Saturday, November 30, 2013

နိဗ္ဗာန်ဆော်၏ ပါရမီ

    
နိဗ္ဗာန်ဆော်၏ ပါရမီ

သန္တတိ အမတ်ကြီးသည် ပေဿနဒီ ကောသလ မင်းကြီး၏ အမိန့် တော်ဖြင့်
ပုန်ကန်သောင်းကျန်းသော ပစ္စန္တရစ် ရွာကို နှိမ်နှင်း၍ အောင်မြင်သဖြင့်
ရှင် ဘုရင်စည်းစိမ်ကို(၇)ရက်ခံစားရ၏။ထို(၇)ရက် ကာလပတ်လုံး သောက်စား
ပျော်ပါုးခြင်း။ကချေသည်တို့၏ကခြင်း သီခြင်း ဖျော်ဖြေခြင်းတို့ `၌ မင်းစည်းစိမ်ကို
ခံစားလေ၏။(၇)ရက်မြောက်သောနေ့ `၌အလုံးစုံတန်ဆာဆင်ထားသော
ဆင်ကျောက်ကုန်းထက် နေလျှက် ရေချိုးဆိပ်သို့သွားသည်ရှိသော်  ဆွမ်းအလို့ ငှါ
ကြွဝင်လာသော မြတ်စွာဘုရားရှင်ကို တခါး ကြား`၌ မြင်ရလျှင် ဆင်ကျောက်ကုန်း
ထက်`၌ တည်လျှက် ဦးခေါင်းကို လှုပ်၍ ရှိခိုးလေ၏။

မြတ်စွာဘုရားရှင်သည် ပြုံးခြင်းကိုပြုရာ    အာနန္ဒာ မထေရ်က ပြုံးတော်မူခြင်းအကြောင်းကို
မေးလျှောက်၏။မြတ်စွာဘုရားသည်

ချစ်သားအာနန္ဒာ  သန္တတိ အမတ်ကြီးကိုကြည့်ရှူလော့။ယနေ့ပင်လျှင် အလုံးစုံသော တန်ဆာဖြင့်
တန်ဆာဆင်လျှက် ငါဘုရား၏ အထံတော် သို့ လာလတ်၍ လေးပုဒ်သောဂါထာ၏ အဆုံး`၌
 အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်းခုနှစ်ဆင့် ပမာဏ မြင့်သော ကောင်းကင်း`၌ နေထိုင်လျှက်
ပရိနိဗ္ဗာန်ပြုရပေလတ္တံ့ ဟု မိန့် တော်မူလေ၏။

လူများအပေါင်းတို့ သည် မြတ်စွာဘုရားရှင် ၏ စကားတော်ကို ကြားလျှင် မိစ္ဆာ ဒိဌိ အယူရှိကုန်သော
သူတို့ သည် မကောင်းသောစကားတို့ဖြင့် ကဲ့ရဲ့ ကြလျှက် ဘုရားရှင်အားစွပ်စွဲ နှိပ်စက်ရန် ကြံစည်
ကြကုန်၏။ ကောင်းသောအယူဝါဒ ရှိသူတို့ သည် မြတ်စွာဘုရားရှင်၏ တင့်တယ် ခြင်းကို၎င်း။
သန္တတိ အမတ်ကြီး၏ တင့်တယ် ခြင်း ကို၎င်း  ရှူမြင်ကြရပေတော့မည်ဟု ကြံစည်ကြကုန်၏။

သန္တတိ အမတ်သည် ရေကစားပြီး၍ မင်းစည်စိမ်ဖြင့် သေသောက်ကာ ကချေသည်၏
အက ကို ရှူစားနေစဉ် ကချေသည်မသည် နှလုံးခွဲဖြတ်လျှက် လဲကျသေဆုံးလေ၏။
သန္တတိ အမတ်ကြီးသည်ကား ကချေသည်မ ၏ အဖြစ်ကိုမြင်သည်နှင့် နှလုံးမသာမယာဖြစ်ကာ
ကြီးစွာသော စိုးရိမ်သောက တို့ နှိပ်စက်လေ၏။အမတ်ကြီးသည် ငါ၏ စိုးရိမ်ခြင်းသည်
မြတ်စွာဘုရားမှ တစ်ပါး အခြားသူတို့  ငြိမ်းအေးစေနိုင်မည်မဟုတ်ဟု တွေးတောဆင်ခြင်လျှက်
ဗိုလ်ပါ အပေါင်း ခြံရံကာ မြတ်စွာဘုရားထံပါး ဆည်းကပ် ရိုသေ ရှိခိုးတောင်းပန်
လျှောက်ထားလေ၏။

မြတ်စွာဘုရား၏ ဂါထာတော်အဆုံး`၌ သန္တတိ အမတ်ကြီးသည် အရဟတ္တဖိုလ် သို့ 
ရောက်၏။မိမိ၏ အာယုသင်္ခါရ ကို ဆင်ခြင်သော် အသက်၏နည်းပါခြင်းကို သိရလျှင်
မြတ်စွာဘုရားအား ပရိနိဗ္ဗာန် ပြုခြင်း ကိုခွင့်ပြုပေးရန် လျှောက်ကြားလေ၏။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှူတို့ အကြောင်းကို
ထန့် ခုနှစ်ဆင့်အမြင့်မှ နေ၍ ဟောကြားရန် မိန့် တော်မူသဖြင့်  အမတ်ကြီးသည်
ကောင်းလှပါပြီ ဘုရား  ဟု လျှောက်ထားပြီး မြတ်စွာဘုရားကိုရှိခိုး၍ ထန်းတစ်ဆင့်အမြင့်သို့
တက်ပြီး မြေပြင်သို့ ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။တဖန် ထန်းနှစ်ဆင့်အမြင့်သို့ 
တက်၍ မြေပြင်သို့  ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။ထို မှတဖန် ထန်းသုံးဆင့်အမြင့်သို့ 
တက်၍ မြေပြင်သို့  ပြန်ဆင်း ကာ မြတ်စွာဘုရားကိုရှိခိုး၏။ထိုနည်းအတိုင်း ထန်းခုနှစ်ဆင့်
အမြင့်သို့  ရောက်သော် တပည့်တော်၏ ကောင်းမှူကံ ကိုနာတော်မူကြပါဘုရား ဟု
လျှောက်ထားလေ၏။

ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာ ထက်`၌ ၀ိပဿီ မြတ်စွာဘုရားထင်ရှား ပွင့်တော်မူသောအခါ
ဘုရားတပည့်တော်သည် လူများအပေါင်း ကို ကောင်းမှူတို့ ကို ပြုစေခဲ့ပါသည်ဘုရား၊
ဥပုသ် နေ့ `၌ ဥပုသ် ဆောက်တည်ကြပါကုန်လော့။ အလှူပေးကြပါကုန်လော့။
ဘုရားရတနာ အစရှိသည်တို့ နှင့်တူသောတစ်ပါးသော ရတနာ မည်သည် မရှိ။
ရတနာ သုံးပါး တို့ အား ပူဇော်သက္ကာရ မှူကိုပြုကြပါကုန်လော့။  ဟု ကြွေးကြော် လှည့်လည်
ခဲ့ပါ၏။ထို့ သို့ လှည့်လည်သည်ကိုဗန္ဓုမတီ မင်းကြီသည် တပည့်တော်အားခေါ်စေ၍
လှည့်လည်သွားလာရာတွင် သုံးရန် မြင်း ကို၎င်း။ရထားကို၎င်း။ ဆင်ကို၎င်း။အခြားသော
စည်းစိမ်ကို၎င်း ချီးမြှင့်တော်မူပါ၏။ထို ကုသိုလ်ကံကြောင့် စန္ဒကူး နံသည် လှိုင်၏။ခံတွင်းမှ
ကြာညိုနံသည် လှိုင်၏။တပည့်တော်သည် ဤ ကောင်းမှူကိုပြုအပ်ပါသည် ဘုရား   ဟု
လျှောက်ထားလေ၏။

ဤသို့ လျှင် ရှေး က ပြုခဲ့သည့် ကုသိုလ်ကောင်းမှူကိုဟောကြားပြီးနောက် ကောင်းကင်ထက်`၌
နေလျှက် တေဇော ကသိုဏ်းဈာန်ကိုဝင်စားပြီးပရိနိဗ္ဗာန် ပြုလေ၏။ခန္ဓာ ကိုယ်မှ မီးလျှံတို့ သည်
အသွေးအာသားတို့ ကို တောက်လောင်လျှက်ရွှေဖြင့်ပြီးသော ပန်းကဲ့သို့သော ဓါတ်တော်တို့ သည်
မြေပြင်သို့ ကျလာကုန်၏။


ဤသည်မှာ နိဗ္ဗာန် ဆော် ကုသိုလ် ကိုပြုခဲ့သူ၏ ကောင်းမှူ ကံ အကြောင်း ဖြစ်ပါသည်။
ယနေ့ ခေတ် အခါတွင်နိဗ္ဗာန်ဆော် ကုသိုလ်ကောင်းမှူ ပြုလုပ်သူများစွာရှိနေ၏။
ဘာသာ သာသနာ ကိုထွန်းကားပြန့် ပွားစေရန် ဆောင်ရွက်နေကြသူများ လှူဒါန်းနေကြ
သူများ။ အင်တာနက် စာမျက်နှာများတွင် အခြားသူများပါ ဘာသာ သာသနာ ကိုလေ့လာ
ခွင့် ဖတ်ရှူခွင့်ရစေရန် ရည်ရွယ်၍ ဘာသာရေးစာပေများကို share လုပ်ခြင်းများသည်
နိဗ္ဗာန် ဆော် ပြုလုပ်ခြင်းပင်ဖြစ်သည်။ထို့ ကြောင့်အင်တာနက် စာမျက်နှာများ`၌
ဘာသာရေး စာပေများ share လုပ်ခြင်း ပြန့် ပွားအောင် ဖြန့် ဝေခြင်း လှူဒါန်းခြင်းတို့ ကိုပြုလုပ်
နေသူတို့ သည် သန္တတိ အမတ်ကြီးပြုခဲ့သော ကောင်းမှူကုသိုလ် နှင့် အချိုးညီပါသောကြောင့်
အဆုံးစွန်သောဘ၀ `၌ နိဗ္ဗာန် ကိုမျက်မှောက်ပြုရမည်မှာ ဧကန်မလွဲဖြစ်ပါတော့သည်။

          

              *****တတိယမြောက်သမီးတော်*****



ကျမ်းကိုး။   ။အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော ပုံတော်စုံ ဓမ္မပဒ၀တ္ထုတော်ကြီး ဒုတိယတွဲ
                စာမျက်နှာ-၃၄ သန္တတိ အမတ်ကြီး ၀တ္ထု ။

Friday, November 29, 2013

လူဖြစ်ကျိုးနပ်ဖို့


လူဖြစ်ကျိုးနပ်ဖို့

လူသည် သက်ရှိ သတ္တဝါတို့ အနက် အသိဥာဏ် အဆင့်အတန်း အမြင့်မားဆုံး ဖြစ်သည်။
မိမိထက် ကိုယ်ခန္ဓာ အဆမတန် ကြီးမားလှသော ဆင်ကိုပင် ခိုင်းစေနိုင်၏။ ကမ္ဘာမှာ အကြီးမားဆုံးသော ဝေလငါး ကိုလည်း ဖမ်းဆီးနိုင်၏။ ထို့ကြောင့် လူ၏ အသိဥာဏ် ပညာကို မည်သည့် သတ္တဝါမှ မယှဉ်နိုင်ပေ။ အသိဥာဏ်ရှိသော လူကသာ သက်ရှိ သတ္တဝါ အားလုံးအပေါ် လွှမ်းမိုးနိုင်၏။

လူ့ဘဝတွင် စားရေး၊ နေရေး၊ အသက်ရှည်ရေး ဖြင့်သာ အချိန်ကုန် သွားလျှင် လူဖြစ်ကျိုး မနပ်နိုင်တော့ပေ။ လူသည် အသိဥာဏ်ပညာ ကြီးမားသောကြောင့် အသိဥာဏ်ပညာကို အသုံးချတတ်မှသာ လူသားစစ်စစ် ဖြစ်ပေသည်။ လူသားတိုင်းသည် မွေးဖွားပြီး အသိဥာဏ် အသုံးချတတ်ပြီ ဆိုကတည်းက ပညာသင်ကြား ရသည်။ ပညာတတ်သူက ပညာမတတ်သူ၏ အထက်မှာ နေရသည်။

ပညာပိုတတ်သူက သက်သောင့် သက်သာ စီးပွား ရှာနိုင်သည်။ အတိတ်ကံ ဘယ်လောက် ကောင်းကောင်း ပညာဥာဏ် မရှိလျှင် မြော်မြင် စီမံခန့်ခွဲမှု အားနည်းကာ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ၊ ဥစ္စာ ဆင်းရဲရပြီး ဆင်းရဲ မျိုးစုံနှင့်သာ နပန်းလုံး နေရသည်။ အတိတ်ကံ ကောင်းပြီး ပညာဥာဏ် ကြီးလျှင် ကြီးသလောက် လူချမ်းသာ၊ ဥစ္စာ ချမ်းသာ၏။ သို့သော် လောကီပညာ တတ်ရုံဖြင့် စိတ်ချမ်းသာမည် မဟုတ်ပေ။

ပညာ မတတ်သူရော၊ ပညာ တတ်သူပါ စားဝတ်နေရေး၊ ချမ်းသာရေး အတွက် လုံးပန်းနေရသည်။ ထိုအရေး အတွက် စီးပွားရှာ၊ ပညာရှာ ပြေလည်နေရ ရုံဖြင့်တော့ လူဖြစ်ရကျိုး မနပ်နိုင်ပေ။ လူသည် လောကီပညာ၊ စီးပွားပညာ တို့အပြင် လောကုတ္တရာပညာ ချမ်းသာကြွယ်ဝ တတ်မြောက်မှသာ အဆင့်မြင့် လူသား တစ်ဦး ဖြစ်ပေသည်။ စီးပွားဥစ္စာ ချမ်းသာပြီး ထိုပိုင်ဆိုင်မှုတွေကို စိတ်မချဘဲ သေသွားလျှင် လောဘစိတ်ဖြင့် သေမည်။ ထို့ပြင် စီးပွားပျက်ပြီး မကျေ နပ်ပါက ဒေါသ စိတ်ဖြင့် သေမည်။ လောကုတ္တရာ အသိဥာဏ် မပြည့်စုံလျှင် မောဟစိတ်ဖြင့် သေမည်။ လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် သေပါက အပါယ်လေး ဘုံသို့ ကျကာ ပြိတ္တာ၊ ငရဲ၊ တိရစ္ဆာန် ဖြစ်သွားမည်။

ထိုကဲ့သို့သော လူဘဝမှ အဆင့်နိမ့်သော ဘုံဘဝ၌ ဖြစ်ရခြင်းသည် လွန်စွာမှ နှမြောစရာ ကောင်းလှပေသည်။ ထို့ကြောင့် လူရယ်လို့ ဖြစ်လာလျှင် လောကီ ပညာ၊ စီးပွားပညာ၊ စည်းစိမ်ဥစ္စာ ချမ်းသာသော်လည်း လူဖြစ်ကျိုး မနပ်သေးပေ။ လူဖြစ်လာပါလျက် အပါယ်လေးဘုံမှ လွတ်မြောက် နိုင်လောက်အောင် လောကုတ္တရာ ဖြစ်သော ကုသိုလ် ပွားရေးများ မပြုလုပ်လျှင် လူဖြစ်ကျိုး မနပ်တော့ပေ။ ထို့ကြောင့် လူဖြစ်ကျိုးနပ်အောင် အပါယ်လေးဘုံမှ လွတ်မြောက်အောင် ကြိုးစားရန် လိုအပ်ပေသည်။

''လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ် ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။'' ဟု ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) က ဟောကြား ခဲ့သည်။ ဆက်လက်၍ ဆရာတော်က လူသားသည် ကုသိုလ် (ပရဟိတ အလုပ်) ကို လုပ်တတ်၏။ (၃၁) ဘုံတွင် လူ့ဘုံသည်သာလျှင် ကုသိုလ်လုပ်လို့ ရပေသည်။ အခြားဘုံများက လူ့ဘုံကဲ့သို့ တင်းပြည့်ကျပ်ပြည့် မရနိုင်ပေ။

လူ့ဘုံအောက်တွင် ရှိသော အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခသည် များလွန်းသောကြောင့် မည်သည့် ကုသိုလ်မှ ပြုလုပ်၍ မရပေ။ လူ့ဘုံ အထက်တွင် ရှိသော နတ်ဘုံ၊ ဗြဟ္မာဘုံ တို့တွင် ချမ်းသာသူတွေ များလွန်းအား ကြီးသောကြောင့် မည်သည့် ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရနိုင်ပေ။ ဥပမာအားဖြင့် နတ်ပြည်နှင့် ဗြဟ္မာပြည်တွင် အလှူခံပုဂ္ဂိုလ် မရှိသောကြောင့် ဒါနကုသိုလ် မည်သို့မျှ မပြုနိုင်ခြင်း ဖြစ်ပေသည်ဟု မိန့်ကြားခဲ့သည်။

ထို့ပြင် ဘုရားလောင်းသည် နတ်ပြည်သို့ ရောက်လျှင် သက်တမ်းပြည့် မနေရဘဲ သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကို စုတေ၍ လူ့ပြည်သို့ ပြန်သွားကြသည်။ လူ့ပြည်သို့ ရောက်မှ ဒါန၊ သီလ စသောကုသိုလ် ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ ထို့ကြောင့် ''လူ့ဘဝ ရခဲလှပေ၏။ ခဏတာ ရလာသော လူ့ဘဝကို အကျိုးရှိရှိ နေကြ၊ အသုံးချကြလို့'' ပြောခဲ့သော ဘိုးဘွားတို့၏ စကားသည် လွန်စွာမှ တန်ဖိုးရှိပါသည်။

 လူဖြစ်ပြီး ပညာမဲ့သည့် သူသည် ဘဝကို ကာမဂုဏ် ခံစားဖို့ အတွက်သာ အသုံးချ၍ နေမည်ဆိုလျှင် အပါယ်လေးပါးသို့ ရောက်ရှိမည်သာ။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။ ပုထုဇဉ်တိုင်း လောဘ၊ မောဟ၊ ဒေါသ၊ မာန စသော ကိလေသာ ရောဂါတွေနှင့် ပြည့်နှက်နေသော ဤ လောကကြီးတွင် ထိုရောဂါတွေကို သမထ ဝိပဿနာဖြင့် ကုသလျှင် ပျောက်ကင်းနိုင်ပါ သည်ဟု ဆရာတော် များက ဆုံးမခဲ့သည်။

သို့ပါ၍ ရခဲလှစွာသော လူ့ဘဝမှာ လူဖြစ်ရကျိုး နပ်ဖို့အတွက် မသေခင် နေရတဲ့ အချိန်လေး အတွင်း မိမိတို့ တတ်နိုင်သလောက် ဒါနကုသိုလ်၊ သီလကု သိုလ်နှင့် ဝိပဿနာ ကုသိုလ်တို့ကို ကျင့်ကြံကြိုးစား အားထုတ် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။    ။


ကိုဦး

Thursday, November 28, 2013

လာဘ်လာဘအပေါ်၌ တွယ်တာမက်မောမှု ပပျောက်ရေး


လာဘ်လာဘအပေါ်၌ တွယ်တာမက်မောမှု ပပျောက်ရေး

တချို့တချို့သော ပုဂ္ဂိုလ်တွေက လာဘ်လာဘကို သိပ်ပြီး လိုချင်ကြတယ်။ လာဘ်လာဘအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်ကိုကုန်ခန်း သွားချင်တယ်ဆိုလို့ရှိလျှင် ဘာလုပ်ရမလဲ? အနိစ္စသညာကို ခပ်များများ ပွားပေးရတယ်။ ဘာအနိစ္စလဲလို့ မေးတော့? ခန္ဓာငါးပါး။ ဘယ်ခန္ဓာငါးပါးလဲ? 

မိမိသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။ ဗဟိဒ္ဓ များ ထိုထိုပုဂ္ဂိုလ်သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရား။ ဒီရုပ်နာမ်တို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေ, ပျက်နေတဲ့ သဘာဝတွေကို ဥာဏ်နဲ့မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ရှုရတယ်။ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာ ငါးပါးတို့ကိုလည်း ပုံစံတူပဲ အနိစ္စလို့ ရှုပေးပါ။

ဒါတွင်လားဆိုတော့ မကသေးဘူး။ မိမိက ဘယ်လာဘ်လာဘအပေါ်မှာ တွယ်တာမက်မောနေသလဲ? ရွှေတို့ စိန်တို့ ဆိုကြပါစို့။ ဒီပရမတ္ထသစ္စာနယ်ကနေပြီးတော့ ပရမတ်မျက်လုံးနဲ့ ရှုကြည့်ပါ။

အာနာပါနနဲ့ စတုတ္ထဈာန် သမာဓိဆိုက်အောင် ထူထောင်ထားနိုင်တဲ့, ရုပ်တွေနာမ်တွေကိုလည်း အဇ္ဈတ္တဗဟိဒ္ဓ သိမ်းဆည်းနိုင်တဲ့ ပုဂ္ဂိုလ်က ဒီရွှေဆိုတဲ့ အရာဝတ္ထုကို ဥာဏ်လင်း ရောင်ခြည် အကူအညီနဲ့ လှမ်းပြီး ထိုးစိုက်လိုက်, ရွှေမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းလိုက်လျှင် ရွှေဆိုတာ မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်တို့ရဲ့ အပေါင်းအစုအဖြစ် တွေ့ပြီ။

အဲဒီ ကလာပ်ကလေးတွေကို ဓာတ်ခွဲလိုက်လျှင် ကလာပ်တစ်ခုတစ်ခုမှာ ပထ၀ီ, အာပေါ, တေဇော, ၀ါယော,အဆင်း, အနံ့, အရသာ, သြဇာဆိုပြီး သဘောတရား ရှစ်ခုစီရှိတယ်။ အဲဒီသဘောတရား ရှစ်ခုသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်နေတယ်။ အဲဒီလို ပျက်နေတဲ့ သဘာဝကို ၀ိပဿနာဥာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင်ရှုပေးပါ။

ရွှေဆိုတာ မတွေ့တော့ဘူးဆိုလျှင် အနိစ္စသဘာဝကိုသာ ဆက်တိုက်တွေ့နေပြီဆိုလျှင် ရွှေအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာ စိတ်ဓာတ်သည် ရှုံ့သွားလိမ့်မယ်၊ တွန့်သွားလိမ့်မယ်လို့ ဒီလို ဟောကြားထားတော်မူပါတယ်။ အလားတူပဲ စိန်တို့ ဘာတို့လည်း ပုံစံတူပဲ ရှုပါ။

ဝိပဿနာသာ ရှုနိုင်ပါစေ၊ မိမိ တွယ်တာမက်မောနေတဲ့ သက်မဲ့ ကာမ ၀တ္ထု အစုစုတွေကိုလည်း ဓာတ်လေးပါးသိမ်းဆည်းပြီး ဒီလို စနစ်တကျရှုနိုင်လျှင် ဒီသက်မဲ့ ကာမ၀တ္ထု အစုစုအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီတဏှာတရားသည် နောက်ကို တွန့်ဆုတ်သွားလိမ့်မယ်။

အလားတူပဲ အဇ္ဈတ္တ ဗဟိဒ္ဓမှာ တည်ရှိနေကြတဲ့ သက်ရှိ ရုပ်တရား နာမ်တရားတွေ အပေါ်မှာ တွယ်တာ မက်မောနေတယ်ဆိုလို့ရှိလျှင်လည်း ဒီတွယ်တာမက်မောနေတဲ့ အဇ္ဈတ္တဗဟိဒ္ဓမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပြီး အနိစ္စလို့သာ တွင်တွင် ရှုနေပါ။ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်သည် နောက်ကို တဖြည်းဖြည်း တွန့်ဆုတ်သွားလိမ့်မယ်။

ဖားအောက်တောရဆရာတော်

Wednesday, November 27, 2013

အနာဂါရိကဓမ္မပါလ- ဗုဒ္ဓဂယာ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်ခွင့်ရမူ


အနာဂါရိကဓမ္မပါလ- ဗုဒ္ဓဂယာ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်ခွင့်ရမူ 

သာသနာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ် များစနစ်တကျ စီစဉ်ဆောင်ရွက်ပေးပြီး ဘုရားရှင်၏ သံဝေဇနိယလေးဌာနသို့ ဘုရားဖူးများ စေလွှတ်ပေးနေပါသည်။

ထိုသံဝေဇနိယလေးဌာနတွင် တစ်ပါးအပါအ၀င်ဖြစ်သော ဘုရားဖြစ်တော်မှုရာ နေရာဌာန (၀ါ) ဗောဓိပင်နှင့် ရွှေပလ္လင်အောင်ရာဌာနဖြစ်သော ဗုဒ္ဓဂယာသည် အထူးထင်ရှားပြီး ဗုဒ္ဓဘာသာဝင် တို့ အထူးအားထား ဖူးမြော်ပူဇော်ရာဌာနတစ်ခု ဖြစ်ပါသည်။


ထိုဗုဒ္ဓဂယာနှင့်ပတ်သက်၍ မူလက ထိုစေတီကို အာသောကမင်းမြတ်က တည်ထားခဲ့ သည်ကို သိရှိမှုများကြသော်လည်း နောက်ပိုင်း ဂယာမြို့ကို မွတ်စလင်တို့ သိမ်းပိုက်ပြီးနောက် ဗုဒ္ဓ ဘာသာဝင်တို့ စွန့်လွှတ်သွားခဲ့ရပြီး ထိုနေရာတောအထိဖြစ်သွားပုံ၊ ထို့နောက် ဟိန္ဒူ ကုလားဘုန်း ကြီးတစ်ပါးက ထိုနေရာကို ခုတ်ထွင်ရှင်းလင်းပြီး မဟန့်ဘုန်းကြီး အဆက်ဆက်က ဆက်ခံပြီး မဟန့်တို့၏ ဘုရားအဖြစ်ဆက်လက်ဆောင်ရွက်ပုံ၊ ထို့နောက် သီဟိုဠ်ကျွန်းမှ အနာဂါရိက ဓမ္မပါလ က အိန္ဒိယသို့ ရောက်ရှိလာပြီး ဗုဒ္ဓဘာသာဝင်တို့ လက်ထဲရောက်အောင် ဆောင်ရွက်ပုံတို့ကား နောင်လူဖြစ်သော ယနေ့ ဘုရားဖူးတို့သိနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ထိုဗုဒ္ဓဂယာဘုရားကြီးကို ဗုဒ္ဓဘာသာဝင်တို့ လက်ထဲပြန်အပ်မှုကို ၁၉၅၁-ခု၊ မေလ (၂၈) ရက် (ဗုဒ္ဓပုဏ္ဏမာအခါတော်နေ့) တွင် အိန္ဒိယအစိုးရက ဗုဒ္ဓဘာသာဝင်များလက်သို့ ပြန်လည်ပေး အပ်ခဲ့ပါသည်။ ထိုပေးအပ်မှုသည်လည်း လွန်ခဲ့သော (၃၁) နှစ်၊ အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရမီက အိန္ဒိယ နေရှင် နယ်ကွန်ကရက်ပါတီသည် ဂယာမြို့၌ ညီလာခံကျင်းပစဉ်က ကတိထားခဲ့သော ကတိအတိုင်းပြန်လည်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုပေးအပ်ပွဲတွင် ထိုစဉ်က အိန္ဒိယနိုင်ငံ သမ္မတကြီးဖြစ်သော ဒေါက်တာ ရာဂျိန္ဒြာပရာဘဒ် က ဗုဒ္ဓဂယာ စေတီတော်၏ ရာဇ၀င်ကြောင်းတစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများအပေါ် တွင် ထားခဲ့ရှိသော ကတိကို လုံးဝပြည့်စုံစေရန် အနှစ်(၃၀) ကျော်က အိန္ဒိယခေါင်းဆောင်ကြီးများ အားထုတ်လာခဲ့သော ရာဇ၀င်ကြောင်းကိုစိစပ်ပြီး သ၀ဏ်လွှာတစ်စောင်ပေးပို့ခဲ့ပါသည်။

ထိုသ၀ဏ်လွှာသည် ဗုဒ္ဓဂယာဖြစ်ပေါ်ပြောင်းလဲမှုကိုအနှစ်ချုပ်ပြောပြထားသော သ၀ဏ် လွှာဖြစ်၍ မှတ်သားဖွယ်၊ သိမှတ်ဖွယ်ရာရောင်း၍ မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

၁၉၅၃-ခု၊ မေလ (၂၉) ရက်၊ ဤနေ့သည် လွန်ခဲ့သော အနှစ် (၆၀) လောက် ကျွန်ုပ်တို့၏ ကြိုးစားမှု အောင်မြင်ခြင်းကိုပြသောနေ့ဖြစ်သောကြောင့် ကျွန်ုပ်တို့အတွက် ၀မ်းမြောက်နိုင်ရန် ဖန် တီးပေးသောနေ့ ဖြစ်ပါသည်။

ဂေါတမဘုရားရှင်သည် ဤထူးဖြတ်သောနေရာ၌ ဘုရားရှင်ဖြစ်တော် မူကြောင်းကို တစ် ကမ္ဘာလုံးက အသိအမှတ်ပြု ပြီးဖြစ်ပါသည်။ ဘုရားဖြစ်တော်မူသော ထို့နေ့မှအစပြု၍ ဗုဒ္ဓဂယာ သည် ဗုဒ္ဓဘာသာဝင်များအတွက်သာလျှင်မဟုတ်ဘဲ လူအားတို့၏ ဘုရားဖူးရာဌာနတစ်ခုဖြစ်ပါ သည်။

ဘုရားရှင်၏ ရာဇ၀င်နှင့်နီးကပ်စွာ ဆက်သွယ်သော ဌာနကြီး(၄) ဌာန ရှိပါသည်။ အစီအ စဉ်အတိုင်းဖော်ပြရလျင် . . . . . . . . . . .
၁။ ဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနိဥယျာဉ်သည် ပထမဖြစ်ပါသည်။
၂။ ထို့နောက် ရှင်တော်ဘုရား သဗ္ဗညုတဉာဏ်တော်ရရာ ဗုဒ္ဓဂယာသည် ဒုတိယဖြစ်ပါသည်။
၃။ ဘုရားရှင်(ဘသာသစ်ဖြစ်သော) ဓမ္မစကြာကို ဣသိပတန ခေါ် မိဂဒါဝုန်တော်သည်
တတိယ မြောက်ဖြစ်ပါသည်။
၎။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံသည် စတုတ္ထမြောက် ဌာန ဖြစ်ပါသည်။

ဤလေးဌာနတို့တွင် ဗုဒ္ဓဂယာကို အမြတ်ဆုံးနေရာဟု ယူဆပါသည်။ ထိုကြောင့် ဘုရင် အာသောကသည် လွန်ခဲ့သောနှစ်ပေါင်း (၂၂၀၀) လောက်က ထိုနေရာဌာန၌ ယခုလက်ရှိ စေတီ တော်ကြီးကို တည်ဆောက်တော်မူခဲ့ပါသည်။

ထို့နောက် အနှစ် (၅၀၀) လောက်အကြာမှာ ၄င်းစေတီတော်ကြီးကို တစ်ဖန်တည်ဆောက် ခဲ့ပါသည်။ ဗုဒ္ဓဂယာ၌ ယနေ့ကျွန်ုပ်တို့ ဖူးမြင်ရသော စေတီတော်မြတ်ကြီးကို နှစ်ပေါင်း(၁၇၀၀) လောက်က တည်ဆောက်ခဲ့သည်ဟု ရာဇ၀င်ဆရာများနှင့် ပညာရှိများက ထင်မြင်ယူဆကြပါသည် ဤကဲ့သို့ ထင်မြင်ယူဆချက်ကို ယခုစေတီတော်ကြီး၏ အသွင်သဏ္ဌာန်က ထောက်ခံထားပါသည်။

ထိုစဉ်အခါမှစ၍ တိုင်းတစ်ပါးမှ ဗုဒ္ဓဘာသာဝင်များသည် ဤမဟာ ဗောဓိစေတီတော်ကြီးသို့ ဘုရားဖူးများလာရောက်လျက်ရှိနေခဲ့ကြပါသည်။ ၄င်း ဘုရားဖူးများသည် တိုင်းပြည် ဆူပူလှုပ်ရှား သောအခါ တစ်ခါဖြစ်သည့် (ဂယာမြို့) ကို မွတ်စလင်ဘာသာဝင်များ သိမ်းယူသည့်ကာလတိုင်း အောင် ဗုဒ္ဓဂယာ မှာပင် ဆက်လက်၍နေထိုင်ခဲ့ကြပါသည်။ ထိုအခါ သမယတွင် ဗုဒ္ဓဘာသာဝင် များသည် စေတီတော်ကြီးကို စွန့်လွှတ်၍ ထွက်ခွာခဲ့ရပါသည်။ ကျွန်ုပ်တို့ သိရမျှမှာ စွန့်ပစ်ထားခံရ သော စေတီတော်ကြီးမှာ အနှစ်(၃၀၀) (၄၀၀) လောက်ချုံပုတ်များ၊ တောရိုင်းသစ်ပင်များဖြင့်သာ ဖုံးလွှမ်းနေခဲ့ပါသည်။

လွန်ခဲ့သော အနှစ် (၄၀၀) လောက်က ဟိန္ဒူကုလားဘုန်းကြီးတစ်ပါးသည် ထိုနေရာကို ရှင်းလင်းခုတ်ထွင်းပြီးနောက် စတင်နေထိုင်ကာ ဗုဒ္ဓဂယာ မသ်(Buddha Gaya Math) ကို စတင် တည်ထောင်ခဲ့ပါသည်။ ထိုအချိန်အတောအတွင်းမှာ မသ်ကို တည်ထောင်သူများသည် စေတီကြီး ပတ်ဝန်းကျင်ရှိ ပစ္စည်းအမြောက်အမြားကို ရှိခဲ့ကြပြီးစေတီကြီးကိုပါ သိမ်းယူခဲ့ကြပါသည်။

ဒေလီမြို့၊ မိုဟာမက်ရှာဟက်ဘုရင်သည် အကြီးအမှူးဖြစ်သော မဟန့် (Math) ကို ရွာနှစ် ရွာ လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်းထားသောပစ္စည်းအကူ အထောက်အပံ့များဖြင့် နောက်ဆက်ခံ မည့် နာယကဖြစ်သော မဟန့်ဘုန်းကြီးများသည်လည်း ဘုရားဖူးများကို ကူညီဆောင်ရွက်ခဲ့ကြပါ သည်။

ထိုစဉ်အခါက မြန်မာပြည်နှင့် သီဟိုဠ် ဘုရင်များတို့သည် မိမိတို့၏ စရိတ်ဖြင့် စေတီတော် ကြီးကို ခဏခဏပြင်ဆင်ခဲ့ကြပါသည်။ ဟိန္ဒူဘာသာဝင်များက ဘုရားရှင်ကို ဗိဿနိုးနတ်ဝင်စား သော ဘုရားအနေဖြင့် မှတ်ယူကြပါသည်။ သို့ရာတွင် ဗုဒ္ဓဘာသာများသည် ဗုဒ္ဓဂယာကို အရေးတ ကြီးထားကာ ကြည်ညိုလေးစားယူဆသလို ဟိန္ဒူဘာသာဝင်များမယူဆကြောင်း ၀န်ခံရပေမည်။ သို့ရာတွင် ထိုအတောအတွင်းမှာ ဟိန္ဒူဘာသာဝင်များက ဗုဒ္ဓဘာသာဝင်များ၏ ထိုနေရာတွင် တရားအားထုတ်မှုနှင့် အခြားသော ဆောင်ရွက်မှုများကို မည်သည့်အခါမှ နှောင့်ယှက်ခြင်းမရှိခဲ့ပါ ကြောင်း။

အနာဂါရိက ဓမ္မပါလသည် သီဟိုဠ်ကျွန်းမှ အိန္ဒိယပြည်သို့ ရောက်လာသောအခါ ဗုဒ္ဓဂယာ စေတီတော်ကြီးကို စီမံအုပ်ချုပ်ပုံသည် ကောင်းသင့်သလောက် မကောင်းသေးကြောင်း၊ မဟန့် ဘုန်းကြီးသည်လည်းကောင်း သည်ထက်ကောင်းအောင် မစီမံ မအုပ်ချုပ်နိုင်ကြောင်းကို သိရှိလေ သည်၊ ထို့ကြောင့် ဓမ္မပါလသည် မဟာဗောဓိအသင်းတိုက်ကို တည်ထောင်ပြီးလျှင် စေတီတော်ကြီး ၏ စီမံအုပ်ချုပ်ရေးကို အသင်း၏ လက်သို့လွှဲပြောင်းအပ်နှံသင့်သည်ဟုတောင်းဆုလေသည်။

ဤထင်မြင်ချက်ကို ရရှိစေရန် ဗုဒ္ဓဘာသာများနှင့် ဟိန္ဒူဘာသာဝင်များ၏ စိတ်ကိုလှုပ်ရှား စေရန်နှင့် အများ၏ ထင်မြင်ချက်များကို ရရှိစေရန် ဓမ္မပါလကို ထောက်ခံသူများထဲတွင် အရှတိုက် အလင်းရောင် (Light of Asia) ခေါ် စာအုပ်ကို ရေးသားစီစဉ်သူ ဆာ.အကဒ် ၀င်အာနိုး (Sir Edwin Arnold) လည်း ပါဝင်ပါသည်။ ၄င်းသည် (Sir Edwin Arnold) ဗုဒ္ဓဂယာ စေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို အကောင်းဆုံးသည် စီမံအုပ်ချုပ်နိုင်သော သူများ၏လက်ထဲမှာ ရှိထိုက်သည်ဟု ဘိလပ်အစိုးရနှင့် အိန္ဒိယအစိုးရသို့ မေတ္တာရပ်ခံရုံတွင်မက ပြည်သူပြည်များကိုလည်း မေတ္တာရပ်ခံ ခဲ့ပါသည်။ ထိုအရေးသည် အနာဂါရိကဓမ္မပါလနှင့် မဟန့်ဘုန်းကြီးများ တရားဖြစ်ရသည့် အခြေ အ နေသို့ ရောက်ရှိခဲ့လေသည်။ ထိုတရားဖြစ်ရာ၌ မဟန့်ဘုန်းကြီးက အနိုင်ရလေသည်။ သို့ရာတွင် ဓမ္မပါလသည် ကြိုးစားအားထုတ်မှုကို လက်မလျှော့ခဲ့ချေ။

၁၉၂၂- ခုနှစ်တွင် ဂယာမြို့၌ ကွန်ကရက် အစည်းအဝေးကျင်းပသည့် အခါတွင် ဗုဒ္ဓဂယာ စီမံအုပ်ချုပ်ရေး ပြဿနာတို့ကို ကွန်ကရက်အဖွဲ့ကြီးတင်ပြရန် ဆရာတော်ဦးဥတ္တမခေါင်းဆောင် သည့် မြန်မာပြည်မှ ဗုဒ္ဓဘာသာပေါင်း (၁၀၀) မျှ ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ကွန် ကရက်ကော်မတီအဖွဲ့က ထိုအရေးကို စုံစမ်း၍ အစီရင်ခံရန် ကျွန်ုပ်ကိုလွှဲအပ်ခဲ့ပါသည်။ ထိုစဉ်အခါ ကအကြောင်းအမျိုးမျိုးကြောင့် တစ်စုံတစ်ရာ ထူးထူးခြားခြားမရှိခဲ့ပါ။

အခြားဗုဒ္ဓဘာသာများ၏ ကိုယ်စားလှယ်အဖွဲ့သည် ကာကင်နာဒါ (Kakinader) မြို့ ကွန်ကရက်အစည်းအဝေးချိန်တွင် ရောက်လာကြပြီးလျှင် မဟတ္တမဂန္ဓီ ဥက္ကဋ္ဌ အဖြစ်ဖြင့်ဆောင်ရွက်သော ဘယ်လဂွန်(Belgaum) ကွန်ကရတ်အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပါသည်။ ဂန္ဓီကြီး၏ ညွန်ကြားချက်အရ ဗုဒ္ဓဂယာ စေတီတော်ကြီး၏ အရေးကို တစ်ဖန်ပြန်၍ အရေးယူဆောင်ရွက်ခဲ့ရပါသည်။ ထိုအရေးကို စုံစမ်း မေးမြန်းပြီးနောက် ဗုဒ္ဓဘာသာဝင်များ၏ တောင်းဆိုချက်သည် တရားသည်ဟုအတည်ပြုခဲ့ပါသည်။
သို့ရာတွင် ဟိန္ဒူဘာသာဝင်များသည် ဗုဒ္ဓဘုရားရှင်ကို (၉) ကြိမ်မြောက် ဗိဿနိုင်းနတ်ဝင်စားသည် ဟု အယူရှိကြပြီးလျှင် စေတီတော်ကြီး၏ ပရ၀ုဏ်အတွင်းမှာပင် ဘာသာရေး အခမ်းအနားများပြု လုပ်ကျင်းပသည်ကို ထောက်ထား၍ ဗုဒ္ဓဂယာစီမံအုပ်ချုပ်ရေးကို အရာရှိများသာမက ဗုဒ္ဓဘာသာဝင် များနှင့် ဟိန္ဒူဘာသာဝင်ကိုယ်စားလှယ်များ ပါဝင်သော ကော်မတီအဖွဲ့တစ်ဖွဲ့သို့လွှဲအပ်သင့်သည်ဟု ထင် မြင်ယူဆခဲ့ပါသည်။

ဤအကြံကို သဘောတူညီရေး မဟန့်ဘုန်းကြီးကို ကြိုးစား၍တိုက်တွန်းခဲ့ပါသည်။ သို့ ရာတွင် မအောင်မြင်ခဲ့ချေ။ အကြောင်းမူကား ကွန်ကရက်အဖွဲ့ကဲ့သို့သော (အစိုးရအဖွဲ့မဟုတ်သော) အ စည်းအရုံးတစ်ခုသည် အလိုရှိသောရည်ရွယ်ချက်ကို ပြီးမြောက်ပေါက်ရောက်စေရန် အစိုးရကိုယ်စား ဥပဒေ ပြုလုပ်ခြင်းကို ထောက်ခံ၍ မဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။ ထိုသို့ဖြစ်ရကား ဤအရေးကိစ္စကို တစ်ဖန် ရပ်ဆိုင်းထားခဲ့ရပါသည်။

ဟိန္ဒူမဟာဆဗ္ဗ အဖွဲ့ကြီးကလည်း စေတီတော်ကြီး၏ စီမံအုပ်ချုပ်ရေးကို တွဲဖက်ကော်မတီတစ်ခုသို့ လွှဲအပ်ရန် ကွန်ကရတ်အဖွဲ့၏ ဆောင်ရွက်ချက် (အဆို) ကို ထောက်ခံခဲ့ပါသည်။ သို့ရာတွင် ထိုစဉ်အခါက ကွန်ကရက်အဖွဲ့မှာ ခွင့်ပြုနိုင်သော အမိန့်အာဏာမရှိသောကြောင့် ဤအရေးကိုကိစ္စကို တစ်စုံတစ်ရာ မ ဆောင်ရွက်နိုင်ဘဲဖြစ်ရပါသည်။
၁၉၃၇-ခုနှစ်တွင် ပြည်သူ့ကိုယ်စားလှယ်များ ပထမဦးစွာ အာဏာရရှိလာ သောအခါ ကွန်ကရတ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သော ဥပဒေပြုလုပ်၍ စေတီတော်ကြီး၏ စီမံအုပ်ချုပ်ရေးကို ကော်မတီအဖွဲ့တစ်ဖွဲ့သို့ လွှဲအပ်ရန် ဗုဒ္ဓဘာသာဝင်များက ၄င်းတို့၏ လိုလားချက်များကို တဖန်တင်ပြခဲ့ကြပါသည်။ သို့ရာတွင် ကွန်ကရတက်အစိုးရသည် ခေတ္တမျှသာ တည်တံ့၍ ထိုအလိုရှိသော ဥပဒေကို မပြုလုပ်နိုင်မီအခြားသော အကြောင်းများကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရပြန်ပါသည်။

သို့ဖြစ်၍ ၁၉၃၉-ခုနှစ်တွင် အိန္ဒိယပြည်သူပြည်သားတို့သည် ၄င်းနောက် လုံးဝလွတ်လပ်ရေးရသောအခါ ဥပဒေပြု လုပ်ရေးတာဝန်ကို တဖန်ယူ၍ ဆောင်ရွက်ရသောကြောင့် (Buddha Gaya Temple Act) ခေါ် ဗုဒ္ဓဂယာ စေတီတော်အုပ်ချုပ်ရေး အက်ဥပဒေကို ၁၉၄၉- ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ တရားရုံးတော်၌ တရားစွဲလျက် ရှိသောကြောင့် အက်ဥပဒေသစ်၏ စည်းကမ်းအရ ဗုဒ္ဓဂယာစေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို ဤမျှ လောက်ကြာအောင် ရည်ရွယ်ထားသော ကော်မတီအဖွဲ့သို့ ယခုတိုင် မလွှဲအပ်နိုင်ဘဲဖြစ်ခဲ့ရပါသည်။

ရှိသမျှ အနှောင့်အယှက်များ ရှင်းလင်း၍ သွားပြီးနောက် အထက်ဆိုပါ ဥပဒေအရ မဟန့်ဘုန်းကြီး နာယကဖြစ်သော မဟန့်ဟာရိဟာဂိရိဘုန်းကြီးက စေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို ခန့်အပ်ပြီးသော ကော်မတီအဖွဲ့သို့ လွှဲအပ်ခြင်းသည် ၀မ်းမြောက်ဖွယ်ရာ အချက်ကြီးတစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုအ ရေးကိစ္စကို အရေးကြီးသော ကိစ္စတစ်ခုအနေဖြင့် မှတ်ယူကာ အားလုံးသော ပုဂ္ဂိုလ်များ၏ ကောင်းရာ ကောင်းကြောင်းဖြစ်လိမ်မည့်ဟုလည်း စိတ်အားထက်သန်စွာမျှော်လင့်ပါသည်။ ယနေ့ ကျွန်ုပ်တို့ အောင်မြင် ချက်သည်ကား အနှစ်ခြောက်ဆယ်ကျော်လောက်က အနာဂါရိကဓမ္မပါလ ကြိုးစားလာခဲ့ခြင်း၏ အကျိုးပင် ဖြစ်ပါသည်။ ဤကဲ့သို့ ပြီးစီးထမြောက်မှုအတွက် ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်များကို ကောင်းချီသြဘာမင်္ဂ လာပြုပါသည်။ ထို့အတူ ဟိန္ဒူဘာသာဝင်များနှင့် မဟန့်ဘုန်းကြီး ဟာရိဟာဂိရိကိုပါ ကောင်းချီး သြာဘာ မင်္ဂလာပြုပါသည်။

ရိုသေလေးမြတ်ခြင်း၊ ပူဇော်သက္ကာရပြုခြင်းကို အစဉ်အမြဲ ဆွဲဆောင်နိုင်သည့် မြင့်မြတ်သော ဤနေ ရာသည် ဘုရားဖူးရာနေရာဌာန တစ်ခုအဖြစ်ဖြစ် ပိုမိုဆွဲဆောင်နိုင်အားရှိစေရန်နှင့် ထိုနေရာကိုကောင်းသည် ထက်ကောင်းရန် ကြည့်ရှုစောင့်ရှောက်မည်ဖြစ်ပါသည်။ ထိုနေရာမှ အဝေးအနီးဘုရားဖူးများအား ကြိုဆိုခြင်း ပြုပါမည်။ (ကြိုဆိုရန်လက်ကမ်းပါမည်)

ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာသည် တစ်စုံတစ်ရာခိုက်ရန်ဖြစ်ပွားဖို့ အကြောင်းမရှိပါ။ ဤဘသာကြီး နှစ်ရပ်လုံးသည် အိန္ဒိယပြည်တွင်နှစ်ပေါင်းများစွာ ယှဉ်တွဲ၍ ထွန်းလင်းလာခဲ့ပြီးလျှင် သန်းပေါင်းများစွာသော လူတို့အားရှေ့ဆောင်လမ်းပြုခြင်းနှင့် သုခချမ်းသာကို ပေးခဲ့ကြောင်း၊ ရာဇ၀င်က သက်သေ ခံပြီးဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် ယခုအခါ အနည်းနှင့် အများဆိုသလို အိန္ဒိယပြည်မှ ကွယ်ပျောက်ခဲ့ပါသည်။ ထိုဘာသာကို ဟိန္ဒူဘာသာဝင်များက အတင်းအဓမ္မနှင့် ထုတ်ပစ်သည်ဟု မဆိုလိုပါ။

အကြောင်းအရင်းအစစ်မှာမူကား ဟိန္ဒူဘာသာဝင်များသည် ဤဗုဒ္ဓဘာသာတရား၏များစွာသော တရားတော် အစိတ်အပိုင်းများကို လက်ခံ၍ ၄င်းတို့၏ဘာသာတရားထဲသို့ ပူးပေါင်းထည့်သွင်းခဲ့ကြပါသည်။ ထို့ကြောင့် ဤစေတီတော်ကြီး စီမံအုပ်ချုပ်ရေးကို မိမိတို့ကိုယ်ပိုင် ဗုဒ္ဓဘာသာဝင်များနှစ်ဦးစလုံး ပူးပေါင်းတွဲ ဘက်၍ အုပ်ချုပ်ခြင်းသည် လျှော်တန်သင့်မြတ်သည်သာတည်း။

များမကြာမီက အိန္ဒိယပြည်သူပြည်သားများသည် ဗုဒ္ဓဘာသာနှင့် ၄င်း၏တရားတော်များကို စိတ်ဝင် စားလာကြပါသည်။ ဗုဒ္ဓဘာသာကို လေ့လာရန်အတွက် လွယ်ကူအောင် စီမံဆောင်ရွက် ကြရုံမက၊ ဗုဒ္ဓဘာ သာ စာပေများသည်လည်း တိုးတက်များပြားလျက်လာပါသည်။ အိန္ဒိယပြည် သမ္မတအစိုးရသည် ဘုရားရှင် ၏ သာသနာ့ဒါယကာဖြစ်သော အသောကမင်းကြီး၏ စကြာနှင့်ခြင်္သေ့ရုပ်ကို နိုင်ငံတော်၏ တံဆိပ်တော်အ ဖြစ်ဖြင့် ဆက်ခံခဲ့ပါသည်။
ဗုဒ္ဓဘာသာ `၀ိဟာရ´ (Vihara) ဟူသော ပုဒ်မှ ဖြစ်ပေါ်လာသော ဗီဟာပြည်၌ နာလန္ဒာတက္ကသိုလ်ကြီးသည် နှစ်ပေါင်းများစွာ ဗုဒ္ဓဘာသာ စာပေများကို လေ့လာရေး၊ စုဆောင်းရေးနှင့် ဖြန့် ချီရေး အတွက်လွယ်ကူအောင် ဆောင်ရွက်ပေးခဲ့လေသည်။ နာလန္ဒာသည် တစ်ကမ္ဘာလုံးအတွက် ပညာ သင်ရန် ဗဟိုရ်ဌာနကြီးတစ်ခုဖြစ်ခဲ့ပါသည်။ များစွာသော ဗုဒ္ဓဘာသာ ကျမ်းဂန်များကို ပြုစုရေးသားခဲ့သော ဤနေရာ၌ ပါဠိဘာသာအတွက် သုတေသနဌာနတစ်ခုကို မကြာမီက ဖွင့်လှစ်ခဲ့ပါသည်။

ဗုဒ္ဓဂယာသည် ဘုရားဖူးဗဟိုရ်ဌာနအဖြစ်ဖြင့် တိုးတက်သည်ထက် တိုးတက်ကာ တိုင်းတစ်ပါးမှ ယောင်္ကျား၊ မိန်းမတို့သည် ကြည်ညိုဖွယ်ရာ ရောင်စုံဖြာလျက်ရှိသော ဤနေရာသို့ ဆက်လက်၍ လာ ရောက်ဖူးမြော်ကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ယုံကြည်ပါသည်။ ဤနေရာမှာ ဖြာထွက်လျက်ရှိသော ဘာသ တရားနှင့် အလင်းရောင်ခြည်သည် အဝေးအနီးနိုင်ငံရပ်ခြားတိုင်း တစ်ပါးများသို့ ပျံနှံ့ကာ နာလန္ဒာသည် ရှေး အခါတုန်းက ပညာသင်ရာဗဟိုရ်ဌာနကြီးအဖြစ် တဖန်ဖြစ်လိမ့်ဦးမည်ဟု ကျွန်ုပ်မျှော်လင့်ယုံကြည်ပါသည်။ ဟိန္ဒူဘာသာဝင်များ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်ပိုင်အစိုးရသည် ဤဌာနနှစ်ခု တိုးတက်ရေးအတွက် အစွမ်း ကုန်ဆောင်ရွက်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါကြောင်း။

အိန္ဒိယ သမ္မတကြီး၏ သ၀ဏ်လွှာသည် ဗုဒ္ဓဂယာမြေနှင့်ပတ်သက်သော သမိုင်းကြောင်းကို တစ် စိတ်တစ်ဒေသဖော်ပြထား၍ မှတ်သားဖွယ်ကောင်းလှပါသည်။

ထိုမြေပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသနာအဖွဲ့မှာ တရားဌာနအတွင်းဝန်ဟောင်း (နိုင်ငံတော်ဗုဒ္ဓဘာသနာအဖွဲ့၊ ဖြန့်ချိရေးအဖွဲ့ငယ် ဥက္ကဋ္ဌ) စည်သူဦးစံညွန်နှင့် နိုင်ငံတော် ဗုဒ္ဓဘာသာအဖွဲ့၏ ဘဏ္ဍာရေးအဖွဲ့ငယ် ငွေထိန်းလူကြီးမင်း ချပ်သင်းဦးဘတင်တို့အား ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဂယာပိုင်ဆိုင်မူ မှတ်တမ်းသည် သမိုင်းတစ်ရပ် အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့ သိအပ်လှ၍တင်ပြရခြင်းဖြစ်ပါသည်။

ဓမ္မ၀ီရ

မှတ်ချက်။ ။ မိဂဒါဝုန် ရာပြည့်အောင် နှင့် ဂုဏပူဇာမဂ္ဂဇင်း မှ တင်ပြလိုက်ပါသည်။


Tuesday, November 26, 2013

မစ္ဆရိယ မုန်တိုင်း


မစ္ဆရိယ မုန်တိုင်း(ဣဿာ မစ္ဆေ၊ နှစ်ထွေ ဟီန၊ )


"ပြောထူမစ္ဆေ ဝန်တိုလေတဲ့" ဟူသကဲ့သို့ ဝန်တိုခြင်း သဘောကို မစ္ဆရိယ ဟု ခေါ်သည်။ ယခု ကာလမှာ နှမြောလိုက်တာ မလှူရက် မတန်းရက် မပေးကမ်းရက်ဘူး မစားရက် မသောက်ရက်ဘူး ဟု ပြောဆိုကြ၏။ ယင်းသို့ မလှူရက် မပေးကမ်းရက် မစားရက် မသောက်ရက်သော သူကို မစ္ဆရိယရှိသူဟု ကင်ပွန်းတပ်ကြလေ၏။ တကယ့်တော့ မစ္ဆရိယမှာ မလှူချင် မတန်းချင် မပေးကမ်းချင်မျိုးမဟုတ်၊ သူတစ်တစ်ပါးတို့အား မရစေချင်သော သဘောမျိုးများစွာပါဝင်လေ၏။ မလှူချင် မပေးချင်မှူတို့မှာ မိမိပစ္စည်းကို တွယ်တာကပ်ငြိနေသော လောဘသဘောသာ အဖြစ်များသည်။ မိမိပစ္စည်းကိုဖြစ်စေ၊ အခြားသူတစ်ပါးပစ္စည်းကိုဖြစ်စေ၊ ဂုဏ်ရည်တစ်ခုခုကို ဖြစ်စေ သူတစ်ပါးအား မရစေလိုသော သဘောတရားကိုသာ ဝန်တိုမှု မစ္ဆရိယဟု ခေါ်လေသည်။

မစ္ဆရိယတရား ငါးပါးရှိကြောင်းကို ဗုဒ္ဓစာပေကျမ်းဂန်တို့၌ တွေ့ရ၏။
၁။ အာဝါသမစ္ဆရိယ= အဆောက်အဦး တိုက်တာ ကောင်းကောင်းဖြင့် မိမိသာနေလိုပြီး အခြားသူများကို မနေစေလိုခြင်း။
၂။ ကုလမစ္ဆရိယ=မိမိအမျိုးနှင့် ဒကာဒကာမများကို အခြားသူများထံ မသွားလာစေလိုခြင်း။
၃။ လာဘမစ္ဆရိယ= မိမိသာလာဘ်လာဘ ပေါများလိုပြီး အခြားသူများ မကြွယ်ဝစေလိုခြင်း။
၎။ ဝဏ္ဏမစ္ဆရိယ= ရုပ်ရည်ကိုယ်အဆင်းနှင့် ဂုဏ်သီတင်း ၂မျိုးလုံး မိမိထက် သာလွန်မှာ မလိုလားခြင်း။
၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသော တရား(အသိပညာ အတတ်ပညာ) ကို မိမိသိသလို သူတစ်ပါးကို မသိစေလိုခြင်း။

ကျမ်းဂန်တို့၌ အာဝါသမစ္ဆရိယရှိသူသည် သေလျှင် ပြိတ္တာဖြစ်တတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။ ကုလမစ္ဆရိယရှိသူသည် မစ္ဆရိယမုန်တိုင်းဒဏ်ကြောင့် ဝမ်းတွင်းပူလောင်လွန်းအားကြီးကာ သွေးအန်တတ်သည်။ အူအပိုင်းပိုင်းပြတ်တတ်သည်။ သို့မဟုတ် နောက်ဘဝမှ လာဘ်လာဘရှားတတ်သည်။ လာဘမစ္ဆရိယရှိသူသည် ဘင်ပုပ်ငရဲ၌ကျက်၍ မစင်ဘင်ပုပ်ကို စားနေရတတ်၏။ ဝဏ္ဏမစ္ဆရိယရှိသူသည် ဖြစ်လေရာဘဝသံသရာမှာ ရုပ်အဆင်းမလှ၊ ဂုဏ်သီတင်းလည်း ညံ့ဖျင်းတတ်၏။ ဓမ္မမစ္ဆရိယရှိသူသည် ဖြစ်လေရာဘဝတို့မှာ အဖျင်း အ-အ လူညံ့သာဖြစ်တတ်သည်။ သို့မဟုတ် ပြာပူငရဲ၌ ကျတတ်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိလေသည်။

လူရော ရှင်ရော ၊ ရဟန်းရော၊ သီလရှင်ပါ ယောနိသောမနသိကာရ မထားတတ်ပါက မစ္ဆရိယမုန်တိုင်း သောင်းကျန်းလျက်ရှိ၏။ မိမိထက် အိမ်ခြံတိုက်တာ ကျောင်းကန် ကောင်းသွားမှာစိုးခြင်း၊ မိမိထက် ဆွေမျိုးဥာတိမိတ်သင်္ဂဟ ပေါများသွားမှာစိုးရိမ်ခြင်း၊ ကိုယ့်ထက် ပစ္စည်းဥစ္စာပေါမှာ စိုးခြင်း၊ ကိုယ့်ထက်လှမှာစိုခြင်း၊ ကိုယ့်ထက် ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက်တတ်သိမှာ စိုးခြင်း စသည်ဖြင့် အများကြီးဖြစ်တတ်သည်။ မစ္ဆရိယမုန်တိုင်းသည် ကိုယ့်ကိုယ်ကိုသာ ပြန်အတိုက်ခံရ၏။ အခြားသူမှာတော့ မိမိတိုက်ခတ်လိုက်သည့် မစ္ဆရိယမုန်တိုင်းကြောင့် အကျိုးယုတ်ဖွယ်မရှိပေ။ မိမိမှာသာ စိတ်ယုတ်မာရှိကြောင်းသိသာထင်ရှားပေလိမ့်မည်။ အကယ်၍ မစ္ဆရိယ မုန်တိုင်းထန်သူသည် သေလျှင် ပြိတ္တာဖြစ်ဖို့နှင့် ငရဲကျဖို့သာ သေချာပေသည်။

ဗုဒ္ဓစာပေမှာတော့ မစ္ဆရိယနှင့်ပတ်သက်ပြီး ဇာတ်လမ်းလေးများ တော်တော်များများတွေ့နိုင်ပါသည်။ ဤနေရာ၌မစ္ဆရိယနှင့် စပ်လျဉ်း၍ ပုံဝတ္ထုလေးများကိုလည်း မှတ်သားစရာတင်ပြပါဦးမည်။ ဘုရားရှင်လက်ထက်အခါက ဂယာမြို့သား သူကြွယ်မှာ မတ္တာဒေဝီအမည်ရှိ ဇနီးတဦးရှိ၏။ မတ္တာဒေဝီနှင့် နှစ်အတော်ကြာပေါင်းဖက်သော်လည်း ကလေးမရသောကြောင့် လင်ယောကျာင်္းက တိဿာ အမည်ရှိ ဇနီးချောချောလှလှလေးကို ထပ်မံယူလိုက်လေတော့သည်။ ဤတွင် မတ္တာဒေဝီအဖို့ မစ္ဆရိယမုန်တိုင်း ပြင်းထန်လာလေတော့သည်။

 ပထမဇနီးကြီး မတ္တာဒေဝီကတော့ တိဿာ ကို အရွယ်ကောင်း ရုပ်ရည်ကောင်းဖြစ်လျှက် လူပျိုလူလွတ်တွေပေါတဲ့ ဒီမြို့ထဲမှာ သူများလင်ကို ကြောင်တောင်နှိုက်တာဘဲဟု မြင်လေတော့သည်။ ဝတ်ကောင်းစားလှလေးတွေဝတ်ဆင်ပြီး ဘုရားကျောင်းကန် သွားကြတော့လည်း အားအားရှိတဲ့သူတွေသာ သွားတယ်၊ ဘုရားကျောင်းကန်ဆိုတာ ဦးပြည်းရဟန်းတွေနှင့်သာ ဆိုင်တဲ့ကိစ္စ၊ အားအားလျှားလျှား ဆွမ်းပို့သလေး ဥပုသ်စောင့်သလေး တရားနာသလေး ဘာလေး ညာလေးနဲ့ သွားကြ၊ သူတော်ကောင်းမောင်နှံသာ သွားကြ ဟု အူတိုလေသည်။ လှူတယ်တန်းတယ်ဆိုတာ ကိုယ့်ပစ္စည်းကို အလဟဿ လွှင့်ပစ်တာကို နာမည်လှလှလေး ပေးထာတာတဲ့။

အချိန်တန်တော့ တိဿာမှာ သားယောင်္ကျားလေးမွေးလာ၏။ လင်တော်မောင်နှင့် တိဿာတို့ ကလေးအလယ်ထားပြီး ပြုံးပျော်မြူးရွှင်နေကြတာကို မြင်ပြန်တော့ မတ္တာဒေဝီမှာ မစ္ဆရိယ မုန်တိုင်းပြင်းအားပိုကြီးလာပြန်သည်။ အောင်မယ်..အောင်မယ်.. ။ ပလူးနေလိုက်ကြတာ။ ဒီကောင်မ ကလေးမွေးပြီးရင် ချုံးချုံးကျ အလှပျက်သွားမယ်ထင်ထားတာ ဒင်းက ကလေးမွေးပြီးမှ တစ်သားမွေး တစ်သွေးလှဖြစ်နေသေးတယ်၊ အိမ်က ဟာကြီးက ဘာဆေးကောင်းတွေများ ကြိတ်ကျွေးထားသလဲ မသိဘူးဟု မချိရင်ကဲ မတ္တာဒေဝီမှာ ခံစားရလေသည်။

 အိမ်မှာကြွလာသည့် ထိုင်ကိုယ်တော် လေးပေါးလောက်အတွက် တိဿာခဗျာ ဆွမ်းကွမ်းဆက်ကပ်နေတော့လည်း အံမာ ကလေးတစ်ဖက်နဲ့များ ညီးက ရဟန်းလေးပါးကို ဆွမ်းဝတ်တည်နေ ပြုစုနေသေးတယ်။ သူကိုယ်တိုင် ဆွမ်းဖိုးကွမ်းဖိုး မရှာရတိုင်းနဲ့ ဆက်ကပ်နေသေးတယ်ဟု ဝန်တို မစ္ဆရိယ ဖြစ်ပြန်သည်။ မတ္တာဒေဝီသည် မလှူရက် မတန်းရက် စည်းပွားပင်အတင်းရှာနေလေသည်။ ကုန်အကြွေးတွေသိမ်း၊ စပါးပေး၊နှမ်းပေးသမားတွေကို မတရားနှိမ်ယူလေသည်။ အပေါင်ခံယူ၊ ယုတ်စွဆုံး လူပေါင်ခံကျွန်တွေကိုပင် စည်းပွားရေးတွက်ချေကိုက်အောင် ယူပေသည်။

မစ္ဆရိယဒဏ်ရာဒဏ်ချက်တွေများလာတော့ မယားကြီးမတ္တာဒေဝီမှာ မနေနိုင်မထိုင်နိုင် မစ္ဆရိယမုန်းတိုင်းဒီဂရီ ပြင်းထန်လာ၏။ တိဿာ လုပ်သမျှ မျက်စိစပါးရိုးစူးရုံသာမက ကောက်ရိုးပြတ် အချောင်းလိုက် အချောင်းလိုက် စူးနေသလို စိတ်နှလုံးနာကျင် ခံစားရလေ၏။ ။ မယားငယ် တိဿာအပေါ် လက်တုန့်ပြန်ဖို့ အခွင့်ကို ချောင်းနေသော မယားကြီးမတ္တာဒေဝီသည် တိဿာတစ်ယောက် ရေမိုးချိုး ခေါင်းလျှော်နေပြီးစဉ် ဖုန်တွေ သဲတွေ အမှိုက်တွေ ကြွက်ချေးတွေရောထားသည့် အညစ်ကြေးများကို တိဿာခေါင်းပေါ်မှာ ရုတ်တရက်လောင်းချလိုက်လေသည်။

ကိုယ့်ကာယကံ(ကိုယ့်ဝစီကံ၊ကိုယ့်မနောကံ) ကိုယ့်ထံပြန်၊ ပဲ့တင်သံဘဲ၊ တစ်ထပ်တည်း၊ ဟူသကဲ့သို့ မတ္တာဒေဝီ မမျှော်လင့်ဘဲ ယုတ်တရက်သေဆုံးသွားရှာသည်။ မတ္တာဒေဝီသည် ကွယ်လွန်သောအခါ နံရိုးတွေ အပြိုင်းပြိုင်းထ ပိန်ကြုံချိနဲ့နဲ့ဖြင့် လူသားတစ်ယောက်သဏ္ဍာန်ရှိသော်လည်း လူရုပ်သွင်မပီသ သနားစရာ ပြိတ္တာမကြီး ဖြစ်ရှာလေသည်။ မိန်းမသားတစ်ယောက်ဖြစ်သော်လည်း အဝတ်မပါ ဗလာကိုယ်ထီး မတ္တာပြိတ္တာမကြီးထံမှ ကွဲအက်စူးရှ ဝူးတူးဝါးတား အသံကြီးဖြင့် …တိဿာ… ငါ မတ္တာလေ ဟု အသံပေးလေသည်။ တိဿာ ခဗျာ မယုံနိုင်လောက်အောင် "အို ဘုရားရေ" ဟု ရေရွတ်မိလေသည်။ မတ္တာပြိတ္တာမကြီးသည် မျက်ခွံများ လေးလံစွာဖွင့်ချီ ပိတ်ချီပြုလျှက် တိဿာ ကို တွေတွေကြီးမော့ကြည့်နေရှာသည်။ သူမမျက်ခွံတစ်ချက်အပိတ်တွင် မျက်လွှာ မျက်သားများက အရည်ပျော် ကွာကျသွားသလိုဖြစ်နေသည်။

တိဿာ က အမကြီးမတ္တာဒေဝီရယ် ဘယ်လိုဖြစ်ရတာလဲ ဟု မေးတော့ …"လူ့ဘဝတုန်းက ငါပြုခဲ့တဲ့ အကုသိုလ်တွေကြောင့်ပေါ့ တိဿာရယ်။ အမျက်ကြီးခဲ့တာတွေ၊ မနာလို ဝန်တိုဖြစ်ခဲ့တာတွေ၊ စိတ်ယုတ်မာထားခဲ့တာတွေ၊ ဆဲဆိုးကြိမ်းမောင်းခဲ့တာတွေ၊ ပစ္စည်းဥစ္စာမက်မောမှုကြောင့် မတော်မတရား ရယူခဲ့တာတွေ၊ အို စုံလို့ပါဘဲ ကွယ်၊ အဲဒီအကျိုးဆက်တွေကြောင့် ယခုလို ပြိတ္တာမကြီး ဖြစ်နေရတယ်" ဟု မတ္တာပြိတ္တာမကြီးက ပြောပြလေသည်။

"အော် စိတ်မကောင်းလိုက်တာ အမကြီးရယ်၊" " ကြည့်ပါဦး တစ်ကိုယ်လုံးလည်း မြူမှုန် သဲမှုန် ဖုန်အလိမ်းလိမ်းနဲ့ " ဟု တိဿာက မေးတော့ "တိဿာရယ် နင်ခေါင်းလျှော်ပြီးကာစ သူကြွယ်နဲ့ နှစ်ယောက်သား ထိုင်ပြီးတော့ ကြည်နူးပျော်ရွှင်တာကို ကြည့်ပြီး ငါ မနာလို ဝန်တိုစိတ်တွေ အလိမ့်လိမ့်တက်ပြီး နင့်ရဲ့ခေါင်းပေါ်မှာ ဖုန်မှုန့် ကြွက်ချေးစသည်ရောတဲ့ အမှိုက်တွေ ကြဲချခဲ့တယ်လေ။" ဒါကြောင့် ငါ ခုတော့ ဒီနေဖြစ်နေပြီ။ "အော် ဖြစ်မှ ဖြစ်ရပလေ အမကြီးရယ်၊" ဒါနဲ့ ခန္ဓာကိုယ်မှာလည်း မြင်မကောင်းဘူး၊ ဝဲနာ ယားနာတွေနဲ့၊ သွေးပြည်တွေကလည်း တစိမ့်စိမ့်ထွက်လို့။

"နင် မှတ်မိမှာပေါ့ တိဿာ၊ ဒို့နှစ်ယောက် တောထဲမှာ ဆေးမြစ်သွားရှာထွက်စဉ်က ငါက ခွေးလေးယားသီးတွေယူခဲ့ပြီး နင့်အိပ်ယာအပေါ် အိပ်လို့မရအောင် ယားရမ်းအောင် ကြဲချထားခဲ့တယ်လေ။ အဲဒီမကောင်းမှုရဲ့ အကျိုးဆက်ပေါ့။"

"ဒါဆို ယခုလို အဝတ်မပါ ဗလာကိုယ်တီးဖြစ်နေရတာကရောဆိုတော့ …လူ့ဘဝတုန်းက ပွဲလမ်းသဘင်ရှိတဲ့အခါမှာ လူတွေက နင်နှင့် သူကြွယ်ကိုဘဲ ဖိတ်ကြတယ်လေ။ ငါ့ကိုတော့ မျက်မုန်းကျိုးနေတော့ မဖိတ်ကြဘူး။ ငါ့ကိုတော့ မဖိတ်ရကောင်းလားဆိုပြီး နင့်ရဲ့ ဝတ်ကောင်း အထည်တွေကို ငါခိုးဝှက်ထားပစ်ခဲ့တယ်လေ။" အဲဒီမကောင်းမှုကြောင့်ပေါ့။ "နောက်ပြီး တိဿာရယ် ငါလူ့ဘဝတုန်းက နင့်ရဲ့အဖိုးတန် စန္ဒကူးနံ့သာချောင်းတွေကို ငါတိတ်တိတ်ကလေးယူပြီး မစင်တွင်းထဲပစ်ချခဲ့လို့ အခုငါ့ကိုယ်မှာ ကျင်ကြီးကျင်ငယ်တွေနဲ့ မစင်နံ့တွေ ဟောင်စော်နံနေတာပေါ့။"

တိဿာ က မတ္တာပြိတ္တာမကြီးအား ကြောက်ရွံ့ခြင်း အလျဉ်းမရှိတော့ဘဲ သနားခြင်းကြီးစွာဖြင့် "ဒါဆို အစ်မကြီးအတွက်ဘာလုပ်ပေးရမလဲဟင်" ဟု မေးတော့ …" တိဿာ နင်တို့ အိမ်မှာ ငါရှိစဉ်တုန်းက ကိုးကွယ်နေကြ ရဟန်းလေးပါးအပြင် နောက်ထပ်ရဟန်းလေးပါးလောက် ပင့်ဖိတ်ပြီး ဆွမ်းကပ်ပါ၊ ကုသိုလ်ကောင်းမှု၏ အဖို့ကို အမျှတန်းဝေပါ၊ ငါ သာဓုခေါ်ပါမယ် ဟု" မတ္တာပြိတ္တာမကြီးက တောင်းပန်ရှာလေသည်။ တိဿာလည်း "ကောင်းပါပြီ အမကြီးရယ် စိတ်သာချပါ" ဆိုပြီး ရဟန်းရှစ်ပါး နေအိမ်မှာပင့်ဖိတ်ပြီး ဆွမ်းကပ် သင်္ကန်းစတဲ့ လှူဒါန်းဖွယ်ပစ္စည်းတို့ကို ပေးလှူပြီး မတ္တာပြိတ္တာမကြီးအား ရည်စူး၍ အမျှအတန်းပေးဝေလိုက်သောအခါ သာဓုခေါ်ပြီးသည့်ခဏမှာပင် ပြိတ္တာမကြီးဘဝမှ လွတ်မြောက်ကာ နတ်စည်းစိမ်များခံစားရသည့် လှပကျော့ရှင်း ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပသည့် နတ်သမီးတစ်ပါးဖြစ်သွားလေတော့သည်။ (မတ္တာဒေဝီ ဝတ္ထု၊ ပေတဝတ္ထုမှ)။

မစ္ဆရိယအကြောင်းပြောကြ ရေးကြလျှင် ဓမ္မပဒအဌကထာလာ ရာဇဂြိုဟ်သူဌေး ဦးကပ်စေး မစ္ဆရိယကောသိယသူဌေးအကြောင်းနှင့် လောသကတိဿမထေရ် တို့အကြောင်း ပြောကြရေးကြပါသည်။ ဤနေရာမှာလည်း သံဝေဂယူဖွယ် လောသကတိဿမထေရ်အကြောင်းကိုသာ အကျဉ်းချုပ်ထပ်ဆင့်တင်ပြလိုက်ပေသည်။ ကဿပဘုရားရှင်လက်ထက်တော်အခါက သူကြွယ်တစ်ယောက် ကိုးကွယ်ဆည်းကပ်နေသော ကျောင်းထိုင်ဘုန်းကြီးသည် သီလရှိသောရဟန်းတစ်ပါးပေတည်း။ 

သို့သော် ကျောင်းတွင်ခေတ္တတည်းခိုလာသော အာဂန္တုက ရဟန္တာအရှင်မြတ်ကို ကျောင်းဒကာသူကြွယ်က ကြည်ညိုသည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစောသူကြွယ်အိမ်သို့ ဆွမ်းစားသွားခါနီး၌ ဧည်သည်ရဟန်း မနိုးအောင် ခေါင်းလောင်းကို လက်သည်းခွံ လက်ဖျားဖြင့် တောက်၍ သွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တုက အရှင်မြတ်ရော ကြွမလာ ဘူးလားဘုရားဟု မေးလေသော်…ဒကာတော်ရဲ့ ကိုယ်တော်ဟာ အင်မတန် အိပ်ပုတ်ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးဖူး၊ ဒါကြောင့် သူကို ကျောင်းချန်ထားခဲ့တယ် ဟု ပြောလေသည်။

ထိုကဲ့သို့ မစ္ဆရိယလေသံ သဲ့သဲ့ဖြင့် ပြောသော ကျောင်းထိုင်ဘုန်းကြီး၏ စကားကို လိမ္မာပါးနပ်သော ကျောင်းဒကာက သူ့ဘုန်းကြီး၏ စကားကို ရိပ်မိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် …အာဂန္တုက အရှင်မြတ်အား လှူဖို့ သပိတ်ထဲ၌ ဆွမ်းထည့်ပေးလိုက်လေသည်။ အော်…ကျောင်းထိုင်ဘုန်းကြီးတွေးလိုက်တာက ဒီကိုယ်တော် နောက်နောင်လည်း ဒီလို စားကောင်းသောက်ဖွယ် မွန်မြတ်တဲ့ ဘောဇဉ် ဟင်းလျာများကိုသာ စားနေရလျှင် ငါ့ကျောင်းက ပြန်မှာမဟုတ်တော့ဘူး၊ ဟု သူ့ကျောင်းမှာ ဆက်နေမည်စိုးသော အာဝါသမစ္ဆရိယကြောင့် မိမိထက်မနာလိုမှု ဣဿာတရားနှိပ်စက်ခံရမှုတို့ကြောင့် ကျောင်းဒကာထည့်ပေးလိုက်သော ဆွမ်းကို လမ်းမှာပင် သွန်ပစ်လိုက်ပြန်သည်။ ။

အာဂန္တုက ရဟန္တာအရှင်မြတ်လည်း ကျောင်းထိုင်ဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူသောကြောင့် စောစောကပင် ကောင်းကင်ခရီးဖြင့် အခြား လိုရာအရပ်သို့ ကြွတော်မူလေသည်။ ကျောင်းထိုင်ဘုန်းကြီးသည် သီလရှိသော ရဟန်းဖြစ်သော်လည်း ပညာဆင်ချင်နည်းပါးသောကြောင့် မစ္ဆရိယ မုန်းတိုင်း၏ တိုက်ခတ်မှုကို အလူးအလဲ ခံရတော့သည်။ သို့သော် မိမိအမှားကို ကျောင်းထိုင်ဘုန်းကြီးဝန်ခံဖို့ အာဂန္တုကရဟန္တာအရှင်မြတ်အား ရှာဖွေသောအခါ ကျောင်းမှာမတွေ့ရတော့။ 

သူတော်ကောင်းစိတ်ဓာတ်ပြန်လည်ကိန်းအောင်းလာချိန်၌ အချိန်က တော်တော်လေး နောက်ကျခဲ့လေပြီ။ ကျောင်းဘုန်းကြီးသည် မိမိပြုမိသည့်အမှားကို နောင်တတစ်ဖန်ပူပန်မှု ကုက္ကုစ္စဖြင့် စိတ်ထဲမှာ ပူလောင်နေရကား နောက်ပိုင်း စိတ်ရောကိုယ်ပါသွေ့ခြောက်လျက် မကြာမီ စုတေပြီးနောက် ငရဲသို့ရောက်ရလေသည်။ အဘိဓမ္မာသဘောတရားအရ အကုသိုလ်သည် ဘုန်းကြီးဖြစ်စေ လူဖြစ်စေ ကျူးလွန်သူမှန်သမျှကို မျက်နှာလိုက်လေ့မရှိ။ သူ့သဘောအတိုင်း သူဆောင်လေသည်။

ကုက္ကုစ္စတရားသည် အကုသိုလ်ပြုလုပ်သူသန္တာန်၌ တွေးတောပူပင်နှိပ်စက်တတ်၏။ အကုသိုလ်အမှားမကင်းကြသော ပုထုဇဉ်လူသားတို့သည် မိမိပြုလုပ်မိသည့် အတိတ်အကုသိုလ်ကိုလည်း အလွန်အမင်း တွေးတောမပူပန်သင့်။ အတိတ်က ပြုလုပ်ခဲ့တာမှန်သမျ ပြန်လာရိုးထုံးစံမရှိ။ အနာဂတ်ကိုလည်း အလွန်အမင်း မျော်လင့်တကြီးမထားသင့်။ အနာဂတ်ဆိုတာလည်း မသေချာသောအရာသာဖြစ်သည်။ မိမိတို့၏ ပစ္စုပ္ပန်ဘဝမှာ လုပ်သင့်လုပ်ထိုက်သည့် ကောင်းမှုမှန်သမျှကို ပညာနှင့်လုံးလဝီရိယကို မှန်ကန်စွာ အသုံးချလျှက် မိမိဘဝတန်ဘိုးရှိဖို့သာ ပြုလုပ်သင့်ပေသည်။ 

ထို့ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ အရှင်မြတ်က အောက်ပါအတိုင်း
*အတိတ်ကိုတွေး၊ မဆွေးလေနှင့်။ အတိတ်ဆိုတာ ပြန်မလာဘူး၊ အနာဂတ်မှန်း မလွမ်းလေနှင့်၊ အနာဂတ်ဆိုတာ မသေချာဘူး၊ ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်၊ ပညာလုံးလ အသုံးချလျှက်၊ ဘဝတန်ဘိုး အားမန်ကိုး၍ ၊ မြတ်နိုးကြည်ဖြူ အရယူလော၊* ဟု ဆုံးမခဲ့ဖူးပါသည်။

အကုသိုလ်ကံ၏ အကျိုးများသည် ကုသိုလ်ကဲ့သို့ပင် အဖျားခတ်တတ်၏ ။ ကျောင်းထိုင်ဘုန်းကြီးလေးသည် ငရဲဘဝမှလွတ်သောအခါ ခွေးဘဝ ငါးရာဖြစ်ရပြန်၏။ ၄၉၉ ဘဝမှာ ငတ်သေရ၏။ တစ်ဘဝတွင် တစ်ကြိမ်သာ ဝမ်းဝအောင် စားရ၏။ ထိုအစာကား အရက်သမားတို့၏ အန်ဖတ်များသာတည်း။ ထိုဘဝမှ သေသောအခါ ဘီလူးဘဝ ငါးရာဖြစ်ရ၏။ ၄၉၉ ဘဝမှာ ငတ်သေရပြန်၏။ တစ်ဘဝ တစ်ကြိမ်သာ ဝမ်းဝအောင် စားရ၏။ ထိုအစာကား အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်အညစ်အကြေးများပင်တည်း။ 

ထိုဘဝမှ သေသောအခါ မိတ္တဝိန္ဒက အမည်ရှိသော အမျိုးသားလာဖြစ်၏။ ထိုဘဝတွင်လည်း သူ့မိဘများရော သူ့ဆရာများပါ သူ့ကြောင့် ငတ်ပြတ်ဆင်းရဲဒဏ် အလူးအလဲ ခံခဲ့ကြရ၏။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲကျင်လည်ခဲ့ရာ ယခုဘုရားရှင် လက်ထက်တော်၌ အိမ်ခြေတစ်ထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ဝမ်း၌ ပဋိသန္ဓေနေရလေသည်။ ထိုသူ ပဋိသန္ဓေနေသည်မှ စ၍ တံငါသည်များ ငါးအရနည်းရုံသာမက တစ်ရွာလုံး သူ့ကြောင့် မင်းပစ်မင်းဒဏ် ၇ ကြိမ်၊ မီး ၇ကြိမ်လောင်၊ ရေ ၇ ကြိမ်မျော၏။

ထို့နောက် စဉ်းစားတွေးခေါ်တတ်သူ ရွာလူကြီးများက ..ငါတို့ရွာမှာ ကံဆိုးသူ ဂြိုဟ်ကောင်တစ်ယောက်ရှိလိမ့်မယ်၊ ဒို့ရွာကို တစ်ဝက်စီ ခွဲကြည့်ကြစို့ရဲ့ ဟု သဘောတူဆုံးဖြတ်ကာ ရွာကို တစ်ဝက်စီခွဲလေ၏။ ထိုသူငယ် ကိုယ်ဝန်ပါသောဘက်၌ ရှေးနည်းတူ ဆင်းရဲဒုက္ခရောက်ကြရပြန်၏။ ထို့တူ ထပ်ခွဲရာ နောက်ဆုံး ထိုကိုယ်ဝန်ရှိသော မိဘတို့ တစ်အိမ်သာ သီးခြားဖြစ်နေလသည်။ ထိုသို့သီးခြားဖြစ်နေရပြီးနောက် မိခင်မှာ ဆင်းရဲပင်ပန်းစွာ မွေးဖွားရ၏။ နာမည်ကိုတော့ လောသကတိဿ ဟု အမည်ပေးကြ၏။။ 

မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ ပါလာခဲ့သောကြောင့် ထိုကလေးငယ်ကို ပွေ့ချီယူပြီးတောင်းရမ်းလျှင် တစ်ယောက်မျှ ပေးမည့်သူမရှိ။ ကလေးကို သင့်တော်ရာတွင် ချထားခဲ့ပြီး တောင်းရမ်းမှသာလျှင် ပေးမည့်ကျွေးမည့်သူ ရှိသည်ဟူ၏။ သွားလာနိုင်သောအခါ ခွက်ကလေးကို ကလေးလက်မှာအပ်၍ မိဘများလည်း ထွက်ပြေးသွားကြလေတော့သည်။ ထိုကလေးငယ်လည်း မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ ရှေးအကုသိုလ်ကံကြောင့် သာဝတ္ထိပြည်ကြီးထဲမှာ လှည့်လည်တောင်းစားသော်လည်း ပေးမည့်ကြွေးမည့်သူ တစ်ယောက်မျှမရှိ။ အိမ်နောက်ဖေးတွင် အိမ်ရှင်မများ စွန့်ပစ်ထားသော အိုးဆေးရေ၊ ခွက်ဆေးရေများထဲမှ ထမင်းစေ့များကိုသာ တစ်စေ့ချင်း လိုက်ကောင်းစားကာ အသက်ဆက်ရရှာ၏။

သာမန်ပုဂ္ဂိုလ်ဆိုလျှင်အစာရေစာငတ်ပြတ်ပြီး အာဟာရချို့တဲ့ကာ သေနိုင်သော်လည်း နောက်ဆုံး ရဟန္တာဖြစ်မည့်ကံပါရှိလာသောကြောင့် မသေဆုံးရခြင်းသာဖြစ်သည်။ သို့သော် ဆင်းရဲဒုက္ခကြီးစွာခံစားရသည်။ ထိုကဲ့သို့ ခွက်ကလေးဖြင့် တောင်းရမ်းစားသောက်၍ ၇နှစ်အရွယ်ရောက်သောအခါ အရှင်သာရိပုတ္တရာအရှင်မြတ်နှင့် တွေ့ကာ ရှင်ပြုပေးပြီးနောက် လောကသကတိဿ မည်သော ရဟန်းဖြစ်၍ တရားဓမ္မအားထုတ်စေရာ (ရှေးရဟန်းဘဝတွေတုန်းက သီလရှိသော ရဟန်းဖြစ်သောကြောင့်) ရဟန္တာဖြစ်လေသည်။ ။ သာသနာတော်သည် အားကိုးရာမဲ့သူတို့၏ ထောက်တည်ရာ ခိုနားရာဖြစ်ခဲ့လေသည်။

လောသကတိဿအရှင်မြတ်သည် ရဟန္တာဖြစ်သော်လည်း တစ်နေ့မျှ ဆွမ်းဝအောင် မဘုဉ်းပေးရရှာပေ။ နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံမည့်နေ့၌ အရှင်သာရိပုတ္တရာအရှင်မြတ်ကြီးက ခေါ်၍ ဆွမ်းခံအတူသွားရာ အရှင်သာရိပုတ္တရာသည်ပင် ဆွမ်းလောင်းမည့်သူ တစ်ယောက်မျှမရှိ၊ ဆွမ်းမရတော့ချေ။ အံ့သြဖွယ်ကောင်းလေစွ။ ထို့နောက် ထိုလောသကတိဿအရှင်မြတ်ကို ပြန်လွှတ်၍ အရှင်သာရိပုတ္တရာတစ်ပါးတည်း ဆွမ်းခံမှ ဆွမ်းရလေသည်။ အရှင်သာရိပုတ္တရာအရှင်မြတ်လည်း အလှူရှင် ဆွမ်းခံအိမ်တစ်အိမ်မှာ ဆွမ်းဘုဉ်ေးပပြီးနောက် ထိုလောသကတိဿအရှင်မြတ်အတွက် ဆွမ်းပို့လွှတ်ခိုင်းလိုက်ရာ ဆွမ်းပို့သူများက သတိမေ့ပြီး လမ်းခုလပ်မှာ ချစားပစ်လိုက်ကြသည်တဲ့။ 

ထိုအရှင်မြတ်ထံသို့ ဆွမ်းမရောက်ကြောင်း အရှင်သာရိပုတ္တရာ ဆွမ်းခံပြန်လာမှ သိရသောအခါ မွန်းလွဲနေပြီဖြစ်သောကြောင့် ကောသလမင်းကြီးထံ စတုမဓုကို အလှူခံတော်မူ၍ အရှင်သာရိပုတ္တရာက စတုမဓုသပိတ်တော်ကို ကိုင်ထားပြီး သပိတ်မှလွှတ်လိုက်လျှင် သပိတ်ပါကွယ်ပျောက်သွားမည်စိုးသောကြောင့် အရှင်သာရိပုတ္တရာလက်ဖြင့်ကိုင်ထားပြီး ကျွေးတော်မူမှ ထိုစတုမဓုကို အဝဘုဉ်ပေးတော်မူ၍ လောသကတိဿရဟန်း ပရိနိဗ္ဗာန်ဝင်စံတော်မူလေသည်။ ပရိနိဗ္ဗာန်စောစီးစွာ စံဝင်တော်မူရခြင်းအကြောင်းမှာလည်း ဘောဇနသပ္ပါယမမျှတသောကြောင့် စောစီးစွာ ပရိနိဗ္ဗာန်ပြုတော်မူရလေသည်။ ။

ဤဝတ္တုမှ သင်္ခန်းစာအဖြစ်ဖြင့် ကဿပဘုရားရှင်၏ လက်ထက်တော်တုန်းက ပြုလုပ်ခဲ့သော မစ္ဆရိယ မုန်တိုင်းဒဏ်ကြောင့် နောက်ဖြစ်လေရာဘဝမှာ သူတစ်ယောက်တင်သာမက သူ့ပတ်ဝန်းကျင် သူ့ရွာတစ်ရွာလုံး မကောင်းကျိုး ခံစားကြရပုံ၊ အရှင်သာရိပုတ္တရာသည်ပင် သူနှင့်တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရရှာပုံ တို့သည် လူတစ်ယောက်၏ မကောင်းမှုက အခြားသက်ဆိုင်ရာသူများကိုလည်း ကံရှိန်ရိုက်ခတ်တတ်ကြောင်းကို သင်္ခန်းစာယူနိုင်ပေသည်။ ထို့ပြင် ရဟန္တာတိုင်းလည်း ဘုဉ်းကံမကြီး၊ ဘုဉ်းကံကြီးတိုင်းလည်း ရဟန္တာမဟုတ် ဟူသော အသိဥာဏ်လေးများ ထပ်ဆင့်ယူနိုင်လေသည်။ ထို့ကြောင့် သံသရာခရီးစခန်း ဖြောင့်တန်းဖို့ မိမိစိတ်ကို ကောင်းမွန်စွာ မွေးပြီး သူတော်ကောင်းတရားများကို အဖက်ဖက်မှ ပွားများအားထုတ်သင့်ပေသည်။ မိမိသန္တာန်မှာ မနာလိုဝန်တိုမှု ဣဿာ မစ္ဆရိယတရားများ ပယ်ကာ မုဒိတာတရားများပွားများနိုင်ကြပါစေ။ ။

*** ဣဿာ မစ္ဆေ၊ နှစ်ထွေ ဟီန၊ ထိုဓမ္မတို့၊ ကျရောက်ကိန်းခို၊ ယင်းပုဂ္ဂိုလ်ကား၊ ထိုဤကာလ၊ ဘဝအစ၌၊ မရကောင်းကျိုး၊ မတိုးဂုဏ်သိမ်၊ အရှိန်မဲ့ကင်း၊ ဆင်းရဲတွင်းသို့၊ သက်ဆင်းတတ်ပေ၊ သို့ဖြစ်ထွေကြောင့်၊ အရှည်မျှော်ထောက်၊ ဆင်းရဲကြောက်၍၊ အောက်အပါယ်ဝဋ်၊ ကင်းလိုလတ်သော်၊ သတ္တုရန်နှစ်၊ ဆိုးအညစ်ကို၊ အရစ်အရံ၊ ပူးမခံဘဲ၊ တွန်းလှန်ပယ်ခွင်း၊ ပြုထိုက်လျင်းသည်၊ အတွင်းရန်သူပါတကား။ ။ *** (ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော်)။ ။

အားလုံးကျန်းမာကြပါစေ။
မေတ္တာဖြင့်
အရှင်သုတာစာရာလင်္ကာရ( မေ့သားလှ-ဇလဂ္ဂ)