Sunday, November 3, 2013

အကြွေးကင်းအောင် နေစေချင်


အကြွေးကင်းအောင် နေစေချင် 

သင်အကြွေးတင်ဖူးပါသလား? မေးမယ်ဆိုရင် လူတိုင်းအကြွေးနဲ့ ကင်းသူရယ်လို မရှိပါဘူး။
အကြွေး (၅)မျိုးရှိပါတယ်။
၁- ဥစ္စာအကြွေး
၂-ရန်ကြွေး
၃-ချစ်ကြွေး
၎-နှုတ်ကြွေး
၅-၀ဋ်ကြွေး ဆိုပြီးတော့ ရှိပါတယ်။
ဘာအကြွေးပဲ တင်တင်ပါ အကြွေးတင်ပြီးဆိုရင်တော့ အကြွေးရှင်ကို ခယပြီးတော့ နေရတယ်။ အောက်ကျို့ပြီးတော့ နေရတယ်။ အကြွေးတင်နေတယ်ဆိုရင် ကိုယ်ရောစိတ်ပါ ဆင်းရဲရတယ်။

အကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ဟာ အိပ်လို့တောင်မှ ကောင်းကောင်းမပျော်ဘူး။ “ကြွေးတင်ခေါင်းခဲ” ဆိုတဲ့ စကားပုံလိုပါပဲ။ အကြွေးကင်းတဲ့အချိန်အခါမှာ ဆိုရင် “ကြွေးကင်းမြီးကင်း၊ ထမင်းကို ပဲပုပ်ဟင်းနဲ့စား၊ ခေါင်းပြားအောင် အိပ်”တဲ့။ အဲဒါက ရှမ်းပြည်နယ်ဘက်က စကားပုံလေးပါ။

ကြွေးတင်နေလို့ရှိရင် ကြွေးရှင်ကို ခယရတဲ့ လောကဥပမာလို မိမိရဲ့ စိတ်အစဉ်မှာ ကြွေးတင်နေခဲ့လို့ရှိရင်လည်းပဲ စိတ်မှာ တင်နေတဲ့ ကြွေးရှင်ကို အောက်ကျို့ရတယ်။ ခယရတယ်။ စိတ်မှာတင်တဲ့ ကြွေးဆိုတာက ကာမစ္ဆန္ဒနီဝရဏကို ပြောတာပါ။ နီဝရဏဆိုတာက ပိတ်ပင်တားမြစ်တတ်တဲ့ တရားပါပဲ။ ကုသိုလ်တရားတွေ မဖြစ်အောင်၊ ကုသိုလ်စိတ်တွေ မဖြစ်အောင်၊ ၀ိပဿနာဉာဏ်တွေ မဖြစ်အောင် ပိတ်ပင်တားမြစ်တတ်တဲ့ တရားကို နီဝရဏလို့ ခေါ်ပါတယ်။ ကာမစ္ဆန္ဒဆိုတာက ကာမရယ်၊ ဆန္ဒရယ်။ ကာမဆိုတာက လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အာရုံတွေကို ဆန္ဒ လိုလားတောင့်တတာ၊ သာယာခင်မင်နေတာ။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့လို့ ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ကာမလို့ ခေါ်တာပါပဲ။

လူတွေဟာ လူလူချင်းအပေါ်မှာ သာမက ဥစ္စာပစ္စည်းအပေါ်မှာပါ စွဲလမ်းတပ်မက်တဲ့ စိတ်၊ ကာမစ္ဆန္ဒဆိုတဲ့ အကြွေးတင်နေကြပါတယ်။
မြတ်စွာဘုရားလက်ထက်က သီလလည်းပြည့်စုံ၊ သတိပဋ္ဌာန် ၀ိပဿနာ တရားတွေလဲ ပွားများနေတဲ့ ရဟန်းတော်လေး တစ်ပါးဟာ တစ်နေ့တော့ အင်မတန် တန်ဖိုးကြီးမာတဲ့ သင်္ကန်းလေးတစ်ထည့်ရလိုက်ပါတယ်။ အဲဒီရဟန်းလေးက အဲဒီသင်္ကန်းလေး အပေါ် နှစ်သက်မြတ်နိုးပြီး၊ စွဲလမ်းတပ်မက်စိတ်ဖြစ်တဲ့ ကာမစ္ဆန္ဒ ဆိုတဲ့ အကြွေးတင်နေမိတာပေါ့။ မနက်ဖြန် ဒီသင်္ကန်းလေး ၀တ်ပြီးတော့ ဆွမ်းခံထွက်မယ်လို့ ဆိုပြီးတော့ သင်္ကန်းလေးကို ပြန့်နေအောင် လက်ကလေးနဲ့ သပ်သပ်ရပ်ရပ် ခေါက်ထားပါသတဲ့။
အဲဒီညမှာပဲ ရုတ်တရက် ရောဂါတစ်ခုကြောင့် ပျံလွန်တော်မှုသွားခဲ့ပါတယ်။ သင်္ကန်းပေါ်မှာ နှစ်သက်တပ်မက်တဲ့ ကြွေးတန်းလန်းနဲ့ သေသွားတဲ့ အတွက် အဲဒီသင်္ကန်းမှာ သန်းသွားဖြစ်ရတယ်။ မနက်ဖြန် ဆွမ်းခံထွက်ရင် ၀တ်မယ်လို့ စိတ်ထဲမှာ ရည်စူးထားတဲ့သင်္ကန်မှာ အ၀တ်သန်းလေး သွားဖြစ်တယ်။ ကာမစ္ဆန္ဒလို့ ခေါ်တဲ့ ကြွေးတင်လို့မို့လို တိရစ္ဆာန်ဘ၀နဲ့ အကြွေးဆပ်ရခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက လူလူချင်း ကာမစ္ဆန္ဒအကြွေးတင်တဲ့ သာဓကလေး ပြောပြချင်ပါတယ်။

ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်က ကိုယ့်ကို မုန်းသွားမှာ စိုးလို့ သူ့အလိုကျ နေရာတကာ အလိုက်သိနေရတယ်။ ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ရဲ့ ကြွေးရှင်ဖြစ်နေပြီးလေ။ ကြွေးရှင်ဆိုတော့ ကိုယ့်အပေါ် ငြိုငြင်သွားမှာ စိုးတော့ အရိပ်တကြည့်ကြည့်နဲ့ ခယနေရတယ်။ အကြင်နာတရားတွေ ရင်မှာ ပွားအောင်ဆိုပြီးတော့ ညင်သာစကားလေးတွေနဲ့ တယုတယ အောက်ကျို့ပြီးတော့ နေလိုက်ရတာ။ ဒါကို သဘောတွေကျပြီးတော့ သီချင်းလေးတွေ ဂစ်တာလေးနဲ့ တီးဆိုပြလိုက်၊ ကဗျာလေးတွေ စပ်လိုက်နဲ့ပေါ့၊ သီချင်းလေး ဆိုပြလိုက်၊ အချစ်ကဗျာလေးတွေ ရေးဖွဲ့လိုက်နဲ့ ဘာလုပ်နေတာလဲဆိုရင် ကိုယ့်ချစ်သူတည်းဟူသော ကြွေးရှင်ကို အောက်ကျို့ခယနေရတာပါ။

အမျိုးသားတစ်ယောက် သူရဲ့ ဇနီးကို အင်မတန်ချစ်ရှာပါတယ်တဲ့။ သူက သိပ်ချစ်ပေမယ့် သူ့ဇနီးက သူ့ရဲ့ ညီကို ပိုပြီးတော့ အချစ်တွေ ပိုသတဲ့။ အဲဒီတော့ လင်တော်မောင်ကို သတ်ဖို့ မတ်တော်တဲ့ ညီကို အစ်ကိုကို ပြန်သတ်ခိုင်းရတာပေါ့။ မတ်တော်လေးက အတန်တန်ငြင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကာမစ္ဆန္ဒကြွေးတွေက တင်သွားပြီးလေ။ ဒီမိန်းမအပေါ်မှာ အကြွေးတင်နေတော့ အကြွေးရှင်အတွက် ဘာမဆို လုပ်ရဲပြီးပေါ့။ အဲဒီ သေသွားတဲ့ အစ်ကိုကြီးဟာ မိမိရဲ့ ဇနီးအပေါ်မှာ ထားတဲ့ ချစ်ခင်စွဲလမ်းတဲ့ ကာမစ္ဆန္ဒ အကြွေးဆပ်ရပြီးပေါ့။ မြွေလေးနဲ့ တစ်ခါ၊ ခွေးအဖြစ်နဲ့ တစ်ခါ၊ နွားလေးအဖြစ်နဲ့ တစ်ခါ၊ အဲဒီအမျိုးသမီးလဲ သူရဲ့ အရင်ဘ၀က လင်ပဲဆိုပြီး သတ်သတ်ပစ်တယ်တဲ့။ ချစ်ဇနီးအပေါ်မှာ ချစ်ခင်စွဲလမ်းမှု မပျောက်သေးတာကြောင့် အဲဒီအမျိုးသမီးရဲ့ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ကိန်းလာပြန်တယ်။ သားယောက်ျားလေး ဖွားမြင်ပြီးတော့ လာပါတယ်။

မွေးမွေးချင်းပဲ ဇာတိဿရဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီအမျိုးသမီးဟာ ငါ့ကို လေးဘ၀တိုင်တိုင် သတ်ခဲ့တဲ့ မိန်းမကြီး၊ ငါ့ရန်သူကြီး ဆိုပြီး ကလေးဘ၀မှာ အမေ လုံးဝ အကိုင်မခံခဲ့ဘူး။ အမေချီလိုက်ရင် ငိုတယ်။ အရင်ဘ၀က ညီတော်တဲ့ ဒီဘ၀အဖေချီတဲ့အခါမှာလဲ ငိုပါတယ်တဲ့။ အဘိုးက ဘာကြောင့် ငိုရသလဲ မေးတော့မှ၊ ဒီလိုပဲ အတိတ်ဘ၀အကြောင်းတွေ ပြောပြပါတယ်။ အဲဒါနဲ့ “ဒီလို ရန်သူမျိုးနဲ့ အတူတူနေရတာ မကောင်းဘူး၊ ရန်သူတွေနဲ့ ဝေးရာ အရပ်ကို တို့သွားကြစို့ ” ဆိုပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းသွားပြီး၊ မြေးက ကိုရင်ဝတ်၊ အဘိုးက ရဟန်းဝတ်ပြီး မြေးဘိုးနှစ်ယောက် တရား အားထုတ်လိုက်ကြတာ၊ မကြာခင်ပဲ မြေးဘိုးနှစ်ယောက် ရဟန္တာအရှင်မြတ်ကြီးတွေ ဖြစ်သွားပါသတဲ့။

ဒီပို့စ်ကို အရှင်ဆန္ဒဓိကရဲ့ မြင့်မြတ်သူတို့၏စံအိမ် စာအုပ်မှ မြင့်မြတ်သူတို့ စံအိမ်ရဲ့ အင်္ဂါရပ်ထဲက ပထမဆုံးသော အကြွေးကင်းခြင်း စာစုမှ ကူးယူဖော်ပြပါသည်။ ကျွန်တော်လဲ အကြွေးတင်ပါသည်။ ကျွန်တော့် ဘလော့ရဲ့ ခေါင်းစီးပိုင်းက ကိုသော်ဇင်(စိန်ပန်းမြေ) ဆိုတာကြီးမကောင်းဘူးတဲ့။ “ကို” ဆိုတာမပါပဲ သော်ဇင်(စိန်ပန်းမြေ) ပဲ ကောင်းပါတယ်ဆိုလို့ ပြောင်းရဖို့အရေး ကြိုးစားလိုက်ရတာ ၂ရက်လောက် မနေမနားပါပဲဗျာ။ ဒီစာအုပ်ဖတ်ပြီးမှ သတိရမိတယ်။ သြော်.... ငါလဲ အကြွေးတင်နေတာပါလားလို့ တွေးမိပါရဲ့ဗျာ။

ဒီပို့စ်လေ ရှည်နေမှာ စိုးလို့ ချုံ့ရေးမိလိုက်တဲ့အတွက် စာစုတွေက ဆက်စပ်မှုမရှိခဲ့ရင် ဖြည့်စွပ်နားလည်ပေးပါဗျာ။ ဒီစာစုလေးကို ဖတ်ပြီးတော့ အကြွေးကင်းတဲ့ သူတော်ကောင်းများ၊ မြင့်မြတ်သူတို့ရဲ့ စံရာ အိမ်နန်းမှာ စံမြန်းနိုင်ကြသော အရိယာသူတော်ကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ချွေရင်းနဲ့.... ကျေးဇူးတင်ပါတယ်

သော်ဇင်(စိန်ပန်းမြေ)