ရွှေတိဂုံစေတီတော်တွင်ပြုလုပ်သော မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ အခမ်းအနား
လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်
ကထိန်ဟူသည်
အကျိုးအာနိသင် ငါးမျိုးကို အတွင်း၌ ပြုခြင်းငှာ စွမ်းနိုင်သဖြင့် ခိုင်မြဲသောကြောင့် လည်းကောင်း၊ အကျိုးအာနိသင် ငါးမျိုးကို အခြားသို့ မရောက်စေဘဲ တစုတပေါင်းတည်း သိမ်းယူတတ်သောကြောင့် လည်းကောင်း၊ ဘုရားစသော အရိယာ သူတော်ကောင်းတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း ကထိန (ကထိန်) မည်၏။
ဗုဒ္ဓခေတ် အခါက ယနေ့အခါကဲ့သို့ ချုပ်ပြီးဆိုးပြီး သင်္ကန်းဖြင့် ကထိန်ခင်းရန် လှူဒါန်းကြခြင်း မဟုတ်။ ကထိန်အတွက် အ၀တ်များကို လှူဒါန်းကြခြင်းဖြစ်၍ အ၀တ်စများကို သင်္ကန်းဖြစ်စေရန် ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်းစသော ကထိန်နှစ် စပ်သမျှ အရာအားလုံးကိုခြုံ၍ ကထိန်ဟု ခေါ်ဆိုခြင်းဖြစ်၏။
ကထိန်ပေါ်ပေါက်ခဲ့ခြင်း
ပါဝေယျကတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်တို့ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓသည် ကထိန်ကို ခွင့်ပြုတော် မူခဲ့ပါသည်။ ဘုရားရှင်နှင့်အတူ ၀ါကပ်ရန် ပါဝေယျကမြို့မှ သာဝတ္ထိမြို့သို့ ၀ါဆိုအမီ ကြွလာကြသော်လည်း မမီနိုင်သဖြင့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာဝေးသော သာကေတမြို့တွင် ၀ါဆိုကြရပါသည်။
ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည်။
ကထိန်သင်္ကန်း အလှူခံခွင့်ရသော ရဟန်း
ကထိန်သင်္ကန်း အလှူခံမည့် သံဃာသည် -
(၁) ၀ါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တိုင်အောင် ပထမ ၀ါဆိုပြီးခြင်း။
(၂) သီတင်းကျွတ် လပြည့်နေ့၌ ပ၀ါရဏာ ပြုပြီးခြင်း။
(၃) ၀ါကျိုးဝါပြတ် မရှိခြင်း။
(၄) ကထိန်ခင်းခြင်း အစီအစဉ် စသည်တို့ကို နားလည်ခြင်းဟူသော အင်္ဂါများနှင့် ပြည့်စုံရပါမည်။
ဝါကပ်ကြပါသော်လည်း ၀ါကျိုးဝါပြတ်ဖြစ်သော ရဟန်းတော်များ ကထိန်သင်္ကန်းကို အလှူခံခွင့် မရှိပါ။ ၀ါတွင်းကာလ အရုဏ်တက်ချိန်တို့၌ မိမိဝါဆိုသော ကျောင်းတံတိုင်းအတွင်း၌ ရှိနေပါက ၀ါ, မကျိုး၊ အရုဏ်တက်ချိန် ကျောင်းအာရာမ်ပြင်ပသို့ ရောက်နေလျှင် ၀ါကျိုးဝါပြတ်သည်ဟု ခေါ်ဆိုပါသည်။
ပံ့သကူ သင်္ကန်း
သင်္ကန်းအလှူရှင် မရှိခဲ့သော် ရဟန်းတော်များသည် ကိုယ်တိုင်သုသာန် အမှိုက်ပုံ လူသေကောင် စသောအရပ်တို့၌ စွန့်ပစ်အပ်သော အ၀တ်တို့ကို လိုက်၍ကောက်ခြင်းကို ပံ့သကူ ကောက်သည်ဟု ဆို၏။ ထိုပံ့သကူ အ၀တ်များကို ဖွပ်၊ လျှော်ချုပ်ဆိုးကာ ကထိန်ခင်းကြရပါသည်။ ယနေ့အခါတွင် ကထိန်မရသော သံဃာအား မိုးပေါ်ကျ ကထိန်ဟုဆိုကာ တန်ဆောင်မုန်း လပြည့်နေ့တွင် အချို့ကုသိုလ်ရှင်များက ကျောင်းတိုက်များသို့ လှည့်လည်ရှာ၍ ခင်းလေ့ရှိကြသည်။
ကထိန်ကာလနှင့် ကထိန်သင်္ကန်း
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့် အရုဏ်တက်ချိန်ထိ တစ်လသာ ကထိန်သင်္ကန်းကို အလှူခံခွင့် ရှိ၏။ နှစ်ထပ် (ဒုကုဋ်)၊ အပေါ်ဝတ် ဧကသီနှင့် အောက်ပိုင်းဝတ် သင်းပိုင်ဟူ၍ သင်္ကန်းသုံးထည်အနက် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်း ရပါသည်။
ရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည် . . . . . |
ယနေ့ခေတ်တွင် နှိုးဆော်စာဖြင့် လည်းကောင်း၊ ရဟန်းတော်များကိုယ်တိုင် အလှူခံ မဏ္ဍပ်တို့၌ထိုင်လျက် အလှူခံနေကြခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရပါမည်။ ကျောင်းအကျိုးဆောင် ကပ္ပိယတို့ဖြင့်သာ စီမံသင့်၏။ ကထိန်အလှူရရန် သံဃာ့ပယောဂ လုံးဝမပါစေအပ်။
ကထိန်ခင်းပုံ အစီအစဉ်
(၁) "ဣမံကထိနစီဝရံ သံဃဿ ဒေမ၊ ဣမိနာစီဝရေန သံဃောကထိနံအတ္ထတု" ဤကထိန်လျာ သင်္ကန်းကို သံဃာတော်အား လှူဒါန်းပါ၏။ သံဃာတော်သည် ဤသင်္ကန်းဖြင့် ကထိန်ခင်းတော်မူပါ ဘုရား" ဟု သံဃာကိုသာ ရည်မှန်း၍ လှူဒါန်းပါမှ ကထိန်အလှူ မြောက်၏။ ရင်းနှီးသော ရဟန်းတစ်ပါးကို ရည်မှန်း၍ ကထိန်သင်္ကန်း မလှူဒါန်းအပ်။
(၂) ကထိန်သင်္ကန်းသည် အလှူခံပြီးရုံမျှဖြင့် မပြီး။ ကံဆောင်ကြရပါသည်။ ကထိန်အလှူရှင် လှူဒါန်းသော သင်္ကန်းကို အလှူခံပြီးနောက် သံဃာငါးပါး ဗဒ္ဓသိမ် အတွင်းသို့ စုဝေးစေကြပြီး၊ "အရှင်ဘုရားတို့၊ သံဃာတော်၌ ကထိန်သင်္ကန်း ဖြစ်ပေါ်ပါသည်။ ထိုသင်္ကန်းကို (ဦးတေဇော)ကို ပေးအပ်ပါသည် ဘုရား။ သံဃာတော်သည် ထိုသို့ပေးအပ်သည်ကို သဘောတူပါဘုရား။ သံဃာတော်ကို သိစေအပ်ပါသည် ဘုရား" ဟု အဓိပ္ပါယ်ရှိသော ဉတ္တိဒုတိယကမ္မ၀ါစာဖြင့် သံဃာက ပေးရ၏။
ကထိန်သင်္ကန်းရသော သံဃာကို ကထိန်ခံသံဃာဟု ဆို၏။ ကထိန်ခံရာ၌ သင်္ကန်းရှားပါးသော ရဟန်းကို ဦးစွာရွေးချယ်၍ ပေးရပါမည်။ သံဃာအားလုံး သင်္ကန်းများ ပြည့်စုံနေသော် မထေရ်ကြီးအား ပေးကြရ၏။ ထိုသို့ သံဃာတော်ကို သိစေကာ သင်္ကန်းပေးပြီးနောက် သင့်လျော်သော နေရာတွင် ကျောင်းတိုက်ဝါဆို သံဃာအားလုံး စုဝေးကြလျက် ကထိန်ကို ဤသို့ခင်းကြရ၏။
(၃)အလှူခံထား သံဃာသည် ယခင်ရှိနှင့်ပြီးသော သင်္ကန်းကို "ဣမံ စီဝရံ ပစ္စုဒ္ဓရာမိ" ဟုဆို၍ ပစ္စုဒ္ဓိုရပ်ပြု (စွန့်ပယ်) ရ၏။
(၄) အလှူခံအပ်သော သင်္ကန်း၏ ထောင့်စွန်းတစ်နေရာ၌ ဥဒေါင်းမျက်စိ(၀ါ) ကြမ်းပိုးကျောက်ကုန်း ပမာဏရှိသော အပြောက်စက်ကလေး ထိုးအပ်၏။ ယင်းကို ကပ္ပဗိန္ဒု ထိုးသည်ဟု ခေါ်ဆို၏။
(၅) ထို့နောက် ဣမံ သင်္ဃာဋိံ (ဥ တ္တရာသင်္ဂံ၊ အန္တရ၀ါသကံ) အဓိဋ္ဌာမိ "ဤသင်္ကန်းကြီး (ဧကသီ၊ သင်းပိုင်)ကို မိမိပိုင် သင်္ကန်းကြီးဟူ၍ ဆောက်တည်ပါ၏ဟု ဆိုလျက် အဓိဋ္ဌာန် တင်ရ၏။
(၆) သင်္ကန်းရထားသော သံဃာသည် ကထိန်ခင်းမည့် သင်္ကန်းကို ကိုင်လျက် "ဣမယာ သင်္ဃာဋိယာ ကထိနံ အတ္ထရာမိ" "ဤနှစ်ထပ် သင်္ကန်းကြီးဖြင့် ကထိန်ခင်းပါ၏" ဟူ၍ သုံးကြိမ်ဆိုရပါမည်။ (အပေါ်ဝတ် ဧကသီဖြင့် ခင်းမည်ဆိုလျှင် "ဣမိနာ ဥတ္တရာသင်္ဂေန" ဟု၊ သင်းပိုင်ဖြစ်က "ဣမိနာ အန္တရ၀ါသေန" ဟု ပြောင်းလွဲဆိုရပါမည်။)
(၇) ထို့နောက် "အတ္ထတံ ဘန္တေသံဃဿ ကထိန ဓမ္မိကော ကထိ နတ္ထရော အနုမောဒထ" ဟူ၍ နှုတ်မြွက်အနုမောဒနာ ပြုစေရပါမည်။
(၈) သံဃာတော်များကလည်း "အတ္ထတံ ဘန္တေ သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထရော အနုမော ဒါမ" ဟုဆိုကာ နှုတ်မြွက်အနုမောဒနာ ပြုကြရပါမည်။ အရှင်ဘုရားတို့ သံဃာတော်အား တရားနှင့်ယှဉ်သော ကထိန်ကို ခင်းအပ်ပါပြီ၊ သံဃာတော်များ ၀မ်းမြောက်တော် မူပါဟူ၍ လည်းကောင်း၊ သံဃာတော်များလည်း ၀မ်းမြောက်ပါသည်" ဟူ၍လည်းကောင်း အပြန်အလှန် ဆိုကြခြင်းဖြစ်၏။
ဤကိစ္စ ရှစ်မျိုးကို ၀ိနည်းကံနှင့်အညီ နေ့ချင်းပြီး ဆောင်ရွက်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ဆိုပါသည်။ နေ့ခြင်းပြီး မဆောင်ရွက်လျှင် ညဥ့်လွန်ကထိန်သည် သိုးသွားသကဲ့သို့ဖြစ်၍ ကထိန်မမြောက်တော့။
ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော မသိုးသင်္ကန်းရက် ပြိုင်ပွဲကို တွေ့ရစဉ်
ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်သာဖြစ်လျက် ယနေ့ခေတ်တွင် သင်္ကန်းအမြောက်အမြား အလှူခံနေကြခြင်းသည် ကျောင်းတိုက်၌ သံဃာအများအပြား ရှိသောကြောင့် ကထိန်၏ အခြံအရံ သင်္ကန်းအဖြစ် အလှူခံခြင်း ဖြစ်ပါသည်။ အနုမောဒနာ ပြုကြသော သံဃာတော်တို့အား ခွဲဝေလှူဒါန်း ရပါမည်။
သီးမျိုးစုံ ပဒေသာပင်များ လှူဒါန်းကြခြင်းမှာ အရှင်မဟာကဿပ လျောင်းလျာ နန္ဒလုလင် ဖြစ်စဉ်က ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး ပံ့သကူအ၀တ်ကို ဆွဲဆန့်ပြီး သင်္ကန်းချုပ် နေသည်ကို မြင်သဖြင့် "အ၀တ်က မလောက်လို့ ဆွဲဆန့်ပြီး သင်္ကန်းချုပ်နေရဟန်တူရဲ့" ဟု သဒ္ဓါပေါက်၍ မိမိ၌ပါလာသော ရေလဲပုဆိုးကို ဆက်စပ်သင်္ကန်းချုပ်ရန် လှူဒါန်းခဲ့ဖူး၏။ နောင်တွင် ရှင်ဘုရင်ဖြစ်၊ ထိုသင်္ကန်းအတွက် ရေလဲပုဆိုး လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် တိုင်းနိုင်ငံတွင် နူးညံ့သော အ၀တ်များသီးသည့် ပဒေသာပင်များ ယနေ့ခေတ်တွင် အထည်စက်ရုံကြီးများကဲ့သို့ ပေါ်ပေါက်လာသတဲ့။ ထိုကို ရည်မှန်းပြီး ပဒေသာပင်များလည်း ကထိန်တွင် လှူဒါန်းလေ့ ပြုခဲ့ကြခြင်း ဖြစ်ဟန်တူပါသည်။
အချို့ဒကာ၊ ဒကာမများပြောကြ၏ "ညှပ်မကြီးသင်္ကန်း လှူပါမှ ပိုပြီးအကျိုးများသည်" ဟု အယူအဆလည်း မမှန်ကန်ပါ။ မြတ်ဗုဒ္ဓက ထိန်ခွင့်ပြုခြင်းသည် သံဃာတော်အား သင်္ကန်းပြည့်စုံ မျှတစေရန် ဖြစ်၏။ ထို့ကြောင့် အရံ (အာနိသင်) သင်္ကန်းများသည်လည်း သံဃာတော်အားလျော်သော ကျေးဇူးပြုတတ်သောကြောင့် ဉတ်သင်္ကန်း လှူဒါန်းသူ ကဲ့သို့ပင် အကျိုးများသည်သာ။ အကျိုးပေးလျော့ကျခြင်း မရှိနိုင်။ (၀ိနယာလင်္ကာရဋီကာ)
ကထိန်သင်္ကန်းကို သင်္ကန်းရှားပါးသော ရဟန်းကို ဦးစားပေး ရွေးချယ်ပေးရသည်ကို ကြားဖူးနားဝ ရှိကြကုန်သော တချို့ဒကာ၊ ဒကာမတို့သည် ပစ္စည်းလေးပါး နွမ်းပါးကြကုန်သော သံဃာတို့ကို ပို၍ ကထိန်ခင်းလိုကြ၏။
သံဃာတော်အား ပစ္စည်းလေးပါး ပြည့်စုံစေရန် ကထိန်ကို မြတ်ဗုဒ္ဓ ခွင့်ပြုခဲ့သည်ဟူသော စကားကို သဘောပေါက်ပါက မိမိ ကထိန်အလှူသည် သံဃာတော်နှင့် ဗုဒ္ဓသာသနာအား အကျိုးများ၊ မများချင့်ချိန်ပြီး ကထိန်အလှူ လှူဒါန်းကြရပါမည်။
ကထိန်အာနိသင် (၅)
(၁) အနာမန္တစာရ-ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ နေ့လယ်အချိန် အရပ်ထဲသို့ သွားလာနိုင်ခြင်း အကျိုး။
(၂) အသမာဒါနစာရ-အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်းသုံးထည်ကို မဆောင်ယူမူ၍ သွားလိုရာ အရပ်တို့သို့ သွားလာနိုင်ခြင်း အကျိုး။
(၃) ယာဝဒတ္ထစီဝရ- ရရသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ အလိုရှိသလောက်ထား၍ သုံးဆောင်နိုင်ခြင်း အကျိုး။
(၄) ဂဏဘောဇန- မအပ်စပ်သော ပင့်ဖိတ်ခြင်းမျိုးဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကိုသိလျက် လေးပါး၊ လေးပါးအထက် စုပေါင်းအလှူခံခြင်း အကျိုး။
(၅) ယောတတ္ထစီဝရုပ္ပါဒ-ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်း အစရှိသည်တို့ကို ကထိန်ခင်းသော ကျောင်းတိုက်ရှိ သံဃာတို့သာ သုံးစွဲခွင့်ရနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။
ရဟန်းတော်များကို ဆွမ်းဖိတ်သောအခါ "အရှင်ဘုရား၊ မနက်ဖြန် တပည့်တော်တို့အိမ် ဆွမ်းဘုဉ်းပေးကြွပါ။ ခေါက်ဆွဲဆွမ်းဘုဉ်းပေးကြွပါ။ မုန့်ဆွမ်းဘုဉ်းပေးကြွပါ" ဟူ၍ ဘောဇဉ်များကို ဆွမ်းအမည်တပ် ပင့်ပါမှ သံဃာတော်များ ကြွရောက်ဘုဉ်းပေးကောင်း၏။ အကယ်၍ အလှူရှင်က "အရှင်ဘုရား မနက်ဖြန် ထမင်းသုံးဆောင်ရအောင်၊ ခေါက်ဆွဲဘုဉ်းပေးကြွပါ။
ကြာဆံဘုန်းပေးကြွပါ" ဟူ၍ ဆွမ်းအမည် မတပ်ဘဲပင့်လျှင် သံဃာတော်များ ကြွရောက်မဘုဉ်းပေးကောင်း။ သွားရောက်ဘုဉ်းပေးပါက ဂဏဘောဇန သိက္ခာပုဒ်နှင့် ပရမ္ပရသိက္ခာပုဒ်တို့အရ ပါစိတ်အာပတ် သင့်ပါသည်။ ပင့်ဖိတ်နည်း မမှန်သောကြောင့် ဖြစ်ပါသည်။ ကထိန်ခံထားပါက တပေါင်းလပြည့်တိုင် ထိုသိက္ခာပုဒ်တို့ကြောင့် အာပတ်မသင့်တော့။ ကြွရောက်ဘုဉ်းပေးကောင်း၏။
အကျိုးငါးမျိုးကို ကထိန်ခံသံဃာ၊ အနုမောဒနာ ပြုကြကုန်သော သံဃာတော်များသည် ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားရပါသည်။ ဆိုင်ရာသိက္ခာပုဒ်တို့ကြောင့် အာပတ်မသင့်။
ကထိန်ကုသိုလ်ရှင်တို့ ရအပ်သော အကျိုး
ရှေးဆရာတော်ကြီးများက ရဟန်းတော်များ ရရှိအပ်သော အကျိုးငါးပါးနှင့် အလားတူစွာသော အကျိုးတရားများကို ကထိန်သင်္ကန်း ကုသိုလ်ရှင်များလည်း ရရှိနိုင်ကြောင်း ဖော်ပြပါ လင်္ကာအရ သိရပါသည်။
လင်္ကာ။ ။ နှောင်ဖွဲ့လွတ်မြောက်၊ မပျောက်ဥစ္စာ၊ အစာဆိပ်ကင်း၊ စိုးမင်းပိုင်သလို၊ လိုတိုင်းရသည်၊ ငါးဝကထိန် လှူကျိုးတည်း။
(၁) အနှောင်အဖွဲ့လွတ်မြောက်ခြင်း၊
(၂) မိမိပိုင်ပစ္စည်းများ ရန်သူမျိုး ငါးပါးကြောင့် မပျောက်ပျက်ခြင်း၊
(၃) စားသောက်သမျှ အာဟာရတို့ အစာကျေညက်ကာ အစာအဆိပ် မသင့်ခြင်း၊
(၄) မိမိပိုင်ပစ္စည်း စိတ်တိုင်းကျ စီမံပိုင်ခွင့်ရှိခြင်း၊
(၅) လိုအပ်သော ပစ္စည်းကို လိုအပ်သော အချိန်တိုင်း၌ မဆိုင်းမတွ ရရှိနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။
ဝိနည်းကံနှင့် ဆက်စပ်ဆောင်ရွက် အပ်သောကြောင့် ကထိန်သင်္ကန်း လှူဒါန်းခြင်းသည် မဂ်ဖိုလ်တိုင်အောင် အကျိုးပေးခိုင်မာ လှပါသည်။ ထို့ကြောင့် လှူကထိန်သင်္ကန်းဖြင့် မဂ်လမ်းသို့ ဆုပန်ရွယ်လျက် လှူဒါန်းနိုင်ကြ ပါစေကြောင်း အသိပေး ရေးသားအပ်ပါသည်။
အရှင်ပညာ သီဟာဘိဝံသ (တရားဦးဓမ္မစကြာ)
by http://www.first-11.com