ဘုရားနှင့် လူငယ်
“ဘုန်းဘုန်း သားကို နီနီချတယ်”
ငိုသံနှောတဲ့ တိုင်ကြားသံကြောင့် ကြည့်ဆဲ စာအုပ်ကိုချကာ အခန်းထဲက ထွက်ခဲ့တော့ . . .
“ဟုတ်တယ် ဘုန်းဘုန်း ကိုညီညီကို မမနွယ်နီ ခေါင်းချတယ် . . အိမ်ကျရင် ကြီးတိုးနဲ့တိုင်မယ်”
အုပ်စုထဲမှာ အငယ်ဆုံး နှစ်ယောက် 
ဖြစ်တဲ့ ယမင်းရွှေစင်ကျော်နဲ့ ညီညီဝေထွန်း၊ တစ်ယောက်က မျက်ရည်သုတ်လို့၊ 
တစ်ယောက်က မကျေမချမ်းနဲ့ တိုင်လို့၊ အကြီးမတွေကတော့ ဘာမှမပြောကြဘူး၊
 တစ်ချို့ကတော့ စိတ်မကောင်းဟန်နဲ့၊ ဒါပေမယ့် … သူတို့ ထဲမှာ နွယ်နီထွန်းက 
အကြီးဆုံးဆိုတော့ …
“ဟဲ့ ဘာဖြစ်လို့ အကြီးမကြီးက မောင်လေးကို ရိုက်ရတာလဲ”
“ပြောလို့မရလို့ ဘုန်းဘုန်း သမီး အသာလေး ချတာ၊ ဒီလောက် မျက်ရည်လွယ်တာ”
“မဟုတ်ဘူး ဘုန်းဘုန်း သမီးသိတယ် နာနာကြီး ခေါက်တာ”
“ယမင်းရွှေစင် နင်ပါ အခေါက်ခံချင် ..”
“ကဲ.. ကဲ .. တော်ကြ .. တော်ကြ .. သမီး နီလာထွန်း ဟိုခရေပင်ရိပ်က အကိုကြီးတွေ သွားခေါ်လိုက်တော့၊ စာသင်တော့မယ်လို့”
ညီညီဝေထွန်းနဲ့ ယမင်းရွှေစင်ကို 
တဘက်ဆီ ဆွဲပြီး ချော့မော့ရတယ်၊ အကြီးမတွေကို လှမ်းကြည့်ရင်း အကြီးနဲ့အငယ်၊ 
 ရိုက်ခြင်းနဲ့ဆုံးမခြင်း စတာတွေ ခေါင်းထဲပေါ်လာတယ်၊ ဒီမှာက .. 
ဆုံးမတယ်ဆိုရင် နောက်က ရိုက်ခြင်းဆိုတာ ပါလာတာများတယ်။ အိုး လုပ်တဲ့ခါ 
အိုးထိန်းသည်ဟာ အိုးကိုကွဲစိမ့်သောငှါ မရိုက် ဆိုတဲ့ နီတိကလည်း ခုထိ 
လတ်ဆတ်နေတုန်း … အင်း …
“ဒီ စွာတေးအုပ်စု ဘာဖြစ်လာ ပြန်ပလဲ ဘုန်းဘုန်း”
ဟော.. အပြိုင်းအရိုင်းနဲ့ ကောင်းမြတ်တို့ အုပ်စု၊ ဇင်မင်း က လှမ်းမေးတယ်။
“ဘာ .. စွာတေးလဲ .. သမီးတို့က 
မစွာပါ ဘူးနော်..” ခင်မေထွန်းက ရန်တွေ့နေလို့ .. လက်ကာပြီး၊ “နေ .. နေ .. 
သမီးတို့ .. ဘုန်းဘုန်းပြောစရာရှိတယ်၊ အားလုံးစဉ်းစားဖြေကြနော် .. သားတို့ 
သမီးတို့ထဲမှာ ဘယ်သူတွေ အရိုက်ခံရဖူးသလဲ။”
တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်၊
အကြီးကောင်တွေက မချိုမချဉ်မျက်နှာ တွေနဲ့ ..
“ဟောဒီကောင် ဘုန်းဘုန်း”
“အောင်မာ .. ရန်နိုင် .. မင်းမှ ဆရာမက ဗိုက်ဆွဲလိမ်တာ ..”
တစ်ယောက်ကိုတစ်ယောက် လွှဲချနေကြတယ်၊ ဘာဖြစ်လို့မေးတာလဲလို့လည်း သိချင်နေကြပုံရတယ်၊ သိချင်စိတ် ကဲလေ့ရှိတဲ့ နီလာထွန်းက ..
“ဘာဖြစ်လို့လဲဟင် ဘုန်းဘုန်း”
“ရိုက်တာနဲ့ ပတ်သက်လို့ ဆင်ခြင်စရာ၊ စဉ်းစားစရာလေးတွေအကြောင်း ပြောပြချင်လို့ကွယ့်”
“လူကြီးနဲ့ ကလေးကြားမှာ မလိုအပ်ဆုံးဟာ ရိုက်နှက်ခြင်းပဲ”
“ဟင် .. ဆုံးမတာပဲဟာ ဘုန်းဘုန်းကလဲ”
အကြီးမကြီး နွယ်နီထွန်းက သူ့အပြစ် ပြောမယ်ထင်လို့ စကားအထွန့်တက်တယ်၊
“အကြီးနဲ့ အငယ်ပဲ၊ ဆုံးမလို့ မရဘူးလား ဘုန်းဘုန်း”
“ဆုံးမလို့ရပါတယ် ကိုကောင်းရဲ့၊ ဒါပေမယ့် ဆုံးမရင် ရိုက်ဖို့ မပါနဲ့လို့ ပြောတာ”
“ဘာဖြစ်လိုလဲ ဘုန်းဘုန်း”
“အေး … ဒို့ဆီမှာက ပြောမရရင် 
ရိုက်မှရမယ်ဆိုတဲ့ အစွဲက လူတိုင်းဆီမှာလို ရှိနေကြတယ်၊ မိဘကလည်း သားသမီးကို
 ရိုက်ခွင့်ရှိတယ်၊ ဆရာကလည်း တပည့်ကို ရိုက်ခွင့်ရှိတယ်လို့ တရားသေထင်ထား 
ကြတာ”
“ဆိုးလို့ ကောင်းစေချင်ရင်ကော ဘုန်းဘုန်း”
“ကောင်းစေချင်ရင် ပိုလို့တောင် မရိုက်ရဘူး  ကိုကောင်းရဲ့”
အားလုံးက ဘာလို့လဲဆိုတဲ့ အကြည့်နဲ့ ကြည့်နေကြတယ်၊ မျက်လုံးလေးတွေလက်လို့၊
“ဒီလိုကွယ့် .. အရိုက်ခံရတဲ့ကလေးမှာ
 ကြောက်ရွံ့ထိတ်လန့်သွားမယ် .. ဒါမှမဟုတ် ခံစားမှုတစုံတခု တုန့်ပြန်လာ 
မယ်ဆိုရင် .. ပင်ကိုယ်ဉာဏ်စွမ်းကို ထိခိုက်တတ်သတဲ့”
ကလေးစိတ်ပညာတွေကို ပြောပြဖို့ မရည်ရွယ်ပေမယ့် သူတို့လေးတွေအတွက် တတ်သ၍ မှတ်သ၍တော့ ပြောပြထားရမယ်၊ သူတို့လေးတွေက တနေ့မှာ ..
“နောက်ပြီး .. စောစောက 
နွယ်နီထွန်းလို ကလေးတွေကို ခေါင်းတို့ ဘာတို့ မခေါက်မရိုက်ရဘူး။ 
ဘာဖြစ်လို့လဲဆို .. မှတ်ဉာဏ်သိမှုက ဦးနှောက်ရဲ့ ဘယ်ဘက်အကန့်မှာ ရှိတယ်လို့ 
ဆေးပညာမှာဆိုတော့ ခေါင်းထိခိုက်ရင် ဉာဏ်ထိုင်းတာတို့ ဖြစ်တတ်သတဲ့၊ သားတို့ 
သမီးတို့ စဉ်းစားကြည့် .. ဒါဆို ဒီကလေး ဘယ်လာ တော်တဲ့ ကလေးဖြစ်တော့မလဲ”
“ဒါကြောင့် တော်စေချင် မရိုက်နဲ့လို့ ဘုန်းဘုန်း ပြောတာ”
“ဟုတ်တယ် ဘုန်းဘုန်း၊ အတန်းထဲမှာ ရန်နိုင်ထွန်း ဆရာမက ခဏခဏ ပေါင်တွင်းကြောဆွဲလိမ်ခံရတယ်၊ ဒါကြောင့် ဒီကောင် မတော်တာ ဟိ ..ဟိ”
“အောင်မယ် ကိုဇင်မင်း သူကျတော့ ခဏ ခဏ အခေါက်ခံရပြီး .. ဟင်း”
“နီလာထွန်းက သူ့အကို ထိလို့နာတယ်၊ ငါ ခေါင်းထုလိုက်ရ ဉာဏ်တုံးသွားရော့မယ် ဟိ . . ဟိ”
“ဟေ့ကောင် ဇင်မင်း နေစမ်းပါ၊ ဘုန်းဘုန်း ကြီးသူက ငယ်သူကို ကောင်းစေချင်လို့ ရိုက်တာဘဲဟာ”
“ဟုတ်သားဘဲ ဘုန်းဘုန်းကလဲ  နွယ်နီလို စေတနာနဲ့ ရိုက်တဲ့ဟာ”
“အေး ..အဲဒီ စေတနာနဲ့မို့လို့ မရိုက်သင့်တာ”
“ဘာဖြစ်လို့”
“အဲဒီ စေတနာရှိရင် စိတ်ရှည်ရှည်နဲ့ ကောင်းလာအောင် ပြောဆိုဖျောင်းဖျ ဆုံးမပေးနိုင်ရမှာပေါ့”
“ပြောလို့မရရင်ကော ဘုန်းဘုန်း”
“တစ်ကြိမ်မရ နှစ်ကြိမ်၊ နှစ်ကြိမ်မရ သုံးကြိမ် ပေါ့ကွယ်”
“အဲလိုမှ မရရင်ကော ဘုန်းဘုန်း”
“အဲလိုမှ မရရင်လည်း အုပ်ထိန်းသူနဲ့ 
တိုင်ပင်ခြင်း၊ လူကြီးသူမတွေနဲ့ ညှိနှိုင်းပြီး ဆုပေး၊ 
ဒဏ်ပေးတာမျိုးလေးတွေနဲ့ ပြုပြင်ယူရမှာပေါ့ မနွယ်နီရဲ့၊ ကလေး ဆိုတာ ဆိုးလဲ 
ခဏပေါ့”
ငယ်ရွယ်သူဆိုတာ ပြုပြင်လွယ်တဲ့ သဘာဝ
 ရှိတာဘဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို ကလေးကို မည်သည့် အကြောင်းနဲ့မျှ 
မရိုက်နှက်ရဘူး၊ ရိုက်နှက်ရင် ဥပဒေအရ အရေးယူတာတွေ ဘာတွေ မပြောတော့ပါဘူးလေ၊ 
ဒါတွေက သူတို့ မိဘတွေနဲ့ ဆုံမှပြောပြရမယ်၊ ခုသူတို့ နားဆံ့ရုံပြောမှ .. ဟော
 .. ဟိုမှာ အငယ်တွေက သန်းဝေလို့တောင် နေကုန်ပြီ၊ သူတို့ သဘောကျမယ့် ဥပမာလေး
 ဆောင်ဦးမှ … ဟုတ်ပြီ ..၊ ခုမှ သတိရတယ်၊ ဒီသဘောမျိုး တို့ဘုရားသခင် 
ကိုယ်တော်မြတ်ကြီးက ဟောခဲ့ဖူးတာပဲ၊ ငါးရာ့ငါးဆယ်ထဲမှာ၊ ကဿပမန္ဒိဇာတ်၊ 
အံ့ဩစဖွယ် ဥာဏ်တော်ပေဘဲ၊ လက်အုပ် မသိမသာ ချီမိတယ်၊ ပြီးမှ .. “ကဲ . . ကဲ ..
 နားထောင်ကြ၊ လူကြီးနဲ့ လူငယ် အချင်းများကြတဲ့ ပုံပြောပြမယ်”
“မမနွယ်နီနဲ့  ကိုညီညီလိုပေါ့နော် ဘုန်းဘုန်း”
“မိယမင်းနော် ..ဟင်း”
“ဟိ .. ဟိ ..”
“ကဲ .. ကဲ .. နားထောင်ကြ .. ဟို တစ်ခါ တုန်းက ရသေ့လေး တစ်ပါးရှိပါသတဲ့”
“ရသေ့ဆိုတာ ဘယ်လိုဟာလဲ ဘုန်းဘုန်း”
“ဟာ ကိုညီဝေထွန်းကလဲ အ ပါ့၊ ဒါတောင် မသိဘူး”
       “ထုပ်ထုပ်ရော သိလို့လား”
      “သိပါ့ .. ရသေ့ဆိုတာ ဘုန်းဘုန်းလို”
တဟားဟားနဲ့ အကြီးတွေက 
ဝိုင်းရယ်ကြတယ်၊ ကိုယ်တိုင်လဲ ပြုံးတုံ့တုံ့ ဖြစ်ရတယ်၊ ခင်မေထွန်း ပြောမှ 
ကိုယ်တိုင်တောင် ဒေါက်ချာဆောင်းရမလို ဖြစ်နေပြီ။
“မဟုတ်ဘူးလား ကိုကောင်းတို့ကလဲ ရသေ့ ဆိုတာ ..”
“ရသေ့ဆိုတာ ဇာတ်ထဲမှာ မြင်ဖူးသား၊ ဦးထုပ်ရှည်ကြီး ဆောင်းထားတဲ့ ဘုန်းကြီးဘဲဟာနော် ဘုန်းဘုန်း”
“အေး .. အေး .. ဒီလိုကွယ့် 
ရသေ့ဆိုတာ မြတ်စွာဘုရားရဲ့ လမ်းစဉ်အတွင်း မတည်နိုင်ဘူး  ..  သူက 
အိမ်ထောင်မပြုဘဲ သစ်ခေါက်ဆိုးထည် ဝတ်ပြီး၊ သစ်ဥသစ်ဖု စသည်နဲ့မျှတပြီး 
ခေါင်းခေါင်းပါးပါးကျင့်သူပေါ့၊ အဲဒါကို ရသေ့ခေါ်တယ်”။
“နောက်ပြီး ဟိုဒေါင်ချာကြီးလဲ ဆောင်းထား သေးတယ်”
“အေး .. ဒေါက်ချာ .. ဒေါက်ချာ .. 
ဘုန်းဘုန်းတို့ကတော့ မြတ်စွာဘုရား လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံရတဲ့ 
သူတွေ၊ ရဟန်းတွေခေါ်တယ်ကွယ့်၊ အဲဒါထားလိုက် ရှေ့ဆက်ရအောင် .. အဲဒီရသေ့လေးဟာ 
တောထဲမှာ တရား အားထုတ်နေပြီး သူနဲ့အတူ သူ့ဖခင်ကြီးရယ် 
သူ့ညီငယ်လေးရယ်ကိုလည်း ရသေ့ဝတ်ပြီး တရားအားထုတ်ရအောင် ခေါ်ထားသတဲ့၊  သူတို့ 
ရသေ့သုံးပါး အတူနေကြတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ 
မိုးလည်းနီးပြီ၊ ရွာရပ်မှာမှီပြီး သတင်းသုံးဖို့ရန် ရသေ့လေးက နေရာထိုင်ခင်း
 ပြင်ဆင်ဖို့ သူကအလျှင် သွားနှင့်မယ်၊ သူ့ဖခင်ရသေ့အိုကြီးကို တွဲခေါ်ပြီး 
နောက်ကလိုက်လာဖို့ သူ့ညီရသေ့ငယ်လေးကို မှာခဲ့သတဲ့။
အဲဒါနဲ့ရသေ့ငယ်လေးက 
သူ့ဖခင်ရသေ့ကြီးကို တွဲပြီးခေါ်လာသတဲ့၊ ရသေ့ကြီးက အသက်ကကြီးပြီဆိုတော့ 
တုံ့နှေး၊ တုံ့နှေးနေမှာပေါ့၊ ရသေ့လေးက သွက်သွက်လျှောက်ဖို့ပြောသတဲ့၊ 
ရသေ့ကြီးက ဖြေးဖြေးပဲတဲ့၊ တွဲလာတဲ့ ရသေ့လေးက မြန်ဖို့ပြော၊ ရသေ့ကြီးက 
နှေးဆိုတော့ စိတ်မရှည်တော့ ရသေ့လေးက ခါးကိုတွန်း လိုက်သလိုဖြစ်သွားသတဲ့၊ 
ဒီအခါ ရသေ့ကြီးက မင်းက ငါ့ကိုတွန်းတယ်၊ မင်းတွဲခေါ်တာ ငါမလိုက်လိုဘူး၊ 
ငါ့ဟာငါ သွားမယ်ဆိုပြီး ရပ်နေတယ်။ ရသေ့လေးကလည်း ငယ်ရွယ်သူဆိုတော့ 
သူတွဲခေါ်လာလို့ရောက်လာတာ နို့မဟုတ်ရင် မမြင်မကန်းနဲ့ ခရီး ရောက်မှာတောင် 
မဟုတ်ဘူးလို့ဆိုတော့ ရသေ့ကြီးက ဒေါပွသွားပြီး အံမယ် မင်းခေါ်လို့ 
ရောက်ရတယ်ဆိုရင် မရောက်လို့ နေနေ မသွားဘူးဟေ့ ဆိုပြီး မူလကလာခဲ့တဲ့နေရာကို 
ပြန်သွားပြန်သတဲ့၊ ပြီးတော့မှ သူ့ဘာသာ ပြန်လာသတဲ့၊
“ဟား .. ဟား .. ဟား .. တကယ့် ရသေ့ ကြီးနော်”
“ဟီး .. ဟီး .. ဟီး ..”
ရသေ့ငယ်လေးက စောင့်နေရတာပေါ့၊ 
ရသေ့ကြီးရောက်လာမှ ခရီးဆက်ရပြန်တယ်၊ ဒီအခါမှာလည်း ရသေ့ကြီးက လေးလေးဘဲတဲ့၊ 
ရသေ့လေးက စိတ်မရှည် ပြန်ဖြစ်ပြီး ပြောမိပြန်ရော၊ ရသေ့ကြီးကလည်း 
သူ့ခြေထောက်နဲ့သူသွားတာ မမြန်နိုင်ဘူးပေါ့၊ ဒီတော့ ရသေ့လေးက 
လက်မောင်းကိုင်ပြီး ခက်သွက်သွက် လျှောက်တာပေါ့၊ ဒီတော့ ရသေ့ကြီးက 
အတင်းရုန်းပြီး မင်းခေါ်ရာ ငါ မလိုက်ဘူး။ ငါ့ဟာငါ သွားမယ်ဆိုပြီး ရုန်းကာ 
ဆွဲခေါ်လာတဲ့ နဂိုနေရာ ပြန်သွား ပြန်ရောတဲ့။
“ဟား .. ဟား .. ဟား ..”
“တော်တော်ဆိုးတဲ့ ရသေ့ကြီးနော် ဟီး.. ဟီး”
“နွယ်နီလိုပေါ့”
“ကောင်းမြတ်နော် .. ငါက အဲလို မဟုတ်ဘူး”
အဲဒါနဲ့ပဲ ရောက်တဲ့နေရာ 
ပြန်ပြန်သွားပြီး အစက ပြန်ပြန်စနေရလို့ ခရီးက မတွင်ဘူးတဲ့၊ စကားများလိုက်၊ 
သူ့ကို တွန်းသလို ဖြစ်လိုက်၊ ပြန်သွားလိုက်၊ ပြန်လာလိုက် လုပ်နေတာနဲ့ 
မိုးကြီးချုပ်မှ သူတို့နေရမယ့်နေရာကို ရောက်ကြသတဲ့၊ ရသေ့ငယ်လေးခမျာ လူပန်း 
စိတ်ပန်းပေါ့၊ ဟိုသားကြီးရသေ့ကတော့ တမျှော်မျှော်နဲ့ပေါ့၊ ရောက်လာမှ 
စိတ်အေးရပြီး အကြောင်းစုံသိရတော့ ဖခင်ရသေ့ကြီးကို ငယ်ရွယ်သူကို တုဘက်ပြီး 
ရန်လုပ်ရကောင်းလားဆိုပြီး အပြစ်တင်ပါသတဲ့၊ လူကြီးကသာ အသိအမြင်ကျယ်ကျယ်နဲ့ 
သဘောထားကြီးရမယ်၊ ငယ်သူဆိုတာ အသိအမြင် ငယ်နုသေးတယ်ပေါ့။
ဒါကြောင့် ခုလိုမပြုသင့်ကြောင်းပြောဆို ဆုံးမသတဲ့၊
“ဘုန်းဘုန်း  ရသေ့ကြီးက ဟိုရသေ့ငယ်ငယ်လေးကို ရိုက်လို့လားဟင်”
“ရိုက်တော့ မရိုက်ပါဘူးကွယ်၊ 
ဒါပေမယ့် ကြီးသူက ငယ်သူကို ငဲ့ညှာနားလည်စွာ ပြုမူဆက်ဆံရမယ် ဆိုတဲ့သဘော၊ 
အဲလိုမဆက်ဆံရင်တောင် ရှေး သူတော်ကောင်းတို့က မလိုလားအပ်ရင် ရိုက်တာဆို 
ဘာပြောစရာလိုတော့သလဲကွယ်”
“နောက်တော့ကော ရသေ့ကြီး ဘာဖြစ်သွား သေးလဲ ဘုန်းဘုန်း”
“နောက်တော့လား .. နောက်တော့ .. သူ အသိတရားရသွားတာပေါ့ ညီညီဝေထွန်းရဲ့”
“နောက်တခါ အဲလိုလုပ်ရင် သူ့ကို ဘုရားက ဟို .. ဟို .. ရိုက်မှာပေါ့နော်”
“ဟား .. ဟား .. ဟား ..  
ကြံကြံဖန်ဖန် ယမင်းရွှေစင်ရယ်၊ ဘုရားက ရိုက်စေချင်ရတယ်လို့၊ အေး .. အေး .. 
မြတ်စွာဘုရားက အဲဒါနဲ့ပတ်သက်ပြီး ဆုံးမခဲ့တာတော့ရှိတယ်၊ အဲဒီ 
ရသေ့တွေတဖြစ်လဲ ရဟန်းသားအဖကို အကြောင်းပြုပြီး ဟောတော်မူခဲ့တာ”
လူငယ်ဆိုတာ ထိရင်ခိုက်ရင် 
ကွဲလွယ်တဲ့ အိုးငယ်၊ ခွက်ငယ်လေးတွေနဲ့တူလို့ သတိပြု ဆက်ဆံကြရမယ်၊ 
ငဲ့ညှာနားလည်ပြီး ပြုမူကြရမယ်လို့ ဟောတော်မူခဲ့တယ်။ ထိခိုက်လွယ် 
ခံစားလွယ်တဲ့ လူငယ်ကို ကြီးသူများက ဦးစားပေးရမယ်ဆိုတဲ့ သဘောပေါ့ကွယ်။
“ဟား .. ဒါဆို မြတ်စွာဘုရားက သားတို့ ဘက်ကပေါ့နော် .. “
“ဟား .. ဟား ..ဟား.. မြတ်စွာဘုရားက လူသားအားလုံးဘက်ကပါ မောင်ရာ” ။       ။
နတ်စည်
နိုဝင်ဘာ ၁၂၊ ၂၀၁၃

 

