Thursday, August 2, 2012

“တားအား မှ တွန်းအားသို့”

Dhammabayri-Fall
“တားအား မှ  တွန်းအားသို့”

  မိမိတို့နဲ့ ဆရာစဉ်ဆက်ကတည်းက ဆရာတူတပည့် နောင်တော်ကြီးလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ မန္တလေးမြို့၊ ဗန်းမော်တိုက် ဆရာတော်   ဘဒ္ဒန္တကုမာရာဘိဝံသ (နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ) ထံရောက်တိုင်း ပဋ္ဌာန်းတရားတော်ရဲ့ အကျိုးအာနိသင်တွေ၊ သံသရာ ကျိုးသာမက ယခုပစ္စက္ခ မျက်မှောက်မှာပဲ ထူးခြားတဲ့အကျိုးတွေ အံ့သြလောက်အောင် တွေ့ကြုံခံစားရပုံကို အမြဲပြောဆိုပြီး မိမိ အမြဲပို့ချလေ့ရှိတဲ့ ပဋ္ဌာန်းဝါစာကိုလည်း ပါးစပ်က အသံထွက်လို့ရနိုင်သေးတဲ့ အရွယ်အထိ နှစ်စဉ်မပြတ်ပို့ချဖို့ တိုက်တွန်းလေ့ရှိပါတယ်။

   ဆရာတော်ကြီး တိုက်တွန်းလွန်းတဲ့အတွက်ကြောင့်ပဲ ပဋ္ဌာန်းစာဝါကို ရဟန်းတော်များအတွက် ပထမကြီးတန်းပြဋ္ဌာန်းချက် ဘာသာရပ် တစ်ခုအဖြစ်သာမက လူတိုင်းအတွက် သဘောအဓိပ္ပာယ် သိစရာလေးများကိုလည်း အခါအားလျော်စွာ သင်တန်းပေးတာတို့ ဟောပြောတာတို့ လုပ်ဖြစ်ခဲ့ပါတယ်။

   ဆရာတော်ကြီးပြောသလို လက်ငင်းလက်တွေ့ အကျိုးထူးတယ်ဆိုတာ ဟုတ်တယ်လို့ပဲ ပြောရမယ် ထင်တယ်။ ဒီနှစ် အမေရိကန်ရောက်တဲ့ သုံးလတာခရီးမှာလည်း ပဋ္ဌာန်းသင်တန်းနဲ့ ပဋ္ဌာန်းတရားတော်လိုပဲ နေရာတော်တော်များများမှာ ဟောပြောပြသပေးခဲ့တဲ့အခါ အရင် တစ်ခေါက်ထက်ပိုပြီး လူတွေစိတ်ဝင်စားသလို နေ့စဉ်ရက်ဆက် သင်တန်းတွေမှာလည်း တစ်နေ့ထက်တစ်နေ့ လူဦးရေက လျော့တယ်မရှိဘူး၊ တိုးလို့သာ နေပါတယ်။

  ဆန်ဖရန်စစ္စကို ဘေးဧရိယာထဲက ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရမှာ ပြုလုပ်တဲ့ သင်တန်းမှာတော့ သင်တန်းသားအများစုက အဘိဓမ္မာ သင်တန်းကို သင်ကြားလေ့လာထားဖူးသူတွေရော၊ တရားစခန်းတွေ အကြိမ်ကြိမ် အားထုတ်ဖူးသူတွေရော၊ ဓမ္မစာပေကို အတော်လေး နှံ့နှံ့စပ်စပ် လေ့လာထားသူများရော အရွယ်စုံ လူစုံပါတဲ့အတွက်၊ တက်တက်ကြွကြွရှိသလို မေးမြန်းဆွေးနွေးရာမှာလည်း အတော်လေးနက်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့အတွက် အတော်လေးကို သက်ဝင်လှုပ်ရှားပြီး အားတက်ဝမ်းသာ ကြည်နူးစရာလည်း ကောင်းလှပါတယ်။

   ဘယ်အရာကိုမဆို အသွင်အပြင်ထက် အနှစ်သာရက ပိုပြီး အရေးပါတယ်ဆိုတဲ့ စကားကလည်း အဲဒီမှာပဲ လက်တွေ့တစ်ခု ကြုံလိုက်ရတယ်။ လူလတ်ပိုင်း မရှိတရှိ လူငယ်တစ်ဦး၊ သူ့ပုံစံကြည့်ရင်တော့ ဝတ်ပုံစားပုံကလည်း မထုံတတ်သေးနဲ့၊ ဗိုက်ကလည်း ခပ်ရွှဲရွှဲနဲ့ဆိုတော့ ဘီယာဗိုက်ဆိုတာမျိုး ပုံစံပေါက်နေတယ်။ ဒါကြောင့်လည်း သူ့ကိုသိပ်ပြီး အလေးအနက်မထားမိဘဲ ဘာသိဘာသာပဲ နေခဲ့ပါတယ်။

  မေးခွန်းမေးချိန်ရောက်လို့ သူထပြီး မေးမြန်းပြောဆိုတဲ့အခါကျတော့ အထင်နဲ့အမြင်က ပါစင်အောင်ကို လွဲတယ်။ သူက လယ်တီဒီပနီတွေ၊ မဟာစည်တို့ မိုးကုတ်တို့ဆိုတဲ့ အလုပ်ပေးတရားစာအုပ်တွေရော တိတ်ခွေတွေရော အတော်လေးကို ဖတ်ရှုနာယူလေ့လာ ထားသူဖြစ်တယ်ဆိုတာ သိခွင့်ရလိုက်လို့ သူ့အပေါ် အတော်လေးလည်း အလေးဂရုပြုမိသွားပါတယ်။
  သူမေးတဲ့မေးခွန်းတစ်ခုကတော့ -
“အာရုံတွေကို လိုချင်တပ်မက်တဲ့ လောဘတို့၊ စိတ်ဆိုးအမျက်ထွက်တဲ့ ဒေါသတို့၊ ကိုယ်ရောစိတ်ပါ ထုံထိုင်းလေးကန်တဲ့ ထိနမိဒ္ဓတို့၊ စိတ်ပျံ့လွင့်တာ နောင်တပူပန်တာဆိုတဲ့ ဥဒ္ဓစ္စကုက္ကုစ္စတို့၊ ယုံမှားသံသယဖြစ်တဲ့ ဝိစိကစ္ဆာတို့ဆိုတဲ့ ဒီတရားငါးမျိုးဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို တားဆီးပိတ်ပင်တတ်တဲ့ နီဝရဏ တရားတွေဖြစ်တယ်လို့ စာအုပ်တွေထဲမှာလည်း ဖတ်ရတယ်။ အဘိဓမ္မာ သင်တန်းမှာလည်း သင်ခဲ့ရပါတယ်။ ပုထုဇဉ်တိုင်းလိုလိုမှာ ဒီတရားငါးမျိုးလုံးပဲ ရှိကြတာချည်းပါပဲ။ ဒီလိုဆိုရင် ပုထုဇဉ်မှန်သမျှဟာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့မတန်တဲ့ မဂ်တားဖိုလ်တား ပုဂ္ဂိုလ်တွေချည်း ဖြစ်မနေကြဘူးလား။ ဘယ်လိုလုပ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်မလဲဆိုတာ နည်းနည်းရှင်းပြပေးပါ” တဲ့။

   မောင်ရင်တို့က မေးခွန်းကို “နည်းနည်းရှင်းပြပေးပါ” ဆိုတဲ့ စကားလေးတွေနဲ့ချည်း အဆုံးသတ်တယ်။ မေးလိုက်တဲ့ အကြောင်းအရာတွေက နည်းနည်းရှင်းရမယ့် အကြောင်းအရာ မပါဘူး။ များများဆိုတာတောင် တော်တော်များများကို ရှင်းပြရမယ့် အကြောင်းအရာတွေဟ။

   ဒီနေရာမှာ “တားဆီး”ဆိုတဲ့ စကားကို နည်းနည်းသရုပ်ခွဲတတ်ဖို့ လိုပါတယ်။ တားဆီးတယ်ဆိုတာ လုံးဝပိတ်ပင်တားဆီးတယ်ဆိုတာမျိုး ရှိသလို အဟန့်အတားဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဥပမာဆိုရင် ပဉ္စာနန္တရိယကံကြီးတွေဟာ ဈာန်မဂ်ဖိုလ်ကို တားဆီးတယ်ဆိုတာမျိုးက လုံးဝရခွင့်မရှိအောင် ပိတ်ပင်တားဆီးတဲ့သဘောပါ။ ချွင်းချက်ကိုမရှိအောင် တားဆီးတာပေါ့။ အခု နီဝရဏတရားတွေက ဈာန်မဂ်ဖိုလ်ကို တားဆီးတယ်ဆိုတာကတော့ အဟန့်အတားဆိုတဲ့ သဘောမျိုး ပြောတာပါ။ လုံးဝ အသေပိတ်ပင် တားဆီးတာ မဟုတ်ဘူး။ ဖယ်ရှားကျော်လွှားလို့ ရနိုင်ပါတယ်။ ဒါကြောင့် ပုထုဇဉ်တိုင်းဟာ မဂ်တားဖိုလ်တားခံရသူတွေ မဟုတ်ပါဘူး၊ မဂ်ရဖိုလ်ရရေးမှာ ဖင့်နှေးလေးကန် ပျင်းရိနေသူများသာ ဖြစ်ပါတယ်။

  ပဋ္ဌာန်းဒေသနာတော် ဥပနိဿယပစ္စည်းအရဆိုရင် သင့်လျော်အောင် အသုံးချတတ်သူများအတွက် အဟန့်အတားဆိုတဲ့ အကုသိုလ် တရားတွေဟာ ကြောက်တတ်သူတွေ၊ အသုံးမချတတ်သူတွေအတွက် “တားဆီးအား”တွေ ဖြစ်တတ်ပေမဲ့ ရင်ဆိုင်ကျော်လွှားဝံ့သူတွေ၊ အသုံးချ တတ်သူတွေအတွက်တော့ “တွန်းပို့အား”တွေ ဖြစ်သွားနိုင်ပါတယ်။

    ပဋ္ဌာန်းပါဠိတော်၊ ပဥှာဝါရ၊ ပကတူပနိဿယပစ္စည်းကို အကျယ်တဝင့် ဟောကြားတဲ့အခါမှာ “ပဉ္စာနန္တရိယကံနဲ့ နိယတမိစ္ဆာဒိဋ္ဌိကံ” တို့ကလွဲရင် တခြားအကုသိုလ်ကံကို ကျူးလွန်မိသူတို့ဟာ သတိသံဝေဂရကြတဲ့အခါ၊ ကျူးလွန်မိတဲ့ အကုသိုလ်ကံတွေကို ပယ်သတ်ဖယ်ရှားလိုမှုကို တွန်းအားပြုပြီး ဒါနသီလစတဲ့ ကုသိုလ်ကောင်းမှုတွေကစလို့ ဝိပဿနဉာဏ် မဂ်ဉာဏ်အထိ ပေါက်ရောက် သွားနိုင်ပုံများကို အကျယ်တဝင့် ဖော်ပြထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ “မဂ်တားဖိုလ်တားဆိုတဲ့ နီဝရဏတရားတွေဆိုတာ အရိယာတရားနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသူ၊ အရိယာ (ဘုရားရှင်)တို့ရဲ့ အဆုံးအမကို လိမ္မာတတ်ကျွမ်းမှု မရှိသူ၊ အသုံးမချတတ်သူတွေအတွက်တော့ “အတားအဆီး”တွေပဲ ဖြစ်နေမယ်။
     အရိယာတရားကို နားလည်လိမ္မာပြီး အသုံးချတတ်သူများအတွက်တော့ မိမိသန္တာန်မှာ ပေါ်လာတဲ့တရားတွေ မှန်သမျှ အကုသိုလ်တရားတွေပဲ ဖြစ်စေဦးတော့ ဒီတရားတွေဟာ မဂ်ဖိုလ်ကို တားဖို့ပေါ်လာတာ မဟုတ်တော့ဘူး။ မဂ်ဖိုလ်ရောက်ရေးအတွက် ဝိပဿနာရှုကြဖို့ အရှုခံလာကြတာတွေ ဖြစ်ပါတယ်။

   အသုံးချခံချင်လို့ ရောက်လာတဲ့ တရားတွေကို ကြောက်စရာလို့ ထင်နေကြရင်တော့ ဒီတရားတွေရဲ့ အခြောက်အလှန့်ကို ခံရပြီး အပါယ်ရောက်သွားကြမှာပဲ။ အသုံးချတတ်တဲ့လူတွေကတော့ ဒီတရားတွေကို ဝိပဿနာရှုပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်သွားနိုင်မယ်။
   “စိုင်ကော်လို့ ချုံပေါ်ရောက်”ဆိုတာ ဒီအတိုင်းတက်ဖို့မလွယ်တဲ့ ချုံအပေါ်ကို စိုင်ကကော် တင်ပို့လိုက်တော့ လွယ်လွယ်ကူကူ မြန်မြန် ရောက်သွားနိုင်တယ်ဆိုတဲ့ သဘောပြောတာ။ ဒါကလည်း သတိနဲ့အသုံးချတတ်တဲ့ လူမှ ချုံပေါ်ရောက်နိုင်မှာပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူဆိုရင်တော့ ချုံပေါ်မရောက်ဘဲ စိုင်ချိုဖျားမှာ ကားယားကြီး အသက်ပျောက်သွားမှာပေါ့” ဆိုတဲ့အကြောင်း နီဝရဏနဲ့ ပတ်သက်လို့ ဟောတော်မူတဲ့တရားမှာ ဟောကြားထောက်ပြသွားပါတယ်။

   ဟုတ်ပါတယ်။ ဒီအတိုင်းထားရင် မဂ်ဖိုလ်ကို တားရုံသာမက အပါယ်အထိရောက်စေနိုင်တဲ့ တရားတွေဟာ သူတို့ကို ကျေပျက်အောင် ကြိတ်ချေအသုံးချတတ်ရင် မဂ်ရောက်ဖိုလ်ရောက်တွန်းပို့နိုင်တဲ့ စွမ်းအားတွေဖြစ်နေပါတယ်။ လောကဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ နွယ်မြက်သစ်ပင်တွေထဲမှာ တစ်ခုချင်းစီကို ဒီအတိုင်းအသုံးပြုခဲ့ရင် အသက်ကို သေစေတတ်တဲ့ ဆီမီးတောက်တို့၊ မြှားဆိပ်တို့၊ ဝဥတို့စတဲ့ ဆေးမယ်တွေဟာ သူတို့အားလုံးကို အမျှစီပြုပြီး သမအောင် ကြိတ်ချေရောသမမွှေလိုက်တဲ့အခါ အကောင်းဆုံး အဆိပ်ဖြေဆေး၊ အသက်ကယ် ဆေးကြီး ဖြစ်သွားပါတယ်။
   ရှေးခေတ် နန်းတွင်းသမားတော်ကြီးများ အသုံးပြုတဲ့ “နန်းတွေင်းလျှာပွတ်ဆေးကြီး” ဆိုတာ တစ်ခုချင်း အဆိပ်ဖြစ်တဲ့ ဆေးမယ်(၂၁)မျိုး လောက်ကို အမှုန့်ပြုပြီး သမအောင်မွှေထားတဲ့ ဆေးကြီးပါပဲ။ အားလုံးရောမွှေလို့ သမသွားတဲ့အခါ တစ်ခုချင်းစီကြောင့် ဖြစ်ပေါ် လာတဲ့အဆိပ်ကိုရော၊ တခြားအဆိပ်ရှိတဲ့ သတ္တဝါတွေကိုက်ခဲလို့ ဖြစ်တဲ့အဆိပ်တွေ၊ အစားအစာမှားယွင်းမှုကြောင့်ဖြစ်တဲ့ အဆိပ်တွေကိုရော အဆိပ်မှန်သမျှကို ဖြေပျောက်အောင်ကုသတဲ့ သမားလက်သုံး ရှေးဟောင်းမြန်မာ “ပဋိဇီဝ” ဆေးတော်ကြီး ဖြစ်သွားပါတယ်။

   အကုသိုလ်တရားတွေဟာလည်း ဒီနည်းနှင်နှင်ပါပဲ။ သူတို့ကို ဒီအတိုင်းထားရင်တော့ အပါယ်ကျတဲ့အထိ ဒုက္ခပေးမှာပါ။ သူတို့ကို တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်အောင်ပြုပြီး ကျေညက်အောင် ကြိတ်ချေနိုင်စွမ်းရှိခဲ့ရင်တော့ အကုသိုလ်အားလုံးကို ပျောက်ကင်းစေနိုင်တဲ့ အရိယာ လက်သုံးတရားဆေးတော်ကြီးအဖြစ်နဲ့ “မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်” အထိ အသုံးကျပါတယ်။ သူတို့ကို တစ်ပေါင်းတည်း တစ်သားတည်းဖြစ်အောင် ပြုနည်းကတော့ ဒီတရားအားလုံးကို “သင်္ခါရ တရားများ” အဖြစ် ပထမဆုံး သတ်မှတ်ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ သူတို့ကို ကြိတ်ချေတဲ့နည်းကတော့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာ” ဆိုတဲ့အတိုင်း “သင်္ခါရတရားမှန်သမျှ ဖြစ်ပြီး ပျက်တတ်တဲ့ အနိစ္စာသဘော၊ ကျေနပ်စိတ်ချစရာ ချမ်းသာသုခမရှိတဲ့ ဒုက္ခသဘော၊ ကိုယ်ထင်သလို ကိုယ့်အလိုကျ ဖြစ်ချင်သလို မဖြစ်တတ်တဲ့ အနတ္တသဘောတွေဖြစ်တယ်လို့ သိမြင်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြိတ်ချေကြရမှာပါ။

  ဒီလိုပြုနိုင်စွမ်းရှိသူများအတွက်တော့ “သေဆေးမှ ဖြေဆေးသို့” ပြောင်းလဲပြီး အပါယ်ရောက်ကြောင်း တရားများကနေ နိဗ္ဗာန်ရောက်ကြောင်း တရားများအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

   နန်းတွင်းလျှာပွတ်ဆေးကြီးဆိုတာ တခြားဆေးများလို ဝမ်းထဲရောက်အောင်တောင် ခွက်ကြီးခွက်ငယ်နဲ့ ဖျော်စရာ သောက်စရာ မလိုဘူး။ ဆေးတောင့်ကိုသွေးပြီး လျှာပေါ်ပါးပါးလေး ပွတ်ပေးလိုက်ရုံနဲ့ လျှာပေါ်မှာရှိတဲ့ ရသာဟရဏီကြောများကတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ပြီး အဆိပ်အတောက်များကို ပြေစေတယ်လို့ ဆိုပါတယ်။

    ဝိပဿနာကုသိုလ် (ဝိပဿနာဉာဏ်) ဆိုတာလည်း ထိုနည်းနှင်နှင်ပါပဲ၊ ဒါနကုသိုလ်တို့လို ပစ္စည်းဝတ္ထုတွေလည်း စိုက်ထုတ်ကုန်ကျစရာ မလိုဘူး၊ ဝေယျာဝစ္စ ကုသိုလ်တို့လို ခွန်အားတွေ အထူးစိုက်ထုတ်စရာလည်း မလိုဘူး၊ သမထကုသိုလ်တို့လို သစ်တစ်ပင်ရင်း ဝါးတစ်ပင်ရင်း စသည်တို့မှာ အချိန်သီးသန့်ယူပြီး အချိန်ကုန်စရာလည်း မလိုဘူး၊ မိမိရဲ့ ကိုယ်,နှုတ်,စိတ်လှုပ်ရှား လုပ်ကိုင်မှုတိုင်းမှာ သတိလေးကပ်ပြီး ခန္ဓာကိုယ်က ပြတာကို အလိုက်သင့် သိပေးနေရတာပါပဲ။ ကိုယ်က အစားကိုရှာနေစဉ်မှာပဲ သတိရှိတဲ့စိတ်နဲ့ တရားရှာလို့ ရပါတယ်။

    ဒီနေရာမှာ ဗုဒ္ဓဘာသာကို လေ့လာသူတို့ အထင်မှားပြီး အကြောက်ကြီးတတ်ကြတဲ့ အချက်ကတော့ ဝိပဿနာကုသိုလ်ဆိုတာ အလုပ်ပျက်ခံပြီး အချိန်တွေ သီးသန့်ပေးနိုင်မှ ရမယ်လို့ ထင်မှားကြောက်ရွံတတ်ကြတဲ့ အချက်ပါ။ မဟာသတိပဋ္ဌာနသုတ်၊ သတိသမ္ပဇညခန်းမှာ ဘုရားရှင်က ဘယ်လောက်ထိ ဟောထားသလဲဆိုရင် အဝတ်ဝတ်တာ၊ အစားအစာရှာဖွေတာ၊ စားတာသောက်တာ၊ အညစ်အကြေး စွန့်လွှတ်တာကစလို့ နောက်ဆုံး စကားစမည်ပြောတာ၊ အိပ်ရာဝင်တာအထိ သတိကပ်ပေးနေရင် သတိနောက်မှာ အသိပါပြီး ဝိပဿနာ ကုသိုလ်ရနိုင်ကြောင်း ဟောတော်မူခဲ့တာပါ။ ဝိပဿနာကုသိုလ်ဆိုတာ တရားအတွက် အလုပ်သီးခြားမလိုဘဲ နေ့စဉ်အလုပ်ထဲမှာ ရှာလို့ရတဲ့ တရားများ ဖြစ်ပါတယ်။

    အကျိုးအာနိသင်ကလည်း ဘယ်လောက်ကြီးမားသလဲဆိုရင် နောက်ဆုံး ဝိပဿနာဉာဏ် အထွတ်အထိပ်ရောက်လို့ အနိမ့်ဆုံး မဂ်ဉာဏ်အဆင့်လောက် ရောက်သွားပြီဆိုရင်ပဲ သံသရာတစ်လျှောက်လုံး မှားခဲ့သမျှ အကုသိုလ်အပြစ်တွေထဲက အပါယ်ဒုဂ္ဂတိရောက်စေတဲ့ အကုသိုလ်တွေကို လုံးဝပယ်သတ်ပစ်နိုင်တဲ့အဆင့် ရောက်သွားပါတယ်။ ဘဝကို ကံလက်ထဲ ဝကွက်အပ်ထားပြီး ကံပြုသလိုနုရတဲ့ အဖြစ်ကနေ ဉာဏ်က လက်လွှဲယူနိုင်ပြီဖြစ်လို့ ကံကြမ္မာရဲ့ ဆိုးဝါးတဲ့စီရင်ချက်မျိုးကို ဘယ်တော့မှ မခံရတော့တဲ့အဆင့်အထိ ကြီးကျယ်မြင့်မြတ် သွားစေပါတယ်။

   ဒါကြောင့် နီဝရဏတရားတွေဆိုတာဟာ “ကြောက်လျှင်လွဲ၊ ရဲလျှင် မင်းဖြစ်” ဆိုသလို “ငါ့မှာ မဂ်တားဆိုလ်တားကြီးတွေ ကြုံနေရပါပေါ့လား”လို့ တွေးတော ကြောက်ရွံတတ်သူတို့အတွက် ကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့ လွဲသွားနိုင်ပြီး၊ ရဲရဲရင့်ရင့် သတိရှိရှိ အသိရှိရှိ ရင်ဆိုင်အသုံးချ တတ်သူများအတွက်တော့ မြင့်မြတ်တဲ့ အရိယာအဆင့်အထိရောက်စေတဲ့ တရားများလို့သာ ဆိုရပါလိမ့်မယ်။ ဒါဟာ အကုသိုလ်ကို မကြောက်ကြနဲ့၊ ရဲရဲသာလုပ်ကြလို့ ဆိုလိုတာ မဟုတ်ဘူး။ ဖြစ်ပြီးသား အကုသိုလ်ကို ရဲရဲကြီး ဝန်ခံပြီး အားကြီးတဲ့ကုသိုလ်တွေနဲ့ ရဲရဲကြီး အစားထိုးဖယ်ရှားကြဖို့ တိုက်တွန်းလိုတာဖြစ်တယ်ဆိုတာကတော့ လူညံ့လူကပ် မဟုတ်သူတိုင်း သဘောပေါက်ကြမှာပါ။

   ဒေးဒရဲနိကာယ်သင်တန်းမှာ ဒီနီဝရဏတရားများကို ဓမ္မာနုပဿနာ သတိပဋ္ဌာန်နည်းနဲ့ အသုံးချတတ်ရင် ပိတ်အားကနေ ဖွင့်အားအဖြစ် ပြောင်းလဲသွားနိုင်ပုံ၊ တားအားကနေ တွန်းအားအဖြစ် ပြောင်းလဲသွားနိုင်ပုံနဲ့ ပတ်သက်လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားသွားပုံကလည်း မှတ်သားစရာပါပဲ။

    မင်းတုန်းမင်းကြီးကို မြင်ကွန်းမင်းသားတို့ လုပ်ကြံဖို့ ကြိုးစားစဉ်က မင်းတုန်းမင်းကြီးရဲ့ ကျွန်ယုံတော် ‘ငပွ’ကိုလည်း စည်းရုံးသိမ်းသွင်းပြီး မင်္ဂလာတံခါးက ဓားနဲ့ အစောင့်ခိုင်းသတဲ့။ မင်းသားများစိတ်ကူးကတော့ မင်းတရားကြီးဟာ တစုံတရာအကြောင်းကြောင့် လွတ်ပြီးထွက်ပြေးခဲ့ရင် မင်္ဂလာတံခါးကသာ ထွက်ပြေးမယ်၊ အဲဒီမှာ ကျွတ်ယုံတော်ကိုမြင်ရင် တခြားလည်း ကွေ့မပြေးဘဲ ဒီတံခါးကပဲထွက်မှာ သေချာတယ်၊ အဲဒီနေရာရောက်တဲ့အခါ ကျွန်ယုံတော်က ဆီးပြီး အပြတ်ရှင်းဖို့ တိုက်တွန်းစီမံကြတာပါတဲ့။

    ထင်တဲ့အတိုင်းပဲ မင်းသားများက ဓားကိုယ်စီနဲ့ တက်လာတာလည်းတွေ့ရော မင်းတုန်းမင်းကြီးက မင်္ဂလာတံခါးဆီ တန်းပြေးတာပဲတဲ့။ အဲဒီမှာ အသင့်စောင့်နေတဲ့ ‘ငပွ’ကိုလည်း တွေ့လိုက်ရော ရာဇမာန်ပါပါနဲ့ “မောင်မင်း ဘယ်သူလဲ” ဆိုပြီး ငေါက်ငမ်းမေးလိုက်တဲ့အခါ ကြောက်ကျင့်ပါနေတဲ့ ငပွလည်း မင်းသားများ စေခိုင်းတာတွေ အကုန်မေ့ပြီး “ဘုရားကျွန်တော်မျိုး ငပွပါ အရှင်မင်းကြီး” ဆိုပြီး သံတော်ဦးတင်တော့တာပဲတဲ့။ “ဒါဖြင့် ကျုံးဟိုဘက်ကမ်းအထိ ငါ့ကိုပို့ပေးစမ်း”လို့လည်း အမိန့်ပေးလိုက်ရော “ကျောပြင်ကို ဝေါထင်တော်မူပါဘုရား” ဆိုပြီး ကုန်းပိုးရတော့တာပဲတဲ့။ ဒါနဲ့ပဲ မြင်ကွန်းမင်းသားတို့လည်း အကြံမအောင်ဘဲ ထွက်ပြေးရတယ်၊ မင်းတုန်းမင်းကြီးလည်း ထီးနန်းစည်းစိမ် ရမြဲရသွားတော့တာပဲတဲ့။

    အကြောင်းအရာကတော့ ရာဇဝင်အူပေါက်ဆိုသလို တစ်ဆင့်စကား တစ်ဆင့်နားဆိုတဲ့ ပါးစပ်ရာဇဝင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “ကြောက်လျှင် လွဲ၊ ရဲလျှင် မင်းဖြစ်” ဆိုတဲ့ စကားအတွက်တော့ လျော်ကန်တဲ့ ဥပမာတစ်ခုပါပဲ။

    “သင်တို့ရဲ့ ဖြစ်ပြီးပျက်တတ်တဲ့ သဘောအမှန်ကို ငါသိပြီ”လို့ ဆုံးဖြတ်အမိန့်ချနိုင်ပြီဆိုရင်တော့ “ကျောပြင်ကို ဝေါတင်တော်မူပါဘုရား” လို့ အမိန့်ကို နာခံသည့်အလား မဂ္ဂင်လမ်းအဖြစ် ပြောင်းလဲသွားမှာ မလွဲပါဘူး။

     ဆေးဆရာကြီး ဇီဝက ပြောဖူးသတဲ့ “လောကမှာ ဆေးဘက်မဝင်တဲ့ နွယ်မြက်သစ်ပင်ဆိုတာ မရှိဘူး၊ အသုံးမချတတ်သူတွေသာ ရှိတယ်”တဲ့။ အလားတူပါပဲ “ကုသိုလ်လို့ အမည်ခံထားသည်ဖြစ်စေ၊ အကုသိုလ်လို့ပဲ အမည်ခံထားသည်ဖြစ်စေ၊ လောကီတရားဟူသမျှ ဝိပဿနာရဲ့ အာရုံမဖြစ်နိုင်တဲ့ တရားမရှိဘူး။
     ဝိပဿနာအလုပ် အားမထုတ်တတ်သူတွေ၊ အားမထုတ်ကြသူတွေသာ ရှိတယ်” လို့ ပြတ်ပြတ်ထင်ထင် သိထားဖို့ လိုပါတယ်။ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ဆေးမယ်တွေကို ဆေးဖြစ်အောင် ဖော်စပ်စားသုံးကြပြီး ကိလေသာရောဂါ ကင်းစင်ကွာသူများ ဖြစ်ကြပါစေလို့သာ တိုက်တွန်း ပတ္ထနာပြုလိုက်ပါရစေ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)