ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုလျှင်
စိုးမိုးရေးနဲ့ လိုက်နာကျင့်သုံးရေး
ယနေ့
နိုင်ငံတော်အစိုးရ၏ တိုင်းပြု၊ ပြည်ပြု ပေါ်လစီများသည်
အသွင်ကူးပြောင်းရေးကာလ၌ အရေးပါလှသည်။ နိုင်ငံရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ၊
ကျန်းမာရေးပေါ်လစီ၊ ပညာရေးပေါ်လစီ-စသည်ဖြင့် ပြုပြင်ပြောင်းလဲစရာတွေက
များလွန်းလှသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စံနစ်တကျ အသွင်ကူးပြောင်း
နိုင်ရေးအတွက် ပေါ်လစီအရပ်ရပ်ကို နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းသတ်မှတ်
ပေးလျက်ရှိသော်လည်း ပြည်သူများအပေါ် ဥပဒေစိုးမိုးရေးနှင့် ပြည်သူများမှ
ဥပဒေကို လိုက်နာကျင့်သုံးရေးအပိုင်း၌ ချိန်ခွင်လျှာ မညီမျှသကဲ့သို့
ဖြစ်နေသည်။ အဘယ်ကြောင့်ပါနည်း။
မြန်မာလူမျိုးနှင့် မြန်မာလူမျိုးတို့ကိုးကွယ်သော ဘာသာတရားကြောင့်ပေလော။
သို့မဟုတ် စည်းမဲ့ ကမ်းမဲ့နှင့် အနေကြာလာခဲ့၍ စည်းကမ်းများကို
လိုက်နာကျင့်သုံးရန် ခက်ခဲနေခြင်းမျိုးလော။ မြန်မာနိုင်ငံ
သမိုင်းတစ်လျှောက်လုံး၌ ဗုဒ္ဓတရားတော်များကို မြန်မာပြည်သူ၊ ပြည်သားများ
အချိန်ကြာမြင့်စွာ လိုက်နာကျင့်သုံးနေထိုင်ခဲ့ကြ၍ အကျိုးဆက်အနေနဲ့
ကျေးဇူးသိမှု၊ ကျေးဇူးပြုမှု၊ စာနာမှု၊ ကြင်နာမှုနှင့်
မိတ်ဆွေကောင်းပီသမှု-စသည့် ဗုဒ္ဓစ်(စ်) ဖီလိုဆိုဖီများသည်
ပြည်သူများ၏နှလုံးသားဝယ် အမြုတေပမာ တည်ရှိနေခဲ့သည်။ သို့သော် လူကြီးက
မိမိ၏လက်အောက်ခံ လူငယ်များကိုသာ မြှောက်စားခြင်မျိုး၊ ရာထူးကြီးသူက
မိမိလက်အောက်ရှိ ရာထူးငယ်သူများအား ကြည့်ရှုစောင်မခြင်းမျိုး၊
လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း လာဘ်ပေး၊ လာဘ်ယူမှု စသော မှားယွင်းသော
လုပ်ဆောင်မှုမျိုးကို နားလည်ပေးခြင်းမျိုး-စသည်တို့သည်
ဗုဒ္ဓတရားတော်များနှင့် လျော်ညီသည်တော့မဟုတ်ပါ။
သူတော်ကောင်းလမ်းစဉ်များသည်
သိမ်မွေ့လှ၍ ပုထုဇဉ်တို့၏စိတ်နေစိတ်ထားနှင့် သဟဇာတ မဖြစ်သည်ကများသည်။
သူတော်ကောင်းလမ်းစဉ်က စိတ်ကောင်းကို မွေးမြူပြီး၊
မကောင်းတဲ့စိတ်များကို ပယ်ရှားနိုင်ရန် ကျိုးစားအားထုတ်ရသော အကျင့်၊
ကိုယ်နှုတ်စိတ် သုံးပါး၌ ဖြစ်ပေါ်နေသော မကောင်းတဲ့ ကံတွေကို
ကောင်းကံတွေဖြစ်လာအောင် ကျိုးစားအားထုတ်ရသောအကျင့်။ ထို့ကြောင့်
နိုင်ငံအတွက်၊ လူမျိုးအတွက် ဆောင်ရွက်ကြရာ၌ ဆရာမို့၊ သမားမို့၊ အသိမို့၊
လုပ်ဖေါ်ကိုင်ဖက်တွေမို့ – ဆိုတဲ့ အဂတိလမ်းစဉ်ခေါ်
မလိုက်စားသင့်သောလမ်းမျိုးကို မလိုက်စားဘဲ ရှောင်ရှားရပေမည်။
အကျင့်ပျက်ချစား၊ လာဘ်ပေးလာဘ်ယူ ပြုနေသူများရဲ့အကျိုးကို ငဲ့ကွက်နေလျှင်
တိုင်းပြည်ရဲ့အကျိုးစီးပွားကို မငဲ့ကွက်ရာ ရောက်သည်။
တိုင်းပြည်၏အကျိုးစီးပွား၊ ပြည်သူ၊ ပြည်သားများရဲ့ အကျိုးစီးပွားကို
ငဲ့ကွက်ခြင်းသည်ပင် တိုင်းပြည်ကို ကြီးပွားအောင်၊ တိုးတက်အောင်
ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
အမြစ်တွယ်နေတဲ့ အကျင့်များ ပပျောက်ရေး
အစိုးရ၀န်ထမ်း (သို့မဟုတ်) ပြည့်သူ့ဝန်ထမ်းများသည်
ခေါက်ရိုးကျိုးနေပြီဖြစ်သော အမူအကျင့်များကို ဒီမိုကရေစီစနစ်ဆီသို့
အသွင်ကူးပြောင်းဆဲကာလ၌ပင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ လာဘ်ပေး၊
လာဘ်ယူမှုကို ပြုမှ ကြီးပွားနိုင်မည်လား။ မြန်မာပြည်ရှိ ရုံးဝန်ထမ်းများသည်
(ပညာရေးဌာနများအပါအ၀င်) လာဘ်ပေး၊ လာဘ်ယူမှုများကို အဖြုတ်ခက်၊ အနှုတ်ခက်
ဖြစ်နေကြဟန်တူသည်။ အထက်ပိုင်းမှ အကျင့်ပျက် ခြစား လာဘ်ပေး၊ လာဘ်ယူမှုများ
ပပျောက်စေရန် ဥပဒေများရေးဆွဲပြီး၊ အတိအလင်း သတိပေး ပြောကြားနေသော်လည်း
အောက်ခြေပိုင်းကတော့ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ဒီမိုကရေစီ စနစ်နှင့်
တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရာ၌ လာဘ်ပေး၊ လာဘ်ယူမှုများကြောင့်
တိုင်းပြည် တိုးတက်ရေးမှာ အဟန့်အတားများ ရှိနေဆဲဖြစ်သည်။ ဒီမိုကရေစီ၏
သရုပ်သကန်များမှာလည်း မပေါ်လွင်ပဲ နှေးကွေးလျှက် ရှိနေသည်။
ထိုအကျင့်ပျက် ခြစား လာဘ်ပေး၊ လာဘ်ယူမှုများကို နှိမ်နှင်းရာ၌
နှေးကွေးလွန်းသည်ဟုထင်သည်။ တစ်ဖက်မှလည်း လူမျိုးနှင့်
သင့်တော်သောဥပဒေများကို ပြဋ္ဌန်းပေးလျှက် အခြားတစ်ဖက်မှလည်း
ဥပဒေချိုးဖေါက်သူများကို ထိရောက်စွာ အရေးယူရန်ဖြစ်သည်။ ပြည်သူများကိုလည်း
ထိုကဲ့သို့သော အမှုမျိုးကို ပြုခြင်းသည် ဥပဒေကို
ချိုးဖေါက်နေခြင်းဖြစ်ကြောင်း စာသင်ကျောင်းများမှအစ
ပြည်သူတို့ရဲ့ဘ၀တွေထဲအထိ ပညာပေးဆောင်ရွက်မှုများကို ရေဒီယို၊
ရုပ်မြင်သံကြား အစီအစဉ်အများမှလည်းကောင်း။ ကျောင်းသင်္ခန်းစာ
များမှလည်းကောင်း သင်ကြားခြင်း၊ ရှင်းလင်းပြောကြားခြင်းများကို
ပြုလုပ်ပေးသင့်ပေသည်။ နောက်ဆုံး ထိုကဲ့သို့သော လာဘ်ပေး၊ လာဘ်ယူမှုများကို
ပြုလုပ်နေသူများသည် ဥပဒေကို ကျူးလွန်၊ ချိုးဖေါက်သူများဟု
ပညာပေးသင်္ခန်းစာများကို သင်ကြားပို့ချပေးသင့်သည်။
အရူး၊ အမူးများချည်း စာတတ်နေလို့ မဖြစ်
နိုင်ငံတစ်ခု၏ စံနစ်ဟောင်းများကို စံနစ်သစ်တစ်ခုဖြင့်
အစားထိုးပြုပြင်ပြောင်းလဲရာ၌ ပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍ၌
ပါဝင်လျှက်ရှိသည်။ ပညာရေးကို မမြှင့်တင်ပဲ လူမျိုးကို မြှင့်တင်ပေးလျှင်
အရူးစာတတ်သည်နှင့်တူနေပေလိမ့်မည်။ လူမျိုးကို မမြှင့်တင်ပဲ ပညာရေးကိုသာ
မြှင့်တင်ပေးလျှင် အမူးစာတတ်သည်နှင့်တူနေပေလိမ့်မည်။ တိုင်းပြည်၌
ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေရခြင်း၏ အကြောင်း တစ်ချက်မှာ
မြန်မာပြည်သူ၊ ပြည်သားအများစု၏ ၇၀% နှုန်းမှာ တက္ကသိုလ်ပညာကို
သင့်ခွင့်မရရှိခြင်း၊ ပညာတတ်လူတန်းစားများ နည်းပါးနေခြင်းပင်ဖြစ်သည်။
ပြည်သူတွေ ပညာတတ်အောင် ဘာတွေလုပ်ပေး သင့်သနည်း။
ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ်ကို ပြန်လှန်သုံးသပ်ကြည့်လျှင်
ယခုလက်ရှိကျင့်သုံးနေသော မြန်မာနိုင်ငံရဲ့ပညာရေးစံနစ်သည် ၁၉၄ဂ-ခုနှစ်တွင်
ကုလသမဂ္ဂမှ “လူ့အခွင့်ရေး ကြေညာစာတမ်းကြီး”၌ ဖေါ်ပြထားသည်အတိုင်းသာ
ရှိနေပေသေးသည်။ ထိုကျေညာစာတမ်းကြီး၌ ထုတ်ပြန်ထားသည်မှာ – “မူလတန်းပညာကို
အခမဲ့သင်ယူခွင့်ရှိသည်၊ သင်တတ်နိုင်ပါက အထက်တန်းကျောင်းကြီးများတွင် ပညာ
ဆက်လက် ဆည်းပူးခွင့်ရှိသည်” ဟု ဖေါ်ပြထားသည်။ ဤကြေညာစာတမ်းနှင့်ပတ်သက်၍
အချိန်ကာလကို ပြန်လည်ဆန်းစစ်ဖို့လိုသည်။
ထိုစာတမ်းသည်
၁၉၄ဂ-ခုနှစ်က ထုတ်ပြန်ထားခဲ့သော “လူ့အခွင့်ရေး ကြေညာစာတမ်းကြီး” ဖြစ်၍
ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပြီဖြစ်သည်။ စစ်ကြီးပြီးစ
ထိုခေတ်ထိုအခါ၌ ထိုပညာရေးသည် အဆင့်မြင့်ကောင်းမြင့်ပေလိမ့်မည်။ သို့သော်
ဤခေတ်၊ ဤအခါမျိုး၌ ထိုပညာရေး(မူလတန်းပညာရေး)သည် အောက်ခြေအဆင့်မျှသာရှိသည်။
ရေးတတ်ဖတ်တတ် အဆင့်မျှသာရှိသည်။ ထိုမူလတန်းအောင်လက်မှတ် ရရှိထားသူကို
ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ ကြိုဆိုမည်မဟုတ်ပေ။
အမှန်တကယ်မူ
မြန်မာနိုင်ငံ၏ ပညာရေး စံနစ်သည် “နိုင်ငံတကာ
ပညာရေးစံနှုန်းများနှင့်နှိုင်ယှဉ်ကြည့်လျှင် ဆယ်စုနှစ်ပေါင်းများစွာ
နောက်ကျ ကျန်နေခဲ့သည်။ အိုင်တီခေတ်၌ အိုင်တီလက်ဖြင့် လှပသောကမ္ဘာကြီးကို
တည်ဆောက်နေချိန်တွင် စာသင်ကျောင်းများ၌ “ပညာမြင့်မှ လူမျိုးတင့်မည်”
ဆိုသည့် ဆိုင်းဘုတ်ကြီးကိုတင်၍ ဂုဏ်ယူနေကြမည် ဆိုလျှင်
မြန်မာလူမျိုးများ၏ပညာအဆင့်အတန်းသည် ခေတ်သစ်အလုပ်သမား (ခေတ်သစ်ကျွန်)
ပညာရေး အဆင့်မျှသာ ရှိနေပေလိမ့်မည်။ ကျွန်လူမျိုးအဆင့်သာသာသာ
ရှိပေလိမ့်မည်။ ထို့ကြောင့် မြန်မာလူမျိုးများ နိုင်ငံတကာ၏အလယ်၌
ပွဲလယ်တင့်နိုင်ရန် ပညာရေးစံနစ်များကို အောက်ခြေမှစ၍ အထက်တန်း ပညာများအထိ
မြှင့်တင်ပေးဖို့လို၏။ လေးလေးနက်နက် စဉ်းစားနိုင်ဖို့ပါ။
ပညာကောင်းမှ နိုင်ငံကောင်းမည်
ယနေ့မျက်မှောက်ကမ္ဘာတွင်
ထိပ်တန်းရောက်နေသော ကမ္ဘာ့နိုင်ငံများ၏ ပညာရေးစံနစ်များကို
လေ့လာသုံးသပ်ကြည့်လျှင် ပညာရေးစနစ်ကောင်းမွန်မှုကြောင့် ထိပ်တန်းရောက်နေသော
နိုင်ငံများစွာ ရှိပါသည်။ ဥပမာ၊ အမေရိကန်နိုင်ငံရှိ ကျောင်းသူ၊
ကျောင်းသားများသည် အသက်(၅)နှစ်မှ (၁၈)နှစ်ထိ အထက်တန်းပညာကို မသင်မနေရနှင့်
အခမဲ့ပညာရေးမျိုးဖြစ်အောင် ဥပဒေဖြင့် ပြဋ္ဌန်းပေးထားသည်ကို တွေ့ရှိရ၍
လူမျိုးအလိုက် ကွန်ပြူတာစသောခေတ်ပညာကို တတ်မြောက်ကြသည်။
ဥရောပနိုင်ငံများထဲတွင် အင်္ဂလန်နိုင်ငံသည်လည်း ကျောင်းသူ၊ ကျောင်းသားများအား
အသက် (၅)နှစ်မှ (၁၆)နှစ်ထိ အထက်တန်းပညာကို အိုလယ်ဗယ်အထိ မသင်မနေရနှင့်
အခမဲ့ပညာရေးမျိုးဖြစ်အောင် ဥပဒေဖြင့် ပြဋ္ဌာန်းပေးထား၍ ကမ္ဘာအလယ်မှာ
တင့်တယ်စွာ နေနိုင်ကြသည်။
အရှေ့တောင်အာရှနိုင်ငံများထဲတွင်
စင်္ကာပူနိုင်ငံသည်လည်း အသက် (၅)နှစ်မှ (၁၆)နှစ်ထိ အင်္ဂလန်နိုင်ငံကဲ့သို့
အိုလယ်ဗယ်အထိ မသင်မနေရနှင့် အခမဲ့ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ
ဥပဒေပြူ၍ ပြဋ္ဌာန်းပေးထားသည်အတွက်ကြောင့် ခေတ်သစ်စင်္ကာပူနိုင်ငံရဲ့
ပညာရေးအဆင့်အတန်းသည် အရှေ့တောင် အာရှနိုင်ငံများအလယ်၌ ဂုဏ်ထည်လျှက်ရှိသည်။
ပညာရေးကို
အစိုးရမှ ဘယ်လောက်အရေးထားသလဲဆိုရင် ကျောင်းပျက်နေသော ကျောင်းသား၊
ကျောင်းသူများအား ဆရာ၊ဆရာမများမှ မိဘများသို့ တိုင်ကြားသောအခါ
မိဘများဘက်မှ ပါဝင်ပူးပေါင်း၍ သားသမီးများကို
ကျောင်းသို့ပို့ပေးခြင်းစသည့် ပြုပေးရမည့် တာဝန်ဝတ္တရားများ ပျက်ကွက်ခဲ့သော်
ထိုမိဘများအား ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) စင်္ကာပူဒေါ်လာ ငါးထောင်
ဖိုင်းချနိုင်သော ဥပဒေကိုပါ ပူးတွဲပြဋ္ဌာန်းပေးထားသည်။ “ပညာမြင့်မှ
လူမျိုးတင့်မည်”ဆိုသည့် သီအိုရီသည် ထိုနိုင်ငံအတွက်
သက်သေသာဓကတစ်ရပ်ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံအတွက်မူ ထိုသီအိုရီသည်
သံသယစိတ်နဲ့ လက်ခံထားရဆဲဖြစ်သည်။
ဝမ်းနည်းဖွယ် မြန်မာ့ပညာရေး
မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို
လေ့လာကြည့်ရှုသောအခါ ၀မ်းနည်းဖွယ်ရာများကို တွေ့ရှိကြရသည်။
ပညာကိုလိုလားသော အချို့ကျောင်းသား၊ ကျောင်းသူများသည်
ပညာရေးစံနစ်နှင့်ပတ်သက်၍ အခက်တွေ့နေ ရဆဲဖြစ်သည်။
ဥပမာ၊
ဘကကျောင်း (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)မှ ကျောင်းသား၊ ကျောင်းသူများ
(ပိုက်ဆံမတတ်နိုင်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၍ တက်ရောက်သင်ကြား နေသော
ကျောင်းသား၊ ကျောင်းသူများ) သည် ကိုးတန်း၌ တစ်နှစ်ကျမဟုတ်၍
အပြင်ဖြေခွင့်ကို နိုင်ငံတော်မှ ခွင့်မပြုသည့်ကိစ္စ။ ဆယ်တန်း၌လည်း
ဘကကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများနှင့်
အခြားမြို့ရွာများမှ ရောက်ရှိလာကြသော ကျောင်းသား၊ ကျောင်းသူများသည်
အကြောင်းအမျိုးမျိုးကြောင့် အပြင်ဖြေးခွင့်လည်းမရ၊
အတွင်းဖြေခွင့်လည်းမရနိုင်သည့်ကိစ္စ။ လွန်ခဲ့တဲ့နှစ်ကအဖြစ်အပျက်တစ်ခုမှာ
ရန်ကုန် တိုင်း၌ ကိုးတန်းတနှစ်ကျမဟုတ်၍ စာမေးပွဲကို ဖြေခွင့်မရရှာသော
ကျောင်းသား၊ ကျောင်းသူပေါင်းရာကျော် အထိရှိကြောင်း သတင်းများထွက်ခဲ့၏။
စုံစမ်းကြည့်သောအခါ တကယ့်သတင်းမှန်ဖြစ်နေ၏။
ဖြစ်သင့်သည်မှာ
နိုင်ငံတော်မှ ထိုကျောင်းသား၊ ကျောင်းသူများ၏ပညာရေးကို မပံ့ပိုး၊
မကူညီနိုင်သေးသည်တိုင်အောင် စွမ်းနိုင်သည့်ဖက်မှ ကူညီပေးသင့်သည်။ ဥပမာ၊
ဘယ်နေရာမှာပဲနေနေ၊ ဘယ်နေရာမှာပဲ ဖြေဖြေ အစစ်အမှန်ဖြစ်လျှင် ကိုးတန်း၊
ဆယ်တန်းစာမေးပွဲများကို ဖြေဆိုခွင့်ပေးသင့်ပါကြောင်း အလေးအနက်
တိုက်တွန်းရခြင်းဖြစ်သည်။
ပညာသင်ရမည့်အရွယ်၌
ကလေးသူငယ်များ ပညာသင့်ခွင့်မရခဲ့လျှင် ထိုကျောင်းသား၊ ကျောင်းသူများ၏ဘ၀သည်
အမှောင်လမ်းများပေါ်တွင် ရောက်သွားနိုင်၍ နိုင်ငံတော်ရဲ့အကြီးအကဲများအနေနဲ့
လေးလေးနက်နက်စဉ်းစားသင့်သည်။ ပညာတတ်ပေါများသောနိုင်ငံသည် မှုခင်းများ၊
ဒုစရိုက်များ နည်းပါး သည်ကို သုတေသနစာတမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံ၌
ပညာတတ်များပေါများလာလျှင် နိုင်ငံလည်း တိုးလာတက်နိုင်၍ မှုခင်းများလည်း
နည်းပါးသွားနိုင်မည်ဖြစ်သည်။
လွဲချော်ပညာရေး လွဲချော် အနာဂတ်
မြန်မာနိုင်ငံပညာရေးစံနစ်နှင့်စပ်လျဉ်း၍
တစ်ခုခုတော့ လွဲချော်နေသည်ဟု ထင်မြင်ယူဆမိသည်။ အထက်တန်း ပညာကို
သင်ယူလိုသော ကျောင်းသူ၊ ကျောင်းသားများသည် အခက်အခဲမျိုးစုံနှင့်
နှစ်စဉ်နှစ်တိုင်း တွေ့ကြုံနေရ ဆဲဖြစ်သည်။ ဆင်းရဲလွန်း၍ ကျောင်းမနေနိုင်သော
ကျောင်းသူ၊ ကျောင်းသားပေါင်း ရာထောင်ချည်၍ ရှိနေသည်။ ထိုဆင်းရဲသော
ကျောင်းသူ၊ ကျောင်းသားများကို ဘကခေါ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌
အခမဲ့ ပညာသင်ကြားကြရသည်။
ထိုသို့သင်ကြားကြရာ၌
ကိုးတန်းနှင့် ဆယ်တန်းစာမေးပွဲများ၌ ဖြေဆိုခွင့် အခက်အခဲများ ရှိနေခြင်း၊
တချို့ ဆယ်တန်းစာမေးပွဲကို ဖြေဆိုရာ၌ ကိုးတန်း အောင်မြင်ခဲ့သော မြို့၊
ရွာများသို့ ပြန်ရောက်၍ ဖြေဆိုရခြင်းမျိုး၊ ထိုသို့မပြုလုပ်ခဲ့လျှင်
စာမေးပွဲဖြေဆိုခွင့်ကို ပိတ်ပင်ထားခြင်းမျိုး-စသည်တို့ဖြစ်သည်။
တိုင်းပြည်ကို တိုးတက်စေလိုလျှင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအဆင့်
အတန်းများ မြင့်မားတိုးတက်အောင် ပြုပေးရမည်ကို နိုင်ငံခေါင်းဆောင်များ
“သတိမမူဂူမမြင်” ဆိုတာမျိုး ဖြစ်နေမှာကို စိုးရိမ်မိသည်။
ဖြစ်နိုင်လျှင်
အထက်တန်းပညာကို အခမဲ့သင်ကြားပေးသော ဘုန်းတော်ကြီးသင် ပညာရေး
ကျောင်းများကို နိုင်ငံတော်ကျောင်းများကဲ့သို့ အရည်အချင်းများပြည့်မှီလျှင်
(ဒေါက်တာဘွဲ့ရပုဂ္ဂိုလ်များမှ ဦးစီးနေတာမျိုးဖြစ်ခဲ့လျှင့်
နီးစပ်ရာအထက်တန်းကျောင်းများနှင့် တွဲဖက်ပြုလုပ်ပြီး ခွင့်ပြုပေးတာမျိုး၊
သို့မဟုတ် ဘယ်နှင့်မှ မတွဲဖက်ပဲနှင့် ဘုန်းတော်ကြီးသင်
အထက်တန်းကျောင်းများကို ဖွင့်ခွင့်ပြုတာမျိုးကို ဥပဒေပြဌာန်း၍
ပြုလုပ်ပေးသင့်သည်ဟု ယူဆမိသည်။ အမျိုးဘာသာ သာသနာအတွက်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ၏ အရေးပါမှုကို နိုင်ငံတော်အကြီးအကဲများ
သတိမူနိုင်ကြဖို့ပါ။
မြန်မာနိုင်ငံ၏
သမိုင်းကြောင်းများကို ပြန်လှန်သုံးသပ်ကြည့်မည်ဆိုလျှင် သမိုင်းအဆက်ဆက်၊
မင်းအဆက်ဆက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည်
မူလတန်းကျောင်းလည်းဖြစ်၊ အလယ် တန်းကျောင်း၊ အထက်တန်းကျောင်းများလည်းဖြစ်၊
တက္ကသိုလ်ကျောင်းများလည်းဖြစ်ခဲ့သည်။ အကယ်၍သာ နိုင်ငံတော် အစိုးရမှ ဆင်းရဲ
ချမ်းသာမရွေး တန်းတူ၊ ရည်တူ အထက်တန်းပညာကို တိုင်းသူ၊ ပြည်သားများအား
သင်ယူခွင့်များ ပေးလိုတယ်ဆိုလျှင် ဘကပညာရေးသည်လည်း အရေးတစ်ရေးဖြစ်ကြောင်း
ထည့်သွင်း စဉ်းစားရပေမည်။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ။ ဇူလိုင် ၂၊ ၂၀၁၂