
ဘ၀ပညာ
ပညာဟုဆိုလိုက်လျှင်
အတန်းပညာ၊ ကျောင်းပညာကိုသာ ပြေး၍ မြင်ကြ၏။ အမှန်စင်စစ် ပညာဟူသည်မှာ အလွန်တရာပင် ကျယ်ပြန့်လှ၏။
ဘ၀ပညာဟူသည်မှာ အတန်းပညာ၊ ကျောင်းပညာနှင့် မလုံလောက်၊ အဆင့်မြင့်ပညာတွေတတ် မြောက်၍ မဟာဘွဲ့၊
ပီအိပ်ခ်ျဒီ စသည်တွေရစေဦးတော့ ပညာပြည့်စုံပြီဟူ၍ မဆိုနိုင်သေးချေ။ ကျောင်းငယ်၊ ကျောင်းကြီး၊
တက္ကသိုလ်အသီးသီး တို့မှရသော ပညာသည် ဘ၀ပညာ၏
နိဒါန်းမျှသာ ရှိပါသေး၏။
ဘ၀မှာ အနေတတ်ဖို့
အရေးကြီး၏။ အနေတတ်နည်းပညာသည် ဘ၀ပညာပင်ဖြစ်၏။ ဘ၀ကို ဘယ်လိုထူထောင်မလဲ။ ဘ၀ကို ဘယ်လို
အကောင်အထည် ဖော်မလဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။
ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကို နားလည်သောပညာသည် ဘ၀ပညာ ဖြစ်သည်။
ဘ၀ပညာသည် ဒဿနိက ပညာတစ်မျိုး ဖြစ်သည်။ စာပေပညာအပြင် ကိုယ်ပိုင်ဘ၀ကပေးသော ကိုယ်ပိုင်အတွေးအခေါ်၊
ကိုယ်ပိုင် အယူအဆဟူသော ဒဿနိကပညာဟု ဆိုက ပို၍နီးစပ်၏။ ကိုယ်ပိုင်အတွေးအခေါ်ဟု ဆိုသော်ငြား
စင်စစ်အားဖြင့် စာတွေ့လေ့လာ၍ ကိုယ်တွေ့နှင့် ညှိနှိုင်းပြီးမှ ထွက်ပေါ်လာသော အတွေးအခေါ်
အယူအဆပင် ဖြစ်၏။
သိပ္ပံပညာ၌သော်မှ တီထွင်မှုဟူသည်
ရှိပြီး အကြောင်းအရာ ပစ္စည်းပစ္စယ တို့ကို အကြောင်းခံ၍ ဆောင်ရွက်မှုမျှသာဖြစ်၏။ ထိုကဲ့သို့ပင်
အတတ်ပညာ၊ အသိပညာတို့ကို ဆည်းပူးပြီးမှ မိမိ၏ ဘ၀ကပေးသော သင်ခန်းစာတို့ဖြင့် နှိုင်းချိန်ယူရသော
ပညာသည် ဘ၀ ပညာဖြစ်၏။ 'မနတိ ဇာနာတီတိ မနုေဿာ' ဟူသော ၀ိဂြိုဟ်အရ သိတတ်သူကို လူဟုခေါ်သည်။
အရစ္စတိုတယ်ကလည်း 'လူသည် သဘာဝအားဖြင့် သိလိုသော ဆန္ဒရှိသည်' ဟုဆိုသည်။ လူသည် သိချင်စိတ်၊
တတ်ချင်စိတ်ရှိသော သတ္တ၀ါမျိုး ဖြစ်သည်။ ထိုစိတ်အရင်းခံကြောင့်ပင် သိလာ၊ တတ်လာ သည်။
ထိုသို့ သိလာ၊ တတ်လာခြင်းကြောင့်ပင် လူနေမှုအဆင့်အတန်း တိုးတက်လာခဲ့သည်။ အသိတွေ မြင့်လေ၊
အတတ်တွေ မြင့်လေ လူနေမှုဘ၀တွေ မြင့်လေမြင့်ခဲ့သည်။
ဘ၀ကို ဘယ်လိုထူထောင်မလဲ။
ဘ၀ကို ဘယ်လို အကောင်အထည်ဖော်လဲ။ ဘ၀ကို ဘယ်လိုအသုံးပြုမလဲ။ ဘ၀မှာ အနှစ်သာရရှိရှိ ဘယ်လိုနေထိုင်မလဲ။ ဘယ်လိုနေမလဲ။ ဘယ်လိုသေမလဲ။ နေနည်းသေနည်း နှစ်ခုလုံးကို နားလည်သော ပညာသည် ဘ၀ပညာ ဖြစ်သည်။
|
လူသားသည် သိချင်စိတ်ရှိသည့်
အလျောက် လေ့လာစူးစမ်းနေသောကြောင့် 'အသိ' ကို ရရှိလာသည်။ အသိရှိလာသောကြောင့် 'အတတ်'တွေ
ရရှိလာသည်။ အသိကြောင့် အတတ်တွေ ပေါ်လာသလို အတတ်ကြောင့်လည်း အသိတွေ ပေါ်လာသည်။ အသိကို
'အသိပညာ'၊ အတတ်ကို 'အတတ်ပညာ'ဟု ဆိုကြသည်။ သို့သော် အသိချည်းလည်း ပညာ မဟုတ်သေး။ အသိနှင့်အတတ်
ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်မှုကို အခြေပြုကာ တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ပြီးကာမှ
ရရှိလာသော အဆီအနှစ်သည်သာ 'ပညာ' ဟု ခေါ်ရလေသည်။
သိပ္ပံပညာ၊ ၀ိဇ္ဇာပညာ
စသည်ဖြင့် အတတ်များစွာကို ပညာတတ်၍ ခေါ်ကြသည်ကို မကန့်ကွက်လိုသော်လည်း အကောင်းအဆိုး၊
အကျိုးအပြစ်ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်စွမ်းရှိသော ဉာဏ်သည်သာ ပညာဖြစ်သည်။ ထိုပညာသည်
ဘ၀ပညာဖြစ်သည်။
'ကျွန်ုပ်၏ အတွေ့အကြုံအရ
ဆိုရပါမူ ကျောင်းသင်ပညာရေးသည် သာမန်မျှသာဖြစ်သည်။ ပို၍အရေးပါသည်မှာ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ
ပြန်လည်သင်ပေးခြင်း ဖြစ်သည်'ဟု အမေရိကန် စာရေးဆရာကြီး ဂျိန်းစ် အေမစ်ချနားက ဆိုခဲ့လေသည်။
အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ၀ီလျံကောလ်ဟုန်းကလည်း 'ကျွန်ုပ်သည် ကျောင်းဆရာ၊ စီးပွားရေးလုပ်ငန်းရှင်၊
စစ်သား၊ ခရီးသည်၊ စာရေးဆရာဟူသော အလုပ်အမျိုးမျိုးကို လုပ်ခဲ့သည်။ထိုလုပ်ငန်းများအတွက်
မည်သည့် တက္ကသိုလ်ကမှ အခြေခံပညာကို မပေးနိုင်ခဲ့ချေ။ ကျွန်ုပ်ကိုကျွန်ုပ် ပြန်လည်ပညာသင်ကြားပေးမှုဖြင့်သာ
ထိုလုပ်ငန်းဆောင်တာတို့ကို လုပ်ခဲ့ရလေသည်'ဟု ဆိုခဲ့လေသည်။
'လူတိုင်း၌ ပညာသင်ယူမှု
နှစ်မျိုးရှိ၏။ ပထမပိုင်းက သူတစ်ပါးက မိမိကို သင်ကြားပေးခြင်း ဖြစ်၏။ ဒုတိယပိုင်းက
မိမိကိုယ်ကို မိမိက သင်ကြားပေးခြင်း ဖြစ်၏'ဟု ဗြိတိသျှသမိုင်းပညာရှင် အက်ဒွပ်ဂစ်မန်းက
ဆိုခဲ့သည်။ ဘ၀ဟူသည် သင်ခန်းစာပေါင်း မြောက်မြားစွာ ပို့ချနေသော တက္ကသိုလ် ကျောင်းတော်ကြီး
ဖြစ်သည်။ ထိုဘ၀တက္ကသိုလ်ထဲက ပညာရပ်တွေကို နေ့နေ့ညည သင်ယူနေရမည်။ ထိုပညာရပ်တွေသည်သာ ဘ၀အတွက်
လက်တွေ့အသုံးဝင်သော ဘ၀ပညာတွေ ဖြစ်သည်။
တချို့က ဘွဲ့လေးတစ်ခုရ
ကျောင်းပြီးပြီဟု ဆိုကြသည်။ ကျောင်းပြီးတာတော့ မှန်ပါသည်။ ပညာရေးကတော့ အခုမှ စလုံးရေစသာ
ရှိသေးသည်။ ဘ၀ပညာသည် 'တစ်သက်တာ ပညာရေး' ဖြစ်သည်။ ကျောင်းသင်ပညာရေးသည် 'လူ့ဘ၀ခရီးလမ်းကို
အကြမ်းသဘော ခင်းပေးလိုက်ရုံမျှသာ ရှိသေးသည်။ လမ်းချော မဟုတ်သေးပေ။ လမ်းချောအောင် အမြဲတစေ
သင်ယူ ဖြည့်ဆည်းပေးနေရမည်။
ကျောင်းသင်ပညာကို
အခွင့်မသာ၍ သင်ကြားခွင့် မရသူတို့မှာ ပညာရေးနှင့်စပ်၍ စိတ်ပျက်နေဖို့ မလိုပါ။ စိတ်အားငယ်နေဖို့
မလိုပါ။ ဘွဲ့ရမှ ပညာတတ်သည်ဟူသော အယူအဆ အစွဲအလမ်းကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ်
အ များစု ကျောင်းစာမတော်ခဲ့ကြပါ။ ကျောင်းမပြီးခဲ့ကြပါ။ ယခုခေတ် သားသမီးကို ကျောင်းစာမေးပွဲ
အဆင့်တစ်ရမှ၊ အဆင့်နှစ်ရမှဆိုသော မိဘများ အထူးသတိပြုစေလိုပါသည်။ အောင်မြင်မှုက တောင်းဆိုသည်မှာ
ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေး မဟုတ်။ ပထမတန်းစား ဇွဲဟူသော ပညာရှိတို့စကား မှတ်သားဖို့လိုပါသည်။
ဘ၀အောင်မြင်ရေးအတွက်
သိချင်စိတ်၊ တတ်ချင်စိတ်၊ ဆည်းပူးချင်စိတ်၊ သုံးသပ်နှလုံးသွင်းချင်စိတ်၊ အောင်မြင်ကြီးပွားချင်စိတ်
တို့ကိုသာ ရှင်သန်အောင် မွေးမြူပြီး ကိုယ့်အားကိုယ်ကိုး 'တစ်သက်တာပညာ' ဆည်းပူးရေးတွင်
ကောင်းစွာဆောင် ရွက်ပါက အောင်မြင်သော ဘ၀ ဖြစ်နိုင်ပါသည်။ သင်ယူမှုကို ဘယ်သောအခါမှ ရပ်မပစ်လိုက်ပါနှင့်ဟု
ပညာရှိတို့က ဆိုပါသည်။
အသက်အရွယ် ကြီးရင့်သူတို့၌
အတွေ့အကြုံများသဖြင့် ဘ၀ပညာနှင့် ပြည့်စုံနေကြသည်။ သူတို့တစ်သက်တာ ဘ၀ပညာကို လူငယ်လူရွယ်များအား
ပေးလှူနေသော လူကြီးသူမတို့ များစွာရှိကြသည်။ ဘ၀ပညာကို လိုလားသူ လူငယ်လူရွယ် တို့သည်
ထိုလူကြီးသူမတို့ထံမှ ဘ၀ပညာကို ဆည်းပူးရယူနိုင်သည်။ ခေါင်းသုံးလုံးရှိသော အဘိုးအိုကို
ဆည်းကပ်ပါဟူသည်မှာ ဤအဓိပ္ပာယ် ဖြစ်၏။ ဘ၀ပညာသည် အလှပညာ ဖြစ်သည်။ ဘ၀ပညာသည် ကိုယ့်ဘ၀ကိုလည်း
ရုပ်ဆိုးကျည်းတန် မဖြစ်စေရ။ သူများတကာတွေ ဘ၀ကိုလည်း ရုပ်ဆိုးအကျည်းတန် မဖြစ်စေရ။ အတ္တပရ
ဘ၀နှစ်မျိုးလုံးကို အလှဆင်သော ပညာသည် ဘ၀ ပညာ ဖြစ်သည်။
ဘ၀ပညာသည် အတ္တအတွက်လည်း
ဒုက္ခကို ရှောင်ရှား၊ ပရအတွက်လည်း ဒုက္ခတွေ ဆောင်မထားဘဲ အတ္တပရ နှစ်ဦးနှစ်ဝ သုခနှင့်ပြည့်စုံအောင်
ဆောင်ရွက်သော ပညာဖြစ်သည်။ ဘ၀ပညာသည် မည်သူ့ကိုမျှ စိတ်ကသိကအောင့် မဖြစ်စေဘဲ မည်သူကိုမျှ
အနှောင့်အယှက်မပေးဘဲ ကူညီရိုင်းပင်းမှုကိုသာ ပေးသော ပညာဖြစ်သည်။ တတ်သိသူနှင့် သိတတ်သူ
နှစ်မျိုးတွင် တတ်သိသူသာ ပေါများ၍ သိတတ်သူ ရှားပါးသတဲ့။ ဘ၀ပညာသည် တတ်သိခြင်းမဟုတ်။
သိတတ်ခြင်းသာ ဖြစ်သည်။ မိဘအပေါ်လည်း သိတတ်သည်။ ဆရာသမားအပေါ်လည်း သိတတ်သည်။ ကျေးဇူးတရား
ကိုလည်း သိတတ်သည်။ တာဝန်ကိုလည်း သိတတ်သည်။ ၀တ္တရားကိုလည်း သိတတ်သည်။ လူမှုရေးလည်း သိတတ်သည်။
ပြောစရာ၊ ဆိုစရာ၊ သင်စရာမလိုဘဲ အသိတရားက သူ့အလိုလိုရှိသူ ဖြစ်သဖြင့် အရာရာ၌ သိတတ်ခြင်းသည်
ဘ၀ပညာ ဖြစ်သည်။
တချို့စည်းကမ်းတွေသည်
သီးသန့်သတ်မှတ်ထားခြင်း မဟုတ်။ ကိုယ့်အသိတရားနှင့်ကိုယ် လိုက်နာကြရခြင်း ဖြစ်သည်။ အလိုက်သိ၊
အလိုက်တသိဟူသော ဝေါဟာရနှင့် သဘောတရားသည် နေရာတိုင်း၌ လိုအပ်သည်။ ထိုအလိုက်သိမှု၊ အလိုက်
တသိ ရှိမှုသည် ဘ၀ပညာ ဖြစ်သည်။ လောကမှာ အလိုက်သိမှုတစ်ခု မရှိမဖြစ် လိုအပ်သည်။ အလိုက်မသိသူနှင့်
ပေါင်းသင်းဆက်ဆံရ၊ နေထိုင်ရတာလောက် ဆင်းရဲတာ ဘာမျှမရှိ။ ထို့ကြောင့် အလိုက်သိတတ်မှုလေး
တစ်ခုတော့ လူတိုင်းမှာ ရှိစေချင်သည်။ ထိုဘ၀ပညာဖြစ်သော အလိုက်သိတတ်မှုမှနေ၍ ကိုယ်ချင်းစာတရားဆိုတာ
ပေါ်လာသည်။ အားနာတတ်မှု၊ ကူညီရိုင်းပင်းတတ်မှု၊ ထောက်ထားမှု၊ စာနာမှု၊ ငဲ့ညှာမှု၊ ဦးစားပေးမှု
စသော မြန်မာ့ယဉ်ကျေးမှုများ ပေါ်ပေါက်လာရသည်။
တစ်ဖက်သားကို အားနာတတ်မှုသည်
နူးညံ့သော စိတ်ထား၊ မွန်မြတ်သော စိတ်ထားမှ လာသည်။ နေရာတိုင်း၌ အားနာဖို့ မလိုသော်လည်း
အားနာတတ်သော မြန်မာ့ယဉ်ကျေးမှုလေးတစ်ခု မပျောက်ကွယ်သင့်ပေ။ လူတို့ကြား၌ အရေးတကြီး လိုအပ်
သော ကိုယ်ချင်းစာတရားသည် အားနာမှုမှလည်း လာသည်။ ငဲ့ညှာမှု၊ စာနာမှု၊ ထောက်ထားမှုတို့မှလည်း
လာသည်။ ထိုကောင်းမြတ်သော အမူအကျင့်တို့သည် ဘ၀ပညာမှနေ၍ လာကြသည်။
ကျက်ဉာဏ်၊ မှတ်ဉာဏ်တို့သည်
အတတ်ပညာရပ်တို့နှင့် ဆိုင်သော်လည်း စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်၊ ထိုးထွင်းဉာဏ်၊ သဘောဉာဏ်၊
တင်္ခဏုပ္ပတ္တိဉာဏ်၊ ဟာသဉာဏ် စသည်တို့ကား ဘ၀ပညာရပ်နှင့် ဆိုင်သွားသည်။ ကာလဒေသ ပုဂ္ဂလကို
ခွဲခြားနားလည်မှု၊ ဌာနာ ဌာန ကောသလ္လဉာဏ်တို့မှာလည်း ဘ၀ပညာရပ်မှသာ ရရှိနိုင်သည်။ ဘ၀တွေ
ပိုင်ဆိုင်ထားသူ ဘ၀ပိုင်ရှင်တိုင်းကတော့ ကိုယ့်ဘ၀ကိုယ် လှချင်ကြသည်။ လှတပတ ဖြစ်ချင်ကြသည်။
ဘ၀တွေ လှဖို့အတွက် အဓိက လိုအပ်တာကတော့ 'ဘ၀ပညာရပ်'သာ ဖြစ်သည်။
Written by အရှင်သံဝရာလင်္ကာရ
(ဓမ္မပိယဆရာတော်)