည်း ဘုရားဖူးများကို ကူညီဆောင်ရွက်ခဲ့ကြပါ သည်။

ထိုစဉ်အခါက မြန်မာပြည်နှင့် သီဟိုဠ် ဘုရင်များတို့သည် မိမိတို့၏ စရိတ်ဖြင့် စေတီတော် ကြီးကို ခဏခဏပြင်ဆင်ခဲ့ကြပါသည်။ ဟိန္ဒူဘာသာဝင်များက ဘုရားရှင်ကို ဗိဿနိုးနတ်ဝင်စား သော ဘုရားအနေဖြင့် မှတ်ယူကြပါသည်။ သို့ရာတွင် ဗုဒ္ဓဘာသာများသည် ဗုဒ္ဓဂယာကို အရေးတ ကြီးထားကာ ကြည်ညိုလေးစားယူဆသလို ဟိန္ဒူဘာသာဝင်များမယူဆကြောင်း ၀န်ခံရပေမည်။ သို့ရာတွင် ထိုအတောအတွင်းမှာ ဟိန္ဒူဘာသာဝင်များက ဗုဒ္ဓဘာသာဝင်များ၏ ထိုနေရာတွင် တရားအားထုတ်မှုနှင့် အခြားသော ဆောင်ရွက်မှုများကို မည်သည့်အခါမှ နှောင့်ယှက်ခြင်းမရှိခဲ့ပါ ကြောင်း။

အနာဂါရိက ဓမ္မပါလသည် သီဟိုဠ်ကျွန်းမှ အိန္ဒိယပြည်သို့ ရောက်လာသောအခါ ဗုဒ္ဓဂယာ စေတီတော်ကြီးကို စီမံအုပ်ချုပ်ပုံသည် ကောင်းသင့်သလောက် မကောင်းသေးကြောင်း၊ မဟန့် ဘုန်းကြီးသည်လည်းကောင်း သည်ထက်ကောင်းအောင် မစီမံ မအုပ်ချုပ်နိုင်ကြောင်းကို သိရှိလေ သည်၊ ထို့ကြောင့် ဓမ္မပါလသည် မဟာဗောဓိအသင်းတိုက်ကို တည်ထောင်ပြီးလျှင် စေတီတော်ကြီး ၏ စီမံအုပ်ချုပ်ရေးကို အသင်း၏ လက်သို့လွှဲပြောင်းအပ်နှံသင့်သည်ဟုတောင်းဆုလေသည်။

ဤထင်မြင်ချက်ကို ရရှိစေရန် ဗုဒ္ဓဘာသာများနှင့် ဟိန္ဒူဘာသာဝင်များ၏ စိတ်ကိုလှုပ်ရှား စေရန်နှင့် အများ၏ ထင်မြင်ချက်များကို ရရှိစေရန် ဓမ္မပါလကို ထောက်ခံသူများထဲတွင် အရှတိုက် အလင်းရောင် (Light of Asia) ခေါ် စာအုပ်ကို ရေးသားစီစဉ်သူ ဆာ.အကဒ် ၀င်အာနိုး (Sir Edwin Arnold) လည်း ပါဝင်ပါသည်။ ၄င်းသည် (Sir Edwin Arnold) ဗုဒ္ဓဂယာ စေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို အကောင်းဆုံးသည် စီမံအုပ်ချုပ်နိုင်သော သူများ၏လက်ထဲမှာ ရှိထိုက်သည်ဟု ဘိလပ်အစိုးရနှင့် အိန္ဒိယအစိုးရသို့ မေတ္တာရပ်ခံရုံတွင်မက ပြည်သူပြည်များကိုလည်း မေတ္တာရပ်ခံ ခဲ့ပါသည်။ ထိုအရေးသည် အနာဂါရိကဓမ္မပါလနှင့် မဟန့်ဘုန်းကြီးများ တရားဖြစ်ရသည့် အခြေ အ နေသို့ ရောက်ရှိခဲ့လေသည်။ ထိုတရားဖြစ်ရာ၌ မဟန့်ဘုန်းကြီးက အနိုင်ရလေသည်။ သို့ရာတွင် ဓမ္မပါလသည် ကြိုးစားအားထုတ်မှုကို လက်မလျှော့ခဲ့ချေ။

၁၉၂၂- ခုနှစ်တွင် ဂယာမြို့၌ ကွန်ကရက် အစည်းအဝေးကျင်းပသည့် အခါတွင် ဗုဒ္ဓဂယာ စီမံအုပ်ချုပ်ရေး ပြဿနာတို့ကို ကွန်ကရက်အဖွဲ့ကြီးတင်ပြရန် ဆရာတော်ဦးဥတ္တမခေါင်းဆောင် သည့် မြန်မာပြည်မှ ဗုဒ္ဓဘာသာပေါင်း (၁၀၀) မျှ ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ကွန် ကရက်ကော်မတီအဖွဲ့က ထိုအရေးကို စုံစမ်း၍ အစီရင်ခံရန် ကျွန်ုပ်ကိုလွှဲအပ်ခဲ့ပါသည်။ ထိုစဉ်အခါ ကအကြောင်းအမျိုးမျိုးကြောင့် တစ်စုံတစ်ရာ ထူးထူးခြားခြားမရှိခဲ့ပါ။

အခြားဗုဒ္ဓဘာသာများ၏ ကိုယ်စားလှယ်အဖွဲ့သည် ကာကင်နာဒါ (Kakinader) မြို့ ကွန်ကရက်အစည်းအဝေးချိန်တွင် ရောက်လာကြပြီးလျှင် မဟတ္တမဂန္ဓီ ဥက္ကဋ္ဌ အဖြစ်ဖြင့်ဆောင်ရွက်သော ဘယ်လဂွန်(Belgaum) ကွန်ကရတ်အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပါသည်။ ဂန္ဓီကြီး၏ ညွန်ကြားချက်အရ ဗုဒ္ဓဂယာ စေတီတော်ကြီး၏ အရေးကို တစ်ဖန်ပြန်၍ အရေးယူဆောင်ရွက်ခဲ့ရပါသည်။ ထိုအရေးကို စုံစမ်း မေးမြန်းပြီးနောက် ဗုဒ္ဓဘာသာဝင်များ၏ တောင်းဆိုချက်သည် တရားသည်ဟုအတည်ပြုခဲ့ပါသည်။
သို့ရာတွင် ဟိန္ဒူဘာသာဝင်များသည် ဗုဒ္ဓဘုရားရှင်ကို (၉) ကြိမ်မြောက် ဗိဿနိုင်းနတ်ဝင်စားသည် ဟု အယူရှိကြပြီးလျှင် စေတီတော်ကြီး၏ ပရ၀ုဏ်အတွင်းမှာပင် ဘာသာရေး အခမ်းအနားများပြု လုပ်ကျင်းပသည်ကို ထောက်ထား၍ ဗုဒ္ဓဂယာစီမံအုပ်ချုပ်ရေးကို အရာရှိများသာမက ဗုဒ္ဓဘာသာဝင် များနှင့် ဟိန္ဒူဘာသာဝင်ကိုယ်စားလှယ်များ ပါဝင်သော ကော်မတီအဖွဲ့တစ်ဖွဲ့သို့လွှဲအပ်သင့်သည်ဟု ထင် မြင်ယူဆခဲ့ပါသည်။

ဤအကြံကို သဘောတူညီရေး မဟန့်ဘုန်းကြီးကို ကြိုးစား၍တိုက်တွန်းခဲ့ပါသည်။ သို့ ရာတွင် မအောင်မြင်ခဲ့ချေ။ အကြောင်းမူကား ကွန်ကရက်အဖွဲ့ကဲ့သို့သော (အစိုးရအဖွဲ့မဟုတ်သော) အ စည်းအရုံးတစ်ခုသည် အလိုရှိသောရည်ရွယ်ချက်ကို ပြီးမြောက်ပေါက်ရောက်စေရန် အစိုးရကိုယ်စား ဥပဒေ ပြုလုပ်ခြင်းကို ထောက်ခံ၍ မဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။ ထိုသို့ဖြစ်ရကား ဤအရေးကိစ္စကို တစ်ဖန် ရပ်ဆိုင်းထားခဲ့ရပါသည်။

ဟိန္ဒူမဟာဆဗ္ဗ အဖွဲ့ကြီးကလည်း စေတီတော်ကြီး၏ စီမံအုပ်ချုပ်ရေးကို တွဲဖက်ကော်မတီတစ်ခုသို့ လွှဲအပ်ရန် ကွန်ကရတ်အဖွဲ့၏ ဆောင်ရွက်ချက် (အဆို) ကို ထောက်ခံခဲ့ပါသည်။ သို့ရာတွင် ထိုစဉ်အခါက ကွန်ကရက်အဖွဲ့မှာ ခွင့်ပြုနိုင်သော အမိန့်အာဏာမရှိသောကြောင့် ဤအရေးကိုကိစ္စကို တစ်စုံတစ်ရာ မ ဆောင်ရွက်နိုင်ဘဲဖြစ်ရပါသည်။
၁၉၃၇-ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်များ ပထမဦးစွာ အာဏာရရှိလာ သောအခါ ကွန်ကရတ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သော ဥပဒေပြုလုပ်၍ စေတီတော်ကြီး၏ စီမံအုပ်ချုပ်ရေးကို ကော်မတီအဖွဲ့တစ်ဖွဲ့သို့ လွှဲအပ်ရန် ဗုဒ္ဓဘာသာဝင်များက ၄င်းတို့၏ လိုလားချက်များကို တဖန်တင်ပြခဲ့ကြပါသည်။ သို့ရာတွင် ကွန်ကရတက်အစိုးရသည် ခေတ္တမျှသာ တည်တံ့၍ ထိုအလိုရှိသော ဥပဒေကို မပြုလုပ်နိုင်မီအခြားသော အကြောင်းများကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရပြန်ပါသည်။

သို့ဖြစ်၍ ၁၉၃၉-ခုနှစ်တွင် အိန္ဒိယပြည်သူပြည်သားတို့သည် ၄င်းနောက် လုံးဝလွတ်လပ်ရေးရသောအခါ ဥပဒေပြု လုပ်ရေးတာဝန်ကို တဖန်ယူ၍ ဆောင်ရွက်ရသောကြောင့် (Buddha Gaya Temple Act) ခေါ် ဗုဒ္ဓဂယာ စေတီတော်အုပ်ချုပ်ရေး အက်ဥပဒေကို ၁၉၄၉- ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ တရားရုံးတော်၌ တရားစွဲလျက် ရှိသောကြောင့် အက်ဥပဒေသစ်၏ စည်းကမ်းအရ ဗုဒ္ဓဂယာစေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို ဤမျှ လောက်ကြာအောင် ရည်ရွယ်ထားသော ကော်မတီအဖွဲ့သို့ ယခုတိုင် မလွှဲအပ်နိုင်ဘဲဖြစ်ခဲ့ရပါသည်။

ရှိသမျှ အနှောင့်အယှက်များ ရှင်းလင်း၍ သွားပြီးနောက် အထက်ဆိုပါ ဥပဒေအရ မဟန့်ဘုန်းကြီး နာယကဖြစ်သော မဟန့်ဟာရိဟာဂိရိဘုန်းကြီးက စေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို ခန့်အပ်ပြီးသော ကော်မတီအဖွဲ့သို့ လွှဲအပ်ခြင်းသည် ၀မ်းမြောက်ဖွယ်ရာ အချက်ကြီးတစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုအ ရေးကိစ္စကို အရေးကြီးသော ကိစ္စတစ်ခုအနေဖြင့် မှတ်ယူကာ အားလုံးသော ပုဂ္ဂိုလ်များ၏ ကောင်းရာ ကောင်းကြောင်းဖြစ်လိမ်မည့်ဟုလည်း စိတ်အားထက်သန်စွာမျှော်လင့်ပါသည်။ ယနေ့ ကျွန်ုပ်တို့ အောင်မြင် ချက်သည်ကား အနှစ်ခြောက်ဆယ်ကျော်လောက်က အနာဂါရိကဓမ္မပါလ ကြိုးစားလာခဲ့ခြင်း၏ အကျိုးပင် ဖြစ်ပါသည်။ ဤကဲ့သို့ ပြီးစီးထမြောက်မှုအတွက် ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်များကို ကောင်းချီသြဘာမင်္ဂ လာပြုပါသည်။ ထို့အတူ ဟိန္ဒူဘာသာဝင်များနှင့် မဟန့်ဘုန်းကြီး ဟာရိဟာဂိရိကိုပါ ကောင်းချီး သြာဘာ မင်္ဂလာပြုပါသည်။

ရိုသေလေးမြတ်ခြင်း၊ ပူဇော်သက္ကာရပြုခြင်းကို အစဉ်အမြဲ ဆွဲဆောင်နိုင်သည့် မြင့်မြတ်သော ဤနေ ရာသည် ဘုရားဖူးရာနေရာဌာန တစ်ခုအဖြစ်ဖြစ် ပိုမိုဆွဲဆောင်နိုင်အားရှိစေရန်နှင့် ထိုနေရာကိုကောင်းသည် ထက်ကောင်းရန် ကြည့်ရှုစောင့်ရှောက်မည်ဖြစ်ပါသည်။ ထိုနေရာမှ အဝေးအနီးဘုရားဖူးများအား ကြိုဆိုခြင်း ပြုပါမည်။ (ကြိုဆိုရန်လက်ကမ်းပါမည်)

ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာသည် တစ်စုံတစ်ရာခိုက်ရန်ဖြစ်ပွားဖို့ အကြောင်းမရှိပါ။ ဤဘသာကြီး နှစ်ရပ်လုံးသည် အိန္ဒိယပြည်တွင်နှစ်ပေါင်းများစွာ ယှဉ်တွဲ၍ ထွန်းလင်းလာခဲ့ပြီးလျှင် သန်းပေါင်းများစွာသော လူတို့အားရှေ့ဆောင်လမ်းပြုခြင်းနှင့် သုခချမ်းသာကို ပေးခဲ့ကြောင်း၊ ရာဇ၀င်က သက်သေ ခံပြီးဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် ယခုအခါ အနည်းနှင့် အများဆိုသလို အိန္ဒိယပြည်မှ ကွယ်ပျောက်ခဲ့ပါသည်။ ထိုဘာသာကို ဟိန္ဒူဘာသာဝင်များက အတင်းအဓမ္မနှင့် ထုတ်ပစ်သည်ဟု မဆိုလိုပါ။

အကြောင်းအရင်းအစစ်မှာမူကား ဟိန္ဒူဘာသာဝင်များသည် ဤဗုဒ္ဓဘာသာတရား၏များစွာသော တရားတော် အစိတ်အပိုင်းများကို လက်ခံ၍ ၄င်းတို့၏ဘာသာတရားထဲသို့ ပူးပေါင်းထည့်သွင်းခဲ့ကြပါသည်။ ထို့ကြောင့် ဤစေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို မိမိတို့ကိုယ်ပိုင် ဗုဒ္ဓဘာသာဝင်များနှစ်ဦးစလုံး ပူးပေါင်းတွဲ ဘက်၍ အုပ်ချုပ်ခြင်းသည် လျှော်တန်သင့်မြတ်သည်သာတည်း။

များမကြာမီက အိန္ဒိယပြည်သူပြည်သားများသည် ဗုဒ္ဓဘာသာနှင့် ၄င်း၏တရားတော်များကို စိတ်ဝင် စားလာကြပါသည်။ ဗုဒ္ဓဘာသာကို လေ့လာရန်အတွက် လွယ်ကူအောင် စီမံဆောင်ရွက် ကြရုံမက၊ ဗုဒ္ဓဘာ သာ စာပေများသည်လည်း တိုးတက်များပြားလျက်လာပါသည်။ အိန္ဒိယပြည် သမ္မတအစိုးရသည် ဘုရားရှင် ၏ သာသနာ့ဒါယကာဖြစ်သော အသောကမင်းကြီး၏ စကြာနှင့်ခြင်္သေ့ရုပ်ကို နိုင်ငံတော်၏ တံဆိပ်တော်အ ဖြစ်ဖြင့် ဆက်ခံခဲ့ပါသည်။
ဗုဒ္ဓဘာသာ `၀ိဟာရ´ (Vihara) ဟူသော ပုဒ်မှ ဖြစ်ပေါ်လာသော ဗီဟာပြည်၌ နာလန္ဒာတက္ကသိုလ်ကြီးသည် နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာ စာပေများကို လေ့လာရေး၊ စုဆောင်းရေးနှင့် ဖြန့် ချီရေး အတွက်လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့လေသည်။ နာလန္ဒာသည် တစ်ကမ္ဘာလုံးအတွက် ပညာ သင်ရန် ဗဟိုရ်ဌာနကြီးတစ်ခုဖြစ်ခဲ့ပါသည်။ များစွာသော ဗုဒ္ဓဘာသာ ကျမ်းဂန်များကို ပြုစုရေးသားခဲ့သော ဤနေရာ၌ ပါဠိဘာသာအတွက် သုတေသနဌာနတစ်ခုကို မကြာမီက ဖွင့်လှစ်ခဲ့ပါသည်။

ဗုဒ္ဓဂယာသည် ဘုရားဖူးဗဟိုရ်ဌာနအဖြစ်ဖြင့် တိုးတက်သည်ထက် တိုးတက်ကာ တိုင်းတစ်ပါးမှ ယောင်္ကျား၊ မိန်းမတို့သည် ကြည်ညိုဖွယ်ရာ ရောင်စုံဖြာလျက်ရှိသော ဤနေရာသို့ ဆက်လက်၍ လာ ရောက်ဖူးမြော်ကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ယုံကြည်ပါသည်။ ဤနေရာမှာ ဖြာထွက်လျက်ရှိသော ဘာသ တရားနှင့် အလင်းရောင်ခြည်သည် အဝေးအနီးနိုင်ငံရပ်ခြားတိုင်း တစ်ပါးများသို့ ပျံနှံ့ကာ နာလန္ဒာသည် ရှေး အခါတုန်းက ပညာသင်ရာဗဟိုရ်ဌာနကြီးအဖြစ် တဖန်ဖြစ်လိမ့်ဦးမည်ဟု ကျွန်ုပ်မျှော်လင့်ယုံကြည်ပါသည်။ ဟိန္ဒူဘာသာဝင်များ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်ပိုင်အစိုးရသည် ဤဌာနနှစ်ခု တိုးတက်ရေးအတွက် အစွမ်း ကုန်ဆောင်ရွက်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါကြောင်း။

အိန္ဒိယ သမ္မတကြီး၏ သ၀ဏ်လွှာသည် ဗုဒ္ဓဂယာမြေနှင့်ပတ်သက်သော သမိုင်းကြောင်းကို တစ် စိတ်တစ်ဒေသဖော်ပြထား၍ မှတ်သားဖွယ်ကောင်းလှပါသည်။

ထိုမြေပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသနာအဖွဲ့မှာ တရားဌာနအတွင်းဝန်ဟောင်း (နိုင်ငံတော်ဗုဒ္ဓဘာသနာအဖွဲ့၊ ဖြန့်ချိရေးအဖွဲ့ငယ် ဥက္ကဋ္ဌ) စည်သူဦးစံညွန်နှင့် နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့၏ ဘဏ္ဍာရေးအဖွဲ့ငယ် ငွေထိန်းလူကြီးမင်း ချပ်သင်းဦးဘတင်တို့အား ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဂယာပိုင်ဆိုင်မူ မှတ်တမ်းသည် သမိုင်းတစ်ရပ် အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့ သိအပ်လှ၍တင်ပြရခြင်းဖြစ်ပါသည်။

ဓမ္မ၀ီရ

မှတ်ချက်။ ။ မိဂဒါဝုန် ရာပြည့်အောင် နှင့် ဂုဏပူဇာမဂ္ဂဇင်း မှ တင်ပြလိုက်ပါသည်။