ကဲ့ရဲ့လွတ်သူ အိုဘယ့်လူ မည်သူရှိအံ့နည်း
လောကမှာ လူရယ်လို့ဖြစ်လာကတည်းက ဖွားဖက်တော် ကောင်းဆိုးနှစ်တန်လောကဓံနဲ့ ကစားပေါင်းသင်းရတာဟာ သဘာဝပါဘဲ။ နိမ့်ချီတခါ မြင့်ချီတလှည့် အကောင်းအဆိုး အမျိုးမျိုးသော လောကဓံတွေဟာ တော်တော်ပဲ ပေါင်းသင်းရတာ ခက်တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်းလိမ့်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းကိုယ်စီ အနည်းအများတွေ့ ကြုံဖူးကြလို့ဘဲ။
ဘဝတစ်ခုရယ်လို့ ဖြစ်တည်ပြီး ရှင်သန်လှုပ်ရှားကြရတဲ့အခါ ပြေပြစ်ချောမွေ့တာတွေရှိသလို ပင်ပန်းဆင်းရဲတာတွေလည်း မလွဲဧကန်ရှိနေမှာပါ။ နေသာတဲ့နေ့တွေရှိသလို မိုးရွာတဲ့ညတွေလည်းရှိနေမှာပါပဲ။ ဒါတွေဟာ မလွဲမသွေတွေ့ ကြုံရမည့် ဘဝရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့တထွေလက်သင့်ခံနိုင်ဖို့လိုပါတယ်။
လူဆိုတဲ့သတ္တဝါတွေဟာ အသိုက်အဝန်းအဖွဲ့အစည်းနဲ့ နေထိုင်ရှင်သန်ကြရတဲ့ သတ္တဝါတွေပါ။ ဘယ်သူမဆို လောကထဲက လူသားတွေမို့ လူ့အဖွဲ့စည်း လူ့အသိုက်ဝန်းနဲ့ ကင်းကွာပြီး ကင်းကွာပြီး နေထိုင်လေ့မရှိကြပါဘူး။ “ ဓာတု သော သတ္တနံ သံသန္ဒိ သံသမန္တိ” ဟု မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့ပါတယ်။ သတ္တဝါတွေဟာ ဓာတ်တူရာ စရိုက်လက္ခဏာတူရာ ပေါင်းသင်းဆက်ဆံကြတယ်။
သို့စေကာမူ ကိလေသာတစ်ပြားကလေးမှ ကိုယ်သန္တာန်မှ မလျှော့ချနိုင်သေးတဲ့ ပုထုဇဉ်တွေမို့ နေ့စဉ် ကူးလူးဆက်ဆံကြရာတွင် လူသားအချင်းချင်း တစ်ဦးကိုတစ်ဦး ကဲ့ရဲ့ခြင်းး ရှုတ်ချခြင်းတွေဟာလည်း ပုထုဇဉ်လူသားတွေရဲ့ အမှတ်သင်္ကေတတစ်ခုလို လူ့အဖွဲ့စည်း လူ့သဘာဝ အလယ်မှာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူအုံးမှာပါ။
အဲဒီကဲ့ ရဲ့ရှုပ်ချခြင်း ချီးမွန်းခြင်းကြားမှာ ကျွန်ုပ်တို့တထွေရဲ့စိတ်တွေဟာ သမုဒ္ဒရာ ရေအယာဉ်မှာ ရေတွေတသွင်သွင်မျှောပါစီးဆင်းနေသလို ကိုယ့်ရဲ့စိတ်ကလည်း လှုပ်ရှားလှုပ်ခတ်ယိုင်လဲနေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာလည်း သူများနှုတ်ခမ်းပေါ်မှ အကန့်အသတ်မဲ့ စီးဆင်းလာတဲ့ ကဲ့ရဲ့ခြင်း ချီးမွန်းခြင်းအပေါ်မှာသာ လမ်းဆုံးသွားနိုင်းပါတယ်။
ကောင်းကောင်းဆိုးဆိုး ဘယ်လိုအဖြစ်သနစ်တွေဘဲဖြစ်ဖြစ် ကဲ့ရဲ့ခြင်းချီးမွန်းခြင်းတွေဟာ လူ့အသိုက်ဝန်း လူ့အဖွဲ့စည်းမှာ နည်းစနစ်အဖုံဖုံနဲ့ နေရာယူနေကြအုံးမယ်ဆိုတာကို နှလုံးမူ သတိကလေး တချက်ပြုဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ချက်က အပူနဲ့အအေး အလင်းနဲ့ အမှောင်ဟာ ကျောချင်းကပ်နေသလို ဒီကဲ့ရဲ့ခြင်းချီးမွန်းခြင်းကြားမှာ ပုထုဇဉ်လူသားတွေရဲ့သဘာဝ အများစုဟာ တစ်စုံတစ်ယောက်ကို ဦးစွာပထမ ချီးမွန်းခြင်းထက် ကဲ့ရဲ့ခြင်းနဲ့သာ မတ်ဆက်ပေးလေ့ရှိတတ်ကြပါတယ်။
။ နွေရာသီရဲ့ အပြင်းစားနေပူတွေထဲကနေ ချွေးသီးချွေးပေါက်တွေ တသီကြီးနဲ့ နေရိပ်ထဲကို အရိပ်ခိုဖို့ရန်ဝင်လာတဲ့သူကို ဧည့်ခံကြိုဆိုသူက တစ်ယောက်သာ ဖနောင့်နဲ့ ဆီးပေါက်သူက တစ်ရာတစ်ထောင်မက ဖြစ်နေတတ်ပါတယ်။ ဒါတွေကို လူ့အသိုက်အဝန်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။
ကဲ့ရဲ့ခြင်း ချီးမွန်းခြင်း ဒွန်တွဲနေတဲ့ ဒီလောကဓံတရား နှစ်ပါးအားပြိုင်လာရင် ကဲ့ရဲ့ခြင်းကသာ အနိုင်ယူနေတာကို ကျွန်ုပ်တို့တထွေ တွေ့မြင်နေကြရပါတယ်။ ချီးမွန်းဟာ ကောင်းသော အပြုမူ ကောင်းသောစကား ကောင်းသောအတွေးလက္ခဏာတွေပါ။ လူသားတိုင်းရဲ့ စိတ်နှလုံးကို အေးမြစေပါတယ်။ ကောင်းမြတ်တဲ့ ချီးမွမ်းခြင်းကို ဘာကြောင့်များ လူ့အဖွဲ့စည်း လူအသိုက်ဝန်းမှာ အသုံးပြုသူနည်းပါးပြီး လျစ်လျှူ ရှုထားကြတာလဲဆိုတာကို တဆိတ်ကလေးတွေးကြည့်ဖို့ သင့်နေပါပြီ။
ကဲ့ရဲ့ခြင်းဟာ လူသားတွေရဲ့ စိတ်နှလုံးကို ဆူးငြောင့်တစ်ချောင်းထိုးဖေါက်းသွားသလို မသာမယာညှိုးနွမ်းသွားစေပါတယ်။ စိတ်ကလေးတွေ မရင့်ကျက်သေးတဲ့ လူငယ်လေးတွေဘဝမှာ အောင်မြင်မှု အဖူးအပွင်းတွေဝေဆာအောင် ကြိုးစားနေတဲ့ မျိုးဆက်သစ်တွေကို အပြင်းစားလောင်မီးတစ်ချက် ရိုက်ခတ်လိုက်သလို တပါးသူရဲ့ကဲ့ရဲ့ရှုပ်ချလိုက်သော စကားတစ်ခွန်းကြောင့် ထိချက်တွေက ပြင်းလွန်းကာ အောင်မြင်မှုတွေကို တက်လှမ်းနေတဲ့လမ်းကြောင်းပေါ်ကနေ လျှော့ကျသွားတတ်တာတွေရှိပါတယ်။
တကယ့်ကိုပဲ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တွေပါ။ သို့ပေမယ့် ဘယ်သူဘဲဖြစ်ဖြစ် လောကလူသားတွေလို့ဖြစ်လာရင် ကဲ့ရဲ့ရှုပ်ချခြင်းမှကင်းလွတ်တဲ့ လူရယ်လို့မရှိပါဘူး။ အရိယာသူတော်စင် ဘုရားရဟန္တာများတောင်မှ တပါးသူရဲ့ ကဲ့ရဲ့ရှုပ်ချခြင်းမှ မလွတ်ခဲ့ပါဘူး။
သာဓက တခုအနေနဲ့တင်ပြရရင် မြတ်ဗုဒ္ဓလက်ထက်တော်က သာဝတ္ထိပြည်မှာ “အတုလျ” ဆိုတဲ့ ဥပသကာ တစ်ယောက်ရှိခဲ့ ပါတယ်။ နာမည်လေးက “ အတုလျ”
အတူမရှိဆိုတဲ့ သဘောပေါ့။ သူ၏ နောက်လိုက် ဥပသကာအဖွဲ့ဝင် ငါးရာရှိခဲ့ပါတယ်။ နည်းတဲ့အဖွဲ့အင်ပါယာ မဟုတ်ပါဘူး။
တစ်နေ့မှာ အတုလျ ဦးဆောင်တဲ့ဥပသကာအဖွဲ့ဟာ ရှားတောနေ အရှင်ရေဝတမထေရ်မြတ်ထံကို တရားနာဖို့သွားကြပါတယ်။ အရှင်ရေဝတ မထေရ်မြတ်ဟာ စကားအလွန်နည်းပြီး တစ်ပါးတည်းသာလျှင် ဆိတ်ငြိမ်ရာအရပ်မှာ တရားနဲ့ပျောမွေ့ စွာ သီတင်းသုံးလေ့ရှိတဲ့ ရဟန္တာ အရှင်မြတ်ပါ။
အတုလျဥပသကာတို့ အဖွဲ့ အရှင်ရေဝတမထေရ်မြတ်ဆီ ရောက်တော့ အရှင်မြတ်ဟာ အတုလျတို့အဖွဲ့ ကို ဘာစကား ဘာတရားမှ မဟော ။ ဝတ်ကျေတန်းကျေ နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မပြောဘဲနေနေတယ်။ ဒီတော အတုလျတို့ အဖွဲ့က မကြိုက်။ ဒီကိုယ်တော်ကိုမကြည်ညို နောက်ကိုယ်တော်တပါး ပြောင်းမည်။
အတုလျနဲ့ အဖွဲ့ ဟာ အရှင်သာရိပုတြာမထေရ်မြတ်ထံ တရားနာဖို့ ရောက်ရှိသွားကြပြန်ပါတယ်။ မထေရ်မြတ်ကြီးက လာခြင်း အကြောင်းကိုမေးတော့ တရားတာရန်လာကြကြောင်း အတုလျတို့ အဖွဲ့က လျောက်ထားကြပါတယ်။ ထိုအခါ အရှင်သာရပုတြာ မထေရ်မြတ်က ခက်ခဲနက်နဲသော အဘိဓမ္မာတရားကို ဟောကြားတော်မူပါတယ်။ အရှင်သာရိပုတြာ မထေရ်ဟာ ပညာအရာမှာ ဘယ်လောက်တော်သလဲဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိရှိကြပါလိမ့်မည်။ မြတ်ဗုဒ္ဓဘုရားသခင်မှ လွဲရင်ပညာအရာမှာ ဧတဒ်ဘွဲ့ရ ပုဂ္ဂုလ်ပါ။
အဲဒီတော့ အဘိဓမ္မာတရားကို တရားနာချင်နေတဲ့ အတုလျ ဥပသကာအဖွဲ့အား ဟောလိုက်တော့ အတုလျနဲ့ အဖွဲ့က နားမဝင် ခက်ခဲသောကြောင့် နားလည်းမလည်။ ဒီတော့ အတုလျတို့အဖွဲ့က အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ တရားကိုမကြိုက်။ မကြိုက်သည့်အပြင် ကဲ့ရဲ့ စကားတောင် ဆိုလိုက်ပါသေးတယ်။ တရားကို ကရားမှရေသွန်သလို တောက်လျှောက်ကြီးဟောရသလား ၊ ဘာတွေဟောမှန်းလည်းမသိ၊ နားလည်တာလည်းမရှိ။ ဒီလိုတရားမျိုး တို့ကမနာတတ်ပေါင် ဆိုပြီး ထွက်သွားကြပြန်ပါတယ်။
ဒီတပါးမကြိုက်တော့နောက်တပါးပြောင်းမည်။ ဒါဟာ အတုလျနဲ့ အဖွဲ့ရဲ့ သီအိုပါ။ ဒီလိုနဲ့ နောက်အရှင် အာနန္ဒာ မထေရ်မြတ်ထံ ရောက်သွားပြန်ပါတယ်။ နရားတော်နာရန်ရောက်လာကြတဲ့ အတုလျနဲ့ အဖွဲ့ကို အရှင်အာနန္ဒမထေရ်မြတ်က လွယ်ကူသော တရားတော်ကို မှတ်ရန်လွယ်ကူသော အရပ်သုံးစကားနဲ့ ရှင်းရှင်းလင်းလင်းး ခွဲခွဲခြားခြားဟောကြားတော်မူပါတယ်။ သို့သော် ကြိုက်သလားသဘောကျသလားဆိုတော့ မကြိုက်ကြပြန်ဘူး။ ဒီလောက်လွယ်တဲ့ တရားကိုဟောရသလား။ လူတိုင်းသိတယ်ဆိုပြီ အတုလျနဲ့ အဖွဲ့က ကဲ့ကြပြန်ပါတယ်။
နောက်ဆုံးတော့ အတယလျနဲ့အဖွဲ့ဟာ မြတ်ဗုဒ္ဓထံမှောက် ရောက်ရှိသွားကြပါတယ်။ အတုလျတို့ အဖွဲ့ဟာ မြတ်ဗုဒ္ဓကို လျှောက်ပါတယ်။ တပည့်တော်တို့ တရားနာရှင်လို့ သွားကြပါတယ် ဘုရား။
ပထမကိုယ်တော် အရှင်ရေဝတက ဘာစကားမျှမပြောဘူး။ ဒီကိုယ်တော်စကားမှ ပြောတတ်ရဲ့လားမသိ။ ခက်လိုက်ပါဘိ ဘုရားတဲ့။
ဒုတိယ ကိုယ်တော် အရှင်သာရိပုတ္တရာဆီရောက်သွားတော့ ဒီကိုယ်တော်ကျတော့ ဟောလိုက်တဲ့ တရား ပြောလိုက်တဲ့စကား တရားကလည်းရှည်လွန်း နားကလည်းမည် ဘာတွေဟောမှန်းမသိ၊
ခက်လိုက်ပါဘိ ဘုရားတဲ့။
တတိယကိုယ်တော် အရှင်အာနန္ဒာကျပြန်တော့လည်း ဟောတော့ဟောပါရဲ့ နားလည်လွယ်ပါတယ်။ ဒါပေမယ့် လူတိုင်းသိနေတဲ့ အလွယ်ဆုံးတရား ဖြစ်နေတယ်။ အဲဒီတရားကိုလည်း တပည့်တော်တို့ မကြိုက်ပါ။ဒါကြောင့်မြတ်စွာ ဘုရား ထံမှောက် ရောက်လာခဲ့ပါပြီး ဒီအကြောင်းလျှောက်ထားအပ်ပါသည်တဲ့။
ထိုအခါမြတ်စွာ ဘုရားရှင်က “ပေါရာဏပေတံ အတုလျ”ဂါထာတော်ဖြင့် အတုလျ တို့ ဥပသကာ အဖွဲ့ အားဟောတော်မူတယ်။ တရားတော်ရဲ့ အဆုံးမှာ အတုလျနဲ့ တကွ ဥပသကာ ငါးရာလုံးဟာ အရိယာသူတော်စင်ဖြစ်သွားကြလေ၏။
သို့ဝေဖန်ရှင်-
ရယ်ရယ်မောမော၊ ဝင်ကာပြောတော့၊ လူပေါကြီး ဟု ခေါ်ကြသည်။
ရောနှောမဝင်၊ တည်ပြန်လျှင်၊ ဘဝင်မြင့်သည် ခေါ်ကြသည်။
ခေါ်ထူးမေးဖြေ၊ မှန်မှန်နေက၊ ဆိုလေအတင်း၊ ကုတ်ကမြင်းဟု မဟုတ် ဧကန်၊ ဆိုလေပြန်၏။
သို့ပတ်ဝန်းကျင် ဝေဖန်ရှင် သင့်အလိုကျ ဖြစ်စေရမည်။
ပြောရာရင်တွင်း၊ လက်ကျန်အတင်းကို၊ စာရင်းကလေးပြုပေးပါ။
ပတ်ဝန်းကျင်စကား၊ အလေးထားက သွားမည့်ရှေ့ရေး၊ တက်လမ်းနှေး၏။
ကဲ့ရဲ့ခြင်း ချီးမွန်းခြင်းတွေဟာ ယခုယနေ့ကျမှ ရွှေတောင်ကြီးပေါ်ပေါက်သလို ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ အရှင်ရေဝတ မထေရ်မြတ်ကဲ့ သို့ ဘာစကားမှမပြော ဘဲ တောကျောင်းမှာအေးအေးဆေးဆေးနေသော ပုဂ္ဂုလ်မျိုးကိုလည်း အဖျင်းကဲ့သို့ စကားမပြောရကောင်းလားဟူ၍လည်းကောင်း၊ ဘဝင်မြင့်လှချည်လားဟူ၍လည်းကောင်း ကဲ့ရဲ့ကြပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ကဲ့သို့ လေခတ်သောထန်းရွက်ပမာ တဖျက်ဖျက်မြည်သကဲ့သို့ ခက်ခဲနက်နဲသော အဘိဓမ္မာတရားတော်မြတ်ကို များစွာဟောကြားပေးသောပုဂ္ဂိုလိုမျိုးကိုလည်း လူပြာတာ အသွင်ကဲ့ရဲ့ကြတယ်။
အရှင်အနန္ဒာ မထေရ်မြတ်ကဲ့သို့ နှိုင်းနှိုင်းချိန်ချိန်ဖြင့် နည်းပါးသော တရားကို ဟောကြားပေးသောပုဂ္ဂိုလ်မျိုးကိုလည်း စကားကို ရွှေပမာတန်ဖိုးထား၍ နည်းနည်းပါးပါးလွယ်လွယ်ကူ ဟောရကောင်းလားဟူ၍ ကဲ့ရဲ့ကြပါတယ်။ ဒါကြောင့်လောကမှာ ကဲ့ရဲ့လွတ်သော ပုဂ္ဂိုလ်မျိုးရယ်လို့ မရှိနိုင်တော့ ပါဘူး။
ဘုရားအရိယာ သူတော်စင်များသော်မှ ကဲ့ရဲ့ခြင်းမှ မလွတ်ကြဘူးဆိုရင် ပုထုဇဉ်လူသားအနေနဲ့ ပြောဖွယ်ရာပင်မရှိနိုင်တော့ပါဘူး။ ကဲ့ရဲ့ခြင်း လောကဓံလေလိုင်းတွေဟာ အမြဲမပြတ်တိုက်ခတ်ခြင်းကို ခံနေရမှာပါဘဲ။ မိမိကိုယ်တိုင်သာ မှန်ကန်သော လမ်းကြောင်းပေါ်မှာ လျှောက်ပြီး ကဲ့ရဲ့ရှုပ်ချခြင်းကိုခံနိုင်ရည်ရှိဖို့သာ ကိုယ့်ဖက်က ပြင်ဆင်ရမှာပါ။
ကဲ့ရဲ့ခြင်းတည်းဟူသော ဘဝရဲ့ အခက်ခဲလောကဓံကို တုန်လှုပ်မှုမရှိတည်ငြိမ်စွာဖြင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် “ယောနိသော မနသိကာရ” သင့်တင့်နှလုံးသွင်းမှုဆိုတဲ့ တရားရှိဖို့ အထူးလိုအပ်ပါတယ်။ “ယောနိသော မနသိကာရ” ဆိုတာ ကိုယ့်အပေါ်ကျရောက်လာတဲ့ ဆိုးကျိုးတွေကို ကောင်းကျိုးဘက်သို့လှည့်ပြီး တွေးနိုင်တဲ့သဘောပါ။
အမှန်တကယ်တော့ ကဲ့ရဲ့ခြင်း ချီးမွန်းခြင်းဆိုတာဟာ တရားသူရဲ့နှုတ်ခမ်းဖျားမှ လေအငွေ့ပမာ ခေတ္တခဏထွက်ပေါ်လာတဲ့အရာမျှသာ ဖြစ်ပါတယ်။ အဲဒီ ကဲ့ရဲ့ခြင်သး ချီးမွန်းခြင်းတွေကိုသာ အလေးပေးဂရုစိုက်နေမယ်ဆိုရင် မိမိဘဝရဲ့တက်လမ်း ရပ်တန်းသွားနိုင်ပါတယ်။
သူတို့ရဲ့ ထုံးစံ သဘာဝကဲ့ရဲ့ဒါဏ်ကို သမင်လည်ပြန်မကြည့်ဘဲ လေကဓံ ဤလေ ပြေပြေပင်သွေးသွေး အေးအေးပင်ဖျော်ဖျော် ကြမ်းကြမ်းပင်ထန်ထန် မြင်မိုရ်မဏ္ဍိုင် ကြံ့ခိုင်ပုံအလား သတိကလေးတချက်ဆောင်ပြီး မှန်ကန်ကောင်းမြတ် ရဲရင့်သောသတ္တိတွေနဲ့ ဦးတည်ချက်မပျက် ရှေ့သို့တက်လှန်းမည်ဆိုလျှင် ကျွန်ုပ်တို့တထေဟာ မိမိနဲ့ထိုက်တန်သော ဘဝရဲ့ အောင်မြင်မှုအသီးအပွင်းလေးတွေ ဝေဆာ သီးပွင်းလာမှာ ဖြစ်ပါတော့သည်။
ဦးကဝိသာရ (ငွေတောင်)