Wednesday, November 6, 2013

သမ္မာအာဇီဝ (စင်ကြယ်သော အသက်မွေးမှု) အကြောင်း တစ်စေ့တစ်စောင်း

သမ္မာအာဇီဝ (စင်ကြယ်သော အသက်မွေးမှု) အကြောင်း တစ်စေ့တစ်စောင်း

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။

အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။

.စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။

သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။ ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။ စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)