Tuesday, July 31, 2012

ငွေနှင့် ကိုယ်ကျင့်သီလ


 ငွေနှင့် ကိုယ်ကျင့်သီလ

ငွေနဲ့ သီလကို ၀ယ်လို့မရပါဘူး။ ဥစ္စာပစ္စည်းနဲ့ သီလကို လဲလှယ်လို့ မရဘူး။

ငွေရှိပြီး၊ သီလမရှိတဲ့ လူရဲ့ နာမည်ပျက်သတင်းဆိုတာ ငွေမရှိ သီလမရှိတဲ့ နာမည်ပျက်သတင်းထက် ပိုကျော်ကြားတယ်။

အချို့က ငွေကြောင့် သီလ အပျက်ခံတယ်။ အချို့က မိန်းမကြောင့် သီလ အပျက်ခံတယ်။ အချို့က ဒေါသကြောင့် သီလအပျက်ခံတယ်။ သီလ အပျက်ခံတဲ့ပုံစံက အမျိုးမျိုးပါပဲ။

သမ္မာအာဇီဝမဟုတ်တဲ့ ငွေနဲ့နဖူးတွေ့ ဒူးတွေ့ တွေ့လာရင် သိပ်ကို သတိထားရပါမယ်။ ငွေဆိုတာကတော့ လိုချင်စရာပါပဲ။ အမြဲလည်း လိုနေတာပဲလေ။ ဒါပေမယ့် ရနည်း မမှန်တဲ့ငွေနောက်ကို လိုက်ရင် ဒုက္ခနဲ့ ပေါင်းရတယ်။ သီလဖျက်ပြီး လောဘသက္ကာယ နောက်ကို လိုက်လို့ အန္တရာယ် တွေ့ရတဲ့ လူတွေလည်း ရှိကြတယ်။

ငွေရတော့ ရတယ်။ သီလ ပျက်တော့ အကျင့်သီလ မကောင်းဘူးဆိုတဲ့ နာမည်ထွက်လာရော။ ပန်းသတင်း လေညင်းဆောင်သလို၊ လူ့သတင်းလည်း လူချင်းဆောင်တာပဲ မဟုတ်လား။ ဟုတ်ရင် ကျော်သလို၊ ပုပ်ရင်လည်း ပေါ်တာပဲလေ။

အချို့ဆို အဲသည်လို ဒုက္ခနဲ့ အန္တရာယ် တွေ့တော့မှ လောကမှာ ငွေနဲ့ ဥစ္စာသာ အရေးကြီးတာ မဟုတ်ဘူး၊ ငွေရှိရင် ပြီးစတမ်း မဟုတ်ဘူးဆိုတာ သိလာကြတော့တယ်လေ။ အကျင့်သီလသာ မျက်မှောက်ရော၊ တမလွန်ပါ ကောင်းတယ်။ သီလရဲ့တန်ဖိုးဟာ သီလပျက်မှ ပိုသိတတ်တာမျိုးပါ။

သီလဟာ သူတော်ကောင်းတို့ကိုင်စွဲတဲ့ လက်နက်။ သူတော်ကောင်းတွေရဲ့ လုပ်နည်းလုပ်ဟန်။ သီလက သိပ်မွန်မြတ်သန့်စင်လှပါတယ်။

မျက်မှောက်ဘ၀ရော၊ တမလွန်ဘ၀ပါ ကောင်းကျိုးပေးနိုင်တာတွေက ငွေမဟုတ်ဘူး။ ငွေဟာ မျက်မှောက် ဘ၀မှာ ကောင်းကျိုးပြုနိုင်တယ် ဆိုတာတောင် တမလွန်တော့ မပြုနိုင်ဘူး။ ယခုဘ၀နဲ့ နောင်ဘ၀ ကောင်းကျိုးပေးနိုင်တာက သီလ။

နောင်ဘ၀က အရေးမကြီးပါဘူး။ ငရဲက နောက်မှ ကျမှာပါ။ အခုဘ၀ သုံးရစားရဖို့ ငွေလိုတယ်ဆိုပြီး ရတဲ့နည်းများနဲ့ မိုက်တွင်းနက်သူတွေဟာ နောင်ဘ၀မဟုတ် ဒီဘ၀မှာတင် ဒုက္ခချောက်ထဲရောက်မှာ သေချာပါတယ်။

လူ့ဘ၀မှာ သိက္ခာရှိရှိ ဂုဏ်သရေပြည့်ပြည့် နေနိုင်သွားဖို့က အရေးကြီးလှပါတယ်။ ဂုဏ်ကျက်သရေဆိုတာက ငွေရှိမှမဟုတ်ပါဘူး။ ငွေမရှိလည်း အကျင့်သီလကောင်းရင် ဂုဏ်ရှိတာပါပဲ။ ကျော်စောတာပါပဲ။

“သည်လူ မရိုးဖြောင့်ဘူး။ ငွေတော့ရှိတယ်” ဆိုတာမျိုး ကြားဖူးကြပါလိမ့်မယ်။ အဲသည်လိုဆို ဘယ်မှာလဲ လူ့တန်ဖိုး ရှိတော့မလဲ။

ငွေရှိတာပဲလို့ ပြောတဲ့လူတွေဟာ ငွေရှိရက်နဲ့ မပြီးတာမျိုးတွေ၊ မရတာမျိုးတွေကို ခံစားရတတ်တယ်။

တွေးခေါ်ပညာရှင် ဘေကွန်က “ငွေသည် အစေခံကောင်း တစ်ဦးသာဖြစ်၍ ဆရာကောင်းတစ်ဦး မဟုတ်ချေ” လို့ ဆိုထားပါတယ်။

တွေးခေါ်ပညာရှင် ဆောက်(သ)က “ချစ်ခင်မြတ်နိုးမူ ဟူသ၍တွင် အနည်းနှင့်အများ ဆိုသလို အကန်းသဖွယ်သာလျှင် ဖြစ်၏။ သို့ရာတွင် ငွေကြေးကို ခင်တွယ်လျှင်ကား အဆိုးဝါးဆုံးပင်” လို့ဆိုတယ်။

တစ်ဖန် တွေးခေါ်ပညာရှင် ဆွတ်(ဖ)က “အမြော်အမြင်ရှိသူတစ်ယောက်အဖို့ ငွေကြေးကိစ္စက သူ့ဦးနှောက်ထဲတွင် ထားလျှင် ထားမည်ဖြစ်သော်လည်း သူ့အသည်းနှလုံးထဲတွင် ထားမည်မဟုတ်ချေ” လို့ဆိုတယ်။

ငွေရှိရင် ဘာမဆိုဖြစ်တယ်၊ ငွေရှိရင် ပြီးတယ်ဆိုတဲ့ စကားဟာ ရာနူန်းပြည့် မမှန်လှပါဘူး။

မေတ္တာကို ငွေနဲ့ ၀ယ်လို့ ရတဲနေရာရ၊ ရသူရ၊ မရသူ မရဘူး။

သီလကတော့ လုံးဝ ငွေနဲ့ဝယ်လို့ မရတဲ့အရာပါ။

ငွေရှိပြီး သိက္ခာမရှိတဲ့လူ၊ ပညာရှိပြီး သိက္ခာမရှိတဲ့လူ၊ မျိုးနွယ်ကောင်းပြီး သိက္ခာမရှိတဲ့လူ၊ ရုပ်ရည်သန့်ပြီး သိက္ခာမရှိတဲ့ လူတွေရှိကြသလို ငွေမရှိဘဲ သိက္ခာရှိတဲ့ လူတွေလည်း ရှိကြပါတယ်။

ရုပ်ရည်ဆိုးပြီး သိက္ခာကြောင့် ခင်မင်မူ များသူတွေလည်း ရှိပြန်ပါတယ်။

ဆွေမျိုးနွယ် မကောင်းဘဲ သိက္ခာကြောင့် ကျော်ကြားသူတွေလည်း ရှိနေပြန်ပါတယ်။

လောကမှာ ပညာလည်းရှိ၊ သိက္ခာလည်းရှိတဲ့လူကတော့ လူဖြစ်ရကျိုးအနပ်ဆုံး လူပါပဲ။

ငွေကြေးစကား ပြောလာတဲ့အခါမှာ သစ္စာတရားကို ရှေ့ထားတဲ့ ပညာရှိရဲ့ သိက္ခာဟာ ကျော်ကြားပြီးရင် ကျော်ကြားတာပဲ။

အချို့က ပြောပါတယ်။ အဲသည်လို သစ္စာတရား ရှေ့ထားနေရင် နာမည်ကြီး ထမင်းငတ်ဖြစ်မယ်တဲ့လေ။ မငတ်ပါဘူး။ မှန်မှန်စားရပါတယ်။ သစ္စာတရားနဲ့ သိက္ခာဖျက်ရင် ခဏသာ မျိုးမျိုးမျက်မျက်လေး စားရပြီး နောက်ကျတော့ လုံးဝငတ်ရော။

ငွေသာပဓာနဆိုတဲ့ ရုပ်ကြမ်းဝါဒတွော ကိုယ့်အတွက် ယာယီကောင်းကျိုး ရချင်ရမယ်။ အမြဲတမ်း ကောင်းကျိုး မပေးဘူး။ ငွေကို ရှေ့တန်းတင် အမှားလုပ်မိရင် မိမိအတွက်ရော၊ အများအတွက်ပါ ကောင်းကျိုး မပေးနိုင်ဘူး။

လူရဲ့ အရည်အချင်းကတော့ ငွေထက် တန်ဖိုးရှိပြီး ငွေဟာ အရည်အချင်းရှိသူရဲ့ အစေအပါးပါ။ ငွေကို လူက လုပ်တာ မဟုတ်ပါလား။

အကျင့်သီလကောင်းလို့ ကုသိုလ်ကံအကျိုးပေးလို့ နေ့ချင်းညချင်း ကြီးပွားချမ်းသာသူတွေ ရှိသလို နဂိုက အကျင့်သီလကောင်းပါလျက် အကျင့်ပျက်လို့ အကုသိုလ်ကံ ၀င်ပြီး နေ့ချင်းညချင်း မွဲသူတွေလည်း အများကြီးရှိပါတယ်။

အကျင့်သီလပေါ်မှာ တည်နေတာက စီးပွားရေး၊ ကြီးပွားရေးတွေပါ။ မျက်လှည်ပြလိုက်သလို ပျက်စီးဆုံးရူံးသွားကြရတာတွေဟာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ အကျင့်သီလကြောင့်ပါပဲ။

စီးပွားရှာရှာ၊ ငွေကြေးရှာရာမှာ ယှဉ်ပြိုင်မူတွေရှိပါတယ်။ အဲဒီလို ယှဉ်ပြိုင်မူတွေရှိတော့ သတိဝီရိယနဲ့ ဉာဏ်ကိုသုံးရတယ်။ အကျင့်သီလကိုလည်း ထိန်းရတယ်။ ယှဉ်ပြိုင်မူမှာ ကိုယ်အမြင့်ကိုယ်ရောက်ဖို့တွက် သူတပါးကို နင်းတက်ရတာမျိုး အောက်တန်းမကျရအောင် ကြီးပွားတိုးတက် ချင်သူတွေ သတိပြုရလိမ့်မယ်။

သီလပျက်တာ၊ စာရိတ္တ ချွတ်ယွင်းတာ၊ ပျင်းတာ၊ အခြား သူအပေါ် စေတနာခေါင်းပါးတာ၊ အဖြစ်အပျက်များ အပေါ် အသင့်အတင့် နှလုံးသွင်းမူ မရှိတာတွေဟာ စီးပွားပျက်မယ့် နိမိတ်လက္ခဏာတွေ ဖြစ်ပါတယ်။

ငွေဟာ လူကို မာန် တက်စေပါတယ်။ ဘ၀ မေ့စေပါတယ်။ ခက်ထန်မာန ထောင်လွှားစေပါတယ်။ အဲဒီမှာ အကျင့်သီလကို ထိခိုက်တတ်တယ်။ အမြဲကို ဆင်ခြင်နေရပါမယ်။ ငွေများများလက်ထဲရှိရင် ပိုပြီး ဆင်ခြင်နေရပါမယ်။

အကျင့်သီလဟာ မည်မျှထိ အရေးကြီးသလဲဆိုရင် စီးပွားပြိုင်ဘက်ဆီက အကျင့်သီလကိုပါမက ကိုယ့်ရဲ့ရန်သူဆီကတောင် အတုယူသင့်ရင် ယူရတယ်။ သူ့အကျင့်က ကောင်းရင် အတုခိုးရမှာပဲ။

လောကမှာ အကျင့်သီလ ဖျက်ပြီး “ဂျင်”လို လည်နေတဲ့ လူတွေအများကြီးပါပဲ။ အဲဒီလူတွေဟာ “ဂျင်” သဘောလို ပါပဲ။ လည်တုန်း ခဏလေးပါ။ မကြာဘူး ရပ်သွားရတာပဲ။

လှည်စားပြီး ငွေရှာတာ၊ အယောင်ဆောင်တာ၊ ကိုယ့်အပြစ်ကို ဖုံးဖိထားတာ။ အဲသည်မကောင်းတဲ့ အကျင့်ဆိုးတွေဟာ နောက်ဆုံး ပေါ်တာပဲ။ မပေါ်တာ မရှိသလောက်ပါဘဲ။

မကောင်းကြံ စီးပွားရှာတာ၊ မကောင်းတာ လုပ်တာတွေဟာ တစ်နေ့မဟုတ် တစ်နေ့နေ့မှာ ဒုက္ခပေးမှာ မုချပဲ။ လောကကြီးမှာ အမှန်တရားဟဟာ ဘယ်သူ့အမှားကိုမှ ခွင့်မပြုပါဘူး။

အတွေးတွေ၊ အဆင်းတွေ၊ အသံတွေ၊ ခံစားမူအာရုံတွေ၊ နောက်ကို လိုက်လွန်းရင် လူဟာ ငွေ သိပ်လိုလာတယ်။ ပြီးတော့ လောဘဇော တိုက်လာရော။ ငွေမူး မူးလာတယ်။ ပြဿနာ တက်ချင်လာတာဟာ အဲသည် အာရုံတွေက စတာဖြစ်ပါတယ်။

အဲဒီမှာ ဆရာကြီး ဦးသော်ဇင်ရဲ့ “ဒိဋ္ဌ၊ ဓမ္မ၊ နိဗ္ဗာန၊ လောကအလှ၊ သဘာဝ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာလေးတစ်ပုဒ် ဖတ်ကြည့်ကြပါ။
(၁) အဆင်းအာရုံ၊ မြင်ရတုံလည်း
မြင်ရုံမြင်ခိုက်၊ မြင်လေလိုက်၍

(၂) အသံအာရုံ၊ ကြားရတုံလည်း
ကြားရုံကြားခိုက်၊ ကြားလေလိုက်၍

(၃) အတွေ့အာရုံ၊ တွေ့ရတုံလည်း
တွေ့ရုံတွေ့ခိုက်၊ တွေ့လေလိုက်၍

(၄) အသိအာရုံ၊ သိရတုံလည်း
သိရုံသိလိုက်၊ သိလေလိုက်၍

(၅) ကြိုက်မကြိုက်ဝယ်၊ မတာတွယ်နှင့်
အဘယ်ပြဿနာ၊ ရှိမည်နည်း - တဲ့။

ငွေရေးကြေးရေးကိစ္စမှာ ကိုယ့်အတွက်သာ သိပြီး လူတကာအပေါ် အပေါ်စီးနဲ့ ပေါင်းသင်းဆက်ဆံ၊ အကျင့် မမှန်တဲ့ လူကို ပတ်ဝန်းကျင်ဟာ မပေါင်းချင်ကြဘူး။ ပေါင်းလည်း ဟန်ပြသာ ပေါင်းကြတယ်။ မေတ္တာမပါတဲ့ ဆက်ဆံမူဖြစ်တော့ စေတနာမပါသလို ရေရှည်လည်း မခံပေဘူး။

လူတွေထဲမှာ သနားစရာ အကောင်းဆုံးလူတွေဟာ ရည်မှန်းချက်နဲ့ ဒုက္ခအမျိုးမျိုခံ ကြိုးစားလာခဲ့ပြီး၊ ပန်းတိုင်ရောက်လုနီးမှ ဒဏ်မခံနိုင်ဘဲ အကျင့်သီလ ပျက်သွားသူများပဲ။ သူတို့ဟာ နီးခါမှ ပန်းတိုင်ပျေက်၊ နာမည်ပျက်ကြရပါတယ်။ အဲဒီလိုလူတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိမိရည်မှန်းချက် မရောက်သေးခင်ရော၊ ရောက်ပြီးချိန်ရော၊ အကျင့်သီလကို အပျက်မခံဘဲ ကိုင်ထားရမယ်။ အားသန်သန်၊ ဇွဲကောင်းကောင်း၊ ယုံကြည်ချက်နှင့် ကြိုးစားသူတွေ တစ်ချက်ကလေး တစ်ရက်ကလေး မမေ့ရမှာက အကျင့်သီလ။ လူ့ဘ၀အတွက် အကျိုးပေးနိုင်တာက အကျင့်သီလသာ တစ်ပါ။

အသက်တိုမူ၊ ရှည်မူ၊ အနာရောဂါများမူ၊ မများမူ၊ စီးပွားဖြစ်မူ၊ မဖြစ်မူဟာ ကံတရား၊ ကံစီမံဖန်တီးမူနဲ့ ဆိုင်သလို ကာယကံရှင်ရဲ့ အကျင့်သီလနဲ့လည်း ဆိုင်ပြန်တယ်။

ငွေရှာတဲ့ သုခရွာကို သွားရာမှာ ဒုက္ခလမ်းကြောင်းပေါ်က အနှောက်အယှက် အဖျက်အဆီးတွေ တွေ့ရတတ်စမြဲပါ။ အဲဒီမှာ ကြောက်ရွံ့ပြီး အကျင့်သီလပျက်ရင် ခရီးစဉ် ရပ်သွားရုံမက သွားရမယ့် ရွာလည်း မရောက်တော့ပါဘူး။

လူတွေက ပြောကြတယ်။ ငွေတွင်း နက်တယ်၊ နက်တယ်တဲ့။ ငွေတွင်းနက်တာ မတူးတတ်လို့ပါ။ အချို့က ပြောကြပြန်တယ်။ တူးတတ်တဲ့ လူတွေတော့ ရနေတာပဲ မဟုတ်လား။ ငွေတွင်းတူးရာမှာ အကျင့်သီလကိစ္စလည်းပါတယ်။ ဒါမပါရင် မပြီးပါဘူး။

ခက်တာက နက်တဲ့ငွေတွင်းကို လုံ့လ၊ ၀ီရိယ၊ ဇွဲနဲ့ မတူးချင်ဘဲ၊ သူများ တူးပြီးသား ငွေတွင်းတွေကို ကြားဖြတ် လုချင်နေကြတာပါပဲ။

ငွေရပုံ လေးမျိုးရှိပါတယ်။ လွယ်လွယ်ရပြီး မတရားတဲ့ငွေ၊ ခက်ခက်ခဲခဲရပြီး မတရားတဲ့ငွေ၊ လွယ်လွယ်ရပြီး တရားတဲ့ငွေ၊ ခက်ခက်ခဲခဲ ရပြီး တရားတဲ့ ငွေပါပဲ။

အဲဒီမှာ လွယ်လွယ်ရပြီးတရားတဲ့ ငွေမျိုးကြတော့ ကံထူးသူတွေသာ ရတတ်ကြပါတယ်။ ငွေဆိုတာ ဘယ်တော့မှ လွယ်လွယ် ရလေ့မရှိဘူး။ ခက်ခက်ခဲခဲနဲ့ပဲ ရကြတာပဲ။

ဆရာတက္ကသိုလ်လွမ်းဝေရဲ့ စာရတနာ စာအုပ်မှာ -
“ငွေသည် အလွန်အပေါင်းရ ခက်သည်။ မပေါင်းဘဲ နေ၍လည်း မဖြစ်၊ သူမပါလျှင် အဘယ်အရာမှ မပြီး။ သူ့ကိုပေါင်းတတ်လျှင် အလွန်အကျိုးရှိ၍ မပေါင်းတတ်လျှင် သူဌေးအခေါ်ခံရာမှ မျက်လှည့်ပြသကဲ့သို့ လူမွဲဘ၀သို့ ရောက်ရတတ်၏။ ရုံးရောက်သူ ရောက်၊ ထောင်ကျသူလည်း ကျ၊ ရာထူးပြုတ်သူလည်း ပြုတ်၊ ကိုယ်ကိုယ်ကို သတ်သေသူလည်း သေကြရ၏” လို့ ရေးသားထားပါတယ်။

“သူတော်ကောင်းများကား ဘယ်သောအခါမျှ ရုတ်တရက် ကြွယ်ဝချမ်းသာ မလာနိုင်ဘူး” တဲ့။ သည်အတွေးအခေါ်ကတော့ ကမ္ဘာ့တွေးခေါ်ရှင် ဆိုင်းရပ်(ခ်)ရဲ့ အတွေးအခေါ်ပါပဲ။

အဲဒီ အတွေးအခေါ်ကို ကြည့်ပြီး အကျင့်သီလ ကောင်းတဲ့သူတွေဟာ တဖြည်းဖြည်းသာ ချမ်းသာတယ်လို့ ယူဆရမှာပါ။

မဟုတ်တာ၊ မမှန်တာ၊ ဖြတ်လမ်း မလိုက်ရင် တဖြည်းဖြည်းမှသာ ချမ်းသာမှာပဲ မဟုတ်ပါလား။

တွေးခေါ်ရှင် လော(စ်)ကတော့ -
“ဓနဥစ္စာ ချမ်းသာမူများသည် အလုပ်၏ ဖန်တီးမူကြောင့်သာလျှင် ဖြစ်ပေသည်”လို့ ဆိုထားတယ်။

တစ်ဖန် တွေးခေါ်ရှင် အီး၊ ပီ၊ ဒေးရဲ့ အတွေးအခေါ်ဟာ အလွန်လေးနက်လှပါတယ်။ ဘယ်လိုလဲဆိုတော့ ...
“ပစ္စည်းဥစ္စာ ချမ်းသာဖို့မှာ ခက်ခဲတယ်။ သိမ်းဆည်းထားဖို့ ပိုခက်တယ်။ အဲဒါထက် စနစ်တကျ အသုံးချဖို့က ပိုပြီး အခက်အခဲဆုံးပါပဲ” တဲ့။

သဘောပေါက်တာကတော့ ရှာဖွေတာမှာရော၊ သိမ်းဆည်းတဲ့ နေရာမှာရော၊ စနစ်တကျ သုံးစွဲရာမှာရော လူရဲ့အကျင့်သီလနဲ့ ဆိုင်လာပြီ။ အကျင့်သီလပေါ်မှာ ငွေရမယ်။ အကျင့်သီလကောင်းရင် ကြာကြာခံမယ်။ မှန်မှန်ကန်ကန်လည်း သုံးစွဲရာရောက်မယ်။ နို့မို့ရင်တော့ ငွေကို လူကရှာပြီး ငွေက လူကို ပျက်သုဉ်းအောင် လုပ်ပြေးသွားမှာပဲ။

ငွေဟာ ဘ၀မဟုတ်ဘဲ အကျင့်သီလသာလျှင် ဘ၀ဖြစ်ပါတယ်။ အမှန်စင်စစ် အသက်ရှင်နေထိုင်ခြင်းဟာ အကျင့်သီလနဲ့ ပတ်သက်နေတယ်။ လူအဖြစ် ရပ်တည်နေပြီး အကျင့်သီလပျက်တဲ့အခါ ဘ၀ပါ လိုက်ပျက်တော့မှာပဲ။

အကျင့်သီလမြတ်ရင် မြတ်သလို၊ အကျင့်သီလ နိမ့်ကျရင် နိမ့်ကျသလို ဘ၀အနေအထားကို ပိုင်ဆိုင်မယ်။

ဘ၀ရဲ့အလှဟာ အကျင့်သီလ၊ အကျင့်သီလရဲ့ အလှက ဘ၀ပါပဲဆိုတာ အားလုံးကို သိစေလိုပါတယ်ရှင်။