အရေးလည်းပါစေ၊ အရာလည်းရောက်စေ
ဂျာနယ်လစ်တစ်ဦးက မေးလာ သည်၊
''အရှင်ဘုရား... အရေးပါလို့ အရာရောက်တာလား၊ အရာရောက် လို့
အရေးပါတာလား''တဲ့၊ သိပ်ကောင်းသော မေးခွန်းပါပဲ၊ ''အေး ကွ... ဒီမေးခွန်းက
ကောင်းတယ်၊ ဖြေရမယ်ဆိုရင်တော့ တော်တော် ကျယ်ပြန့်တယ်၊ အရေးဆိုတာ
လည်းကျယ်ပြန့်တယ်၊ အရာဆိုတာ လည်း ကျယ်ပြန့်တယ်၊ အရာထက်
အရေးကတော့ပိုပြီးတော့ ကျယ်ပြန့် တယ်၊ အရေးပါလို့ အရာရောက်တာ လည်းရှိမယ်၊ အရေးမပါဘဲနဲ့
အရာရောက်နေတာလည်း ရှိမယ်၊ အရေး ပါနိုင်ပါလျက် အရာမရောက်တာ လည်း ရှိမယ်၊
အရေးပါနိုင်ပါလျက် အရာမရောက်လို့ အရေးမပါတာ လည်းရှိမယ်၊ ဒီကိစ္စက တော်တော်
တော့ ရှည်လျား ထွေပြားသားကွ'' ဂျာနယ်လစ်ကို ထိုသို့ ပြန်ဖြေခဲ့ပါ သည်။
အရေးကို
မြန်မာအဘိဓာန်က (၁)အရေးအသား၊ အရေးအကြောင်း၊ (၂) အမှုကိစ္စ၊ အကြောင်း ကိစ္စဟု
ဖွင့်သည်၊ အရေးနှင့်တွဲ၍သုံးသော ဝေါဟာရများမှာ အရေးကုန်၊ အရေး ကြီး၊
အရေးစိုက်၊ အရေးဆို၊ အရေး တကြီး၊ အရေးတယူ၊ အရေးတော်ပုံ၊ အရေးထား၊
အရေးနိမ့်၊ အရေးပါ၊ အရေးပေး၊ အရေးပေါ်၊ အရေးပိုင်၊ အရေးယူ၊ အရေးလုပ်၊
အရေးလှ၊ အရေးသာ၊ အရေးအကြောင်း၊ အရေးအခင်း၊ အရေးအရာ၊ အရေး အသားတို့ဖြစ်သည်။
အရာကိုဖွင့်ရာ၌
(၁) စွဲထင်နေ သောလက္ခဏာ၊ အမှတ်အသား၊ အရေးအကြောင်း၊ (၂)အကြောင်း ခြင်းအရာ၊
(၃)၀တ္ထု၊ ပစ္စည်း၊ ဒြပ်၊ (၄)နေရာ၊ အဖြစ်၊ (၅)ရာထူး၊ ဌာနန္တရဟူ၍ဖွင့်သည်၊
အရာနှင့်တွဲ၍ သုံးသော ဝေါဟာရများမှာ အရာခံ၊ အရာတော်၊အရာထမ်း၊ အရာမထင်၊
အရာရောက်၊ အရာရှိ၊ အရာဝင်၊ အရာအထောင်တို့ ဖြစ်သည်။
အရေးဟူသည်
လိုရင်းအနေ ဖြင့် လူတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊
ဘာသာရေးစသော လူ့အရေးတို့ပင် ဖြစ်သည်၊ မိသားစုအနေနှင့် မိသား စုအရေး၊
လူမျိုးစုအနေနှင့် လူမျိုးစု အရေး၊ အရပ်အနေနှင့်ရပ်ရေး၊ ရွာ
အနေနှင့်ရွာအရေး၊ တိုင်းအနေနှင့် တိုင်းရေး၊ ပြည်အနေနှင့် ပြည်ရေး၊
တိုင်းပြည်အနေနှင့်တိုင်းရေး၊ ပြည် ရေး၊ အမှန်စင်စစ်ထိုအရေးဟူ သမျ
သည်လူတို့ ၏အရေးသာဖြစ်သည်။
လောက၌ဘယ်သူက
အရေး ပါသည်၊ ဘယ်သူကတော့ဖြင့်အရေး မပါ၊ ဘယ်သူကအရာရောက်သည်။ ဘယ်သူကတော့ဖြင့်
အရာရှိကြီး စသည်ဖြင့်ပြောကြသည်။ ထိုအသုံး အနှုန်းတို့၌ အရေးပါဟူသည် လူတို့
အရေးကို ဆောင်ရွက်နိုင်စွမ်းရှိသဖြင့် အရေးက ထိုဆောင်ရွက်သူနိုင်သူ နောက်မှ
ကပ်ပါလာခြင်းဖြစ်သည်၊ အရာရောက်ခြင်း၊ အရာရှိဖြစ်ခြင်း သည် ရာထူးဌာနန္တရ
မြင့်မြင့်မားမား ရရှိထားခြင်းကို ဆိုလိုသည်။
လူတို့သည်
နေရာတော်တော် များ၌ အရာရောက်ချင်ကြသည်။ အရာရောက်ချင်လျင် အရေးပါဖို့လို
ပေမည်၊ အရေးမပါဘဲနှင့်အရာ ရောက်ချင်၍မရ၊ အရေးမပါဘဲနှင့်
အရာရောက်နေခဲ့လျင်လည်းသက်ဆိုင် သူတို့ ဒုက္ခတွေ့တတ်သည်။ စွမ်း ဆောင်ဟူသည်
စွမ်းမှသာဆောင် သင့်သည်၊ မစွမ်းပါဘဲနှင့် ဆောင်
ခဲ့လျင်ပြဿနာတက်ဖို့သေချာသည်။ ဆောင်ချင်လျင်ဖြင့် စွမ်းအောင်
လေ့လာသင်ယူဆည်းပူး အားထုတ် ထား မှဖြစ်မည်။
မိမိသည်
ကုန်းဘောင်သားဖြစ် သဖြင့် ကုန်းဘောင်ရာဇ၀င်ကို ပြန် လှန်လေ့လာကြည့်မိသည်၊
မည်သူ တွေ အရေးပါခဲ့ကြသနည်း၊ မည်သူ တွေ အရာရောက်ခဲ့ကြသနည်းဆို
တာကိုဆန်းစစ်ကြည့်မိသည်။ပထမ ဦးဆုံးကုန်းဘောင်ခေတ်၊ တတိယ
မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ငယ်နာမည် ဦးအောင်ဇေယျ၊ ဘွဲ့ အမည်
အလောင်းမင်းတရားသည် ခရစ်နှစ် ၁၇၅၂မှ ၁၇၆၀ထိ နန်းစံ သည်၊ နန်းသက်
ရှစ်နှစ်မျသာရှိ သည်၊ သက်တော် ၃၈နှစ်တွင် နန်း တက်၍ ၄၆နှစ်တွင်
နတ်ရွာစံသည်။
ဒုတိယမင်းဆက်၌
ဦးအောင် ဇေယျ၏သားတော်ကြီး တပယင်း မင်း(ခ)စစ်ကိုင်းမင်း(ခ) နောင်တော်
ကြီးမင်းသည် ခရစ်နှစ်၁၇၆၀မှ ၁၇၆၃ ထိနန်းစံသည်၊ နန်းသက်သုံး နှစ်မျသာ
ကြာမြင့်သည်၊ သက်တော် ၂၉နှစ်တွင် နတ်ရွာစံသည်၊ တတိယ မင်းဆက်၌ ဦးအောင်ဇေယျ၏
သား တော်မြေဒူးမင်း (ခ)တတိယအင်းဝ မြို့တည်ဆင်ဖြူရှင်မင်းသည် ခရစ် နှစ်
၁၇၆၃မှ ၁၇၇၆ထိ နန်းစံသည်၊ နန်းသက် ၁၂နှစ်ခွဲကြာမြင့်သည်၊ သက်တော် ၃၉နှစ်
ဆယ်လတွင် နတ်ရွာစံသည်။
စတုတ္ထမင်းဆက်၌
မြေဒူးမင်း ၏သားတော် စဥ့်ကူးမင်းသည် ခရစ် နှစ် ၁၇၇၆မှ ၁၇၈၂ထိ နန်းစံသည်။
နန်းသက်ခြောက်နှစ်ကြာသည်၊နတ် ရွာစံချိန်တွင်သက်တော် ၂၆ နှစ်မျ သာရှိ
သေးသည်၊ ပဉ္စမမင်းဆက်၌ တပယင်းမင်း၏ သားတော်ဖောင်း ကားစားမောင်မောင်သည်
ခရစ်နှစ် ၁၇၈၂တွင် ခုနစ်ရက်မျ နန်းစံသည်၊ နတ်ရွာစံချိန်တွင်သက်တော် ၁၉ နှစ်
မျသာရှိသေးသည်၊ ဆဋ္ဌမ မင်းဆက် ၌ ဦးအောင်ဇေယျ၏ စတုတ္ထသား တော်ဗဒုံမင်း(ခ)
ဘိုးတော်ဦးဝိုင်း သည် ခရစ်နှစ် ၁၇၈၂မှ၁၈၁၉ထိ နန်းစံသည်၊ နန်းသက် ၃၇နှစ်ကြာ
မြင့်သည်၊ သက်တော် ၇၄ နှစ်ခန့် နတ်ရွာစံသည်။
သတ္တမမင်းဆက်၌
ဗဒုံမင်း၏ မြေးတော် စစ်ကိုင်းမင်း(ခ)ဘကြီး တော်မင်းသည် ၁၈၁၉မှ ၁၈၃၇ထိ
နန်းစံသည်၊ နန်းသက် ၁၈ နှစ်ကြာ မြင့်သည်၊ အဋ္ဌမမင်းဆက်၌ ဗဒုံမင်း ၏မြေးတော်
သာယာဝတီမင်း (ခ) ကုန်းဘောင်မင်း (ခ) ရွှေဘိုမင်း သည် ၁၈၃၇မှ ၁၈၄၆ထိ နန်းစံ
သည်။ နန်းသက် ကိုးနှစ်ကြာမြင့် သည်။ န၀မမင်းဆက်၌ သာယာ ၀တီမင်း၏သားကြီး
ပုဂံမင်းသည် ၁၈၄၆ မှ ၁၈၅၃ထိနန်းစံသည်။ နန်း သက် ခုနစ်နှစ်ကြာမြင့်သည်။
ဒသမမင်းဆက်၌
သာယာ ၀တီမင်းကြီး၏ သားတော်မင်းတုန်း မင်းသည် ၁၈၅၃မှ ၁၈၇၈ထိ နန်းစံ သည်။
နန်းသက် ၂၅နှစ် ကြာမြင့် သည်၊ ၃၉ နှစ်အရွယ်မင်းဖြစ်၍ ၆၄
နှစ်အရွယ်နတ်ရွာစံသည်။ ဧကာ ဒသမမင်းဆက်၌ မင်းတုန်းမင်းကြီး ၏
သားတော်သီပေါမင်းသည် ခရစ် နှစ် ၁၈၇၈မှ ၁၈၈၅ထိ နန်းစံသည်။ နန်းသက်
ခုနစ်နှစ်ရှိသည်။ အသက် ၂၀အရွယ်တွင် မင်းဖြစ်၍ ၂၇နှစ်တွင် ပါတော်မူသည်။
ကုန်းဘောင်မင်း ဆယ့်တစ် ဆက်ကို မှတ်သားရလွယ်ကူစေဖို့ ရှေးဆရာမြတ်တို့က တေးထပ်ရေး စပ်၍ထားခဲ့ကြသည်-
ဦးအောင်ဇေယျ အမှူးမြောက်
ထူးတစ်ယောက်တင်မူ
ဦးလောက်ပ ဘုရင်တစ်ဆူ
ဆင်ဖြူရှင် စခန်း
စဥ့်ကူးမင်း ကောင်းစားမီ
ဖောင်းကားညီ လုတဲ့ရွှေနန်း
ဦးဝိုင်းပ ပထမခေါင်ပျော်
မြနောင်တော် ရေဖျန်း
အမရဆောင်ပေါ် ငွေကြငှန်းမှာလ
ရွှေစာတမ်းဖွဲ့ပြန်
ကုန်းဘောင်ပျော် နေလိုဝင်း
ရွှေဘိုမင်းသား မြတ်ပုဂံ
ချမ်းအေးဖို့ ပန်းမွှေးပန်
မန္တလေးစံ တောင်လက်ရုံးရယ်နှင့်
မင်းတုန်းမင်း သီပေါအရှင်
ထီးနှင့်ပလ္လင်
ဆယ့်တစ်ဆက် အုပ်စိုးတင်
မုဆိုးဘုရင် စခန်းမို့လေး.....။
(ဦးလောက်
= တပယင်းမင်း ၏ ငယ်နာမည်ဖြစ်သည်၊ မြနောင် တော် = ဘကြီးတော်မင်းဖြစ်သည်၊
ကုန်းဘောင်ပျော်= ကုန်းဘောင်မင်း နှင့် ရွှေဘိုမင်းသား = ရွှေဘိုမင်းတို့
သည်သာယာဝတီမင်း၏ အမည်ကွဲ များဖြစ်ကြသည်။)
အလောင်းဘုရားသည်တတိယ
မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဟုသမိုင်းကထောက်ခံသဖြင့် အရေး လည်းပါသူ၊
အရာလည်းရောက် သူ ဟု မလွဲဧကန် ဆိုရပေမည်။ အ လောင်းမင်းတရား ထိုသို့ တတိယ
မြန်မာနိုင်ငံထူထောင်ရာတွင် သား တော်နှစ်ပါးဖြစ်ကြသော တပယင်း မင်းနှင့်
မြေဒူးမင်းတို့ အဓိကပါဝင် သဖြင့် ထိုမင်းနှစ်ပါးလည်း အရေး လည်းပါ၊ အရာလည်း
ရောက်သူဟု သမိုင်းက လက်ခံရမည်၊ ထို့အတူ ဗဒုံမင်းနှင့် သာယာဝတီမင်းတို့ကို
လည်း အရေးပါ၍ အရာရောက်သူ များဟု လက်ခံရပေမည်။
စဥ့်ကူးမင်းနှင့်
ဖောင်းကားစား မင်းတို့ကိုတော့ တိုင်းရေးပြည်ရေး ကိုဘာမျမယ်မယ်ရရ ဆောင်ရွက်
ခြင်း မရှိသဖြင့် အရာသာ ရောက်၍ အရေးမပါသူများဟု ခေါ်ဆိုရမည်၊
စစ်ကိုင်းမင်း(ခ) ဘကြီးတော်ကို တော့တိုင်းရေးပြည်ရေး၊ အတော်
အသင့်ဆောင်ရွက်သူဖြစ်သဖြင့် အတော်အသင့်အရေးပါ၍ အရာ ရောက်သူဟုဆိုရပေမည်၊
ကုန်း ဘောင်မင်း ဆယ့်တစ်ဆက်တွင် အညံ့အဖျင်းဆုံး မင်းကတော့ တိုင်း ရေး
ပြည်ရေး ကို စိတ်မ၀င်စားသော ပုဂံမင်းပင်၊ သူ့ကိုတော့ အရေးမပါ
ဘဲအရာရောက်သူဟုသမိုင်းကသတ် မှတ်သည်။
မင်းတုန်းမင်းကြီးကတော့အများ
သိ ကြသည့်အတိုင်း အရေးလည်းပါ အရာလည်းရောက်သူဟု ဆိုရပေ မည်။ သို့သော်
ကုန်းဘောင်နောက် ဆုံးဆက် သီပေါဘုရင်ကတော့ အရေး မပါဘဲ အရာရောက် သူဆိုတာကို
အများက လက်ခံကြပါလိမ့်မည်၊ မင်းတုန်းမင်း လက်ထက်တွင် အရေး ပါပါလျက် အရာ
မရောက်လိုက်ရ သူတွေကတော့ ကနောင်မင်းသား ကြီးနှင့် မက္ခရာမင်းသားပင်၊ ထို့အ
တူ အလောင်းမင်းတရားကြီး၏ လက်ရုံးများ ဖြစ်ကြသော အဂ္ဂမဟာသေနာ ပတိဦးကောင်း၊
မင်းခေါင်နော်ရထာ ဘွဲ့ခံဦးတွန်၊ မဟာသီဟသူရ ဘွဲ့ခံ ဦးသာတို့သည်လည်း
အရေးပါပါ လျက် အရာရောက် မသွားရှာကြ ချေ၊ အထူးသဖြင့်ကနောင်မင်းသား ကြီးသာ
အဓိပတိ နေရာရောက်ခဲ့ပါ လျင် ယနေ့မြန်မာနိုင်ငံသည်လည်း အာရှကျား
တစ်ကောင်ဖြစ်နေမည် မှာ သေချာသလောက်ဖြစ်သည်။
လူမှန်လျင်
သူ့အထွာနှင့်သူ၊ သူ့နေရာနှင့်သူ အရေးပါသင့်သည်၊ အရေးပါရမည်၊ ထိုအရေးသည်
မိမိ အရေးတော့မဟုတ်၊ မိမိနှင့် သက် ဆိုင်သူတို့၏အရေးဖြစ်သည်၊ သက်
ဆိုင်သူတို့၏ စားဝတ်နေရေးမှစ၍ ကျန်အရေး များစွာကို ကူညီနိုင်စွမ်း၊
ဆောင်ရွက်နိုင်စွမ်းရှိလျင် ထိုပတ်ဝန်းကျင်တွင် မိမိသည်အရေးပါသည်။
အရေးပါလျင် အရာလည်း ရောက်သင့်သလောက် ရောက်တော့သည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)