Saturday, August 25, 2012

စာမကွဲသော်လည်း ဖတ်နည်းကွဲက – အသိကွဲ၏


စာက မကွဲပြားသော်လည်း စာဖတ်နည်း ကွဲပြားသည်နှင့် အမျှ စာ၏ အဓိပ္ပာယ် သိနည်းလည်း ကွဲပြား၏။

လူ့လောက တွင် စာပေ ပေါ်သည်မှ စ၍ လူတို့သည် စာဖတ်ကြသည်။ စာကို ဖတ်သောအခါ ဗုဒ္ဓဒေသနာတော် လာ နေတ္တိဟာရ အရ ဖတ်လျှင် စာ၏ အဓိပ္ပာယ်ကို တစ်မျိုး သိ၏။ အခြားနည်း များအရ ဖတ်လျှင် စာ၏ အဓိပ္ပာယ်ကို တစ်မျိုး သိ၏။ အမှန်အားဖြင့် စာက မကွဲပြားသော်လည်း စာဖတ်နည်း ကွဲပြား သည်နှင့် အမျှ စာ၏ အဓိပ္ပာယ် သိနည်းလည်း ကွဲပြား၏။ ဗုဒ္ဓ ဒေသနာတော် လာ နေတ္တိကျမ်း အရ စာဖတ်နည်း နှင့် ပတ်သက်လျှင် ဩတရဏဟာရ သည် မှတ်သားဖွယ် ကောင်း၏။

ဩတရဏဟာရ ဟူသည်မှာ နေတ္တိ ကျမ်းလာ စာဖတ်နည်း တစ်မျိုး ဖြစ်၏။ ယင်းနည်း အရ စာကို ဖတ်သောအခါ မိမိ ဖတ်သောစာ၏ အနက်ကို ရုပ်နာမ် ခန္ဓာ စသဖြင့် ခွဲခြား၍ သိအောင် ဖတ်ရ၏။ ထိုသို့ သိအောင် ဖတ်ပါမှလည်း သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္တ သစ္စာ ကို ဆင်ခြင် နိုင်မည် ဖြစ်၏။
ဤလောက၌ မြတ်စွာ ဘုရား ပွင့်တော်မူ လာခြင်းနှင့် ပတ်သက်၍ ဆရာတော် အရှင် ဇနကာဘိဝံသ က ဤသို့ ဆိုထားတော် မူသည်ကို တွေ့ရပါ၏။

“အကယ်၍သာ၊ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှ အပြစ်တွေ။”

ထို့ကြောင့် ဗုဒ္ဓ ဒေသနာတော်လာ နေတ္တိကျမ်း ဩတရဏဟာရ အရ စာကို ဖတ်သောအခါ စာ၏ အနက်ကို ကုသိုလ်လား၊ အကုသိုလ် လား ဟူ၍လည်း ခွဲခြားပြီး သိ၏။ ရုပ်လား၊ နာမ်လား ဟုလည်း ခွဲခြားပြီး သိ၏။ ပညတ်လား၊ ပရမတ်လား ဟူ၍လည်း ခွဲခြားပြီး သိ၏။ ခန္ဓာလား၊ အာယတနလား စသည် အားဖြင့်လည်း ခွဲခြားပြီး သိ၏။ ဤသို့ သိရခြင်းသည် သာမည အကျိုးကျေးဇူး မဟုတ်၊ ဝိသေသ အကျိုး ကျေးဇူး ဖြစ်၏။ ဆရာတော် အရှင် ဇနကာဘိဝံသ မိန့်တော်မူသည့် အတိုင်း စာဖတ်သူများသည် စာ၏ အနက်ကို ကုသိုလ်နှင့် အကုသိုလ် ခွဲ၍ မသိခဲ့ပါလျှင် သံသရာ၌ နစ်နာ သွားနိုင်သည်ကို မှန်းဆ၍ ကြည့်နိုင်ပါ၏။

အကုသိုလ် လုပ်ငန်းကို ကုသိုလ်လုပ်ငန်း ဟူ၍ လွဲမှားစွာ မှတ်ယူပြီး လိုက်နာ ကျင့်သုံးမိက ကျင့်သုံးသူသည် အပါယ်လေးပါးမှ အထက်သို့ တက်ရတော့မည် မဟုတ်။ မိမိကိုယ်တိုင်က အကုသိုလ် လုပ်ငန်းကို အကုသိုလ် လုပ်ငန်းမှန်း သိပြီး လိုက်နာ ကျင့်သုံးလျှင်မူ သူ့ဆန္ဒ အတိုင်း သူ ဆောင်ရွက်ခြင်း ဖြစ်၍ အထူး ပြောစရာ မလိုချေ။ အထူး ပြောစရာ လိုသော အချက်ကား ဆန္ဒနှင့် ဆောင်ရွက်ချက် မညီညွတ်မှု ပင် ဖြစ်၏။ မိမိ လုပ်ချင်သည်က ကုသိုလ်၊ လုပ်မိသည်က အကုသိုလ် ဖြစ်နေလျှင်သာ အထူး ပြောစရာ လိုလာခြင်း ဖြစ်၏။

ဤသို့ ဆန္ဒနှင့် ဆောင်ရွက်ချက် မညီညွတ်ခြင်း သည် စာကို ဗုဒ္ဓ ဒေသနာတော် လာ နေတ္တိကျမ်း ဩတရဏ ဟာရ အရ မဖတ်ခြင်း ကြောင့် ဖြစ်၏။ အကယ်၍ ဗုဒ္ဓဒေသနာတော် လာ နေတ္တိကျမ်း ဩတရဏဟာရ အရ စာကို ဖတ်မည် ဆိုပါလျှင် ကုသိုလ် လုပ်ငန်းကို လည်း ကုသိုလ် လုပ်ငန်းမှန်း သိ၏။ အကုသိုလ် လုပ်ငန်း ဟူ၍ မှားယွင်းပြီး မယူမှတ်။ အကုသိုလ် လုပ်ငန်း ကိုလည်း အကုသိုလ် လုပ်ငန်းမှန်း သိ၏။ ကုသိုလ် လုပ်ငန်းဟူ၍ မှားယွင်း ပြီး မယူမှတ်။

အမှန်အားဖြင့် သံသရာတွင် ကုသိုလ် နှင့် အကုသိုလ် သည်သာ မိမိ တို့၏ အားကိုးရာ ဖြစ်၏။ မိမိ တို့၏ မိတ်ဆွေ ဖြစ်၏။ ကုသိုလ် နှင့် အကုသိုလ် မှ လွဲ၍ အခြား အားကိုးစရာ လည်း မရှိ။ အခြား မိတ်ဆွေ လည်း မရှိ။ ထို့ကြောင့် မိမိ တို့သည် အသက်ရှင် နေသရွေ့ ကာလ ပတ်လုံး ကာယကံမှု ကို ဖြစ်စေ၊ ဝစီကံမှုကို ဖြစ်စေ၊ မနောကံမှု ကို ဖြစ်စေ၊ “ကံ” သုံးမျိုး တို့တွင် တစ်မျိုးမဟုတ်၊ တစ်မျိုး ကို ခဏ မလပ် လုပ်နေကြရသည် ဖြစ်လေရာ ထိုသို့ လုပ်သမျှ ကံများသည် အဘိဓမ္မာ တရားကိုယ် အားဖြင့် ကုသိုလ် နှင့် အကုသိုလ် နှစ်မျိုး တို့တွင် တစ်မျိုးမျိုး သာ ဖြစ်ရ၏။ အခြား ဖြစ်စရာ ဟူ၍ မရှိပါချေ။

သို့ ဖြစ်လေရာ စာဖတ်သူများသည် စာကို ဖတ်တိုင်း စာ၏ အနက်သည် ကုသိုလ် ဖြစ်သည်၊ သို့မဟုတ် အကုသိုလ် ဖြစ်သည် ဟူ၍ ခွဲခြား သိဖို့ လိုပါ၏။ ထိုသို့ သိပါမှလည်း အဖြစ်ကို အဖြစ် အတိုင်း၊ အရှိကို အရှိအတိုင်း သိသည် မည်၏။ ထိုသို့ သိခြင်းကို ယထာဘူတ ဥာဏ် ဟူ၍ ဆို၏။ ဒေသနာတော် အရ ဆိုလျှင် ယထာဘူတ ဥာဏ်ကို ရခြင်းသည် သစ္စဉာဏ်ကို ရဖို့အတွက် လှေကားပင် ဖြစ်၏။ အမှန်အားဖြင့် ဘဝတွင် ပန်းတိုင် ဟူ၍ ရှိပါ၏။ ဘဝ ၏ ပန်းတိုင် ကား သစ္စဥာဏ် ကို ရောက်ဖို့ ရန် အတွက် အရေးအကြီးဆုံးမှာ မှန်ကန်သော စာဖတ်နည်းဖြင့် စာဖတ် ဖို့ ပင် ဖြစ်၏။

စာရေးဆရာ သည် စာ ကို ရေး၏။ သူရေးသော အကြောင်းအရာသည် စီးပွားရေး ဖြစ်ချင် ဖြစ်မည်။ စီးပွားရေး တွင်လည်း စားရေး သို့မဟုတ် နေရေး၊ သို့မဟုတ်၊ ဝတ်ရေး သို့မဟုတ် ကျန်းမာရေး ဤလေးမျိုး တို့တွင် တစ်ခုခု ဖြစ်မည်။ ဤလေးမျိုးကို ကျမ်းဂန် များ၌ ပစ္စည်းလေးပါး ဟူ၍ ဆို၏။ ထို့ကြောင့် ပစ္စည်း လေးပါးနှင့် ပတ်သက်သော အကြောင်းအရာကို စီးပွားရေး ဟူ၍ ခေါ်ခြင်း ဖြစ်ပါသည်။

လူ့ဘဝတွင် ဤအရေး လေးပါးနှင့် ပြည့်စုံရုံမျှ နှင့် အားလုံး ပြည့်စုံပါပြီလား။ ဤအရေး လေးပါး ကို ပြည့်စုံအောင် လုပ်ဆောင်ရုံမျှ လူ့ဘဝ၏ လူ့တာဝန် ကျေပါပြီလား။ ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်း ဖြစ်၏။ အခြား စာဖတ်နည်း များဖြင့် စာဖတ်သူများ က မည်သို့ ဖြေမည် မသိသော်လည်း ဗုဒ္ဓ ဒေသနာတော်လာ နေတ္တိကျမ်း ဩတရဏ ဟာရ နည်းအရ စာဖတ်သူများ ကမူ လောကတွင် ပစ္စည်းလေးပါး ပြည့်စုံရုံမျှ ဖြင့် အားလုံး ပြည့်စုံသည် မဟုတ်။ ပစ္စည်းလေးပါး ပြည့်စုံအောင် အားထုတ်ရုံမျှဖြင့် လူ့ဘဝ၏ လူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သည် မမည်။ ဤသို့သာ ဖြေပေ လိမ့်မည်။

ဩတရဏ ဟာရ နည်းအရ ဆိုလျှင် ပစ္စည်းလေးပါး သည် ခန္ဓာ ဖွဲ့စည်းမှု အရ ရူပက္ခန္ဓာ နှင့် ပတ်သက်၏။ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်မှု သဘော ရှိ၏။ ထို့ကြောင့် ပစ္စည်း လေးပါး ပြည့်စုံမှုသည် လည်းကောင်း၊ ပြည့်စုံအောင် အားထုတ်မှု သည် လည်းကောင်း လောဘကို ဖြစ်စေ၏။ မာနကို ထောင်စေ၏။ ဒိဋ္ဌိကို ကြီးခိုင် စေ၏။ ထို့ကြောင့် ပစ္စည်း လေးပါး ပြည့်စုံမှု သည် လည်းကောင်း၊ ပစ္စည်းလေးပါး ပြည့်စုံအောင် အားထုတ်မှု သည် လည်းကောင်း သူ့ချည်း သက်သက် လွှတ်ပေး ထားလျှင် အန္တရာယ် ရှိ၏။ ကြောက်စရာ ကောင်း၏။ ဘဝ ကို ပျက်ဆီး စေ၏။ ဘဝ၏ တာဝန်ကို မေ့လျော့အောင် လုပ်တတ်၏။

ထို့ကြောင့် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အရ ပစ္စည်းလေးပါး ပြည့်စုံမှု၌ လည်းကောင်း၊ ပစ္စည်းလေးပါး ကို ပြည့်စုံအောင် အားထုတ် မှု၌ လည်းကောင်း ထိန်းချုပ်ဖို့ လို၏။ ထိန်းချုပ်ခြင်း ဟူသည်မှာ အသက်မွေးမှု နှင့် ပတ်သက်၍ သမ္မာ အာဇီဝ သဘော သက်ဝင်လာအောင် အားထုတ်ခြင်း ပင် ဖြစ်၏။ သမ္မာအာဇီဝ ဟူသည်မှာ နှယ်နှယ်ရရ မဟုတ်၊ မဂ္ဂသစ္စာ ထိုက်သည် ဆိုကတည်းကပင် ပစ္စည်းလေးပါး ပြည့်စုံခြင်း အပေါ်၌ အခြေတည်သော လောဘ၊ မာန၊ ဒိဋ္ဌတို့ကို သတ်နိုင်သော သမ္မာအာဇီဝ မဂ္ဂင် ဖြစ်၏။ အမည်ခံ သက်သက်မျှ မဟုတ် ချေ။

ထို့ကြောင့် စီးပွား ရေး စာပေ များ ကို ဖတ်လေသော အခါ ဩတရဏ ဟာရ နည်းဖြင့် ဖတ်ပါက လောဘ၊ မာန၊ ဒိဋ္ဌိတို့ ပါး၍၊ အခြားနည်းဖြင့် ဖတ်ပါက လောဘ၊ မာ၊ ဒိဋ္ဌိတို့ ပွားလာမည် ဖြစ်ပါ၏။
ဤနေရာ၌ လောဘ၊ မာန၊ ဒိဋ္ဌိ တို့ကို ပါးအောင် လုပ်ခြင်း ဟူသည်မှာ ပစ္စည်း ဥစ္စာများကို ရားသဖြင့် ရနိုင်သမျှ ရအောင် ကြိုးစားပမ်းစား ရှာဖွေ၍ လောက၏ အကျိုး စီးပွား အတွက် ရက်ရက်ရောရော အသုံးချခြင်း ပင် ဖြစ်၏။ ထိုသို့ အသုံးချ နိုင်မှလည်း လောဘကို သတ်ရာရောက်၏။ မာနကို နှိပ်ကွပ်ရာ ရောက်၏။ ဒိဋ္ဌိကို ဖြိုခွဲရာ ရောက်၏။ အမှန်အားဖြင့် ပစ္စည်း ဥစ္စာများကို မိမိ အတွက် ဖက်တွယ်ထားခြင်း သည် ယုတ်ညံ့ခြင်း ၏ အမှတ်အသား ဖြစ်၍၊ လောက အတွက် ရက်ရက်ရောရော စွန့်လွှတ်ခြင်း သည်သာလျှင် မြင့်မြတ်ခြင်း ၏ သင်္ကေတ ဖြစ်ပါ၏။ ဤသို့သော ဆောင်ရွက်မှု မျိုးကို ဩတရဏ ဟာရ စာဖတ်နည်းဖြင့် စာကို ဖတ်ပါမှ ရနိုင်ပါ၏။

ဒုတိယ အကြောင်းအရာမှာ ခံစားမှု ဆိုင်ရာ ရသစာပေ အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ ပြောနေကျ ဝေါဟာရ ဖြင့် ပြောရလျှင် ရသစာပေကို ဖတ်ရှုလေ့လာ ပါက အလင်္ကာရ ကျမ်းလာ ရသကိုးပါး တို့တွင် တစ်ပါးပါးကို ခံစားနိုင်သည် ဟူ၍ ဖြစ်၏။ ဤသည်မှာ ပြောရိုး ပြောစဉ် အရ ပြောခြင်း ဖြစ်၏။ သို့ရာတွင် ရသ စာပေ ကိုပင် နေတ္တိကျမ်းလာ ဩတရဏဟာရ အရ ဖတ်လျှင် အလင်္ကာရ ကျမ်းလာ ရသကိုးပါးသည်ပင် တစ်မျိုး ဖြစ်၏။ ရသ ဟူသည်မှာ ခံစားမှု ဝေဒနာ ပြဋ္ဌာန်း၏။ ဝေဒနာ ပြဋ္ဌာန်းလျှင် ခန္ဓာ ဖွဲ့စည်း အရ ဝေဒနက္ခန္ဓာ နှင့် ပတ်သက် ၏။ ဝေဒနာသည် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော် အရ ပစ္စုပ္ပန် အကျိုးတရား ဖြစ်၏။ ပစ္စုပ္ပန် အကျိုးတရား မှ ပစ္စုပ္ပန် အကြောင်းတရား သည် ဖြစ်လာရ၏။ ယင်းသို့ ဖြစ်လာခြင်း ကို ဝေဒနာပစ္စယာ တဏှာဟူ၍ ဆိုနိုင်၏။ ဤ၌ ဝေဒနာ ဟူသည် ရသစာပေ နှင့် ပတ်သက်၍ ခံစားမှု ဖြစ်၏။

ထို့ကြောင့် ရသ စာပေကို အခြား စာဖတ်နည်းဖြင့် ဖတ်မည် ဆိုပါက ဝေဒနာ ပစ္စယာ တဏှာသာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် အနုလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ရသစာပေ ကို ဖတ်ပါက ခံစားမှု ဝေဒနာ ကြောင့် ဝေဒနာ ပစ္စယာ တဏှာ အရ လောဘ ဖြစ်နိုင် ၏။ အမှန်အားဖြင့် ဝေဒနာ ကြောင့် တဏှာ ဖြစ်လျှင် အနုလောမ ပဋိစ္စသမုပ္ပာဒ် ကြောင့် ဖြစ်၏။ အကယ်၍ ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ရသ စာပေကို ဖတ်ပါလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟူ၍ မဖြစ်ဘဲ၊ ဝေဒနာ ပစ္စယာ ဉာဏံ ဟူ၍သာ ဖြစ်ပေ လိမ့်မည်။ ထိုသို့ ဖြစ်လျှင် ဝေဒနာ ကြောင့် မဂ်ဉာဏ် လည်း ဖြစ်နိုင်၏။ ဝိပဿနာ ဉာဏ်လည်း ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်ခြင်း မှာ ရသ စာပေကို ပဋိလောမ ပဋိစ္စသမုပ္ပာဒ် လာ ဩတရဏ ဟာရ အရ ဖတ်သောကြောင့်သာ ဖြစ်၏။

သို့ဖြစ်လေရာ ခံစားမှု ဆိုင်ရာ ရသစာပေ ကို ဩတရဏ ဟာရ အရ ဖတ်ပါက အနုလောမ နည်းအရ ဖတ်လျှင် တဏှာ ဖြစ်၏။ ပဋိလောမ နည်းအရ ဖတ်လျှင် ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် ဖြစ်နိုင်၏။ အခြား စာဖတ်နည်း ဖြင့်သာ ဖတ်ပါက မုချမသွေ တဏှာ တစ်မျိုး တည်း ဖြစ် ၏။ ရသ စာပေကို ပဋိလောမ ပဋိစ္စသမုပ္ပာဒ် ဩတရဏ ဟာရ အရ ဖတ်သော အခါ ဝေဒနာ နိရောဓာ တဏှာ နိရောဓော အရ တဏှာ မဖြစ်ဘဲ ဉာဏ် ဖြစ်ပါက ယင်းဉာဏ်သည် တဏှာကို သတ်ပါ၏။ တဏှာကို သတ်လျှင် မာနကို လည်း သတ်ရာ ရောက်၏။ ဒိဋ္ဌိကိုလည်း သတ်ရာ ရောက်၏။ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ သေလျှင် အတ္တလည်း သေလေ၏။ အတ္တသာ သေပါက ရသစာပေမှ တကယ့်တကယ် နှစ်သက်စရာ ကောင်းသော ရသကို လက်တွေ့အနေဖြင့် ခံစားရပါ၏။

ရသ စာပေကို လူတိုင်း ဖတ်ဖူးပါ၏။ ဖတ်ဖူးသည့် အလျောက်လည်း ချမ်းမြေ့ရ၏။ အငြင်းပွားဖွယ် မရှိ။ အားလုံး ကိုယ်တွေ့ ဖြစ်၏။ ရသ စာပေကို ဖတ်ရခြင်း ကြောင့် ဖတ်သူများ ကိုယ်တိုင် နှစ်သက် ချမ်းမြေ့မှု ခံစားရခြင်းကို ဒဿန ဝေါဟာရ ဖြင့် သယံသိဒ္ဓ ဟူ၍ ခေါ်၏။ သယံ သိဒ္ဓ ဟူသည်မှာ သူတစ်ပါး ကြောင့် မဟုတ်ဘဲ မိမိ ဘာသာ မိမိ ခံစားမှု အရ ထင်ရှားသည့် သဘော ဟူ၍ ဖြစ်လေ၏။ ထို့ကြောင့် ရသ စာပေကို လူတို့ စွဲလမ်းကြခြင်း ဖြစ်၏။

ရသ စာပေကို ဖတ်ရာ၌ နှစ်သက် စွဲလမ်းကြခြင်း မှာ ဗုဒ္ဓဘာသာ ဝေါဟာရဖြင့် ဆိုလျှင် အတ္တကို ပယ်သတ် လိုက်သောကြောင့် ဖြစ်၏။ ရသစာပေကို ဖတ်သော အခါ စာဖတ်သူ သည် မိမိ ဘဝ ပျောက်သွားပြီး ဇာတ်လိုက် ဖြစ်သွားသည်ကို ကြုံရ၏။ ဤနေရာ၌ ဇာတ်လိုက် ဟူသည်မှာ သက်ရှိ ဖြစ်ချင်လည်း ဖြစ်နိုင်၏။ သက်မဲ့ ဖြစ်ချင်လည်း ဖြစ်နိုင်၏။ အကြောင်းအရာ အလိုက် ဖြစ်ချင်သလို ဖြစ်နိုင်၏။ သို့ရာတွင် သက်ရှိပဲ ဖြစ်ဖြစ်၊ သက်မဲ့ပဲ ဖြစ်ဖြစ် စာဖတ်သူများ အနေဖြင့် အတ္တ ပျောက်ပြီး နှစ်သက် ချမ်းမြေ့သည်ကတော့ အမှန်ပင် ဖြစ်၏။ ဖတ်သူ အနေဖြင့် မိမိ ဘဝ ပျောက်သွားပြီး ရသ စာပေပါ အကြောင်းအရာ အလိုက် ဇာတ်လိုက် ဖြစ်သွားရခြင်း ကိုပင် မိမိ အတ္တ ပျောက်သွားခြင်း ဟူ၍ လည်းကောင်း၊ မိမိ ၏ အတ္တကို ပယ်ခြင်း ဟူ၍ လည်းကောင်း ဆိုရ၏။ ထို့ကြောင့် အတ္တကို ပယ်သတ်နိုင်သည် နှင့် အမျှ ချမ်းသာ ၏ ဟူသည်မှာ အငြင်းပွားဖွယ် မရှိသော မှန်ကန်ချက် ဖြစ်ပါ၏။

ထို့အပြင် စာဖတ်သူ ကိုယ်တိုင်က မိမိ ၏ အတ္တ ပျောက်သွားကြောင်း ကိုယ်တွေ့ကြုံလျှင် လောက၌ အတ္တ ဟူသည် တကယ်တမ်း အခိုင်အမာ မရှိ ကြောင်း၊ ပယ်သတ်၍ ရနိုင်ကြောင်း အလိုလို လက်ခံပြီးသား ဖြစ်လေ၏။ ဤသို့ လက်ခံနိုင်ခြင်း သည် ယထာဘူတ နှင့် သံဝေဂ ကို ဖြစ်စေမည် ဖြစ်ပါ၏။ ယထာဘူတ နှင့် သံဝေဂ ဖြစ်လျှင် ဝိပဿနာ ဉာဏ် လည်း ဖြစ်ဖို့ ရှိ၏။ မဂ်ဉာဏ်လည်း ဖြစ်ဖို့ ရှိ၏။ ထိုသို့ ဖြစ်လျှင် ရသ စာပေ ကို ဖတ်ခြင်း ကြောင့် ဝေဒနာ ပစ္စယာ တဏှာ မဖြစ် တော့ဘဲ ဝေဒနာ ပစ္စယာ ဉာဏံ ဖြစ်သော ကြောင့်သာ ဖြစ်လေ၏။ ထို့ကြောင့် ရသစာပေ ကို ဖတ်ရာတွင် စာဖတ်နည်း ကို လိုက်၍ အကုသိုလ်လည်း ဖြစ်နိုင်၏ ကုသိုလ် လည်း ဖြစ်နိုင်၏။ ထိုသို့ ဖြစ်နိုင်ကြောင်း ကိုလည်း သိဖို့ လို၏။ ထိုသို့ သိပါမှလည်း သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ တိုင်အောင် သိရာ ရောက်၏။

နောက် စာပါ အကြောင်း အရာ တစ်မျိုးမှာ သိမှု ဆိုင်ရာ အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ သိမှုဆိုင်ရာ အကြောင်းအရာ ဟူသည်မှာ “အသိ ဗဟုသုတ” ဖြစ်ချင် ဖြစ်မည်၊ “အတတ် ဗဟုသုတ” ဖြစ်ချင် ဖြစ်မည်။ မည်သည့် ဗဟုသု တ မျိုးပင် ဖြစ်စေကာမူ ဗဟုသုတ ဟူသမျှ သည် သညက္ခန္ဓာ နှင့် ပတ်သက်၏။ ထို့ကြောင့် ဗဟုသုတ ဟူသမျှ ကို သမ္မုတိ သစ္စာ အားဖြင့် ဗဟုသုတ ဟူသော ပညတ် အဆင့်တွင် အသိမရပ်ဘဲ ပရမတ္ထ သစ္စာ အားဖြင့် ရုပ်၊ နာမ်၊ ခန္ဓာ၊ ကုသိုလ်၊ အကုသိုလ် ဟူ၍ ပရမတ် အဆင့်တိုင်အောင် အသိကို မြှင့်တင် အပ်၏။ ထိုအခါမှ စာဖတ်သူ ၏ အသိသည် သမ္မုတိ သစ္စာကို ကျော်ပြီး ပရမတ္ထ သစ္စာကို ရောက်မည် ဖြစ်၏။ ပရမတ္ထ သစ္စာတိုင်အောင် အသိ ရောက်ပါမှလည်း လောက၌ ဘုရား ပွင့်ရကျိုး နပ်မည် ဖြစ်၏။

မြတ်စွာ ဘုရား ပွင့်တော် မမူမီ ကာလက ဆိုပါလျှင် လူတို့သည် ပရမတ္ထ တရားတို့၏ အမည်မျှ ကိုပင် သိစွမ်းနိုင်ခြင်း မရှိဘဲ၊ မြတ်စွာ ဘုရား ပွင့်တော် မူလာသော အခါမှသာ ပရမတ္ထတရား တို့၏ အမည်နှင့် တကွ သစ္စာလေးပါး တိုင်အောင် သိစွမ်းနိုင်လာခြင်း ဖြစ်၏။ ထိုသို့ သိစွမ်းနိုင်လာခြင်း ဟူသည်မှာ ဩတရဏ ဟာရ အရ စာကို ဖတ်ပါမှသာ မိမိ ဖတ်သော စာ၏ အနက်ကို ပရမတ္ထ တို့၏ အမည်နှင့် တကွ သစ္စာလေးပါး တိုင်အောင် သိစွမ်းနိုင်လာခြင်း ဖြစ်၏။ ဤနေရာ၌ တရား နာကြားခြင်း ကိုလည်း စာဖတ်ခြင်း ၌ပင် ထည့်သွင်း ပါ၏။

ထို့ကြောင့် အတတ် ပညာပိုင်း ဆိုင်ရာ နှင့် အသိပညာပိုင်း ဆိုင်ရာများကို ဖတ်ရာတွင် ဖြစ်စေ၊ နာကြား ရာတွင် ဖြစ်စေ သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ သစ္စာ တိုင်အောင် သိလိုပါက စာဖတ်သူ များသည် ဩတရဏ ဟာရ နည်းဖြင့် ဖတ်ဖို့ လိုပါ၏။ သို့မဟုတ် ပါက စာဖတ်သူ များ၏ အသိသည် သမ္မုတိ သစ္စာ တွင်သာ အဆုံးသတ် ပေလိမ့်မည်။ အကယ်၍သာ စာဖတ်သူ များ၏ အသိသည် သမ္မုတိ သစ္စာ တွင်သာ အဆုံးသတ် ပါက ထိုသူများသည် မြတ်စွာဘုရား ပွင့်တော်မူခြင်း မရှိသော ကာလ၌ နေရသည် နှင့် ဘာမျှ ထူးခြား လိမ့်မည် မဟုတ်ပေ။

သို့ဖြင်လျှင် ထိုသူများသည် ဘုရားပွင့် ရကျိုးလည်း ဘာမျှ နပ်လိမ့်မည် မဟုတ်။ အမှန်အားဖြင့် နေမင်း နှင့် လမင်းတို့၏ မွန်းတည့်ချိန်တွင် အလင်းရောင်များ ထွန်းပလျက် ရှိပါ၏။ မိမိတို့ ၏ မျက်စိကို ဖွင့်လိုက်ဖို့ သာ လိုပါ၏။ သာသနာတော် သည်လည်း ထက်ဝက် ကျိုး၍ မွန်းတည့်ပြီးပြီ။ အလင်းရောင် လည်း ထွန်းပလျက် ရှိပြီ။ ဩတရဏဟာရ ဖြင့် မျက်စိဖွင့် ထားလိုက်ဖို့ လိုတော့၏။

စတုတ္ထမြောက် အကြောင်းအရာမှာ တီထွင်ကြံဆမှု နှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်၏။ ယင်းအကြောင်းအရာ သည် သင်္ခါရက္ခန္ဓာ နှင့် ပတ်သက်၏။ အမှန်အားဖြင့် စီးပွားရေး စာပေ၌ ဖြစ်စေ၊ ရသ စာပေ၌ ဖြစ်စေ၊ ဗဟုသုတ စာပေ၌ ဖြစ်စေ လူတို့သည် အမြဲတမ်း ကြံဆ နေကြသည် ဖြစ်၏။ တီထွင် နေကြသည် ဖြစ်၏။ သို့ဖြစ်၍ စာပေတို့သည် ခေတ်တစ်ခေတ်ပြီး တစ်ခေတ် တိုးတက်လာကြခြင်း ဖြစ်၏။ ထိုသို့ တိုးတက်လာရာတွင်လည်း တိုးတက်မှု နှင့် ပတ်သက်၍ သမ္မုတိသစ္စာ သဘောကိုသာ မက ပရမတ္ထ သစ္စာ သဘော တိုင်အောင် သိဖို့ လို၏။

ထိုသို့ သိဖို့ ဆိုသည်မှာလည်း စာကို ဖတ်ရာ၌ ဩတရဏဟာရ နည်းအရ ဖတ်ပါမှသာ ပရမတ္ထ တိုင်အောင် သိနိုင်မည် ဖြစ်၏။ သို့မဟုတ် ပါက “ဇာတံ သရဏတော ဘယံ” ဟူသည်နှင့် အညီ ကိုးကွယ်ရာမှ ဘေး ဖြစ်လာမည် ဖြစ်၏။ လောကသည် တီထွင် ကြံဆမှုများ ကြောင့် ငြိမ်းချမ်း မလာဘဲ အန္တရာယ် ပေါ်၌ လျှောက်နေမိလျက်သား ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် တီထွင် ကြံဆမှု ဆိုင်ရာ စာပေ များကို ဖတ်လေ သော အခါ သမ္မုတိ သစ္စာကို ကျော်၍ ပရမတ္ထ သစ္စာ တိုင်အောင် သိနိုင်ရေး အတွက် ဩတရဏဟာရ နည်း အရ ဖတ်သင့်ပါ၏။ ပရမတ္ထ သစ္စာတိုင်အောင် နည်းအရ ဖတ်သင့်ပါ၏။ ပရမတ္ထ သစ္စာ တိုင်အောင် သိပါမှသာ စာပေပါ ဖြစ်ရပ် များနှင့် ပတ်သက်၍ ကုသိုလ် နှင့် အကုသိုလ် ကို ခွဲခြား ၍ သိမည် ဖြစ်၏။ ကုသိုလ်နှင့် အကုသိုလ် ကို ခွဲခြား သိလျှင် ယင်းတို့၏ ဆိုင်ရာ အကျိုးများကို လည်း ခွဲခြားပြီး သိမည် ဖြစ်၏။ သို့မဟုတ်ဘဲ အခြား စာဖတ်နည်း များဖြင့်သာ တီထွင် ကြံဆမှု ဆိုင်ရာ စာပေများကို ဖတ်ရှုပါက စာဖတ်ခြင်း ၏ အကျိုးကို ရသည်က တခြား၊ လိုချင်သည်က တခြား ဖြစ်ပေလိမ့်မည်။

စာပေ၏ ပဉ္စမ အကြောင်းအရာသည် ကိုယ်ကျင့်သိက္ခာ နှင့် ပတ်သက်သော အကြောင်းအရာ ဖြစ်ချင် ဖြစ်နိုင်၏။ “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” ဟူသည် နှင့် အညီ ကိုယ်ကျင့် သိက္ခာနှင့် ပတ်သက်သော ဝိညာဏ္ခန္ဓာ နှင့် ဆိုင်၏။ ဘဝတွင် အရေးအကြီး ဆုံးမှာ ကိုယ်ကျင့် သိက္ခာ ကောင်းဖို့ပင် ဖြစ်၏။ ထို့ကြောင့် ခန္ဓာ ငါးပါး ဆိုင်ရာ ဆောင်ရွက်မှုများတွင်လည်း ဝိညာဏ္ခန္ဓာ ဆိုင်ရာ ဆောင်ရွက်ချက် သည် အရေးကြီးဆုံး ဖြစ်၏။ 

ထို့ကြောင့် ရူပက္ခန္ဓာ အရ စီးပွားရေးသည် အရေးကြီးသည် မှန်သော်လည်း ယင်းအပေါ်၌ တရား သဖြင့် ဖြစ်ရလေအောင် မိမိ ၏ လောဘ ရမ္မက်ကို ထိန်းချုပ်နိုင်ဖို့ လို၏။ ထိုနည်း အတူ ဝေဒနက္ခန္ဓာ အရ ရသသည် လည်းကောင်း၊ သညက္ခန္ဓာ အရ ဗဟုသုတ သည် လည်းကောင်း၊ တီထွင် ကြံဆမှု သည် ကောင်း လောက ငြိမ်းချမ်း သာယာ ရေး အတွက် အရေးကြီးသည် မှန်သော်လည်း ဝိညာဏ္ခန္ဓာ အရ ယင်းတို့ အပေါ် တရားသဖြင့် ဖြစ်အောင် ထိန်းချုပ် နိုင်ဖို့က ပို၍ အရေးကြီးပါ၏။ ယင်းတို့ အပေါ် ထိန်းချုပ် နိုင်ဖို့ ဆိုသည်မှာ စိတ်ဓာတ် ဖြူစင် သန့်ရှင်းမှ ဖြစ်၏။ မိမိ စိတ်ဓာတ် ဖြူစင်သန့်ရှင်းအောင် မိမိ ၏ စိတ်၌ အာဂန္တုက ဖြစ်သော အကုသိုလ် အညစ်အကြေးများ မကပ်နိုင်၊ မရောက် စေနိုင်ရန် အပ္ပမာဒ တရား ဖြင့် မမေ့မလျော့ ရှိနေဖို့ လိုအပ်ပါ၏။

“အလိမ္မာ စာမှာရှိ” ဟူ၍ ဆိုပါသော်လည်း စာကို ဩတရဏဟာရ နည်းဖြင့် ဖတ်ပါမှ ကုသိုလ်နှင့် အကုသိုလ်ကို လည်းကောင်း၊ ရုပ်နာမ် ကို လည်းကောင်း၊ ခန္ဓာ အာယတန ဓာတ် ဣနြေ္ဒ သစ္စာ ပဋိစ္စသမုပ္ပာဒ် နှင့် ဗောဓိပက္ခိယ သဘောတို့ကို လည်းကောင်း သိနိုင် မည် ဖြစ်၏။ သို့မဟုတ် ပါက စာပေပါ အကြောင်းအရာ များကို ပရမတ် ဆိုက်အောင် မသိဘဲ ပညတ်တွင်သာ လမ်းဆုံး နေပေလိမ့်မည်။
သို့ရာတွင် တရားကို သိရုံသိပြီး တရားမရှိ ပါကလည်း မိမိ ဖတ်သော စာပေမှ အကာကိုသာ ရပြီး အနှစ်ကို မရသည့် သဘော မျိုး ဖြစ်ပေ လိမ့်မည်။ 

ထို့ကြောင့် စာပေကို ဖတ်ရာတွင် အလိမ္မာကို သိလည်း သိရလေအောင်၊ သိရုံ သာမက ထိုအလိမ္မာ သည် မိမိ၌လည်း ရှိရလေအောင် စာပေကို နေတ္တိကျမ်းလာ ဩတရဏဟာရ အရ ဖတ်သင့်ကြောင်း တင်ပြခြင်း ဖြစ်ပါ၏။ ထို့အပြင် စာ၏ အကြောင်းအရာ များကို ငါးမျိုး ခွဲခြားခြင်း မှာလည်း ခန္ဓာ ငါးပါးတို့၏ စေ့ဆော်မှု အရ အုပ်စု အားဖြင့် ငါးမျိုးသာ ရှိနိုင်ခြင်း ကြောင့် ငါးမျိုးသာ ခွဲခြား ဖော်ပြခြင်း ဖြစ်ကြောင်း ထပ်လောင်း၍ ဖော်ပြအပ်ပါ၏။ ။

စာဖတ်သူများ – ၂၀ ။
ဦးရွှေအောင်
by zayya