Monday, August 27, 2012

မျက်ရည်များကို လွမ်းပါတယ်

မျက်ရည်များကို လွမ်းပါတယ်

ဒီနေ့ ( ၁၃.၈. ၂၀၁၂ ) နေ့မှာ ကျေး၊ဇူးရှင် မွေးမိခင် မယ်တော်ကြီး ဘ၀တပါး ပြောင်းသွားခဲ့တာ (၃) နှစ်တင်းတင်း ပြည့်ခဲ့ ပြီ၊ လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်က မိခင်ကြီး ဆုံးပါးခဲ့တော့လဲ သီရိလင်္ကာနိုင်ငံမှာ ပညာသင်နေဆဲ တန်းလန်းမို့ အနားမှာ မရှိခဲ့ဘူး၊ နေရာဒေသဓလေ့ ထုံးစံအရ ရဟန်းမယ်တော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရုပ်အလောင်း မီးရှို့တာကိုလဲ မြင်ခွင့်မရခဲ့ဘူး။ 
 
တစ်နှစ်ပြည့်မှာ မပြန်နိုင်ခဲ့ပေမယ့် နှစ်နှစ်ပြည့် အမှတ်တရမှာတော့ ကိုယ်တိုင်စီမံပြီး စိတ်ကြိုက်လှူပေးနိုင်ခဲ့တယ်၊ အမျှဝေ ပေးနိုင်ခဲ့တယ်၊ အခု သုံးနှစ်ပြည့်မှာတော့ အဝေးကို ရောက်နေပြန်ရော. ဒါကပဲ ဘ၀တစ်ခုပါပဲလား..နောက်ဆုံး   တော့ကိုယ့် လမ်းကိုယ်လျှောက်နေကြရတာပဲ ဆိုပြီး သံဝေဂစိတ်လေး ဖြစ်မိပါရဲ့..

အမေ့ရဲ့မေတ္တာကို စတင်သတိထားမိလာတာက ငယ်ငယ် ၇ နှစ်လောက်က ထင်တယ်၊ ဆိုးလို့ ပေလို့ ဂျီကျလို့ ကောင်းနေ ဆဲ အရွယ်မှာ ဆိုးတိုင်း ပေတိုင်း အဖေက ရိုက်နှက်ဆုံးမတတ်တယ်၊ အဲဒီအချိန်မှာ အမေက ၀င်မတားမြစ်ရင် ကိုယ်လဲ သေပြီပဲ။ အဲဒီတော့ အမေဟာ ကိုယ့်ရဲ့ ကယ်တင်ရှင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်၊ အခုမှ ပြန်တွေးကြည့်တော့ နာမယ် မထင်ပါဘူး၊ ဒါပေမယ့် ကလေးအရွယ် ဆိုတော့လဲ  သိပ်နာကျင်ခဲ့တယ်လို့ ထင်မိတယ်.. အော်ကြီးဟစ်ကျယ် အသံကုန် ကို အော်ငိုပစ်လိုက်တယ်၊ အခုမှ တွေးမိတာ ရှက်စကြီးဖြစ်နေမလားပဲ။

နောက် ၁၃ နှစ်သားအရွယ်မှာ မိဘနဲ့ ဝေးရာ မြို့ကြီးမှာ ပညာသင်သွားရမယ် ဆိုတော့ အမေတစ်ယောက် လိုက်ပို့ရင်းနဲ့ ပြန်ခါနီးမှာ မျက်ရည်တွေတွေ ကျရင်း ထွက်ခွာခဲ့တဲ့ ကျောပြင်ကို ကြည့်ပြီး ဒုတိယအကြိမ် ခံစားမိလာတယ်၊ ရင်ထဲမှာ ထိထိရှရှလေး သတိထားမိလာတယ်။ ကိုယ်တိုင်တော့ မျက်ရည်မကျခဲ့လို့ အမေကတောင် သံယောဇဉ်ပြတ်နိုင်တဲ့ သားရယ် လို့ ဆိုခဲ့ဖူးတယ်၊ တကယ်တော့ ပုထုဇဉ်လူသားတယောက်အနေနဲ့ သံယောဇဉ် ဘယ်လိုလုပ် ပြတ်နိုင်ပါ့မလဲ အမေရယ်.. ပြတ်ချင်လို့ ပြတ်တာ မဟုတ်ပါဘူး၊ ပြတ်ချင်ယောင် ဆောင်ခဲ့တာပါ၊ ဒါကလဲ အကြောင်းရှိပါတယ်..

ရက်စက်တာ မုန်းလို့ မဟုတ်ဘူး

အမေက သူ့သားရဟန်းကို သံယောဇဉ်ပြတ်နိုင်လွန်းတယ်၊ တနှစ်လုံးနေမှ တခါတောင် မတွေ့ရဘူး၊ အမေကတော့ တနှစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် မတွေ့ပဲ မနေနိုင်ပါဘူး ဆိုပြီး အမြဲစကားနာထိုးတတ်တယ်၊ ကိုယ်လဲ အဲဒီစကားလေး တွေကို ကြားပြီး ရင်ထဲမှာ အမေဟာ အတော်ချစ်ရှာပါလား ဆိုပြီး ပီတိဖြစ်ရပါတယ်၊ ဒါပေမယ့် စည်းတစ်ခု ဘရိတ်တစ်ခု တော့ ထားခဲ့ဘူးတယ်၊

အမေ မသေခင် နောက်ဘ၀မကူးခင်မှာ တရားအလုပ်လုပ်ပြီး နှလုံးသွင်းနိုင်အောင် ကြိုးစားပါ၊ သံယောဇဉ်ဖြတ်နိုင်အောင် ကြိုးစားပါ လို့ သတိပေးစကား ဆိုခဲ့ဖူးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့ မိသားစုတော် တော်များများမှာ သားသမီးတွေကို စွဲလန်းပြီး နောင်ဘ၀အထိ မကျွတ်မလွတ်ပဲ ကိုယ့်ဘ၀ကို ရေစုန်မျော လိုက်နေကြ လို့ပါပဲ၊ 

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က အရှင်ကုမာရကဿပ ဆိုတာရှိခဲ့တယ်၊ သာသနာ့ဘောင်ဝင်ပြီး နှစ်ပေါင်း (၁၂)နှစ်   လောက်ကြာမှ မိခင်ဖြစ်သူနဲ့ ရှားရှားပါးပါးအဖြစ် တကြိမ်ဆုံတယ်၊ အဲဒီအချိန်မှာ မိခင်ကြီးကလဲ ဘိက္ခုနီမကြီး ဖြစ်နေပြီ၊ ဒါပေမယ့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ သားတစ်ယောက်ကို မြင်တဲ့အခါ ဣနြေ္ဒမဆည်နိုင်ပဲ ငိုကြီးချက်မ နဲ့ နောက်က နေ သားရဟန်းသွားလေရာကို တောက်လျောက်လိုက်နေတယ် တဲ့၊
  
သံယောဇဉ်အားလုံးကို ဖြတ်ခဲ့ပြီးသူ နဲ့ သံယောဇဉ်ကို လိုက်လံဆက်နေသူ နှစ်ယောက်ရဲ့ စိတ်ထားက သိပ်ကွာခြားနေ ခဲ့တယ်၊ မထေရ်မြတ်ကြီးက ရဟန္တာဖြစ်နေပြီ ဆိုတော့ စဉ်းစားမိတယ်၊ အော်- မိခင်ကြီးဟာ ငါနဲ့ ကင်းကွာနေတာ ၁၂ နှစ်တောင်ကျော်ပြီ ဆိုတော့ တော်တော်လွမ်းနေရှာမှာပဲ၊ တကယ်လို့ ငါ့ဆီက  အမေရယ်. အမေ့ကိုလဲ သားက လွမ်းနေ သတိရနေတာပါ .. ဘာညာစတဲ့  ချိုသာတဲ့စကားတွေကို ကြားလိုက်ရင် တခဏတော့ စိတ်ချမ်းသာသွားမယ်၊ သို့ပေမယ့် သံသရာမှာတော့ သံယောဇဉ်တွေနဲ့ လုံးချာလည်ပြီး နစ်မွန်းအုံးတော့မယ်.. လို့  တွေးမိပြီး - မိခင်ကြီး..ဘာတွေဖြစ်နေတာ လဲ. တော်တော် ခက်ပါတယ်၊ ရှုတ်လိုက်တာ.. ဒီလောက် သံယောဇဉ်လေးကိုတောင် မဖြတ်နိုင်ဘူးလား ဆိုပြီး အော်သလို ငေါက် သလို ပြောထည့်လိုက်တယ်။ 

ဒီအချိန်မှာပဲ အပူသည် မိခင်ကြီးက - အော် ငါကတော့ ၁၂ နှစ်လုံးလုံး သံယောဇဉ်တွယ်ပြီး လွမ်းနေလိုက်ရတာ၊ သူကတော့ ဒီလို စကားမျိုး ပြောထွက်ရက်တယ်၊ တော်ပြီ ရှေ့ဆက်စရာ အကြောင်းမရှိတော့ဘူး ဆိုပြီး သားရဟန်း သံယောဇဉ်ကို ဖြတ်ပြီး စိတ်ရှင်းရှင်း အမြင်ရှင်းရှင်းနဲ့ ၀ိပဿနာတရား အားထုတ်လိုက်တာ မကြာခင်မှာပဲ ရဟန္တာထေရီ ဘိက္ခုနီမကြီး ဖြစ်သွားသတဲ့။ ။

ဝမ်းသာလို့ ကျတဲ့မျက်ရည်များ

စာရေးသူ ၁၉ နှစ်သားအရွယ်မှာတော့ အကိုရင်းတယောက်က အလှူပေးလို့ ရေစက်ချတရားဟောရတယ်၊ အမျှဝေသံ မဆုံးခင်မှာ အမေ့မျက်နှာကို လှမ်းကြည့်လိုက်တော့ ဖြောင့်ဖြောင့်အမျှမဝေနိုင်ပဲ မျက်ရည်တွေပဲ ထပ်ကာထပ်ကာ သုတ်နေတာ တွေ့ လိုက်မိတယ်၊ ၀မ်းနည်းလို့ ကျရတဲ့မျက်ရည်၊ ၀မ်းသာလို့ ကျရတဲ့မျက်ရည် တွေထဲမှာ ဒီမျက်ရည်က တော့ မွန်မြတ်သော မျက်ရည်ဖြစ်ခဲ့ပါတယ်၊ 

ဒီဘက်နောက်ပိုင်းမှာတော့ မိဘနှစ်ပါးလုံးကိုပါ အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားနိုင်ခဲ့တယ် ထင်ပါတယ်၊ ကိုယ့်ကြောင့် မိဘစိတ်ဆင်းရဲတယ် ဆိုတာ မရှိစေရဘူး ဆိုတဲ့ခံယူချက်နဲ့ သားတစ်ယောက်ရဲ့ မေတ္တာတွေ ၊ အကြင်နာ တွေ၊ နွေးထွေးမှုတွေ အားလုံး ပေးနိုင်အောင် ကြိုးစားဖြစ်ခဲ့တယ်။ 

စာရေးသူ အောင်မြင်မှုတစ်ခုရတိုင်း ရတိုင်းမှာ အမေ့မျက်ရည်ကို မြင်ရတတ်တယ်၊ တရားဟောပြီးတိုင်း ပလ္လင်ပေါ်က မဆင်းခင်မှာ အမေ့မျက်ရည်ကို မြင်ရတယ်၊ နိုင်ငံရပ်ခြားကို သွားခါနီးမှာ နောက်ဆုံးအကြိမ်အဖြစ် အမေ့မျက်ရည်တွေကို မြင်ခဲ့ရတာ မှတ်မိနေပါသေး တယ်..

အခုတော့ အမေ့ရဲ့ ၀မ်းသာလို့ ကျတဲ့မျက်ရည်တွေကို ပြန်လည်မြင်ချင်ပေမယ့် မြင်တွေ့ခွင့်မရတော့ပါဘူး၊ မြတ်စွာ ဗုဒ္ဓကလဲ ဓမ္မစကြာတရားတော်မှာ ကြိုတင် သတိပေးထားပြီးသား မဟုတ်လား. မရဏမ္ပိ ဒုက္ခံ- သေကွဲကွဲရတာဟာ ဒုက္ခ တစ်မျိုး၊ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော- ကိုယ်သံယောဇဉ် ရှိသူတွေနဲ့ ရှင်ကွဲ၊ သေကွဲတခုခုနဲ့ ခွဲခွါရခြင်းဟာလဲ ဒုက္ခ တစ်မျိုးပါပဲ တဲ့၊ ဘယ်လိုအခြေအနေနဲ့ပဲ ဖြစ်စေ ခွဲခွာခြင်းမှန်သမျှဟာ ဒုက္ခဖြစ်စေတာမို့ မကောင်းပါဘူး..

အခုအချိန်မှာ မွေးမိခင်ကြီး မရှိတော့ပေမယ့် ကျွေးမိခင်တွေ၊  ဘာသာသာသနာကို ကြည်ညိုမြတ်နိုးသူ ကျေးဇူးရှင်တွေ ရဲ့ သံယောဇဉ်တွေ မေတ္တာတွေနဲ့ နေတတ်ခဲ့ပါပြီ၊ အဲဒီမေတ္တာတွေရဲ့ အင်အားနဲ့ ဆက်လက် ရှင်သန်ရပါအုံးမယ်…

အမေဟာ အမေပါပဲ ဆိုတဲ့ဆောင်းပါးကို မယ်တော်ကြီး၏ (၂) နှစ်ပြည့်မှာ ရေးခဲ့ဖူးတာမို့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါသေးတယ်။
တတ်သိနားလည်ချိန်မှစ၍ ယနေ့အထိတိုင် ပြုလုပ်အားထုတ်ခဲ့သော ကုသိုလ်တို့၏ အဖို့ဘာဂကို မယ်တော်ကြီး ဒေါ်သီ ( ၇၆) နှစ်အား ရည်စူး၍ သုံးဆယ့်တစ်ဘုံသားအားလုံးတို့အား အမျှပေးဝေပါတယ်၊ ရောက်ရာဘုံဘ၀မှ ၀မ်းမြောက်ဝမ်းသာ သာဓု သာဓု ခေါ်ဆိုနိုင်ပါစေသော်…

 ပန်းကမ္ဘာ