လမ်းပေါ်တက်၍ ဆက်လျှောက်ပါ
သိဒ္ဓတ္ထဟာ မောင်းမမိဿံ ခြွေရံသင်းပင်း များစွာနဲ့ နတ်စည်းစိမ်တမျှ ခမ်းနား ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားခဲ့တယ်။ ဒါကို အစွန်းရောက် နေမှန်းသိလို့ တောထွက်တရား အားထုတ်တယ်။ အစာရေစာ အငတ်ခံပြီး ဒုက္ကရစရိယာ-သာမန်လူတို့ ပြုနိုင်ခဲတဲ့ ခက်ခဲတဲ့ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်တယ်။ ဒါပေမဲ့ ဘာတရားထူးမှ မရဘူး။ ဒီအကျင့်ကိုလည်း အစွန်းရောက် နေတာပဲလို့ သိရှိသွားပြီး ပုံမှန်စား၊ ပုံမှန်အိပ်၊ ပုံမှန်နေထိုင်ကာ ပုံမှန်ပဲကျင့်ကြံ အားထုတ်တဲ့အခါ မှန်မှန်လျှောက် ခရီးရောက် ဆိုသလို သဗ္ဗညုတ ဥာဏ်တော်ရပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတယ်။
ဘုရားဖြစ်တဲ့အခါ သူ့ဘ၀၊ သူ့အမှားကိုပဲ သင်ခန်းစာယူပြီး ပဉ္စ၀ဂ္ဂီတို့အား ဦးစွာပထမ ပြောပြတယ်။ ဘုရားက ပထမဦးစွာ အစွန်းနှစ်ပါးကို ချပြတယ်။ ခံစားတဲ့၊ ဇိမ်ခံတဲ့ အစွန်းနဲ့ အငတ်အပြတ် ခံတဲ့အစွန်း။ တစ်နည်း ချမ်းသာလွန်းတဲ့ အစွန်းနဲ့ ဆင်းရဲလွန်းတဲ့အစွန်း။ တစ်နည်း လောဘအစွန်းနဲ့ ဒေါသအစွန်း။ ဒါတွေဟာ ရှောင်ရမယ့် အစွန်းတွေပဲ။ ဒီအစွန်းတွေပေါ်မှာ လျှောက်ရင် အဲဒါ လမ်းဘေး ရောက်နေတာပဲ။ ဒီအစွန်းနှစ်ပါးကို ရှောင်ပြီးတော့ လျှောက်မှ အလယ်လမ်းက လျှောက်ခြင်း သို့မဟုတ် လမ်းပေါ်က လျှောက်ခြင်းလို့ ဆိုရတယ်။
အများစုဟာ ကိုယ့်ကိုယ်ကိုယ် အစွန်းရောက်လို့ ရောက်မှန်း မသိကြဘူး။ သူများကိုပဲ အစွန်းရောက်တို့ ဘာတို့ စွပ်စွဲနေကြတယ်။ အများစုဟာ ဇိမ်ခံတဲ့ အစွန်းဘက်ကို ရောက်နေကြတယ်။ လောဘအစွန်း ဘက်ကို ရောက်နေကြတယ်။ တစ်ခါတစ်ရံ ဒေါသဖြစ်စရာ ကြုံတော့ ဒေါသအစွန်း ဘက်ကို ရောက်ကြရတယ်။ တကယ်တော့ မဇ္ဈိမပဋိပဒါ-အလယ်လမ်း ဆိုတာ ကျဉ်းကျဉ်းလေးပဲ ရှိတာ။ အလယ်လမ်းပေါ် လျှောက်နိုင်ဖို့ ဆိုတာ တော်တော်ခက်ခဲတယ်။ အများစုဟာ လမ်းဘေးရောက်နေ ကြတာများတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လမ်းပေါ်ကလို့ ထင်နေကြတယ်။ ကိုယ်လျှောက်နေတဲ့လမ်းဟာ လမ်းမှန်လို့ ပုံသေတွက်ထားကြတယ်။
နတ်ပြည်ခြောက်ထပ်နဲ့ လူ့ဘုံကို ကာမ သုဂတိ ခုနစ်ဘုံလို့ ခေါ်တယ်။ ဒီကာမဘုံတွေမှာ အဖြစ်များတဲ့စိတ်ကို ကာမာဝစရ စိတ်လို့ခေါ်တယ်။ ကာမဘုံသားဟာ အထူးသဖြင့် ကာမချမ်းသာကိုပဲ စိတ်ဝင်စားတယ်။ ကာမချမ်းသာ ခံစားလိုမှု စိတ်သာများတယ်။ ဒါလောဘစိတ်ပဲ။ ကာမချမ်းသာဆိုတာ အဆင်းကောင်းကောင်း၊ အသံကောင်းကောင်း၊ ရနံ့ကောင်းကောင်း၊ အရသာ ကောင်းကောင်း၊ အထိအတွေ့ ကောင်းကောင်းဆိုတဲ့ အာရုံငါးပါးပဲ။ အိမ်လှလှ၊ ကားလှလှ၊ အမျိုးသမီးလှလှ စတဲ့ အာရုံကောင်းတွေကိုပဲ ကာမဂုဏ်လို့ ခေါ်တယ်။ လိုချင်တပ်မက် စရာဖြစ်ပြီး နှောင်ဖွဲ့တတ်လို့ ကာမဂုဏ်လို့ ခေါ်တယ်။ လူဆိုတဲ့ ကာမဘုံသားဟာ ကာမချမ်းသာ တစ်ခုခု ခံစားချင်စိတ်နဲ့ ခံစားနေတဲ့ စိတ်ပဲများတယ်။ ဒါကြောင့် ကာမချမ်းသာ ခံစားခြင်း၊ ဇိမ်ခံခြင်း ဆိုတဲ့ အစွန်းဘက်ကို အမြဲလိုလို ရောက်နေတယ်။
မိမိတို့ တိုင်းပြည်ကို ကြည့်လိုက်တဲ့ အခါကျတော့ ပြဿနာတွေက သိပ်များလွန်းတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး ပြဿနာတွေပဲ။ ပြဿနာတွေက နှစ်ပေါင်း ၆၀ ကျော် ဖြေရှင်းလို့မှ မပြီးနိုင်၊ မစီးနိုင် ဖြစ်နေတယ်။ အမယ်ဘုတ်ရဲ့ သူ့ချည်ငင်လို ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ အစွန်းရောက်နေ ကြလို့ပဲ။ နှစ်ပေါင်း ၆၀ ကျော် လမ်းပေါ်က မလျှောက်ဘဲ လမ်းဘေးက ဆင်းလျှောက် ခဲ့ကြလို့ပဲ။ လမ်းပေါ်က လျှောက်မှ လိုရာခရီး ရောက်မှာပေါ့။ လမ်းဘေးက လျှောက်နေသမျှ ဘယ်တော့မှ လိုရာခရီးရောက်မှာ မဟုတ်ဘူး။ ဒါ့အပြင် ပြဿနာ အထွေထွေလည်း ဖြေရှင်းလို့ ပြီးမှာမဟုတ်ဘူး။
မြန်မာနိုင်ငံသားတွေကို ကြည့်လိုက်တော့ တစ်အုပ်စုက သိပ်ချမ်းသာလွန်းတဲ့ အစွန်းတစ်ဖက်ကို ရောက်နေတယ်။ သူတို့ကတော့ အုပ်ချုပ်သူ လူတန်းစားနဲ့ သူတို့နဲ့ အလွမ်းသင့်သူတွေပဲ။ တစ်အုပ်စုက သိပ်ဆင်းရဲတဲ့ အစွန်းတစ်ဖက်ကို ရောက်နေတယ်။ ဒါကတော့ ပြည်သူတွေ အများစုပဲ။ မြန်မာနိုင်ငံမှာ လူလတ်တန်းစား မရှိတော့ဘူးလို့ ပြောကြတယ်။ လူလတ်တန်းစားက အောက်ကို ပြိုကျသွားတယ်။ စီမံခန့်ခွဲမှု မှန်ကန်တဲ့ နိုင်ငံတစ်ခုမှာ လူလတ်တန်းစားက အများစု ဖြစ်ရတယ်။
အခု မိမိတို့နိုင်ငံမှာ သိပ်ချမ်းသာတဲ့ အုပ်စုက လောဘစွန်းက လျှောက်နေကြတယ်။ သိပ်ဆင်းရဲတဲ့ အုပ်စုက ဒေါသစွန်းက လျှောက်နေကြတယ်။ တစ်အုပ်စုကတော့ သိပ်ပြီးဇိမ်ခံလွန်းတယ်။ တစ်အုပ်စုမှာကျ သိပ်ပြီးတော့ ငတ်ပြတ် လွန်းနေတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးလွန်းတယ်။ တရား မမျှတမှုက နက်ရှိုင်းလွန်းတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်အေးချမ်း သာယာရေး၊ အများနည်းတူ လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက်ဆိုရင် သံစဉ်ကို ပြန်ညှိရမယ်။ လမ်းပေါ်ကို ပြန်တက်ရမယ်။ မိမိတို့နိုင်ငံ လမ်းဘေး ရောက်နေတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။
မိမိတို့လမ်းပေါ်က လျှောက်မယ်ဆိုရင် ကောင်းခြင်းရှစ်ဖြာနဲ့ညီတဲ့ သမ္မာလမ်းကနေ လျှောက်ရမယ်။ သို့မဟုတ် မှန်ကန်မှု ရှစ်ချက်နဲ့ ညီတဲ့လမ်းက လျှောက်ရမယ်။ သမ္မာကို ကောင်းလို့ယူရင် အမြော်အမြင် ကောင်းရမယ်။ အတွေးအခေါ် ကောင်းရမယ်။ အပြောအဆို ကောင်းရမယ်။ အလုပ်အကိုင် ကောင်းရမယ်။ အသက်မွေးမှု ကောင်းရမယ်။ ၀ီရိယ ကောင်းရမယ်။ သတိကောင်းရမယ်။ သမာဓိ-စိတ်ထား ကောင်းရမယ်။ သမ္မာကို အမှန်လို့ယူရင် အသိအမြင် မှန်ရမယ်။ အတွေးအခေါ် မှန်ရမယ်။ အပြောအဆို မှန်ရမယ်။ အလုပ်အကိုင် မှန်ရမယ်။ အသက်မွေးမှု မှန်ရမယ်... |
သိဒ္ဓတ္ထဟာ ပထမ လမ်းဘေးကနေ လျှောက်တော့ လိုရာခရီးကို မရောက်ခဲ့ဘူး။ လမ်းပေါ်တက် လျှောက်မှပဲ လိုရာခရီးကို ရောက်တော့တယ်။ ဖဆပလ အစိုးရ၊ မဆလအစိုးရ၊ န၀တ၊ နအဖအစိုးရ လိုရာခရီး မရောက်ခဲ့ဘူး။ ဘာကြောင့်လဲ။ လမ်းပေါ်က မလျှောက်ဘဲ လမ်းဘေးက လျောက်ခဲ့လို့ပဲ။ အခု မိမိတို့ ဒီမိုကရေစီ အစိုးရအနေနဲ့ လမ်းပေါ်တက်လျှောက် ရတော့မယ်။ ဘာလမ်းလဲဆိုတော့ သိဒ္ဓတ္ထ တွေ့ရှိခဲ့တဲ့ မဇ္ဈိမ ပဋိပဒါ အလယ်လမ်းပဲ။
လမ်းက သမ္မာနဲ့မိစ္ဆာ နှစ်မျိုးပဲရှိတယ်။ သမ္မာမဖြစ်ရင် မိစ္ဆာပဲ။ အခုသိဒ္ဓတ္ထ တွေ့ရှိခဲ့တဲ့ အလယ်လမ်းဆိုတာ သမ္မာပဲ။ လောကုတ္တရာ ရွှေပြည်နိဗ္ဗာန်ကို ရောက်ရှိသွားကြတဲ့ ဘုရားရဟန္တာ အရှင်မြတ်အားလုံး ဒီလမ်းကပဲ သွားကြတယ်။ ဖွံ့ဖြိုးပြီးတဲ့ ခေတ်မီနိုင်ငံ တိုင်းဟာလည်း သူတို့ရည်စူးတဲ့ လောကနိဗ္ဗာန်ကို ဒီလမ်းကပဲ လျှောက်ခဲ့ကြတယ်။ ဒါကြောင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံသစ်ဆိုတဲ့ ပန်းတိုင်ကိုလည်း ဒီလမ်းကပဲ သွားကြရမယ်။ အခြားလမ်းဆိုတာ လုံးဝမရှိဘူး။ ဗုဒ္ဓက သူတွေ့ရှိခဲ့တဲ့ အစွန်းလွတ် လမ်းစဉ်ဆိုတာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ကြောင်း မိန့်တော်မူတယ်။
မဂ္ဂင်ရှစ်ပါးမှာ ရှေ့ကပါတဲ့ သမ္မာဆိုတဲ့ နိပါတ်ပုဒ်ကို တောင်မြို့ဆရာတော်က သုန္ဒရ- ကောင်းခြင်းဆိုတဲ့ အနက်ယူပြီး 'အလိမ္မာ ဥာဏ်ကောင်းအောင်ကြံ၍၊ အမှန်ပြောပြ၊ ပြုသမျှကောင်း၊ သက်မွေးကောင်းပင်၊ ကောင်းကောင်းအားစိုက်၊ စိတ်၌စွဲမှတ်၊ ကောင်းမြတ်တည်ကြည် ကောင်းရှစ်လီသည် ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း' လို့ လင်္ကာစီခဲ့တယ်။ မဟာစည် ဆရာတော်ကတော့ သမ္မာပုဒ်ကို အ၀ိပရီတ-မဖောက်မပြန် မှန်ကန်ခြင်းဆိုတဲ့ အနက်ကိုယူပြီး 'မှန်စွာမြင်သိ၊ ကြံမိမှန်ကန်၊ မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်၊ မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်၊ စူးစိုက်ကပ် ရှစ်ရပ်မဂ်လမ်းမှန်' လို့ လင်္ကာစီခဲ့တယ်။
မိမိတို့လမ်းပေါ်က လျှောက်မယ်ဆိုရင် ကောင်းခြင်းရှစ်ဖြာနဲ့ညီတဲ့ သမ္မာလမ်းကနေ လျှောက်ရမယ်။ သို့မဟုတ် မှန်ကန်မှု ရှစ်ချက်နဲ့ ညီတဲ့လမ်းက လျှောက်ရမယ်။ သမ္မာကို ကောင်းလို့ယူရင် အမြော်အမြင် ကောင်းရမယ်။ အတွေးအခေါ် ကောင်းရမယ်။ အပြောအဆို ကောင်းရမယ်။ အလုပ်အကိုင် ကောင်းရမယ်။ အသက်မွေးမှု ကောင်းရမယ်။ ၀ီရိယ ကောင်းရမယ်။ သတိကောင်းရမယ်။ သမာဓိ-စိတ်ထား ကောင်းရမယ်။ သမ္မာကို အမှန်လို့ယူရင် အသိအမြင် မှန်ရမယ်။ အတွေးအခေါ် မှန်ရမယ်။ အပြောအဆို မှန်ရမယ်။ အလုပ်အကိုင် မှန်ရမယ်။ အသက်မွေးမှု မှန်ရမယ်။ ကြောင့်ကြစိုက်မှု မှန်ရမယ်။ စိတ်နေမှန်ရမယ်။ စိတ်ထားမှန်ရမယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ နှစ်ပါးက ပညာနဲ့ဆိုင်တယ်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ သုံးပါးက သီလနဲ့ ဆိုင်တယ်။ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သုံးပါးက သမာဓိနဲ့ဆိုင်တယ်။ ဒီတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်ဟာ သိက္ခာသုံးပါးကနေ ထွက်ရှိလာတာပဲ။ လောကီချမ်းသာကလည်း ဒီလမ်းကပဲ သွားရတယ်။ လောကုတ္တရာ ချမ်းသာကလည်း ဒီလမ်းကပဲ သွားရတယ်။ ဒါဟာ လမ်းမှန်ကမ်းမှန်ပဲ။
မိမိတို့နိုင်ငံ ခေါင်းဆောင်တွေဟာ လမ်းဘေးက ဆင်းလျှောက်ခဲ့ကြလို့ တိုင်းပြည်ဒုက္ခ ရောက်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ အခုလမ်းပေါ် ပြန်တက်ဖို့ သင့်နေပါပြီ။ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ သင့်နေပါပြီ။ ယခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့စပ်လို့ ပြင်သစ်ပြဿနာ တက်နေတယ်။ ဒီတော့ တိုင်းပြည်ကို လမ်းပေါ်တင်ပေး ချင်တယ်ဆိုရင် ဖွဲ့စည်းပုံကိုလည်း လမ်းပေါ်တင်ပေး ရပါလိမ့်မယ်။ ပြင်ဆင်စရာတွေ ၁၀၀ ကျော်တယ်၊ ၁၅၀ ကျော်တယ်လို့ ပြောနေကြတယ်။ အဲဒီအချက်တွေဟာ သမ္မာမဟုတ်ဘူး။ မိစ္ဆာတွေပါ။ အဲဒီအချက်တွေကို လမ်းပေါ်ပြန်တင်ပေးဖို့ လိုပါတယ်။ လမ်းပေါ်ဆိုတာ သမ္မာဖြစ်ဖို့ပါ။ ကောင်းမွန်ဖို့ပါ။ မှန်မှန်ကန်ကန် ဖြစ်ဖို့ပါ။
ဖွဲ့စည်းပုံဟာလည်း လမ်းစဉ်ပါ။ မဇ္ဈိမပဋိပဒါ ဆိုတာလည်း လမ်းစဉ်ပါ။ လမ်းစဉ်ချင်း တူပါတယ်။ ဖွဲ့စည်းပုံဟာ မဇ္ဈိမပဋိပဒါ သမ္မာရှစ်ချက်နဲ့ညီမှ လမ်းပေါ်ကို ရောက်မှာပါ။ လူသားကမ္ဘာထဲက လူသားအထုကြားက ကျင့်ထုံးမှန်သမျှ လမ်းမှန်ဖို့ လမ်းပေါ်ရောက်ဖို့ဆိုရင် မဇ္ဈိမပဋိပဒါနဲ့ ကွဲလွဲလို့ မရပါ။ ဒီလမ်းက ဒုက္ခအပေါင်းက လွန်မြောက်ဖို့ အတွက်၊ ငြိမ်းချမ်းဖို့ အတွက်၊ သာယာဖို့ အတွက် တစ်ကြောင်းတည်းသော လမ်းပါ။ ဒါကြောင့် မိမိတို့ တိုင်းပြည် ဒုက္ခတွေမှ လွန်မြောက်ဖို့၊ ငြိမ်းချမ်းဖို့၊ သာယာဖို့ အတွက် လမ်းပေါ်တက်၍ လျှောက်ကြပါ။
Written by အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယဆရာတော်)
http://www.first-11.com