Friday, August 24, 2012

“ဖန်ဆင်းရှင်နှင့် ဥစ္စာရှင်”


“ဖန်ဆင်းရှင်နှင့် ဥစ္စာရှင်”
     တို့လူ့ပြည်မှာ ပျော်ရွှင်စရာ အစစ်တွေပေါတယ်။ ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း၊ မိဘကို ရိုသေတဲ့ ကုသိုလ်တွေ၊ ကျေးဇူးသိပြီး ကူညီတဲ့ ကုသိုလ်တွေ၊ ဒါန၊ သီလကုသိုလ်တွေ အဲဒါ ကိုယ်ပိုင်အစစ်တွေပဲ။ ဒါတွေကိုသိပြီး တစိမ့်စိမ့်တွေးရင်း ဝမ်းသာပျော်ရွှင်နေမယ်ဆိုရင် အနုဿတိဘာဝနာ ကုသိုလ်တောင် ထပ်တိုးလိုက်သေး။ ဒါကြောင့် ဒီအပျော်မျိုးကို “ဓမ္မရတိ = တရားနဲ့ပျော်တယ်” လို့ခေါ်တာ။ ပျော်နိုင်လေ ကုသိုလ်တိုးလေပဲ။ ဓမ္မရတိနဲ့ ပျော်မွေ့သူဟာ ကိုယ်ပိုင်တရားအစစ်နဲ့ ပျော်တာဖြစ်လို့ ဥစ္စာရှင်စစ်စစ်လည်း ဖြစ်တယ်။


"အငှားအတုနဲ့ ပျော်တာ
ကိုယ်ပိုင်မရှိတဲ့ ဖန်ဆင်းရှင်တွေပဲ၊
ကာမရတိခေါ်တယ်။
ကိုယ်ပိုင်ကုသိုလ်တရားနဲ့ ပျော်တတ်မှ
ဥစ္စာရှင် ဓမ္မရတိလို့ ခေါ်တယ်။"
နတ်မောက်မြို့နယ်၊ ဥယျာဉ်တောင်ကျောင်းဆရာတော်

နတ်မောက်မြို့၊ အရှေ့လက်အဆုံး အလယ်ရိုးမ တောင်ခြေမှာရှိတဲ့ ဥယျာဉ်တောင်ကျောင်းဆရာတော်ရဲ့ ဘွဲ့တော်က ဘဒ္ဒန္တဇာဂရလို့ ခေါ်ပါတယ်။ ငယ်ဖြူတော့ မဟုတ်ပါဘူး။ အသက်သုံးဆယ်ကျော်လောက်မှ ရဟန်းပြုခဲ့တာပါ။ ရဟန်းဖြစ်ပြီးတော့ သူ့အရွယ်ရှိသလောက် စာသင် တိုက်ကိုသွားပြီး စာပေသင်ကြားခဲ့တယ်။

သူ့ရည်ရွယ်ချက်ကိုက စာချဘုန်းကြီးတစ်ပါး ဖြစ်ဖို့မဟုတ်ဘဲ၊ သူ့ရပ်သူရွာကို မျက်လုံးပွင့်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိလေတော့ လောကုတ္တရာ ပညာသာမက လောကီသင်္ချာပညာနဲ့ တိုင်းရင်းဆေးပညာတို့ကိုပါ သင်ယူခဲ့တာမို့ လောကုတ္တရာစာပေမှာတော့ အခြေခံ သာသာလောက်နဲ့ ရဟန်းသိဖွယ် ကံကြီးကံငယ်လောက်ပဲ ကျွမ်းကျင်ပါတယ်။

သူက ပင်ကိုဉာဏ်ကောင်းသူဖြစ်လို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ ပညာသင်ရကတည်းက ဇာတ်ကြီးဆယ်ဘွဲ့တို့၊ ငါးရာငါးဆယ်တို့အထိ တတ်ခဲ့ရဖူးတာဖြစ်လို့ ပြောဆိုဆုံးမစရာရှိရင် ပုံတိုပတ်စနဲ့ ဟောတတ်ပြောတတ်တယ်။

စာသင်တိုက်က ပြန်လာပြီး ရွာမှာ ခန်းနေဦးဇင်းအဖြစ်နဲ့နေတဲ့ အချိန်ကစပြီး ကျေးရွာပြုပြင်ရေးကိစ္စတွေကို သူစွမ်းနိုင်သလောက် စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက နံဘေးရွာသားလည်းဖြစ် ရှေးရိုးကလည်းဆန်ဆိုတော့ ကျောင်းပညာရေးမှာ ကိုရင်တွေ သဒ္ဒါသင်္ဂြိုဟ် ပို့ချပေးတာကလွဲလို့ ကျန်တဲ့ ပညာရေးနဲ့ ရပ်ရေးရွာရေး ဟောရေးပြောရေးကိစ္စအားလုံးကို သူ့လက်ထဲ အကုန်လွှဲ အပ်ထားတယ်။ သူက ရပ်ရွာဇာတိသားလည်းဖြစ်၊ တစ်ရွာလုံးကလည်း ဆွေရိပ်မျိုးရိပ်မကင်းတွေ ဖြစ်တာကြောင့် သြဇာတိက္ကမလည်း ရှိတယ်။

သူရွာပြန်ရောက်လာတော့ နေ့ဘက်မှာ ကျောင်းသားကိုရင်တွေကို သင်္ချာသင်ပေးပြီး ညပိုင်းမှာ ရွာထဲက လူငယ်လူလတ်ပိုင်းတွေကို အခြေခံ သင်္ချာကစပြီး ကုန်တွက်တို့၊ သစ်တန်တွက်တို့ သင်ပေးပါတယ်။ အဲ့ဒီတုန်းက အောက်လင်းဓာတ်မီးတွေသုံးတဲ့ ခေတ်ဆိုတော့ ညဘက်မှာ အောက်လင်းဓာတ်မီးတွေ တထိန်ထိန်နဲ့ ပညာရေးခေတ်ပြောင်း ကာလကြီးတစ်ခုလို တစ်ရွာလုံး တက်တက်ကြွကြွ ဖြစ်နေကြတယ်။ ကျန်းမာရေး နဲ့ပတ်သက်လို့လည်း ရိုးရာအစွဲအလမ်း စုန်းပူး၊ နတ်ဖမ်း၊ ပွဲထိုးဆိုတာတွေ လက်မခံဘဲ တိုင်းရင်းဆေးပညာနဲ့ လမ်းညွှန်ပေးခဲ့လို့ သူ့ရွာမှာ သာမကဘူး၊ ရွာနီးချုပ်စပ်ကပါ ကျန်းမာရေးအတွက် အားကိုးအားထား ပြုရပါတယ်။

ကျောင်းထိုင်ဘုန်းကြီး ပျံတော်မူတော့ သူပဲ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ သူကျောင်းထိုင်ဘုန်းကြီးဖြစ်တဲ့အခါ ပထမဆုံးပြုပြင်ရေး လုပ်လိုက်တာကတော့ တောင်ရွာမြောက်ရွာ သီတင်းကျွတ်ပွဲတော်မှာ ဗျောက်အိုးတွေ အပြိုင်ဖောက်တာကို လုံးဝပိတ်ပင်လိုက်တယ်။ သီတင်းကျွတ်ပွဲတော်ကိုလည်း ဟိုဘက်ရွာက လပြည့်နေ့လုပ်တော့ သူ့ရွာက လပြည့်ကျော်(၈)ရက်မှ မီးထွန်းပွဲရက် ကျင်းပတယ်။

ရွာချင်းလည်း ပိုပြီးရင်းနှီးလာကြလို့ ရုံးပြင်ကနား အရောက်အပေါက်လည်း နည်းသွားကြပါတယ်။ အဲ့ဒီအရပ်ရဲ့ ဓလေ့တစ်ခုက ရှင်ပြုအလှူပွဲ ရှိတဲ့အခါ အလှူဝင်နေ့ အလှူဝတ်စံဘုရားပင့် လှည့်လည်ပွဲလုပ်ကြတယ်။ ဒီလှည့်လည်ပွဲက သူ့အရပ်နဲ့သူတော့ အလွန်အရေးပါတဲ့ပွဲပေါ့။ ရွာခံအမျိုးသမီးများနဲ့ ရွာနီးချုပ်စပ်က အမျိုးသမီးများပါ ရှိသမျှအစွမ်းကုန်ထုတ်ပြီး ဝတ်စားဆင်ပြင် ရှိုးထုတ်တဲ့ ပွဲပါပဲ။ အလှူရက် သတ်မှတ်ပြီးပြီ ဆိုကတည်းက စုကြ၊ ဆောင်းကြ၊ ဝယ်ကြ၊ ချုပ်ကြပေါ့။ ပြချင်သူများက ပြဖို့ စိတ်ဝင်စားကြသလို၊ အားပေးကြည့်ရှုမယ့် ကာလသားများကလည်း အလေးအနက် ထားကြပါတယ်။ ရွာခံကာလသားများသာ မကဘူး၊ လက်လှမ်းမှီသမျှ ရွာနီးချုပ်စပ်က ကာလသားများပါ မျက်စိပသာဒ ခံယူတဲ့ပွဲကြီးတစ်ခုပေါ့။ အလှူဝင်နေ့ ညနေပိုင်းရောက်ပြီဆိုရင် လယ်ထဲယာထဲမှာ ဘာတွေအရေးကြီးနေနေ အလှူဝတ်စံအမှီတော့ ရောက်အောင် လာကြတာပဲ။

အဲ.. မှတ်မှတ်ရရ မိန်းကလေးတွေဆောင်းတဲ့ "ခေါက်ထီး"ဆိုတာတွေ စပြီးခေတ်စားခါစကပေါ့။ အဲဒီနယ်မှာ ခေါက်ထီးရောဂါ တော်တော်ထ လိုက်ကြတယ်။ အလှူဝတ်စံအမှီ ခေါက်ထီးဝယ်ရတဲ့ကိစ္စက သမီးများတဲ့ မိဘများမှာ ဝန်ထုပ်ကြီးတစ်ခုလို ဖြစ်လာတယ်။ အနီးအနားက ရွာတစ်ရွာမှာ ခေါက်ထီးဆောင်းပြီး အလှူဝတ်စံ မလိုက်ရလို့ အင်ဒလင်း ပိုးသတ်ဆေးသောက်ပြီး မိုက်တွင်းနက်ပြလိုက်တယ်ဆိုတာလည်း ကြားရတယ်။

ဒါနဲ့ ကျောင်းဘုန်းကြီးက တစ်ရွာလုံးခေါ်ပြီး အိမ်မှာ ပိုးသတ်ဆေးဝယ်ဆောင်ထားတဲ့ ဝါတောင်သူတွေို့ ဆေးဘူးတွေ ဆေးဖျန်းပုံးတွေ အိမ်မှာမထားရ၊ ကျောင်းအောက်ထပ်မြေတိုက်ထဲမှာ ကိုယ့်သင်္ကေတနဲ့ကိုယ် လာအပ်ရမယ်။ ခန်းနေဦးဇင်းက စာရင်းနဲ့မှတ်ပြီး လက်ခံသော့ခတ် ထား၊ ဆေးဖျန်းမယ့် လူကြီးကိုယ်တိုင်လာယူမှ ထုတ်ပေးရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်။

    ဒါပေမဲ့ ရောဂါက တက်ခါစဆိုတော့ အရှိန်မသေဘူး။ ရွာထဲမှာ သမီးအပျိုငါးယောက်လောက်ရှိတဲ့ မိသားစုမှာ ခေါက်ထီးရောဂါ ကူးစက်ပြင်းထန်ကြလို့ နောက်နှစ်အတွက်ထားတဲ့ မျိုးပဲ မျိုးနှမ်းလေးတွေရောင်းပြီး ကုသလိုက်ရတာ ကုန်ရောတဲ့။ မိဘဆိုတော့လည်း "နင်တို့ အလှူမှာကြွားပြီးရင် အိမ်မှာ ထမင်းမစားဘဲနေကြ" ဘာညာနဲ့ ဆူပူရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ၊ ဝယ်ပေးရတော့တာပေါ့။ တခြားအလားတူ မိသားစု သုံးလေးစုလောက်မှာလည်း ဒီခေါက်ထီးရောဂါအတွက် မရှူသာမရှိုက်သာ ဘေးကြပ်နံကြပ်ရိုက်နေတယ်ဆိုတဲ့အကြောင်း ကြားနေ ရတယ်။ တစ်ရွာလုံးမှာတော့ ဒီရောဂါက မျက်မြှေးရောင်တို့၊ တုပ်ကွေးတို့ထက် ကူးစက်မှုမြန်သလို ဝေဒနာကလည်း ပြင်းထန်ပုံရပါတယ်။ မိဘတိုင်း ပြောဆိုငြီးငြူနေကြတာ ဒီအကြောင်းချည်းပဲ။

  အဲ ပျော်ပါးတဲ့နေရာမှာ ကာမဂုဏ်ဆိုတဲ့ အာရုံတွေနဲ့ ပျော်မွေ့တာလည်း ရှိတယ်။ စာလိုတော့ ကာမရတိလို့ ခေါ်တာပေါ့။ တရားနဲ့ ပျော်တာလည်း ရှိတယ်၊ ဓမ္မရတိလို့ ခေါ်တယ်။

  “သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါအားလုံးဟာ ကံသာကိုယ်ပိုင်ဥစ္စာရှိတယ်” ဆိုတဲ့အတိုင်း ဘယ်သူမဆို ကိုယ်ပြုထားတဲ့ကံ၊ ကိုယ်ကျင့်သုံးဆောက်တည်ထားတဲ့ ကံတရားကသာ ကိုယ်ပိုင်ဥစ္စာဖြစ်တယ်။ ဒီကံတရားဆိုတဲ့ နေရာမှာလည်း ကုသိုလ်ကံကသာ ကိုယ်လိုလားတဲ့ကောင်းကျိုးကို ပေးနိုင်တာဖြစ်လို့ ကိုယ်ပိုင်ဥစ္စာအစစ် ခေါ်တယ်။ ဒီလို ကုသိုလ်ကံရှိတဲ့အလျောက် ရရှိတဲ့အာရုံငါးပါးတွေနဲ့ ပျော်မွေ့ကြတာကို ကာမရတိလို့ ခေါ်တယ်။ လောကီအာရုံတွေနဲ့ ပျော်မွေ့နေတာတွေပေါ့။

  ကာမရတိဆိုတာ စာသံပေသံပါနေတယ်။ အရပ်စကားနဲ့ နားလည်လွယ်အောင်ပြောရရှု အာရုံငါးပါး ကာမဂုဏ်တရားတွေကို တပ်မက်ပြီး ပျော်ပါးတာပါပဲ။ ကုသိုလ်ကံကြောင့်ရရှိတဲ့ ကောင်းကျိုးတွေဆိုပေမဲ့ ဒီလို ကုသိုလ်တရားကို တားဆီးပိတ်ပင်တတ်တဲ့လောဘ အကုသိုလ်နဲ့ ပျော်မွေ့မှုဟာ ကိုယ်ပိုင်မဟုတ်တဲ့အတွက် အငှားအတုတွေ ဖန်တီးထားတာတွေပဲ။

   နတ်ပြည်ခြောက်ထပ်ထဲမှာ နိမ္မာနရတိနတ်ဆိုတာ ရှိတယ်။ သူတို့မှာ ကိုယ်အလိုရှိရာကို ဖန်ဆင်းပြီး ပျော်မွေ့နိုင်တဲ့ ကမ္မဇိဒ္ဓိဆိုတာ ရှိတယ်။ အတိတ်ကံရဲ့ အစွမ်းသတ္တိတွေပေါ့။ အဲဒီနတ်တွေက ကိုယ်အလိုရှိရာကို ဖန်ဆင်းပြီး ပျော်ကြတာတဲ့။ ဖန်ဆင်းပြီးပျော်တယ်ဆိုကတည်းက ကိုယ်ပိုင်အစစ်နဲ့ မပျော်တတ်ကြလို့၊ ဒါမှမဟုတ် အခုပစ္စုပ္ပန်မှာ ကိုယ်ပိုင်ပျော်စရာအစစ် မရှိလို့ အတုတွေ ဖန်ဆင်းပျော်ရတာပေါ့။ ဒီအပျော်မျိုးကို ကာမရတိခေါ်တာပဲ။ အကုသိုလ်ပျော်နဲ့ ပျော်ကြတာလို့ ပြောတာ။

   တချို့ အပျော်လွန်တဲ့နတ်တွေဟာ ကုသိုလ်တရားကို မေ့လျော့ရုံမကဘူး၊ အစာစားချိန်တောင်မေ့ပြီးး အပျော်လွန်လို့ သေရတာလည်းရှိတယ်။ နတ်ပြည်ဆိုတာ ပျော်စရာအတုတွေ ပေါများပြီး ကုသိုလ်တရားကို မေ့လျော့တတ်တဲ့အတွက် ကိုယ်ပိုင်ပျော်စရာ ကုသိုလ်တရားရှားပါးတဲ့ ဒေသမျိုး။ ဒါကြောင့်လည်း အဲဒီဘုံတွေမှာ ဘုရားမပွင့်ကြတာပဲ။

   လူ့ပြည်မှာ ဘုရားရှင်တွေပွင့်ကြလို့ သရဏဂုံသုံးပါး (ရတနာသုံးပါး) ထင်ရှားရှိပေမဲ့လည်း အတုဖြစ်တဲ့ ကာမဂုဏ်တွေနဲ့ပျော်နေတဲ့ လူတွေ သန္တာန်မှာ သရဏဂုံ ရှိမနေဘူး။ ကုသိုလ်တရားလည်း ရှိမနေဘူး။ ဒီအပျော်တု အပျော်ငှားတွေက သရဏံဂုံကိုရော ကုသိုလ်တွေကိုရော ဖုံးကွယ် ပါတယ်။

   အခု ဒီနယ်တဝိုက်က မိန်းကလေးတွေကိုပဲ ကြည့်ပါလား။ အလှူပွဲတစ်ခု ခုကြုံမှ ဘုရားပင့် အလှူဝတ်စံချိန်ကလေး တခဏလောက်မှာ ဆောင်းရမည့် “ခေါက်ထီး”နဲ့ ပျော်ချင်ကြတဲ့အတွက် မိဘတွေကို အပူကပ်ကြ၊ စိတ်ဆင်းရဲအောင် လုပ်ကြသတဲ့၊ မိဘကျေးဇူးကို မေ့ပစ်ထားကြတယ်။ ဒါဟာ ကုသိုလ်ကို ပိတ်ပင်ပြီး အကုသိုလ်တွေ တိုးနေတာပဲ။ အဲဒါအငှားပျော် ပျော်ချင်ကြတဲ့ ကာမရတိကြောင့် ဖြစ်ရတာ။

   မိဘကျေးဇူး မသိတတ်ဘူး၊ မိဘကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာ ပေါ့သေးသေး မအောက်မေ့နဲ့။ “ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည် လို့ ဘုန်းမကြီး” ဆိုတာမျိုး ဖြစ်တတ်တယ်။ ဒီစိတ်ဓာတ်တွေ ပြင်းထန်လာပြီဆိုရင်တော့ “ဘုန်းလည်းမကြီး အသက်လည်းမရှည်နိုင်ဘူး” နင်တို့ ကြားကြတယ်မို့လား။ ဟိုဘက်ရွာက မိန်းကလေးတစ်ယောက် “ခေါက်ထီး” ဝယ်မပေးလို့ဆိုပြီး ကိုယ့်ဟာကိုယ် ဆေးရည်သောက်ပြီး သေကြောင်းကြံသတဲ့။ အဲ့ဒါ မိဘအပေါ်ရန်လိုတဲ့စိတ် ထားခဲ့လို့ ကံတရားက စီမံလိုက်တာပေါ့။ ဘုန်းမကြီး သက်မရှည် ဖြစ်သွားတယ်။

   “နိမ္မာနရတိ” နတ်တွေ အတုကိုဖန်ဆင်းပြီး ပျော်ရတာဆိုတာ ခုဘဝမှာ ကိုယ်ပိုင်အစစ်ဖြစ်တဲ့ ကုသိုလ်တရားတွေ ရှားပါးလို့ ဒါမှမဟုတ် မသိကြလို့၊ အစစ်မရှိတဲ့အတွက် အတုနဲ့ပျော်ကြတာ၊ ဖန်ဆင်းနိုင်တယ်ဆိုလို့များ အားမကျလိုက်ကြနဲ့၊ ဖန်ဆင်းတာမှန်သမျှ အတုတွေချည်းပဲ၊ ပြီးတော့ အကုသိုလ်အားပေးတဲ့ ကာမရတိ အာရုံတွေချည်းပဲ။

    မြန်မာစကားပုံ ရှိတယ်မို့လား။ “အကျည်းတန် မှန်ကြိုက် ဆိုတာလေ။ ပင်ကိုယ်ရုပ်မလှတော့ ကိုယ်ပိုင်မရှိတဲ့အတွက် မှန်ထဲမှာကြည့်ပြီး အတုတွေနဲ့ ဖန်တီးပြုပြင်နေရတာကိုပြောတာ။ များများဖန်တီးထားလေ ပင်ကိုရုပ် အကျည်းတန်လေဆိုတာ သိသာတယ်။ နတ်တွေက ဖန်ဆင်း တယ်၊ လူတွေက ဖန်တီးတယ်။ ဒါပဲကွာတယ်။ အတုကတော့ အတုချည်းပဲ။

   တို့လူ့ပြည်မှာ ပျော်ရွှင်စရာ အစစ်တွေပေါတယ်။ ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း၊ မိဘကို ရိုသေတဲ့ ကုသိုလ်တွေ၊ ကျေးဇူးသိပြီး ကူညီတဲ့ကုသိုလ်တွေ၊ ဒါန၊ သီလကုသိုလ်တွေ အဲဒါ ကိုယ်ပိုင်အစစ်တွေပဲ။ ဒါတွေကိုသိပြီး တစိမ့်စိမ့်တွေးရင်း ဝမ်းသာပျော်ရွှင်နေမယ်ဆိုရင် အနုဿတိဘာဝနာ ကုသိုလ်တောင် ထပ်တိုးလိုက်သေး။ ဒါကြောင့် ဒီအပျော်မျိုးကို “ဓမ္မရတိ = တရားနဲ့ပျော်တယ်” လို့ခေါ်တာ။ ပျော်နိုင်လေ ကုသိုလ်တိုးလေပဲ။ ဓမ္မရတိနဲ့ ပျော်မွေ့သူဟာ ကိုယ်ပိုင်တရားအစစ်နဲ့ ပျော်တာဖြစ်လို့ ဥစ္စာရှင်စစ်စစ်လည်း ဖြစ်တယ်။

   လူ့လောကမှာ ဒါကို သေသေချာချာ စဉ်းစားကြည့်ရင် သိပ်ကွာခြားပါတယ်။ အငှားအတုတွေနဲ့ ကြွားတဲ့လူရယ်၊ ကိုယ်ပိုင်အစစ်နဲ့ ရိုးရိုးသန့်သန့်နေတဲ့ လူရယ်ဟာ အကြောင်းသိတဲ့ ပရိသတ်ကြားရောက်ရင် ဣနြေ္ဒရတာချင်းကို မတူဘူး။ အတုအငှားသမားက အမြဲတမ်း မလုံမလဲ ဖြစ်နေရတာမျိုး။ ပြီးတော့ အငှားအတုတွေနဲ့ ပြင်ဆင်ထားတဲ့ အလှဆိုတာ သူများကြည့်ကောင်းအောင်လို့၊ သူများအတွက် ပြင်တဲ့အလှ၊ ကိုယ့်ကုသိုလ်နဲ့ကိုယ် အလှဆင်ပြီး ပျော်တာကမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်ဖို့ ပြင်တဲ့အလှ ခေါ်တယ်။

   ပြန်ကြည့်လိုက်တိုင်းလည်း ကုသိုလ်တိုးတယ်။ ကဲ.. ကလေးမလေးတွေ ပြောကြစမ်း၊ နင်တို့ သူများအတွက်ပဲ ပြင်နေကြမှာလား၊ ကိုယ့်အတွက်ကိုယ် ပြင်ဆင်ကြမှာလား။

   ပြီးတော့မှပဲ ကဲ.. ပြောကြစမ်း ကလေးမလေးတွေ၊ နင်တို့အငှားနဲ့ ပျော်နေကြတဲ့ အတုအယောင်တွေ ဖြစ်ချင်ကြသလား၊ ကိုယ်ပိုင်အစစ်နဲ့ ပျော်တဲ့ ဥစ္စာရှင်တွေ ဖြစ်ချင်ကြသလား။ (ကလေးမများက တုတ်တုတ်မျှ မလှုပ်ကြ) နင်တို့ အသေအချာ မစဉ်းစားကြလို့ပါ။ အတုအယောင်ဆိုတာ လူအလွန်အောက်တန်းကျတာ။ ထီးကောင်းဆောင်းသွားလို့ “ဟယ် ထီးကလေးက လှလိုက်တာ” ဆိုရင် လူတစ်ကိုယ်လုံးက ဘာဖြစ်သွားမလဲ၊ ထီးလောက်မှ တန်ဖိုးမရှိတာ ဖြစ်မသွားဘူးလား၊ ဒီထက်အောက်တန်းကျတာ ဘာရှိသေးတုံး။

   အေး.. အငှားအတုတွေဆိုတာ ခဏပဲခံတယ်။ ကိုယ်ပိုင်အစစ်ကတော့ တစ်ဘဝမကဘူး၊ နိဗ္ဗာန်အထိခံတယ်။ မြဲမြဲမှတ်ထားကြ။

“အငှားအတုနဲ့ပျော်တာ ကိုယ်ပိုင်မရှိတဲ့ ဖန်ဆင်းရှင်တွေ၊ ကာမရတိခေါ်တယ်။ သူများကြည့်ဖို့အတွက် သက်သက်ပဲ။ ကိုယ့်ဟာကိုယ် ပြန်ကြည့်လို့ ကုသိုလ်မတိုးဘူး။ အကုသိုလ်ပဲ တိုးလာတဲ့အတွက် ဆိုးကျိုးဒုက္ခကိုပဲ ပေးနိုင်တယ်။ ကိုယ်ပိုင်ကုသိုလ်တရားနဲ့ပျော်တတ်မှ ဥစ္စာရှင် ဓမ္မရတိခေါ်တယ်။ ဘယ်တော့မှ နောင်တပူပန်နေရတယ်လို့လည်း မရှိဘူး။ နိဗ္ဗာန်အထိလည်း ကောင်းကျိုးပေးမယ်။
ကိုင်း. အခု.. လိုရင်းကို ပြောလိုက်မယ်၊။

   ဘုရားပင့်တယ်ဆိုတာ မြတ်စွာဘုရား ကြွတော်မူတဲ့နောက်က လိုက်ကြရတာ။ ဘုရားရှင်နောက်က ခြံရံပြီးလိုက်ကြတဲ့အခါ ရဟန္တာ အရှင်မြတ်ကြီးတွေတောင် ဖိနပ်မစီး၊ ထီးမဆောင်းကြဘူး၊ ရိုရိုသေသေ လိုက်ကြတယ်။ အခု အလှူဝတ်စံဘုရားပင့်တော့လည်း ဒီအတိုင်းပဲ ခြံရံပြီး လိုက်ရမှာ။

    ဒီကရှေ့ ဒီဘုရားပင့် လှည့်လည်ပွဲကို လိုက်တဲ့သူမှန်သမျှ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အင်္ကျီအဖြူရောင်ကိုသာ ဝတ်ရမယ်၊ ရိုးရိုး တဘက်တစ်ထည်ကို လက်ကန်တော့တင်ထားရမယ်။ လုံချည်က ယောဂီရောင်ဖြစ်ဖို့ဆိုရင် အားလုံး အသစ်ဝယ်လို့ မလွယ်ကူလို့ ရှိတာကိုပဲ ရိုးရိုးဝတ်ခဲ့ရမယ်။

    ပြီး.. လက်ထဲမှာ ထီးဖိနပ် လုံးဝမယူခဲ့ရဘူး၊ လှူရန်ဝတ္ထုဖြစ်ဖြစ်၊ တံခွန်ကုက္ကားနဲ့ ကြက်လျှာတစ်ခုခုဖြစ်ဖြစ် လက်အုပ်ကြားမှာထည့်ပြီး လက်အုပ်ချီလိုက်ရမယ်။ ဘုရားဂုဏ်ကို မကြည်ညိုဘူး၊ ဘုရားကို မကြည်ညိုဘူးဆိုတဲ့လူ ဘယ်သူမဆို ရွာခံဖြစ်ဖြစ် ဧည့်သည်ဖြစ်ဖြစ် ဘုရားပင့်လှည့်လည်ပွဲမှာ မလိုက်စေနဲ့၊ ဒါဟာ ဒီရွာရဲ့ အစဉ်အဆက် စည်းကမ်းအဖြစ်သတ်မှတ်ပြီး လက်ခံရမယ်၊ ဒီစည်းကမ်းအတိုင်း မလိုက်နာနိုင်ဘူးဆိုရင်တော့ ဒီကျောင်းကို အလှူဝတ်စံဘုရားပင့် မလာကြနဲ့” လို့ ပညတ်ချက် ထုတ်လိုက်ပါတယ်။

   အဲဒီအချိန်ကစပြီး အဲဒီရွာမှာ “ခေါက်ထီး”ရောဂါ အမြစ်ပြတ်သွားသလို နောက်ထပ် ကာလပေါ် ရောဂါဆိုးတွေလည်း ကူးစက်လာမှု အတော်နည်းပါးသွားပါတယ်။

    သြော်.. ကျေးလက်ဒေသမှာ စရိုးဆိုးတွေဖယ်ရှားပြီး စရိုက်ကောင်းတွေ ထွန်းကားဖို့ဆိုတာ ရွာဦးရွာထိပ်က “ရွာဦးခေါင်း” လို့ဆိုရမည့် ကျောင်းထိုင်ဆရာတော်များက အမုန်းခံ၊ အမောခံ၊ အနစ်နာခံ၊ သြဇာတိက္ကမကို ထူထောင်ပြီး မေတ္တာစိတ်ထားနဲ့ ပြုပြင်ပေးမှုအပေါ်မှာ လုံးလုံး လျားလျား တည်နေပါကလားလို့တွေးရင်း ဆရာတော်ကို အမှတ်တရ လေးစားစိတ်နဲ့ ဒီအကြောင်းကို မှတ်တမ်းပြုလိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)