Sunday, November 10, 2013

ရဟန်းစားသော ဆွမ်းတနပ်


 ရဟန်းစားသော ဆွမ်းတနပ်

ရှေးအခါကရွာတစ်ရွာတွင် တိဿအမည်ရှိသော သူဆင်းရဲတစ်ယောက်ရှိသည်။ ထိုသူဆင်းရဲတွင် ဇနီးနှင့်သမီးလည်း ရှိ၏။ တစ်နေ့သောအခါထိုရွာသူရွာသား အပေါင်းတို့သည် ဆွေးနွေးတိုင်ပင်၍ သံဃာတော်တို့ကို ပင့်ဖိတ်ကာ အသီးသီးအလှည့်ကျ ဆွမ်းလောင်းကြ၏။ တိဿတို့အလှည့်သို့ ရောက်သောအခါ ဆင်းရဲလှသောကြောင့် ဆွမ်းကောင်းမကပ်နိုင်။ ပုန်းရည်ဖတ်ကိုသာ လောင်းလှူနိုင်ကြသည်။

ထိုအခါသံဃာတော်တို့သည် ပုန်းရည်ဖတ်ကို မသုံးဆောင်။ ရွာစွန်၌ စွန့်ပစ်ထားခဲ့ကြသည်။ ထိုအကြောင်းကို တိဿ သိသော် စိတ်မချမ်းမသာဖြစ်မိ၏။
‘‘ငါတို့၏ ဆွမ်းမှာ ညံ့ဖျင်းလှသဖြင့် သံဃာတို့ မသုံးဆောင်နိုင်ပါတကား’’ ဟု ဇနီးနှင့်သမီးကို ပြောပြသည်။ ထို့နောက် သမီးအား ‘‘ချစ်သမီး၊ သူဌေးအိမ်တွင် ညည်းကို အသပြာငါးရာဖြင့် အပေါင်ထား၍ နို့စားနွားမတစ်ကောင် ဝယ်ပါရစေ၊ သံဃာတို့ကို နို့ဆွမ်းလှူရသော် လွန်စွာ အကျိုးရှိလိမ့်မည်’’ ဟု ဆို၏။

သမီးကလည်း ‘‘ကောင်းပါပြီဖခင်’’ ဟုဆိုကာ အကြည်တသာ လက်ခံ၏။ သို့ဖြင့် တိဿသည် သူဌေးထံ သမီးကိုအပေါင်ထားကာ နို့စားနွားမ ဝယ်၍ ဇနီးအားအပ်နှံကာ မှာကြားခဲ့သည်။
‘‘ရှင်မ၊ ဤနို့စားနွားမကို နို့ညှစ်၍ သံဃာတော်တို့အား မပြတ် လှူဒါန်းပါ။ ငါကား သမီးကို ရွေးရန် အခြားတစ်မြို့သို့ သွား၍ အလုပ်လုပ်ကိုင်ကာ ငွေရှာတော့မည်’’ ဟုဆိုသည်။

ထို့နောက် အခြားမြို့ တစ်မြို့  သို့သွားရောက်အလုပ်လုပ်ကိုင်ရာ ကံအားလျော်စွာဖြင့် အလုပ်ရရှိပြီး ၆ လခန့်အကြာတွင် အသပြာငါးရာ စုဆောင်းမိသောအခါ မိမိရွာသို့ ပြန်လာခဲ့၏။ လမ်းခရီးတွင် နေ့ညမပြတ် တရားဘာဝနာ စီးဖြန်းသော ရဟန်းတစ်ပါးနှင့်တွေ့ကာ စကားပြောကြလျှက် အတူလာခဲ့ကြလေသည်။ အချိန်တန်၍ နေကိုမျှော်ကြည့်သော် မွန်းတည့်ခါနီးဖြစ်နေလေသည်။

တိဿက ရဟန်းတော်အား ‘‘အရှင်ဘုရား၊ ဆွမ်းပါ၏လော’’ ဟု မေးလျှောက်ရာ ရဟန်းတော်ကလည်း ‘‘ဆွမ်း မပါ’’ ဟူ၍ ဆို၏။ တိဿလည်း ‘‘အရှင်ဘုရား၊ သည်နေရာတွင် ခေတ္တ စောင့်ဆိုင်းတော်မူပါ။ တပည့်တော် ဆွမ်းသွားရှာပါမည်’’ ဟုဆိုလိုက်လေသည်။ထို့နောက် ဆွမ်းသွားရှာရာ တစ်နေရာတွင် ယောင်္ကျားတစ်ယောက်ကို တွေ့သည်။ ထိုယောင်္ကျားသည် ထမင်းထုပ်ကို ထမ်းလျှက်လာလေသည်။ တိဿက ‘‘အဆွေ ထမင်းထုပ်ကို ရောင်းပါ’’ ဟု တောင်းပန်ရာ

ထိုယောင်္ကျားက ‘‘အသင် အသပြာမည်မျှ ပေးမည်နည်း’’ ဟုမေးသည်။တိဿက ‘‘တစ်အသပြာပေးမည်’’ ဟုဆို၏။ ယောင်္ကျားက ‘‘မရောင်းနိုင်’’ ဟုဆို၏။ တိဿလည်း တစ်ဆင့်၊တစ်ဆင့် တက်၍ ပေးသည်။ နောက်ဆုံး၌ အသပြာငါးရာကို ပုံ၍ပေးကာ ‘‘အဆွေ ငါ့၌ သည့်အပြင်ဘာမျှမပါ။ ရောင်းပါတော့’’ ဟူ၍ တောင်းပန်ရာ ထိုယောင်္ကျားလည်း အသပြာငါးရာကိုယူကာ ထမင်းထုပ်ကိုပေးလိုက်သည်။

တိဿလည်း ရဟန်းတော်ထံ အဆောတလျင်ပြန်ပေးလာခဲ့ပြီး ဆွမ်းကိုကပ်လေ၏။ ရဟန်းတော်လည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ခရီးဆက်၍ လမ်းတွင် ဆွမ်းမည်သို့ရခဲ့သည်ကို မေးတော်မူသည်။ တိဿကလည်း သမီးကိုရွေးရန် ၆လတိုင် အသပြာငါးရာရအောင် ရှာဖွေစုဆောင်းရပုံ၊ အဆင့်ဆင့်တက်၍ အသပြာငါးရာလုံးပေးကာ ထမင်းထုပ်ကိုဝယ်ယူခဲ့ပုံ၊ ဆွမ်းကပ်ခွင့်ရသဖြင့် ဝမ်းသာကြည်နူးရပုံတို့ကို လျှောက်ထားလေသည်။

ရဟန်းတော်လည်း ‘‘အံ့ဖွယ်ပြုနိုင်ခဲသော ကောင်းမှုကိုပြုသည့် ယောင်္ကျားပေတကား။ သည်ယောင်္ကျားကို အကျိုးဖြစ်အောင် ငါဆောင်ရွက်မှ သင့်တော့မည်’’ ဟု ကြံရွယ်တော်မူသည်။ သို့နှင့် တိဿနေထိုင်ရာ အရပ်ကို မေးမြန်းတော်မူ၍ တိဿကလည်း မေးမြန်းချက်ကို ကျနစွာလိပ်စာနှင့်တကွမေးမြန်းချက်များအားလျှောက်ထား၍ ‘‘အရှင်ဘုရား၊ ခရီးကြုံလျှင် တပည့်တော်ထံ ဝင်တော်မူခဲ့ပါ’’ ဟု လျှောက်ထားလိုက်သည်။

သို့ဖြင့် ရဟန်းတော်လည်း လမ်းခုလပ်တွင် လမ်းခွဲ၍ မင်းနေပြည်တော်ရှိရာသို့ ဆက်လက် ကြွမြန်းတော်မူသည်။ တိဿလည်းရွာသို့ ပြန်ခဲ့လေ၏။ ရဟန်းတော်သည် မင်းနေပြည်တော်သို့ ရောက်သောအခါ မင်းဆရာတော် သီတင်းသုံးရာ ကျောင်းတော်သို့ ဝင်ရောက်တည်းခိုသည်။ မင်းဆရာတော်လည်း ရဟန်းတော်၏ ရုပ်လက္ခဏာကို ကြည့်ကာ ‘‘အလွန်အကျင့်မြတ်သော ရဟန်းပေတည်း’’ ဟုဆိုကာ ကျောင်းဦး၌ ထားသည်။ မြတ်သော နေရာကိုပေးသည်။

ရဟန်းတော်သည် ညဉ့်သုံးယံပတ်လုံး ကမ္မဌာန်းကို ကြိုးစားအားထုတ်ပြီး အရုဏ်မတက်မီပင် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာ ဖြစ်သွားသည်။ အရုဏ်တက်သောအခါ မင်းဆရာတော်အား ခေါ်၍ ‘‘ငါ့ရှင်၊ ငါကား သက်တမ်းကုန်ပြီ။ ပရိနိဗ္ဗာန် ပြုတော့မည်။ ငါနှင့် ပတ်သတ်၍ အရေးအကြောင်း ပေါ်လာလျှင် ငါ့ဒါယိကာ တိဿကိုခေါ်၍ ဆောင်ရွက်ပါ၊ ထိုသူ့ကိုခိုင်းလျှင် လိုတိုင်းပြည့်လိမ့်မည်’’ ဟုမှာကြားကာ တိဿ၏နေရပ်ကို ပြောပြီး အရုဏ်ရင့်သောအခါ ပရိနိဗ္ဗာန် ပြုလေသည်။

မင်းဆရာတော်လည်း ရဟန္တာမြတ် ပရိနိဗ္ဗာန်ပြုကြောင်း မင်းကို အကြောင်းကြားသည်။ မင်း၊ မှူးမတ်၊ သူဌေး၊ သူကြွယ် အပေါင်းတို့လည်း သတင်းကြား၍ ရောက်လာကြပြီး ရဟန်းတော်အတွက် တင့်တယ်သောကြာကလပ်တော် ကိုလုပ်ပြီးလျှင် ရဟန်းတော်၏ အလောင်းတော်ကို တင်မည်ပြုသည်။ ထိုအခါ တင်၍မရ။ မ ၍ မကြွပဲ ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲနေသည်။

သည်တွင် မင်းဆရာတော်က ရဟန်းတော်ပရိနိဗ္ဗာန် မပြုမီ မှာခဲ့သောစကားကို သတိရသွားသည်။ ‘‘ရဟန်းတော်၏ ဒါယိကာ တိဿကို ခေါ်၍ ဆောင်ရွက်ခိုင်းလျှင် သင့်ပေလိမ့်မည်’’ ဟုဆိုကာ တိဿ၏နေရပ်သို့ အခေါ်လွှတ်ခိုင်း၏။ တိဿ ရောက်လျှင် ဘုရင်က ‘‘ဟယ် တိဿ၊ သင့်ဆရာဟုတ်ပါ၏လော ကြည့်လော့’’ ဟု အလောင်းတော်ကိုပြရာတိဿလည်း မျက်နှာတော် အားဖူးတွေ့ပြီး ဟုတ်မှန်ကြောင်း လျှောက်တင်ကာ ငိုယိုရှာ၏။

 မင်းက တိဿနှင့် မည်သို့မည်ပုံ ဆရာ၊ ဒကာ ဖြစ်ရသည်ကိုလျှောက်တင်စေပြီး အလောင်း တော်အား မတင်နိုင်ရန် ချင့်ချိန်ကာ တိဿကို အသပြာ တစ်ထောင်ပေး၍ အလောင်းတော်က မတင်စေရာ မ၍ မရပေ။ ထိုအခါ အသပြာ တစ်ဆင့်၊တစ်ဆင့်တက်၍ ပေးကာမစေ၏၊ နောက်ဆုံး အသပြာတစ်သောင်း စုပုံပေးသောအခါတွင်မှ အလောင်းတော်သည် တိဿလက်နှင့်ထိရုံမျှနှင့် သစ်ရွက်ခြောက်ပမာ ပေါ့ပါးစွာ ကြာကလပ်ပေါ်သို့ ရောက်ရှိသွားလေသည်။

မင်းလည်း တိဿအား မယားနှင့် သမီးတို့ပါ ခေါ်စေ၍ အစားအသောက်၊ အဝတ်တန်ဆာပေး၍ အလောင်းတော်ကို စောင့်ရှောက်စေသည်။ မင်းနှင့်တကွ မှူးမတ်၊ သူဌေး၊ သူကြွယ် တို့လည်း ရဟန်းတော်၏ရုပ်အလောင်းအား တလားကြီး၊ တလားငယ်၊ ပြသာဒ် ရထားတို့ လုပ်ဆောင်ပေးပြီး အလောင်းတော်ကို တလားထက်သို့တင်ပြန်ရာ မ၍ မရပြန်ဖြစ်လေ၏၊ ရှေးနည်းတူစွာ တိဿအား အသပြာ တစ်ဆင့်၊ တစ်ဆင့် တိုး၍ ခိုင်းစေမှသာ အလောင်းတော်ကို တလားအထက်သို့ တင်နိုင်လေသည်။

အလောင်းတော်ကို သဂြုင်္ီလ်ပြီးသော အခါတွင်ကား တိဿသည် အသပြာ သုံးကုဋေ ခြောက်သန်းရရှိကာ ချက်ချင်းပင် သူဌေးကြီး ဖြစ်သွားလေသည်။ မင်းလည်း တိဿ၏ ပြုနိုင်ခဲသော ကုသိုလ်အား ချီးမြှောက်ကာ သူကြွယ်ဘွဲ့ပေးစေသည်။ ရဟန်းတော်၏ ဓါတ်တော်များအားလည်း စေတီတည်၍ ကိုးကွယ်ထားလေသည်။

မင်းယုဝေ